တစ်ချိန်က ဆောင်းရာသီနှင့် ပုံစံမညီသော ကကြိုးများ

နှင်းပုလဲ ပုံဆောင်ခဲတွေ ဒီရာသီရက်အတွင်းမှာတင် တဖြုတ်ဖြုတ် ကြွေနေခဲ့ကြသည်။ ဤရာသီတွေကို ကျော်လွန် လာခဲ့သည့် နောက်ပိုင်းတွင်တော့ လူတစ်ယောက်၏ အစသည် ဘယ်ပုံ ဘယ်သို့ ဆိုသည်ကို တွေးကြည့်မိလာသည်။ ကျနော့ ဘဝ စက္ကန့် ပိုင်းလေးများသည်လည်း ရက်နှင့်ချီ၍ ၊ လနှင့်ချီ၍ ၊ နှစ်နှင့် ချီ၍ တစစ ၊ တဖြုတ်ဖြုတ် ကြွေကုန်ကြပြီ။ ဘယ်အခါ ကြွေပြုန်းမည် မသိသော ယဲ့ယဲ့မျှ လက် တစ်ထောက်စာ အသွေးအသားကို တပ်မက် တကြီး ရှူရှိုက်၍ ဤနှစ် အပိုင်း အခြား အထိ သယ်ဆောင်လာခဲ့ပြီး လေပြီ။

အရာရာ အပြောင်းအလဲ မြန်ဆန် များပြားလှသော ဤလောကတွင် အဘယ်အရာကို စွဲလမ်းတကြီး ရှိနေပါမည်နည်း။ ဤ မေးခွန်းကို ခင်ဗျား မေးခဲ့ဖူးသလား ကျနော် မသိပါ။ ကျနော် ကိုယ့်ကိုယ်ကိုယ် မေးကြည့်ဖြစ်ခဲ့သည်။ အဖြေမရ ။ မကြာ ခဏလည်း မေးကြည့် ဖြစ်ခဲ့သည်။ မရသေး။ ရသလောက်တွင် အဖြေ ကလည်း မတွေးရဲလောက်စရာ ရှိနေနိုင်သည်။ တခဏချင်း ရှိနေသော ကျနော့ခန္ဓာကိုယ် ကိုယ်တိုင်က စက္ကန့်မဆိုင်း ပြောင်းလဲ နေပါသည် ဟု ဆိုသည်။ ထိုစကားများ စာများကို ကိုယ်ကိုယ်တိုင် မသိသေးသရွေ့ ခေတ္တ ခဏ ဖယ်ထားကြည့်မည်။ စကားများသည် စကားများသာ ဖြစ်၍ ယင်း စကားများကို ကျနော်တို့ ဘဝအတွင်း မည်သို့ အသုံးဝင်မည် သိအောင် ကြိုးစားရန် ရှိနေပါသေးသည်။

ဆက်လက်၍ ကြိုးစားနေဆဲလဲ ဖြစ်ပါသည်။ လက်ရှိဘဝသည် ဘာမှ မသိခြင်းဖြင့် စခဲ့ခြင်း ဖြစ်သည်။ နှစ်အတန်အကြာ ရှင်သန်၍ ကြိုးစားသင် ယူသည်။ လေ့လာသည်။ ဆည်းပူးသည်။ နှလုံးသွင်းသည်။ ဆင်ခြင်သည် ။ ကောက်ယူ တွေးဆသည်။ နောက်ဆုံး သိလိုက်ရသည်က ( အံ့ဩစရာ ကောင်းလောက်အောင် ) ဘာမှ မသိခြင်း ဖြစ်နေရသည်။ အဘယ်အကျိုး ရလာဒ်ကို ရရှိခဲ့ပါသနည်း။

ငြိမ်ဆိတ်သော နေရာတွင် အချိန် အတော်ကြာ ထိုင်ရင်း ဤမေးခွန်း၏ အဖြေကို စဉ်းစားကြည့်ခဲ့ဖူးသည်။ လေ့လာ ဆည်းပူး သင်ယူသမျှ၏ အဆုံးသတ်သည် ဘာမှ မသိခြင်းကို သိရန် ကြိုးစားခြင်းတစ်မျိုး ဖြစ်ပါသလား။ ငြိမ်ဆိတ်သော စိတ်ကို ဆန်းစစ်ရင်း မိမိဝမ်းတွင်း မိမိပြန်ကြည့်သော အခါ ပျက်စီး၍ သွားခြင်း အကြောင်းများသာ ရှိပြီး။ အသစ် အသစ် ဟု တွယ်တာ သမျှသည် ခဏချင်း မဆိုင်းမတွ ပျက်စီး သွားကြသည်ချည်း ဖြစ်သည်။

ငယ်စဉ်ကလေးဘဝက ဖြူစင်ခဲ့သော စိတ်ထားကို ကြီးပြင်းသော အခါမှ အသည်းအသန် ပြန်ရှာ ယူနေရသည်။ လူဆိုသည်ကလည်း မွေးလာရာကနေ သေဆုံးသွားချိန်အထိ ပျိုပျို သွားသည် မဟုတ်။ မလွဲမသွေ အို – အို ၍ သွားရသည်သာ ဖြစ်သည်။ လူ့ခန္ဓာနှင့် အတူ လိုက်ဖက်၍ စိတ်ခန္ဓာများပါ အိုမင်း ရင့်ရော် လာခြင်းလော။ “ရင့်ကျက်လာခြင်း လား ” ၊ ” အရိုးရင့်လာခြင်းလား ” သိလိုလှပါသည်။

မည်သို့ပင် ဖြစ်စေ ယခုလက်ရှိဘဝတွင် စံတော့ လွဲနေရသည်။ အခြားသူတွေ အဖြစ်ကို ကျနော် မသိနိုင်။ ကိုယ့် အဖြစ်ကို ကိုယ်ပင် မြင်သာတောင် အတော်အတန် အားထုတ် နေရချိန်တွင် ကျနော်၏ ဆောင်းရာသီကလည်း ကုန်ဆုံးသွားပြီ ဖြစ်သည်။ နှင်းခဲတွေတောင် အရည်ပျော်ကုန်ပြီ။ အခြားသူများ၏ နှင်းခဲများရော အရည်ပျော်ကုန်ပြီလား ။ စိတ်ဝင်စား သော်လည်း ကိုယ့်နှင်းခဲနှင့် ကိုယ် – ခေါင်းမဖော်နိုင်အောင် စံလွဲလျက် ရှိနေဆဲ ဖြစ်သည်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: