Mask of Mm Freedom

Mask of Freedom

The Universal Declaration of Human Rights states:

“Everyone has the right to freedom of opinion and expression; this right includes freedom to hold opinions without interference, and impart information and ideas through any media regardless of frontiers”

လွတ်လပ်မှုသည် မျက်နှာဖုံး တစ်ခုတော့ မဟုတ်ပေ။ သို့သော် မျက်နှာဖုံး အားဖြင့် ရှေ့တန်း မျက်နှာစာ တွင် တည်ရှိနေသည်။ ပြည်သူများကြား သတင်း အချက်အလက် များ၊ သဘောထားများ ကူးလူးနေခြင်းသည် ယင်း မျက်နှာစာ အတွက် ကောင်းကျိုးကိုလည်း ဆောင်ကျဉ်းသကဲ့သို့ နောက်ကွယ် ဆိုးကျိုးများလည်း ရှိနေကြသည်။

အသိပညာ လွတ်လပ်မှု ရှိလာခြင်းသည် ပြည်သူတို့၏ ဥာဏ်အရည်အသွေးပေါ် မှီတွယ်ရပ်တည် နေကြောင်းတော့ သိဖို့လိုသည်။ သတင်းအချက်အလက် စီးမြော မှု ၏ နောက်တွင် သတင်းတု သတင်းယောင်များ လည်း ရောယှက် လျက်ရှိသည်။ ခွဲခြား စီစစ်ခြင်းသည် အသိသညာ လွတ်လပ်မှု နောက်တွင် ကပ်ပါ လာသော မရှိမဖြစ် တာဝန် ၀တ္တရား တစ်ခု ဖြစ်လာသည်။ အဘယ်သူသည် မြုံတိ မြုံစပ်နေနိုင်သနည်း။ အဘယ်သူသည် လိုသည်ထက် ပို ပြောကြ သနည်း။ အတင်း သည်ရော အဖျဉ်းသည်ရော ယင်းတို့အားလုံး ကို ဖြိုဖျက်နိုင်သည်မှာ သတင်း လွတ်လပ်မှု ဖြစ်သည်။

မကောင်းသတင်း တစ်ရပ်သည် လူတစ်ဦးတစ်ယောက် အတွက် မကောင်းကြောင်း ဖြစ်စေနိုင်သော်လည်း အခြားလူတစ်ဦးအတွက် ယင်းသို့ ဟုတ်ချင်မှ ဟုတ်မည်။ လူတစ်ဦးက နိုင်ငံရေး ၊ စီးပွားရေး စသည့် အရေး အရာများကို စီမံ တွေးခေါ်ရာတွင် ကွယ်ဝှက်ထားသော သတင်း အချက် အလက်များ နှင့် အလုပ်မဖြစ်ပေ။ အနည်းဆုံး ယင်းကွယ်ဝှက်နေသည်များကို တွေးတော စစ်ထုတ်နေရသည်က အကျိုးရလာဒ်ကောင်း ထွက်ပေါ်လာမည်တော့ မဟုတ်ပေ။ အချိန်ကို အလဟဿ  ဖြစ်ပေါ် စေသည်သာ ဖြစ်၏။

တစ်ခုသိနားလည်ထားရသည်မှာ ဘ၀သည် သတင်းအချက်အလက်များနှင့် ဖွဲ့တည်ထားသည် မဟုတ်ပေ။ သို့သော် သတင်းအချက်အလက်များ မရှိဘဲ ကျနော် တို့ ဒီခေတ်ကို ဖြတ်သန်း၍ မရပေ။ အချက်အလက်များ အဆီးအတား မဲ့ လွင့်မျောနေခြင်း၊ စီးဆင်းနေခြင်းများ ဖြင့် ဤခေတ်ကို တည်ဆောက်ထားကြသည်။ မသိချင်ယောင် ဆောင်နေ၍ မရတော့ပေ။ ထို့ကြောင့် အချက်အလက်များသည် ဘ၀၏ အရင်းခံ မကျသော်လည်း ဘ၀များ၏ အတက်အကျကို ဖန်တီးနေသည်ကို မူ မျက်ဝါးထင်ထင် မြင်နေနိုင်သည်။

အဘယ်သူသည် ဖုံးကွယ်ထားလိုသနည်း။ အသိသညာ ဗဟုသုတကို ၊ လိုအပ်သည့် သတင်းအချက်အလက်ကို ဖုံးကွယ်ထားခြင်းသည် ဥာဏ်ရည်အတွက် ပိတ်ပင်ခြင်း၊ တားဆီးခြင်း ၊ အမှောင်ချထားခြင်း လည်း ဖြစ်သည်။ လူတစ်ယောက် အတွက် သတင်းအချက်အလက်များ သိမြင် နားလည်ရာတွင် အကန့်အသတ် အချုပ် အတီး ရှိရန် လိုအပ်ပါသလား ။ ဤသည်မှာ လွတ်လပ်သော အချက်အလက် စီးဆင်းမှုတွင် မေးရန် လိုအပ်သော အခြေခံ မေးခွန်း ဖြစ်သည်။  လူတွင် အခွင့် အရေး ကိုယ်စီ ရှိကြသည် ဟူရာ၌ လူတိုင်းသည် မိမိ ခံစားသိမြင်ရသည်ကို လွတ်လပ်စွာ ဖော်ပြနိုင်ခွင့် နှင့် ပတ်သက်၍ ပြောဆိုကြသော်လည်း မေးရန် ကျန်ရှိ နေသည်မှာ ဤမေးခွန်းပင် ဖြစ်သည်။ လူသည်  ( လိုအပ်လျင် ) အရာရာ ကို သိခွင့် ရှိပါသလား။ သို့မဟုတ် အကန့်အသတ် ဖြင့် သာ သိခွင့် ရှိသလား ။

အများစုက ဒုတိယ အချက်ကို သာ ရွေးချယ်ကြဖို့ ရှိသည်။ လူသည် အရာရာကို သိခွင့်မရကြပေ။ မိမိတို့ ကိုယ်တိုင်ကလည်း မိမိတို့၏ အချက်အလက်များ အားလုံးကို ချပြ မပေးနိုင်ပေ။ မြှုပ်ကွက်၊ လှစ်ကွက်၊ ဖုံးကွယ်ကွက်များ ဖြင့် တစ်ဦးကို တစ်ဦး ကျော်ဖြတ်နေကြရသည်။ လူအချင်းချင်း တွင်သာ မက ရပ်ကွက်အချင်းချင်း၊ မြို့ရွာ အချင်းချင်း၊ နိုင်ငံအချင်းချင်း မြှုပ်ကွက်၊ လှစ်ကွက်၊ ဖုံးကွယ် ကွက်များ နှင့် ချည်းဖြစ်သည်။

သို့သော် ယနေ့ခေတ်အခါတွင် သတင်းအချက် အလက်၏ စီးဆင်းမှုနှုန်းသည် ယဉ်ကျေးမှု ပြန့်နှံ့ဖြစ်တည်မှု နှုန်းကို ကျော်လွန် သွားပေပြီ။ ယဉ်ကျေးမှုများ အချင်းချင်း တစ်ခုနှင့် တစ်ခု စိမ့်ဝင် ပျံ့နှံ့ရာတွင် သတင်းအချက် အလက်များက ရှေ့ဆောင်လာသည်။ သတင်းအချက် အလက်များက ယဉ်ကျေးမှုကို လည်းကောင်း၊ နိုင်ငံရေးကို လည်းကောင်း၊ စီးပွားရေး ကိုလည်းကောင်း မြန်မြန် ဆန်ဆန် ပြောင်းလဲ ပစ်သည်။ ထိုအခါ ယဉ်ကျေးမှုများ၊ နိုင်ငံရေး၊ စီးပွားရေးများ ဖြင့် တည်ဆောက်လာသော လူ့ဘ၀များသည် လည်း အမြန်အဆန် ပြောင်းလဲကုန်ကြသည်။

ထို့ကြောင်း ယင်းအချက်များကို စီစစ်၍ သုံးသပ်လျင် သတင်းအချက်အလက်များ ဖုံးကွယ်ခြင်းသည် ဘ၀ကို ဖုံးကွယ်ခြင်းလည်း မည်သည်။ သတင်း အချက် အလက်များ ကို ထိန်ချန်ခြင်းသည် ဘ၀ကို ထိန်ချန်ခြင်း လည်း မည်သည်။ သတင်း အချက် အလက်များ ကို ဖြတ်တောက်ခြင်း သည် ဘ၀ကို ဖြတ်တောက်   ခြင်း လည်း  မည်လာ တော့သည်။

( လတ်တလော တွေးမိသည်များ ရေးထားခြင်းသာ ဖြစ်ပါသည်။ မပြီးသေးပါ။ ဆက်ရေးချင်သေးသည် )

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: