မက်ခီယာ ဗယ်လီနှင့် ခေတ်ပြိုင် နိုင်ငံရေး

အရင်က ကျနော် ဒီဘလော့ထဲက ဒီနေရာမှာ မက်ခီယာဗယ်လီရဲ့ The Prince ကျမ်း အစကို ဖော်ပြထား ခဲ့ဖူးပါတယ်။

မက်ခီယာ ဗယ်လီ ကို နိုင်ငံရေး သီဝရီ၊ နိုင်ငံရေး သဘောတရားပိုင်း နည်းနည်း တီးမိခေါက်မိမယ့် သူ ၊ ဒါမှမဟုတ် ဒဿနိက ဗေဒ သမား တွေအတွက် သိကြတဲ့ နာမည် တစ်ခုလည်း ဖြစ်ပါတယ်။ အဲ့ဒါ အပြင် မက်ခီယာ ဗယ်လီလို့ ဆိုရင် ဟစ်တလာကို ပြေးမြင်တဲ့ သူတွေလည်း ရှိတယ်။ ဘာလို့ဆို ဟစ်တလာ အပေါ် မက်ခီယာ ဗယ်လီရဲ့ အတွေးအခေါ် အယူအဆ တော်တော်များများ လွှမ်းမိုးမှု ရှိတယ်လို့  ယူဆထားကြလို့ပါပဲ။

မယ်ခီယာ၏ လွှမ်းမိုးမှု ရှိခဲ့သည် ဆိုသော ဂျာမန် ခေါင်းဆောင် ဟစ်တလာ

မက်ခီယာ ဗယ်လီရဲ့ အတွေးအခေါ် အချို့က ပြတ်သားတယ်။ ရှင်းတယ်။ ပုထုဇဉ် လူသားဆန်တယ်။ လက်တွေ့ဆန်တယ်။ အပေါ်ယံ ကြော ကြည့်ရင် သူတော်ကောင်း ၀ါဒကို သရော်ထားတယ်။ “နည်းလမ်းကို အကျိုးရလာဒ်နဲ့သာ တိုင်းတာတယ်” ဆိုတာ မျိုးလို ( သူတို့ ခေတ် သူတို့အခါအတွက် ) ခပ်ဟော့ ဟော့ ခပ် ပြတ်ပြတ် အတွေးများပဲ ဖြစ်ပါတယ်။

မိတ်ဆက်အနေနဲ့တော့ နည်းနည်း ရေးချင်ပါတယ်။ ဒါပေမယ့် အထက်မှာ ပြောခဲ့တဲ့ လင့်ခ်နေရာလေးနဲ့ ဒီအောက်က ဟာကို ဖတ်ကြည့်ပြီး နည်းနည်းတော့ ယားကျိကျိလေး ခံစား – သိ ကြည့်တာ ပို သင့်တော် ပါလိမ့်မယ်။ အယူဝါဒ ဒါမှမဟုတ် အယူအဆ တစ်ခုကို အကောင်း အဆိုးနဲ့ ဆုံးဖြတ်မလား၊ အမှန် အမှားနဲ့ ဆုံးဖြတ်မလား။ ဆုံးဖြတ်ခြင်း လက်ခံခြင်း၊ ငြင်းပယ်ခြင်း ၊ ခံယူခြင်း တွေ အကုန်လုံးက စာရှုသူတွေနဲ့ပဲ ဆိုင်ပါလိမ့်မယ်။

ဒီအောက်က စာက  The  Wave  မှာ  ဆရာဘမောင်ညို ရေးထားတာပါ။ အဲ့ဒါတွေနဲ့ ပတ်သက်လို့  တွေးကြည့်၊  ယှဉ်ကြည့် တာလေးတွေ ရှိပါတယ်။  ပြောတော့ပြောချင်ပါသေးတယ် ။  ဒါပေမယ့် နောက်မှ –🙂

ဇေယျ

…………………………..


မက်ခီယာ ဗယ်လီဟာ ရှေးဟောင်း အတွေးအခေါ်များကို တစ်ခေတ် ဆန်းစေခဲ့သူ လို့ အဆိုရှိပါတယ်။ ဒါပေမယ့် သူဟာ ၎င်း အတွေးအခေါ် များမှ အချို့ကို သဘော တူနိုင်ခြင်း မရှိဘဲ၊ သူ့ရဲ့ ကိုယ်ပိုင် အတွေးအခေါ် များ၊ ရယ်ဒီကယ် ( Radical ) အလိမ်အခေါက်များ အဖြစ် ဖော်ပြ ခဲ့ပါတယ်။ မက်ခီယာ ဗယ်လီရဲ့ အခြေခံ အယူအဆ မှာ ခရစ်ယာန် ၀ါဒရဲ့ သည်းခံခြင်း၊ နှိမ့်ချခြင်းတွေ ကြောင့် ကမ္ဘာကြီးကို ယုတ်မာ ညစ်ပတ်မှုတွေ က လွှမ်းမိုး သွားစေခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ ဘုရားသခင် ကို မကိုးကွယ်သော ၀ါဒ ( သို့မဟုတ် ) ဒိဋ္ဌိဝါဒ ကသာ ကိုယ့်ကိုယ်ကို ထိန်းသိမ်း မြှင့်တင်နိုင်မှာ ဖြစ်ပြီး၊ ခရစ်ယာန်တို့ရဲ့ ကိုယ့်ကိုယ်ကို စွန့်လွှတ်ပေးဆပ်ခြင်းထက် သာလွန်တယ် လို့ ယူဆသူသာ ဖြစ်ပါတယ်။ မက်ခီယာ ဗယ်လီ ရဲ့ အယူအဆများကို ယနေ့ ခေတ်မှာပဲ ဂရုတစိုက် လေ့လာဖို့ လိုအပ်လာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ အယူအဆ ဟာ နိုင်ငံရေး ဆိုသည်မှာ နည်းပရိယာယ်နဲ့ ကောက်ကျစ်မှုများသာ ဖြစ်တယ်။ ဘယ်ပေါ်လစီမှာ မဆို ဒီအယူအဆကိုသာ အခြေခံတယ် ဆိုတာ တွေ့ရလိမ့်မယ်လို့ ဆိုထား တာကြောင့် ဖြစ်ပါတယ်။

ဥပမာ ငါးခုလောက် ပေးထားပါတယ်။ ပထမဆုံး ဥပမာက ၁၉၈၈ ခု လောက်က ပါလက်စတိုင်း တို့ရဲ့ အင်တီဖာဒါ လှုပ်ရှားမှု ပေါ် အစ္စရေး ကာကွယ်ရေး ၀န်ကြီး ရစ်ဇတ်ရာဘင်က ရက်ရက်စက်စက် ဖြိုခွင်း ခဲ့တယ်။ ဒီအချိန်က တစ်ကမ္ဘာလုံးက အစ္စရေးတို့ကို စေ့စပ်ဆွေးနွေးဖို့ ဖိအား ပေးခဲ့ကြတယ်။ ဒါပေမယ့် ရာဘင်ရဲ့ အယူအဆ ကတော့ “အင်အား ချည့်နဲ့သော ၊ ညံ့ဖျင်းသော အစိုးရမျိုးသာ လမ်းပေါ်က မင်းမဲ့ ဆူပူမှုများနဲ့ စေ့စပ် ဆွေးနွေးလိမ့်မယ်” လို့ ပြောခဲ့တယ်။ အမေရိကန် လစ်ဘရယ်များက လည်း ရာဘင်ကို ရှုတ်ချခဲ့တယ်။

ဒါပေမယ့် နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ ထောက်ခံမဲ အများအပြားနဲ့ ၀န်ကြီးချုပ် ဖြစ်ခဲ့ပြီးမှ ပါလက်စတိုင်း၊  ဂျော်ဒန်တို့နဲ့ ငြိမ်းချမ်းရေး ပြုလုပ် ခဲ့တယ်။ မက်ခီယာ ဗယ်လီသာ ဆိုရင် ရာဘင်ရဲ့ ဒီသုစရိုက် တရားကို လက်ခံ သဘောကျ ပါလိမ့်မယ်။ ပြီးပြည့်စုံမှု မရှိတဲ့  ကမ္ဘာကြီးမှာ ကောင်းကျိုးကို ဆောင်လိုတဲ့ လူကောင်းများ ဟာ ဘယ်လို ဆိုးပြရမယ် ဆိုတာကို လည်း သိထားရလိမ့်မယ် လို့ မက်ခီယာ ဗယ်လီ က ပြောခဲ့ဖူးတယ်။ ၎င်းက ဆက်ပြောရာမှာ လူသား အားလုံးဟာ လူမှု ကမ္ဘာကြီးကို မျှဝေ ဖြတ်သန်း နေကြရတာ ဖြစ်တဲ့ အတွက် အကျင့် သီလ ဆိုတာဟာ လူတစ်ဦးချင်း ပြည့်စုံ ကုံလုံမှုကို အနည်းအကျဉ်း သာ ဆောင်ကြဉ်း ပေးနိုင်မှာ ဖြစ်ပြီး၊ နိုင်ငံရေး ရလာဒ် များကသာ အရာ အားလုံး ကို  ဆောင်ကြဉ်းပေး နိုင်မှာ ဖြစ်တယ်။ ဒါကြောင့် မက်ခီယာ ဗယ်လီရဲ့ ပေါ်လစီကို အဓိပ္ပါယ် ဖွင့် ကြည့်ရင် “ထူးချွန် ပြောင်မြောက်မှုများ ထက် ရလာဒ်က ပိုအရေးကြီးတယ်။ အကျိုးသက်ရောက်မှု ဘာမှ မရှိရင် ဘာဂုဏ်ရောင်မှ မတောက်ပ နိုင်ဘူး” လို့ တွေ့ရ ပါမယ်။

မက်ခီယာဗယ်လီ ကဲ့သို့ပင် ချာချီ၊ ဆွန်ရှား၊ သုစိဒိုက် စသော ပုဂ္ဂိုလ်ကြီးများ ဟာလည်း ၊ ရည်ရွယ်ချက် ကောင်းထက် ရလာဒ်ကောင်း ရရှိရေးကို အလေးထား ခဲ့ကြတာ တွေ့ရတယ်။ ဟစ်တလာ အာဏာ ရလာချိန်မှာ ပြင်သစ် ၀န်ကြီးချုပ် ရေမွန်အာရွန် ပြောခဲ့ပုံကို ကြည့်ပါ။ “စစ်ရေး အရ ပြင်ဆင်မှုတွေ လုပ်မယ့် အစား ဟစ်တလာနဲ့ စေ့စပ်ညှိနှိုင်းခြင်း၊ လက်နက်ဖြုတ်သိမ်းရေး ပြုလုပ်ခြင်း စတာတွေကို လုပ်နေလို့ မဖြစ်ဘူး။ ကောင်းမွန်တဲ့ ပေါ်လစီ တစ်ခုကို သူ့ရဲ့ ရလာဒ်နဲ့ပဲ တိုင်းထွားရမယ်” လို့ ပြောခဲ့တယ်။ သန့်စင်ခြင်း၊ စင်ကြယ်ခြင်း တွေ ကြောင့် မဟုတ်တဲ့ မက်ခီယာ ဗယ်လီရဲ့ သက်သေ ပြစရာ မလိုတဲ့ အမှန်တရား ကိုသာ ခေတ်တိုင်းမှာ ပြန် ပြန်ပြီး တွေ့နေရပါတယ်။

အပေါ်မှာ တွေ့ခဲ့ရတာကတော့ ရာဘင်ရဲ့ တင်းမာတဲ့ နည်းပရိယာယ်ဟာ ငြိမ်းချမ်းရေး ဖော်ဆောင်မယ့် သူ့ရဲ့ ဂုဏ်သိက္ခာကို တက်စေခဲ့တယ်။ အခု ဥပမာကတော့ ကလင်တန် အစိုးရ လက်ထက် တရုတ်ပြည်ကို ကုန်သွယ်ရေး အထူး ဦးစားပေးနိုင်ငံ အဖြစ် သတ်မှတ် ရေးကို သူ့ရဲ့ လူ့အခွင့် အရေးဆိုင်ရာ မှတ်တမ်းများ တစ်ခုတည်း ပေါ် မှီတည်ပြီး၊ စဉ်းစား ဆုံးဖြတ်မယ် ဆိုတဲ့ ကိစ္စပါ။ ဒါဟာ မက်ခီယာ ဗယ်လီ ပြောဆိုခဲ့တဲ့ သုစရိုက်တရားမျိုးကို ဖော်ဆောင်နိုင်မယ့် လမ်းကြောင်း မဟုတ်တာ တွေ့ရမယ်။ တရုတ်ပြည်ကို လူ့အခွင့်အရေး ကိစ္စများ တိုးတက်လာအောင် လုပ်ရာမှာ ရှုံးနိမ့်သွားမှာ ကြောင့် မဟုတ်ဘဲ၊ စတင် လိုက် ကတည်းကိုက ဒီပေါ်လစီဟာ ရှုံးနိမ့်နေလို့ပဲ ဖြစ်တယ်။ ဒီပေါ်လစီဟာ လက်တွေ့ အကျိုးရလာဒ် အနည်းငယ် လောက်သာ မျှော်လင့်ချက် ပေးနိုင်မယ့်၊ သူတော်ကောင်း ဟန် ဆောင်ထားတဲ့ ပေါ်လစီ တစ်ခု ဖြစ်နေတယ်။ အစိုးရ အနေနဲ့ သူ့ရဲ့ ဦးစားပေး ကျင့်ဝတ်သိက္ခာကို ချပြရုံ သက်သက် လောက်ပဲ ဖြစ်နေတယ်။

၁၉၉၉ ခုနှစ်က ကုလသမဂ္ဂရဲ့ အင်ဒိုနီးရှား ချုပ်ကိုင်ထားတဲ့ အရှေ့တီမောမှာ လွတ်လပ်ရေး အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပဖို့ ခွင့်ပြုခဲ့တာကို ကြည့်ပါ။ ဒီလို ဆန္ဒခံယူပွဲ ကျင်းပမှုကြောင့်၊ လွတ်လပ်ရေး ဆန့်ကျင်တဲ့ ပြည်သူ့စစ်များက၊ မြို့တော် ဒီလီ အပါအ၀င် နေရာ အနှံ့အပြားမှာ အကြီးအကျယ် သတ်ဖြတ်မှု ကြီးတွေ ဖြစ်စေခဲ့တယ်။ တကယ်တော့ ဒီပြဿနာတွေကို အစောကြီး ကတည်းက ကြိုမြင် ခဲ့ပါတယ်။ ကုလသမဂ္ဂ ကိုယ်တိုင် ပဲ လုံခြုံရေး အာမခံချက် မရှိဘဲ ရွေးကောက်ပွဲ တွေ မကျင်းပ သင့်ကြောင်း၊ အကြိမ်ကြိမ် ပြောဆို ခဲ့တာ ဖြစ်တယ်။ ဖြစ်လာနိုင်ခြေ များကို တွက်ချက်မှု လိုအပ်ခဲ့ခြင်း၊ စီမံကိန်း ညံ့ဖျင်း ခြင်း၊ ၀ရုန်းသုန်းကား လုပ်ဆောင်ခြင်း တွေနဲ့ ကုလသမဂ္ဂ ဟာ မက်ခီယာ ဗယ်လီ အကြိုက်မဟုတ်တဲ့ ဒီမိုကရေစီ ဖော်ဆောင်မှု ပုံစံမျိုး ကျင့်သုံးခဲ့တယ်။

၁၉၅၇ ခုနှစ်က ဂျော်ဒန် ဘုရင် ဟူစိန်ဟာ ဒီမိုကရေစီ နည်းကျ ရွေးချယ်ထားတဲ့ အစိုးရကို ဖြုတ်ချခဲ့ပြီး၊ မာရှယ်လော ပြဋ္ဌာန်းခဲ့တယ်။ အကြောင်းကတော့ အစိုးရဟာ ဆိုဗီယက်ဘက်ကို ယိမ်းလာပြီး၊ ရယ်ဒီကယ် ဆန်လာလို့ ပါပဲ။ နောက် ၁၉၇၀ မှာ တစ်ကြိမ်နဲ့ ၁၉၈၀ ခုနှစ် များမှာ တစ်ကြိမ်၊ သူ့ အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှု ကြောင့် ၊ ပါလက်စတိုင်း တို့ကို ရက်ရက် စက်စက် နှိမ်နင်းခဲ့တယ်။ သို့တိုင်အောင် ဟူစိန် ဘုရင်ရဲ့ ဒီမိုကရေစီ ဆန့်ကျင်ရေး အပြုအမူတွေက၊ သူ့ထက် ပိုပြီး ရက်စက်မယ့် သူတွေ အာဏာရလာမယ့် အဖြစ် ကနေ ကာကွယ် နိုင်ခဲ့တယ်။

မက်ခီယာ ဗယ်လီ ရဲ့ မင်းသား ( The Prince ) စာအုပ်၊ အခန်း ( ၈ ) B.C လေးရာစု လောက်က စီစီလီယံ ကျွန်းပေါ်က အပေါ်သိုကယ်လ် ( Agathocles ) လူမျိုးများ ဆိုင်ရေးကပ်စ်ဒေသရဲ့ အုပ်စိုးသူတွေ ဖြစ်ပေါ် လာပုံကို ရေးထားတယ်။ “သူတို့ အောင်နိုင်ခဲ့ပုံမှာ ကံတရားရဲ့ ဖေးမ မှုဆိုတာ လုံးဝ မပါခဲ့ပါဘူး။ မရေမတွက် နိုင်လောက်တဲ့ အခက်အခဲနဲ့ အန္တရာယ်တွေ ကြား ရင်ဆိုင် ဖြတ်သန်းပြီးမှ သူတို့ဟာ ပြည်သူ့စစ်လို မျိုး ဘ၀ကနေ အာဏာကို ရရှိ သွားခဲ့တာ ဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ပါစေ မြင့်မားတဲ့ အရေးတော်ပုံ ကြီး တစ်ခု အတွက်သာ မဟုတ်ခဲ့ပါက၊ ရန်ဘက်ရဲ့ နောက်လိုက် ပြည်သူများကို သတ်ဖြတ်ခြင်း၊ တစ်ဦး တစ်ယောက်ရဲ့ မိတ်ဆွေ များကို သစ္စာဖောက်ခြင်း၊ အကြင်နာ ကင်းမဲ့ခြင်း၊ ဘာသာရေး မကိုင်းရှိုင်းခြင်း စတာတွေ အားလုံးကို သုစရိုက်တရားများ၊ ဂုဏ်ပြောင်သော ကိစ္စများလို့ မခေါ်ဆို နိုင်ဘူး” လို့ ရေးခဲ့တယ်။

၎င်းရဲ့ နောက်စာအုပ် တစ်အုပ် ဖြစ်တဲ့ “Discourses on Livy” စာအုပ်မှာ “Polis လူမျိုးတို့ရဲ့ ကောင်းစားရေး အတွက် လိုအပ်ခဲ့လျှင် လိမ်ညာမှု ကိုလည်း ခွင့်ပြုသင့်တယ်” လို့ ရေးတယ်။ ဒါပေမယ့် ဒီအယူအဆဟာ အသစ်အဆန်းတော့ မဟုတ်ဘူး။ ဆွန်ဇူးက “နိုင်ငံရေးနဲ့ စစ်ရေး ဆိုတာ လှည့်ဖြားခြင်းရဲ့ အနုပညာရပ် တွေ ဖြစ်တယ်။ အမြင်ကျယ်ကျယ် ကျင့်သုံးတတ်ရင် အထိအခိုက် အကျအဆုံး နည်းနည်း နဲ့ အောင်မြင်မှုကို ရနိုင်တယ်” လို့ ရေးခဲ့တယ်။ ဒါပေမယ့် ဆွန်ဇူးနဲ့ မက်ခီယာ ဗယ်လီတို့ရဲ့ စစ်ရေး ကျင့်ဝတ်များဟာ အရပ်ဘက် ခေါင်းဆောင်များနဲ့ တော့ အမြဲ ကိုက်ညီနေမှာ မဟုတ်ပါဘူး။ စစ်သေနာပတိများက လှည့်ဖြား ဥာဏ်ကစားမှုတွေ ကျင့်သုံးသင့်ပေမယ့် ၊ တရားသူကြီးများ ကတော့ မကျင့်သုံးသင့် ပါဘူး။ ယခု ပြောဆိုနေခြင်းမှာ နိုင်ငံခြားရေး ပေါ်လစီ ကိုသာ ပြောဆိုနေခြင်း ဖြစ်ပြီး၊ ၎င်း ပေါ်လစီတွင် အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု များအတွက် တရားရုံး၏ အားကိုး အားထား မလိုအပ်ပါဘူး။

ယနေ့ခေတ်မှာ နိုင်ငံတကာ အင်စတီ ကျူးရှင်းများ အားကောင်းလာသည့် တိုင် ဤသို့သော ရက်စက်သည့် အချင်းအရာများကို ပြောင်းလဲ ပစ်လောက်အောင် ဖွံ့ဖြိုးလာခြင်း မရှိသေးတာ တွေ့ရတယ်။

နီကိုလို မက်ခီယာ ဗယ်လီကို ၁၄၆၉ ခုနှစ် မေလ ၃ ရက်နေ့ က ဖလောရင့် မြို့မှာ မွေးဖွား ခဲ့ပါတယ်။ သူ့မိဘများက သူကောင်းမျိုးက ဖြစ်ပေမယ့် ဆင်းရဲ နွမ်းပါး တယ်။ ဒါကြောင့် သူ့ကို ကျောင်းကောင်းကောင်း မှာ ပညာသင် မပေးနိုင်ခဲ့ပါ။ သူဟာ မထင်မရှား ဆရာများ အောက်မှာ အလုပ်လုပ်ရင်း ပညာ သင်ခဲ့ရတယ်။ ဒီအချက်က အဲ့ဒီ ခေတ်ကာလ ယဉ်ကျေးမှု အရ ၊ အစွန်းအထင်း ဖြစ်စေခဲ့တဲ့အတွက် သူဟာ ပညာရှိ စာရင်း မ၀င်ခဲ့ပါဘူး။ ဒါပေမယ့် ၁၉၄၈ ခုနှစ်မှာ သူ့အတွက် အခွင့်ကောင်းတစ်ခု ပေါ်လာပါတယ်။ အဲ့ဒါကတော့ စည်းကမ်းကြီး လှတဲ့ ဘုန်းကြီး ဂီရိုလာမို ဆာဗိုနာရိုလာဟာ သူ့ရဲ့ အစွန်းရောက် နိုင်ငံရေး လုပ်ဆောင်ချက် တွေကြောင့်၊ မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာစေပြီး၊ ကွပ်မျက်ခြင်း ခံရတယ်။ ဒီနောက်ပိုင်း ဖလောရင့် မြို့ပြနိုင်ငံ မှာ ပျော့ပျောင်းမှု ရှိတဲ့ ရီပါပလီကင် အစိုးရ ရွေးချယ်ခံရတယ်။ အဲ့ဒီ အချိန်မှာ အသက် ၂၉ နှစ်ရှိပြီ ဖြစ်တဲ့ မက်ခီယာ ဗယ်လီဟာ အဲ့ဒီ သမ္မတ နိုင်ငံရဲ့ စစ်ရေး၊ သံတမန်ရေး ကောင်စီမှာ အတွင်းရေးမှူး ဖြစ်လာခဲ့တယ်။ နောင် နှစ်ပေါင်း ၁၄ နှစ် ကြာတဲ့အထိ သူဟာ ဖလော့ရင့်ရဲ့ ထိပ်တန်း သံတမန် တစ်ယောက် ဖြစ်ခဲ့တယ်။ ပြင်သစ် လူဝီ ( ၇ ) ဘုရင်နဲ့ ဆက်ဆံ ထိတွေ့ခွင့်ရပြီး၊ ကိုယ့်တိုင်းပြည်နဲ့ မတူတဲ့ လူ့အဖွဲ့အစည်းများကို လေ့လာခွင့် ရခဲ့တယ်။ ဘော့ဂျီးယား မင်းဆက် ပြိုကွဲသွား ပြီးတဲ့နောက်၊ အီတလီ နိုင်ငံမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာတယ်။ ၁၅၀၅ ခုနှစ်မှာ မက်ခီယာ ဗယ်လီဟာ အဲ့ဒီ အချိန်က ထိပ်ဆုံး ရောက်နေတဲ့ ပီရူးဂျီးယားနဲ့ ဆီယင်နာ ( Perugia and Siena ) အာဏာရှင်များနဲ့ တွေ့ဆုံပြီး၊ ဖလော့ရင့် အတွက် မဟာမိတ် ရစေရန် ကြိုးပမ်းခဲ့တယ်။ နောက်တစ်နှစ် မှာတော့ ပီရူးဂျီးယားနဲ့ အီမီလီးယား ( Emilia ) တို့ဟာလည်း စစ်ဘုရင် ပုပ်ရဟန်း မင်းကြီး ဂျူလီယက်စ် ရဲ့ လက်အောက်ခံ အဖြစ် သိမ်းသွင်းခြင်း ခံလိုက်ရတယ်။ ထိုအချိန်မှာ မက်ခီယာ ဗယ်လီဟာ ပုပ်ရဟန်း မင်းကြီးရဲ့ ခြေလှမ်းများကို ဖလော့ရင့်သို့ ပြန် သတင်းပို့နေရင်း ပီဆာ ( Pisa ) ကို ပြန်လည် သိမ်းယူဖို့ ကြိုးပမ်းနေတဲ့ ဖလော့ရင့် ရှေ့တန်းတပ်များ ဆီသို့ သွားရောက်ခဲ့တယ်။ ၁၅၀၉ ခုနှစ်မှာ ပီဆာကို ပြန်လည် ရရှိခဲ့ပေမယ့်၊ ချက်ချင်းပဲ ဖလော့ရင့် မြို့တော် ကိုယ်တိုင် ပြင်သစ်နဲ့ စပိန်တို့ရဲ့ ခြိမ်းခြောက်မှု ကို ခံနေရပြီဆိုတာ သိလိုက်ရတယ်။

ပုပ် ရဟန်းမင်းကြီး သစ္စာခံ တပ်များ အီတလီကို ကျူးကျော် ၀င်ရောက် သိမ်းပိုက်လိုက်တဲ့ နောက်၊ မက်ခီယာ ဗယ်လီရဲ့ နိုင်ငံရေး ဘ၀ ကုန်ဆုံး သွားခဲ့တယ်။ ဖလော့ရင့် မြို့ သိမ်းပိုက် ခံရပြီးတဲ့နောက်၊ ၎င်းတို့ သမ္မတ နိုင်ငံရဲ့ လူမှု အဖွဲ့အစည်းများ အားလုံး ဖျက်ဆီး ခံလိုက်ရတယ်။ တက်ကြွတဲ့ သဘာဝ ရှိတဲ့ မက်ခီယာ ဗယ်လီဟာ သမ္မတ နိုင်ငံရဲ့ ကြေးစား စစ်သားများ နေရာမှာ မြို့သူမြို့သား ပြည်သူ့စစ် များနဲ့ အစားထိုးပြီး ခုခံ ခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့ဟာ မြို့ကို မကာကွယ်နိုင်ခဲ့ဘဲ၊ ပြည်ပြေးဘ၀ ရောက်နေတဲ့ မက်ဒီဆီ ( Medici ) မိသားစု ဟာ တိုင်းပြည် ပြန်လည် အုပ်ချုပ်ဖို့ ပြန်ရောက်လာတယ်။ မက်ခီယာ ဗယ်လီက ချက်ချင်းပဲ ကမ်းလှမ်းမှု တွေ လုပ်ခဲ့ပေမယ့် မအောင်မြင်ပါဘူး။ မက်ဒီဆီဟာ သူ့ကို ရာထူးမှ ဖြုတ်ပစ်ခဲ့ပြီး အစိုးရသစ်ကို ဆန့်ကျင် သစ္စာဖောက်မှုနဲ့ အရေးယူခဲ့တယ်။ သူ့ကို နှိပ်စက် ညှင်းပန်းပြီး ထောင်သွင်း အကျဥ်းချခဲ့တယ်။ နောက်ပိုင်း သူ့ကို ပြန်လွှတ်ပေးပြီး သူ့ရဲ့ ယာတောမှာ ပြန်နေဖို့ ခွင့်ပြုခဲ့တယ်။ အဲ့ဒီအချိန်ဟာ ၁၅၁၃ ခုနှစ်လောက် ဖြစ်ပြီး၊ သူဟာ ရှေးဟောင်း ဂရိနဲ့ ရောမ သမိုင်းများကို ဖတ်ရှုပြီး၊ သူ့ရဲ့ အစိုးရ အဖွဲ့ အတွေ့အကြုံများ ကို နှိုင်းယှဉ် လေ့လာ ခဲ့တယ်။ ဂရိပညာရှင် သုစိဒိုက် ( Thucydide ) ကဲ့သို့ ၎င်းဟာလည်း စစ်ရေး တာဝန် တွေ ယူခဲ့ရတယ်။ ရှုံးနိမ့်မှုတွေ ကြုံခဲ့ရတယ်။
လူထုကြားမှာ အရှက်ကွဲမှုတွေ ကြုံခဲ့ရတယ်။ ထိုပုဂ္ဂိုလ် နှစ်ယောက်စလုံးရဲ့ ဥာဏ်ပညာ အမြော်အမြင်များက ၎င်းတို့ရဲ့ အမှားများ၊ ကံဆိုးမှုများနဲ့ ဒုက္ခ ခံစားရမှုများက ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒါတွေရဲ့ အကျိုးဆက် အဖြစ် မင်းသား ( The Prince ) စာအုပ်ကို ရေးဖြစ်ခဲ့ပြီး၊ ၁၅၃၂ ခုနှစ် ၎င်း သေဆုံးပြီး ချိန်ကျမှ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ အီတလီနဲ့ ၎င်းချစ်မြတ်နိုး လှတဲ့ ဖလော့ရင်မြို့ အတွက် ပြည်ပရန် ကျူးကျော်မှုများကို ခုခံ အသက်ဆက်ရာ မှာ အထောက်အကူ ပြုခဲ့တယ်။ မက်ဒီဆီရဲ့ ဖလော့ရင့် မြို့သားများ အပေါ် အာဏာ ပြန်လည် ထူထောင် များကို အလွန်ကြေကွဲဖွယ်ကောင်းတဲ့ ကိုယ်တွေ့ မှတ်တမ်းများ အဖြစ် ရေးသားခဲ့တယ်။

မက်ခီယာ ဗယ်လီရဲ့ ခေတ်ကာလက အီတလီပြည်ဟာ မြို့များ၊ မြို့ပြနိုင်ငံ များ အဖြစ် ကွဲပြားနေချိန် လည်း ဖြစ်ပါတယ်။ အသေအကြေ အုပ်စု တိုက်ပွဲများ၊ အာဏာသိမ်းမှု များ၊ လုပ်ကြံ သတ်ဖြတ်မှုများ၊ ကျူးကျော်ရန်စမှုများ၊ စစ်ပွဲများ စတာတွေ လွှမ်းမိုး ရှုပ်ထွေးနေတဲ့ ခေတ် လည်း ဖြစ်တယ်။ မက်ခီယာ ဗယ်လီအတွက် “နိုင်ငံတစ်ခု ကို စတင်တည်ထောင်တော့မယ် ဆိုရင် ကိုယ့်ရဲ့ လက်ထဲမှာ ဆုပ်မိကိုင်မိ အင်အား ရှိဖို့ လိုတယ်” ဆိုတဲ့ အသိ ရလာစေတယ်။ ဥပမာ အင်ဒို နီးရှား နိုင်ငံရဲ့ အခြေအနေကို ကြည့်ရင် ၊ ဒီမိုကရက်တစ် အုပ်စုများကို သူတို့ရဲ့ ကိုယ်ပိုင် အင်အားများနဲ့ အင်စတီကျုရှင်းများ ကြံ့ခိုင်အောင် မလုပ်နိုင်သေးမီ၊ စစ်တပ်ကို ဖယ်ကြဉ်စေခြင်း ကြောင့် ဒီမိုကရက်တိုင် ဇေးရှင်း လုပ်ငန်းများ အရှိန်အဟုန်နဲ့ ဖြစ်လာရမယ့် အစား၊ တိုင်းပြည် ပြိုပျက်တော့မလောက်၊ သွေးထွက် သံယိုမှုတွေ ဖြစ်ခဲ့တယ်။

တွေးခေါ် ပညာရှင် ဂျက်ကွက် ဘာဇမ်က ၊ မက်ခီယာ ဗယ်လီကို ကာကွယ် ပြောဆိုရာမှာ “အကယ်၍ မက်ခီယာ ဗယ်လီသာ ၊ “ကျင့်ဝတ်ဆိုင်ရာမှာ ကြောက်မက်ဖွယ် ဘီလူးသဘက် တစ်ယောက် ဖြစ်ခဲ့လျှင်၊” တသီတတန်း ကြီးသော တွေးခေါ် ရှင်များ ဖြစ်ကြတဲ့ အရစ္စတိုတယ်၊ အော်ဂတ်စတင်း၊ စိန့်သောမတ်စ်၊ ဂျွန်အဒမ်၊ မွန်တက်စ်ချူ၊ ဖရန့်စစ်ဘေကွန်၊ စပင်နိုဇာ၊ ကိုးလားရစ်ခ်ျ၊ ရှယ်လီ စတဲ့ ပုဂ္ဂိုလ်ကြီး များ အားလုံးဟာလည်း၊ သူ့ အတွေးအခေါ်များကို ဖြစ်စေခဲ့သော၊ သူ့ကို အသိအမှတ်ပြု ထောက်ခံခဲ့သော၊ သို့မဟုတ် ဆက်ခံခဲ့သော သူများပင် ဖြစ်တယ်” လို့ ဆိုပါတယ်။

မက်ခီယာဗယ်လီ ဟာ ရှေးဟောင်း တရုတ်တွေးခေါ်ရှင် များနဲ့လည်း သဘောချင်း တူခဲ့တာ တွေ့ရတယ်။ တရုတ်ပြည်ရဲ့ စစ်နိုင်ငံတွေ အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ အချိန်က ရေးခဲ့တဲ့ ‘သုံးပြည်ထောင်’ ၀တ္ထုပါ အယူအဆများနဲ့ ဆွန်ဇူး ရဲ့ ရေးသားချက် များမှာလည်း “လူသားဟာ ပင်ကို သဘာဝအားဖြင့် ယုတ်မာတဲ့ သဘော ရှိတဲ့ အတွက်ကြောင့် ၊ စိတ်ထား ကောင်းမွန် လာစေရန် ကျင့်ဝတ်ဆိုင်ရာ သင်တန်းများ ပေးဖို့ လိုတယ်” လို့ ပါပါတယ်။ နောက်ပြီး မက်ခီယာ ဗယ်လီ ကဲ့သို့ တစ်ဦးချင်း ကိုယ်ကျိုး စီးပွားကို အခြေခံတဲ့ အင်အားများက သာ ကမ္ဘာကြီးကို တိုးတက်အောင် ပုံဖော်နေတယ်လို့ ယူဆကြတာ ဖြစ်တယ်။

မက်ခီယာ ဗယ်လီရဲ့ “The Prince” မှာရော “Discourses on Livy” စာအုပ်မှာပါ အင်မတန် ရှင်းလင်းတဲ့ ထိုးထွင်း သိမြင်မှုတွေနဲ့ ပြည့်နေပါတယ်။ သူ့ရဲ့ ရေးသားချက် တစ်ခုမှာ တိုင်းတစ်ပါး ကျူးကျော်သူများဟာ တိုင်းပြည်တွင်းမှာ ရှိတဲ့ အင်အား အကြီးဆုံး အုပ်စုကို အားနည်းသွား စေဖို့ အတွက် လူနည်းစုများ ထောက်ပံ့ အားပေးလေ့ ရှိတယ်။ ဒါဟာ ဥရောပ အစိုးရများ ၁၉ ရာစု နဲ့ ၂၀ ရာစု အစပိုင်း အုပ်စိုး သူများကို ဆန့်ကျင်ဖို့ အတွက် လူနည်းစု အမျိုးသား များကို လက်နက် တပ်ဆင်ပေး ခဲ့ကြတယ်။ အုပ်စိုးသူ အာဏာရ အုပ်စုများဟာ မည်မျှပင် ရက်စက်ပစေ၊ ၎င်းတို့ကို ဖြုတ်ချရန် လွယ်ကူမှာ မဟုတ်လို့ ရေးခဲ့တယ်။ ဘာကြောင့်လဲ ဆိုတော့ အုပ်စိုးသူ အာဏာမဲ့ သွားရင်၊ သူတို့နဲ့ ပါ လိုက်ပါ ကျဆုံးသွားမယ့် တော်ဝင် လူတန်းစား အများအပြား ကလည်း အကာအကွယ် ပေးကြမှာမို့လို့ပဲ လို့ ဆိုတယ်။ ဒါကြောင့် “လက်နက်တပ်ဆင် ထားတဲ့ ပရောဖက်ကသာ အောင်မြင်နိုင်ပြီး ၊ လက်နက် မတပ်ဆင် ထားတဲ့ ပရောဖက်က ရှုံးနိမ့်မှာပဲ” လို့ ရေးခဲ့တယ်။ ဆာဗိုနာရိုလာဟာ လက်နက် မတပ်ဆင်ထားတဲ့ ပရောဖက်က တစ်ယောက် ဖြစ်တဲ့အတွက် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပြီး၊ အလယ်ခေတ် ပုပ်ရဟန်း မင်းကြီး နဲ့ မိုးဇက်၊ မိုဟာမက် စသူ တို့ဟာ လက်နက် တပ်ဆင်ထားတဲ့ ပရောဖက် တွေ ဖြစ်တဲ့အတွက် အနိုင်ရခဲ့ကြတာ ဖြစ်တယ်။ ဟစ်တလာ ဟာလည်း လက်နက် တပ်ဆင်ထားတဲ့ ပရောဖက် တစ်ယောက် ဖြစ်ပြီး၊ ၎င်းကို ဖြုတ်ချရန် ကမ္ဘာစစ်ကြီးတစ်ခု ကို ဆင်နွဲပြီး ဖြုတ်ချခဲ့ ရတယ်။ အရှေ့ ဥရောပ အရေးမှာလည်း မစ်ခေးလ်ကိုဘာချော့ ရဲ့ ကွန်မြူနစ် အစိုးရများကို စစ်တပ်နဲ့ ၀င်ရောက် ကာကွယ် ပေးမှာ မဟုတ်ဘူး လို့ အာမခံချက် ပေးလိုက်တာကြောင့်သာ ၊ လက်နက် တပ်ဆင်ထားခြင်း မရှိတဲ့ ဗားကလပ် ဟာဗယ် အနိုင်ရခဲ့တာ ဖြစ်တယ်။

မက်ခီယာ ဗယ်လီ ရဲ့ အတွေး အခေါ်များဟာ အလွန်တာ သွားခဲ့ပါတယ်။ လက်နက် မတပ်ဆင်ထားတဲ့ ပရောဖက် တစ်ယောက် ဖြစ်တဲ့သူဟာ ၊ စာအုပ် တစ်အုပ်တည်းနဲ့ ရာစုနှစ်များစွာ နိုင်ငံ ခေါင်းဆောင်တွေကို လွှမ်းမိုး ထားနိုင်ခဲ့တယ်။ လက်နက် တပ်ဆင် မထားတဲ့ ဂျီးဆပ်စ်ရဲ့ နောက်လိုက်များဟာလည်း ရောမ အင်ပါယာကို ဖြိုဖျက်နိုင်ခဲ့တယ် မဟုတ်လား။ ဒါကြောင့် ကောင်းကျိုး အတွက် ဖြစ်စေ၊ ဆိုးကျိုး အတွက် ဖြစ်စေ အိုက်ဒီယာ၊ စိတ်ကူးစိတ်သန်း များဟာလည်း အရေးပါတယ် ဆိုတာ တွေ့ရမယ်။ ကမ္ဘာကြီးကို အာဏာတိုက်ပွဲ သက်သက် အဖြစ် ရှုမြင်ခြင်းဟာ မက်ခီယာ ဗယ်လီရဲ့ အယူအဆကို ထပ်မံ သုံးစွဲ ခြင်းပင် ဖြစ်တယ်။ ဒါပေမယ့် အချို့သော ပညာတတ်များဟာ ဦးတည်ချက် တစ်ဖက်တည်းကို အလွန်အကျွံ ဇောင်းပေးလေ့ ရှိတယ်။ ကမ္ဘာကြီးကို အိုင်ဒီယာများ ဖြင့်သာ ရှုမြင်ပြောင်းလဲ လိုပြီး ပါဝါကို လျစ်လျှူ ရှုထားခြင်း ဖြစ်တယ်။

မက်ခီယာ ဗယ်လီရဲ့ သူတော်ကောင်း တရား ( သို့မဟုတ် ) သုစရိုက် တရား ( Virtue ) ဆိုတာ အပေါ် အီတလီ ဘာသာနဲ့ အဓိပ္ပာယ် ဖွင့်ပုံဟာ အတော်ပဲ များပါတယ်။ အဲ့ဒီ အထဲမှာ စွမ်းဆောင်နိုင်ရည်၊ ဆုံးဖြတ်နိုင်ခြင်း၊ စွမ်းအင်၊ ကျွမ်းကျင်လိမ္မာမှု စွမ်းပကား၊ ရဲစွမ်းသတ္တိ၊ စဉ်းစားဥာဏ် စတဲ့ အဓိပ္ပာယ်တွေ ပါဝင်ပြီး ၊ အဓိက အားဖြင့် အားမာန်နဲ့ တက်ကြွမှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အများ အားဖြင့် အထွေ ထွေ ကောင်းကျိုး ( General Good ) အဖြစ် သုံးလေ့ ရှိပါတယ်။
ဒါကြောင့် ဒီသုစရိုက်တရားဟာ ထင်တာထက် ပိုရှုတ်ထွေးပါတယ်။ ဥပမာ လူ့ အခွင့် အရေးဆိုတာကို ပြောရင်၊ တစ်ဦးချင်းအတွက် ကောင်းကျိုးပါပဲ။ ဥပမာ လူ့အခွင့် အရေးဆိုတာကို ပြောရင်၊ တစ်ဦးချင်း အတွက် ကောင်းကျိုးပါပဲ။ လူ့ အခွင့်အရေးများကို မြှင့်တင်ပေးခြင်း အားဖြင့် ကျွန်တော်တို့ဟာ အထွေထွေ ကောင်းကျိုး ရစေတယ်။ သို့မဟုတ် ဂုဏ်သရေ တက်စေတယ်လို့ ယူဆကြတယ်။ ဒါပေမယ့် နေရာတိုင်းမှပဲ ဒီလို မဟုတ်တာ တွေ့ရတယ်။ တစ်ချိန်က အမေရိကန်ရဲ့ ဂျော်ဒန်နိုင်ငံ အပေါ်၊ လူ့အခွင့်အရေး ကိစ္စ အကြီး အကျယ် ဖိအားပေးခဲ့တဲ့ အတွက် ဟူစိန် ဘုရင် အနေနဲ့ ၁၉၇၀ – ၁၉၈၀ ခုနှစ်များမှာ ကြုံတွေ့ရတဲ့ အကျပ်အတည်း များကို ကျော်လွှားရာမှာ အားပျော့မှု တွေ ဖြစ်ခဲ့ရတယ်။ အလားတူပဲ အီဂျစ်နဲ့ ပါတ်သက်တဲ့ U.S ပေါ်လစီ ဟာ၊ လူ့အခွင့် အရေး ကိစ္စသာ အကြီးအကျယ် လွှမ်းမိုး နေတာကြောင့်၊ ဟော်စနီ မူဘာရတ်အတွက် သူ့ထက်တောင် လူ့အခွင့် အရေး ဂရုမစိုက်မယ့်သူတွေ အာဏာရ သွားမယ့်အရေး ဟန့်တားရာမှာ အားပျော့မှုတွေ ဖြစ်စေခဲ့တယ်။

မက်ခီယာ ဗယ်လီ အတွက်တော့ သုစရိုက် တရား ဆိုတာဟာ သစ္စာတရားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ယနေ့ ကာလ ရီပတ်ပလီကင် များနဲ့ ဒီမိုကရက်များရဲ့ တန်ဖိုးတရားများနဲ့ ပတ်သက်လို့ မရပ်မနား ထပ်တလဲလဲ ပြောဆိုနေမှုများဟာ ဥာဏ်သစ်လောင်း ကာလ လက်တွေ့ ၀ါဒီပုံစံမျိုးထက် ကမ္ဘာကြီးကို သူတော်ကောင်းဆန်စွာ လူကောင်းနဲ့ လူဆိုးလို့သာ ခွဲခြား ရှုမြင်တဲ့ အလယ်ခေတ် ကျောင်းတော်များ ပုံစံနဲ့ ပိုတူနေတယ်။
မက်ခီယာ ဗယ်လီရဲ့ အတွေးအခေါ် တွေဟာ အမေရိကန်နိုင်ငံ ထူထောင်သူ ဖခင်ကြီးများ လို့ ခေါ်တဲ့ မက်ဒီဆင်တို့၊ ဟယ်မင်တန် တို့ အပေါ်မှာလည်း လွှမ်းမိုးမှု ရှိခဲ့တယ်။ ဒီပုဂ္ဂိုလ်ကြီးများဟာ သာမန်ပြည်သူများ အပေါ်မှာ မက်ခီယာ ဗယ်လီထက် ပိုပြီး ယုံကြည်မှု ရှိခဲ့ကြတယ်။

“လူတွေဟာ အာဃာတ တရားတွေ၊ လောဘဇောတိုက်မှု တွေနဲ့ ရည်မှန်းချက်တွေ ကြီးကြတယ်။” လို့ ဟယ်မင်တန်က ရေးခဲ့တယ်။ မက်ဒီဆင်ကလည်း ဒါရိုက် ဒီမိုကရေစီ ပုံစံမျိုးထက် လူထုရဲ့ အမြင်များကို ၎င်းတို့ရဲ့ အေးဂျင့်များ၊ ကိုယ်စားလှယ်များမှ တစ်ဆင့် တင်ပြနိုင်မယ့် သမ္မတ နိုင်ငံမျိုးကို ဦးစားပေးခဲ့တာ ဖြစ်တယ်။

မက်ခီယာ ဗယ်လီရဲ့ ပင်မ အသိဥာဏ် ပညာကတော့ “ကနဦး လိုအပ်ချက်များနဲ့ ကိုယ်ကျိုးစီးပွား တွေကသာ နိုင်ငံရေးနဲ့ မောင်းနှင်အား ဖြစ်ပါတယ်။” ဆိုတာပါပဲ။ ကိုယ်ကျိုးစီးပွားနဲ့ သဟဇာတ ဖြစ်ခြင်းသာလျှင် စေ့စပ် ညှိနှိုင်းခြင်းရဲ့ အခြေခံ ဖြစ်နိုင်ပြီး၊ ခေါင်းမာ ဆန့်ကျင်မှု တွေကြောင့် လူမှု ပဋိပက္ခများနဲ့ စစ်ပွဲဆီသို့ ဦးတည် သွားစေနိုင်တယ် လို့ ဆိုတယ်။

မက်ခီယာ ဗယ်လီရဲ့ အလေးထား ပြောဆိုတဲ့ အချက်တစ်ခုက “လူတွေရဲ့ အခြင်းအရာ ကိစ္စအားလုံးဟာ ရွေ့လျား ပြောင်းလဲနေတာ ဖြစ်ပြီး၊ ရပ်တန့်နေအောင် လုပ်ဖို့ မဖြစ်နိုင်ဘူး” ဆိုတာပါပဲ။ ဒီကနေ့ အလွန် ရက်ရော သဘော ကောင်းမှုကို ဖော်ပြနေတဲ့ လူတစ်ယောက် ( ဒါမှမဟုတ် ) နိုင်ငံ တစ်နိုင်ငံဟာ ၊ မနက်ဖြန်မှာရော ဒီအတိုင်း ရှိနေနိုင်ပါ့မလား၊ ယနေ့ ကာလမှာ အရှေ့တီမော နိုင်ငံကို တိုက်ခိုက် ကျူးကျော် နိုင်တဲ့ အင်အား ရှိတဲ့ အမေရိကန်ဟာ မနက်ဖြန်လို နေ့မျိုးမှာ ထိုင်ဝမ် ရေလက်ကြား ကို သိမ်းပိုက်ဖို့ ( ဒါမှမဟုတ် ) ကိုရီးယား ကျွန်းဆွယ်ကို ထိန်းသိမ်း ထားနိုင်ဖို့ လုပ်နိုင်ပါ့မလား၊ လူ့အခွင့် အရေးနဲ့ ပတ်သက်လို့ ကြီးမား ကျယ်ပြန့်လှတဲ့ ကြေကွဲ ၀မ်းနည်း ဖွယ်ရာများကို တားဆီးနိုင်မယ့် နည်းလမ်းတွေ ရှိလာပြီ ဆိုပါတော့၊ ဒါဟာ ကောင်းတဲ့ အချက် ဖြစ်ပြီး ဒီနည်းလမ်းအတိုင်း လုပ်ဆောင်သွား ရမှာ ဖြစ်ပါတယ်။ ဒီနေ့ ကာလ အတွက် သာမကပဲ နောင်လာမယ့် ကာလများ အထိ ရင်ဆိုင် ဖြေရှင်းသွားနိုင်အောင် လုပ်ရမှာ ဖြစ်ပါတယ်။ အကျပ်အတည်းတွေ တစ်သမတ်တည်း ရှိနေတဲ့ ကာလမျိုးမှာ ၊ ဘယ်လို နှိုင်းနှိုင်းချိန်ချိန် ရှိတဲ့ ပေါ်လစီမျိုး မဆိုရဲ့ ဗဟိုချက်မှာ ရှိသင့်တာ ကတော့ “စိုးရိမ်စိတ်ဖြင့် ရှေ့ကို မျော်ကြည့်ထားခြင်း” ပါပဲ။

From – The Wave
Ref ( for intro ) – Niccolo Machiavelli: “end justifies the means”

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: