ဆရာပါ- သို့

ကျနော့ဆရာ တကယ် ထွက်သွားရပြီ။

အဲ့ အသိက ကျန်တဲ့အရာတွေ နည်းတူ ကျနော့ကို အချိန်တော်တော်ကြာအောင် ရိုက်ခတ် နေဦးမည် ထင်သည်။ ဆရာ မနက်က ဆုံးသည်ကို ကျနော် ည မိုးချုပ်မှ သိရသည်။

ဆရာပါရဂူ

သတင်း ကြားလိုက်ရချိန်က ဖုန်းကိုင်ပြီး မတ်မတ်ရပ် ထားသည့် ဒူး – ခပ်ဆတ်ဆတ် တုန်သွားသည်။ မည်မျှ အရေးကြီးသော အလုပ်ရှိနေသည် ဖြစ်ပစေ ၊ ကျနော် ခဏတော့ ရပ်ရပေပြီ။ ကျနော့ဘ၀ လမ်းကို အလင်းရောင် ထွန်းပေးထားခဲ့သော ဆရာပါရဂူဟူသည့် မီးပြတိုက်ကြီး ပြိုလဲသွားပြီကော – ။

ကျနော် ဆရာ့ဆီက သိချင်တာတွေ အများကြီး ကျန်နေသေးတယ် ဆရာ။

တီးတိုး ရေရွတ်မိပါသည်။ ၀မ်းနည်းမိသည့် စိတ်များ ကူးလူး ယှက်သန်းသွား သည့် ကြားမှ အတ္တစိတ်နှင့် အတွေးက ၀င်လာ ခြင်း ဖြစ်မည်။

ဆရာ ငြိမ်းငြိမ်း ချမ်းချမ်း သွားပါစေလား ။ သူ ဆောင်ခဲ့တဲ့ ထမ်းခဲ့တဲ့ ဒီဝန်တွေကို လွတ်လွတ်လပ်လပ် ထားရစ် ခဲ့ပါစေလား။ “မှန်တာကို မှန်တယ်ဆိုတဲ့နေရာမှာ ထားခဲ့၊ မှားတယ်ဆိုတာကိုလည်း မှားတယ်ပြောတဲ့နေရာမှာထားခဲ့။ အမှန်အမှား တွေရဲ့ အပြင်ဘက်မှာ” ဆိုတဲ့ စကားမျိုးတွေကို ဆရာ့ဆီက အပြည့်အ၀ နာကြားခဲ့ရပြီးပြီဘဲ။ သွားပါစေတော့လား။

အတွေးစတွေကို ငြိမ်သက်အောင် ကြိုးစားမွေးမြူရင်း ခန္ဓာကိုယ်ကိုပါ ငြိမ်သက်အောင် ကြိုးစားလိုက်မိသော်လည်း မျက်ရည်စ တွေက အလုံးအရင်း လိမ့်ကျလာသည်။ ကြည့်နေရာ ဤကွန်ပျူတာ မျက်နှာပြင်ကေ၀၀ါးသွားသည်။ “ငိုကြွေး မြည်တမ်း ခြင်းသည် ခရီးသွားလာရမည့်သူကို ချည်နှောင်ခြင်းလည်း ဖြစ်သည်။” တဲ့ ။ ဆရာဆီက သင်ယူ ရခဲ့မိတာ တွေက တစ်ခု။ ဤတစ်ခုကြောင့် ရှိုက်ကြီးတငင် မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းလိုက်မိသည်။

ဤဖြစ်ရပ် နှင့် အလား သဏ္ဍာန်တူ ကြုံခဲ့ဖူးပါသည်။ အခုလို ဆရာ ထွက်သွားတာ မျိုး မဟုတ်။ မိဘ၊မောင်နှမများထံမှ ကျနော် ထွက်လာတုန်းက ။ ဆရာပါ၏ “သိဒ္ဓတ္ထ” နှင့် “ဃူမက္ကရသျှတ္တရ” စာအုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ကျနော့်ခြေလှမ်းတွေ ခိုင်မာခဲ့ဖူးသည်။ အားအင် အပြည့် ရခဲ့ဖူးသည်။ မိုက်ရူးရဲ ဆန်နေသည်လားဟုပင် ဇဝေဇ၀ါ ဖြစ်မိသည်အထိ တင်းမာခဲ့ဖူးသည့် ခြေလှမ်းများ ဖြင့် လျောက်ခဲ့ ဖူးပါသည်။ အဲ့အချိန်က မိသားစု ဆီ စာရေးတော့ အခုလိုပင် မျက်ရည် ပိုးပိုးပေါက်ပေါက် ကျခဲ့ဖူး သေးသည်။ ယခုကဲ့သို့ပင် ကျနော် ရေးနေသည့် စကားလုံးများ ကို ကျနော် ကိုယ်တိုင်မမြင်ရတော့သည် အထိေ၀၀ါးသွား ခဲ့ဖူးသည်။

ဆရာ အခု ခရီးထွက်သွားချေပြီ။ ကျနော့ ဘ၀တစ်လျောက်လုံး ကြိမ်ဖန်များစွာ စီးမျောခဲ့ရသော ဆရာ့ ဓမ္မရေစီးကြောင်းတွင် ဆရာနှင့် ကိုယ်တိုင် ကိုယ်ကျ စကား မပြောဖူးခဲ့။ မျက်နှာချင်း မဆိုင်ဖူးခဲ့။ ဆရာ့စကားကို နားနှင့်ဆတ်ဆတ် မကြားနိုင်ခဲ့ သော်လည်း ဆရာ့ စကားတွေကြောင့် ဤနေ့ ဤအချိန်ထိ လျောက်လှမ်းနေဆဲ၊ အားပြည့်နေဆဲ ။ ကျနော် ကြိုးစားနေတုန်း လျောက်ကြည့်နေတုန်းမှာ ဆရာ ထားခဲ့လေပြီ။

“လူတွေက ပစ္စည်းဥစ္စာတွေကို ထိန်းသိမ်းဖို့ ခြံခတ်တယ်။ အိမ်ရာတွေနဲ့ လုံခြုံအောင် ပိတ်လှောင်တယ်။ အဲ့တော့ လူတွေကိုယ် တိုင်ကလည်း အဲ့ခြံထဲမှာ အခတ်ခံလိုက်ရတယ်။ အိမ်ရာတွေနဲ့ အပိတ်လှောင်ခံ လိုက်ရတယ်။
“လူတွေဟာ မိမိကိုယ်ကိုယ် ရာထူးဌာနန္တရ၊ တံဆိပ်၊ အာဏာ ချိတ်ဆွဲပြီး မြှင့်တင်ကြတယ်။ အဲ့မှာတင် အဲ့ ရာထူးဌာနန္တရတွေ၊ တံဆိပ်တွေ ၊ အာဏာတွေမှာ မိမိရဲ့ လွတ်လပ်မှုတွေ၊ မိမိပိုင်ဆိုင်မယ့် ဓမ္မနဲ့ ကိုယ်ကျင့်သိက္ခာတွေ အချိတ်ဆွဲခံလိုက်ရတယ်။”

အခု ဆရာ့ကို တုတ်နှောင်ထားသော ခြံ မရှိတော့ပေ။ ဆရာ့ကို အိမ်ရာများဖြင့် ပိတ်လှောင် မထားနိုင်တော့ပေ။ တစ်သက်တာ လုံးတွင် ရာထူးဘွဲ့တံဆိပ်များ ရရှိနေပါလျက်နှင့် ပါရဂူ ဆိုသည့် ရှင်လူဘ၀ ရိုးစင်းသော အမည် တစ်ခုတည်းဖြင့်သာ အေးချမ်းစွာ နေထိုင်သွားခဲ့သော ဆရာ ။ ဤရိုးစင်းသော အမည်ကိုပင် ရှုပ်လှသည်ဟု ထင်၍ ဖြစ်မည်။ ထားခဲ့လေပြီ။

ကျနော် ငယ်စဉ် စတိတ်ကျောင်းသား ဘ၀ကတည်းက တွဲဖက် ညီညီ အားကျခဲ့ရသော ပါပါ၊တာတာ၊ ရာရာ ဂိုဏ်း ( ဆရာပါရဂူ၊ ကိုတာ၊ ဆရာ ဒဂုန်တာရာ ) တွင် အခု ဆရာပါ – မရှိတော့ပါပြီ။ သိဒ္ဓတ္ထကို ဖတ်တော့ ဟာမန်ဟာဆယ်လ် ရေးသည့် မူရင်းထက် ဆရာရေးသည်ကို ပိုစွဲမက်သည်။ ဗုဒ္ဓထံမှ ထွက်ခွာလာပြီး အတွေးနယ်ထဲတွင် နစ်မျောနေသော သိဒ္ဓတ္ထနှင့် ကူးတို့ဆရာကြီး သိဒ္ဓတ္ထ မြစ်ရေ ဓမ္မသံကို နားဆင်နေသည့် အခန်းများသည် ကျနော် မမေ့နိုင်သော နေရာများ ဖြစ်သည်။

“ဘာသာတရားသည် အမည်နာမ မဟုတ်ပေ။ ဗုဒ္ဓမဟုတ်၊ ခရစ်မဟုတ်၊ မိုဟာမက် မဟုတ်ပေ။ ဘာသာတရားဟူသည် လက်ရှိဘ၀ တွင်သာ ရှိသည်။ သေဆုံးရခြင်း အဆုံးသတ်ဖြင့်သာ ဘ၀သည် လှပနေသည်။ ပျက်သုဉ်းရခြင်း သဘောဖြင့်သာ ဘ၀သည် အဓိပ္ပာယ် ပြည့်ဝ လာရသည်”

ဤအသိများကို ဆရာ့ထံမှ စီးမျောရိုက်ခတ် ယူလာခဲ့ရသည့် ကျနော့အတွက် အဓိပ္ပာယ် ပြည့်ဝသော ဘ၀ လက်ကျန်များ ထားရစ် ခဲ့ခြင်းအားဖြင့် စာတွေ့သာမက လက်တွေ့ပါ ပြသွားခဲ့ပြီ ထင်ပါသည်။ ဆရာ့အတွက် ဆုမတောင်းပေး တော့ ပါ ဆရာ။ ဆုတောင်းခြင်း အားဖြင့် ဆရာ့ကို မချုပ်နှောင်ထားလိုပါ။ ၀ီစိကိစ္စာ ရှင်း၍ လွတ်လပ်စွာ နေထိုင်ခဲ့သော ဆရာ့အတွက် ဆရာသွားလိုရာကို လွတ်လပ်စွာ ထွက်သွားရခြင်း ကိုသာ အလိုရှိ ပါသည်။

အဓိပ္ပာယ်ပြည့်ဝသော ဘ၀ဖြင့် ဆရာ့တာဝန် ကျေခဲ့ပါပြီ။
ကျနော် ကန်တော့ပါသည် ဆရာ။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: