သစ္စာ ဟူသည်

ပြီးခဲ့သည့် ( ၉ ) ရက်နေ့က ဆရာပါရဂူ ကွယ်လွန်ကြောင်း သိခဲ့ ရပြီးနောက်ပိုင်း ဆရာ့စာတွေကို မှတ်မှတ်ရရ ပြန်ဖတ်ဖြစ်သည်။ ပြန်ရှာ ဖြစ်သည်။ ထိုထက် ပိုသည်က ဆရာ သွန်သင် ခဲ့သည် များကို ပြန် ဆင်ခြင်နေမိခြင်း ဖြစ်ပါသည်။ ဆရာမှတစ်ဆင့် သိခဲ့ရသည့် ပြည်ပ ဆရာများထဲတွင် တဂိုး၊ ရာဟုလာ သံကိစ္စည်း၊ ခရစ်သျှနား၊ ဟာမန်ဟက်စ် နှင့် ပေါလ်ကေရပ် တို့ ဖြစ်၏။ ကျနော် နောက်ပိုင်း အဖတ်အများဆုံး ရှိလာခဲ့သည်က ပေါ်လ်ကေရပ် ( Paul Carus ) ၏ စာများ ဖြစ်သည်။

ပထမဆုံး ပေါလ်ကေရပ် ၏ အရေးအသားကို စွဲလမ်းစေခဲ့သူမှာ ဆရာပါရဂူ ဖြစ်သည်။ သူ၏ ( ပေါလ်ကေရပ်၏ ) နိဗ္ဗာန် ( ၀တ္ထုတို နှစ်ပုဒ် ) တွင် ဆရာပါရဂူက ၎င်းကိုယ်တိုင် ရေးသားထားသည့် နိဗ္ဗာန် ဟူသော အမည်ပါ စာတမ်း နှင့် ကံ ဟူသော အမည်ပါ စာတမ်း တို့ကို ပူးတွဲထည့်သွင်း၍ ဘာသာ ပြန်ဆိုထားသည်။ ထိုအချိန်ကတည်းက ဆရာပါရဂူ ကိုရော၊ ဆရာ ပေါလ်ကေရပ် ကိုပါ လေးစားခဲ့သည်။ ၎င်းတို့၏ စာများကို တခုတ်တရ ရှာဖွေကြည့်လာခဲ့ရာ အပြည့်အစုံ မဟုတ်သော်ငြားလည်း အချို့ကိုမူ စုဆောင်းမိသည်။

သို့သော် အကြောင်းကြောင်းနှင့် မဖတ်ဖြစ်။ ထို မဖတ်ဖြစ် ခဲ့သော စာများကို ယခုအခါ ( ကျနော့အတွက် တာဝန်တစ်ရပ် အနေဖြင့် မလိုအပ်သော အလုပ်အချို့ကို လျော့၍ ) အချိန်ပေး ဖတ်ဖြစ်လာသည်။ ယင်းတို့ အနက်မှ ဖတ်မိသလောက် အချို့ကို ပြန်ဆိုရေးသားလိုသော ဆန္ဒလည်း ရှိခဲ့သည်။

လူတို့တွင် အိပ်မက် အမျိုးမျိုး ၊ ရည်မှန်းချက် အမျိုးမျိုး ရှိကြသည့် အလျောက် ကျနော့တွင်လည်း ဆရာများ၏ စာများ ဖတ်ရှုလိုခြင်း အာသီသ အိပ်မက် ရှိခဲ့ဖူးပါသည်။ ကျနော်နှင့် ထပ်တူ အာသီသ ရှိကြသူများ ကိုလည်း ရည်ရွယ်ပြီး ကောင်းနိုးရာရာ ဖတ်မိသမျှကို တတ်စွမ်းသရွေ့ ကြိုးစား ရေးကြည့်ဖို့လည်း စိတ်ကူးခဲ့ဖူးပါသည်။

ယခု ဆရာ ပေါလ်ကေရပ်၏ အမှန်တရားနှင့် အခြားကဗျာများ ( Truth and other poems ) စာအုပ်တွင် ပါဝင်သော အမှန်တရား ( Truth ) ကဗျာ ကို ကျနော် ဖတ်မိသည့်အတိုင်း မြန်မာပြန်ဆို၍ ပြန်လည် ဝေငှခြင်း ဖြစ်ပါသည်။ ယင်းသို့ ပြန်ဆိုရာတွင် အချို့ကို အကျဉ်း၊ အချို့ကို အကျယ် ဆီလျော်အောင် ပြန်ဆိုထားခြင်း ဖြစ်ပါကြောင်း ။

သစ္စာ

စင်စစ် အရာဝတ္ထုတိုင်း၏ အတိုင်းအတာကား လူသားပင် ဖြစ်သည်။
လူသားကိုလည်း
အလားတူ
အရာအားလုံး ( သို့မဟုတ် ) ဧက ၊ တစ်ပါးတည်းသော ဓမ္မတရားက အုပ်ချုပ်သည်။

လူသည် လောကဓာတ် အသေးစား ဖြစ်၏။
ဧကောဓမ္မော၊ တစ်ကြောင်းတည်းသောလမ်းနှင့် လျောက်လှမ်းမိသော အချိန်တိုင်း၌
ပြည့်ဝသော လူ့သဘာဝသို့ ရင့်သန် ကြီးထွားလာရ၏။

လူသားကို တိုင်းတာသော အတိုင်းအထွာ စံတစ်ခု ရှိသည်။
အမည်နာမ ပညတ်တစ်ခုဟုပင် ဆိုစို့။
ယင်းဖြင့် ယင်းလူ အတွင်းရှိ ဓမ္မကို စမ်းသပ်နိုင်၏။
ယင်းကား ထာဝရ၊ ပရမတ္တပင်တည်း။
သဗ္ဗေသင်္ခါရာ ၊ အနိစ္စာ၊ စဉ်ဆက်မပြတ် ပြောင်းလဲအပ်ကုန်သော အရာများထဲမှ
မပြောင်းလဲသော ထာဝရသဘော ဖြစ်၏။
လောကဓါတ်၊ စကြာဝဠာတစ်ခုလုံး စိုးမိုးသော နိယာမလည်း မည်သည်။
လောကသုံးပါး နွယ်ယှက်နေသော တစ်ခုတည်းသော အရာလည်း ဖြစ်သည်။
ကြီးမြတ်ခြင်းတို့ထက် ကြီးမြတ်ခြင်း ဖြစ်ပြီး၊
ရွှေမှန်ကင်း အလင်းပြ ဓမ္မဟုသာ ဆိုကြစို့။

သိရှိထားရမည်မှာ လူသား ဟူသော ဝေါဟာရ ဖြစ်သည်။
အရာအားလုံး၏ အတိုင်းအထွာ လူသား ဖြစ်သည်။
ကျွန်ုပ် မဟုတ်၊ သင်မဟုတ်၊ အခြားအရာမဟုတ်။
လူဖြစ်ခြင်းသဘော၊ လူသားသက်သက်သာ ဖြစ်၏။

သို့ဆိုလျှင်
ယင်းလူသားသည် အဘယ်အရာ ဖြစ်ပါသနည်း။

လူသားသည် လူမျိုးနွယ်တို့၏ စံဖြစ်သည်။ လူပုဂ္ဂလတို့၏ စံဖြစ်သည်။

စံဟူသည်မှာ တွေးဆချက်ပင် မဟုတ်လော။
အနုမာန စိတ်ကူးသတ်မှတ်ချက်များမှ
ဤသို့ ဖြစ်ရမည်ဟု ရွေးယူသတ်မှတ်ထားသည့်
ဆင်ခြင် ကောက်ယူချက် သက်သက် မဟုတ်လော။

မဟုတ်ပေ။
ဤသို့ တွေးယူ၍ မရပေ။
စစ်မှန်သော အရာတို့ ပေါင်းစုထားခြင်းသည်လည်း
စစ်မှန်သော အရာသာ ဖြစ်သည်။
၎င်းသည် ရော်ယမ်း မှန်းဆခြင်း မဟုတ်။
အပျော်ကျူး၍ စိတ်ကူးယဉ်နေခြင်း မဟုတ်ပေ။

အို၊ သူတော်ကောင်းတို့။
စံတို့၏ မြင့်မြတ်ခြင်း အလို့ငှာ သင်ယူကြကုန်လော့၊
ယင်း စံ တို့တွင် သဘာဝ၏ အင်အားများထက် ပိုမိုသာလွန်ခြင်း သဘောရှိ၏။
အခြေအမြစ်ကျသော စွမ်းအင် တကာတို့ထက် ပိုမို၍ စွမ်းအား ရှိ၏။

စံ ဟူသည် လူသားဘ၀၏ ဆက်နွယ်ချက်များ ဖြစ်ကြသည်။
ဦးတည်ရာ၊ ပန်းတိုင်သို့ ရည်ညွှန်ရာ လမ်းပြများ ဖြစ်ကြသည်။
၎င်းတို့သည် ထင်ယောင်ထင်မှားများ၊ ရော်ယမ်းမှန်းဆ ချက်များ မဟုတ်ပေ။
အစစ်အမှန်များသာ ဖြစ်၏။
အစစ်အမှန်တို့တွင် သာလွန်မြင့်မြတ်သော အစစ်အမှန်များ ဖြစ်သည်။
မှန်၏။ ဤစံတို့သည် လူသား၏ လမ်းပြများ ဖြစ်သည်။
လမ်းပြ နတ်ဒေ၀ါများကဲ့သို့ ရှိ၍ ဤသတ္တလောက၊ သင်္ခါလောက၏ ဟိုဘက်ဘက် ပန်းတိုင်သို့
မမှိတ်မသုန်ရောက်ရှိနိုင်ရန် ကူညီပေး နိုင်စွမ်း၏။

လူသား ဟူသော ထိုထို “စံ”တို့သည် တခဏမျှသာ တည်မြဲသော အရာ “၀တ္ထု” မဟုတ်ပေ။
အသွေးအသား၊ ကိုယ်ကာယ အတွင်းမှ လောကဓမ္မ ဖြစ်သည်။
ဖန်ဆင်းရှင်တို့ ဖွဲ့အပ်သော ဖြစ်တည်ချက် အတွင်းမှ အမည်နာမ ဖြစ်သည်။
နတ်ဘုရား တို့ ၀င်စားခြင်းမျိုး ဖြစ်သည်။
ကမ္ဘာကို ထုဆစ်ပုံဖော်သော ဧက-ဗာဟု၊ “အများနှင့် အတူ တစ်ခုတည်းသဘော” ကြောင့်
ကြယ်၊ လ၊ နက္ခတ်တို့ ထွန်းသည်။
စကြ၀ဠာအနှံ့ တုန်ဟီးရသည်။
ယင်းကား လူသားပင် ဖြစ်သည်။ ( လူသားအများ မဟုတ်ပေ။ )
ဧက-ဗာဟု ၊ မြင့်မြတ်ရာ တစ်ခုတည်းအတွင်း တည်မှီးနေသော
အကြင်လူသားကား လူ့ သစ္စာ ဖြစ်ပေသည်။

သို့သော်
ယင်းတို့သည်လည်း ပြောင်းလဲကြပေ၏။
ရုန်းကန် ဖွဲ့တည်သော ဤ မှီတင်းရာ ကမ္ဘာမြေတွင်
အဘယ်အရာမျှ တည်မြဲ ခိုင်ခန့်မနေပေ။
ယင်း မခိုင် မခန့် မတည်မြဲမှုကိုပင် ရောင်ပြန်ဟပ်၍ မြင်နေရသည်က ထာဝရ ဖြစ်သည်။
၎င်း၏ ကိုယ်ပိုင် နိယာမဖြင့်
ခိုင်မာသော၊ အမြဲ မခွဲ၊ တတွဲတွဲသော ယုံကြည်ချက် အမြဲရှိနေသည့် ထာဝရ ဖြစ်သည်။

ပြောင်းလဲမှု သစ္စာ အမှန်အားဖြင့်သာ
ကျွန်ုပ်တို့ အသိပညာ နယ်နိမိတ်သည် ကျယ်ပြန့်လာရသည်။
သိပ္ပံပညာသည် ယင်းကြောင့်သာ ပိုမို ရှင်းသန့်၊ နက်ရှိုင်းလာရသည်။
ပိုမို ကျယ်ပြန့် ၍ ပိုမိုသစ်လွင်လာသော ယင်း သစ္စာသည်
ရှေ့ရှေ့ ရှိခဲ့ပြီးသော- ဟောင်းနွမ်းသွားပြီ ဖြစ်သော သစ္စာကို မပုတ်ခတ်၊
မဟုတ်မမှန်ကြောင်း မည်သည့်အခါမျှ မဆို။

အကြောင်းကား
ရှေ့ရှေ့ သစ္စာသည်လည်း ၎င်းကိုယ်တိုင်ပင် ဖြစ်သောကြောင့် ဖြစ်သည်။
၎င်းကိုယ်တိုင်သည် မြင့်မာသော ရပ်တည်ချက်သို့ ရောက်ရှိသွားသည်မှ လွဲ၍
အားလုံးသော သစ္စာတို့ကား တစ်ခုတည်းသာ ဖြစ်သည်။
( ဤသည်ကိုပင် ဧက – ဗာဟု ( အားလုံးထဲက တစ်ခု၊ အမှန်သဘော ) ဟု ခေါ်တွင်မည်။ )

သစ္စာကို ရှင်းလင်းထုတ်သည်မှာ စိတ်ဖြစ်သည်။ အာရုံမဟုတ်။ စေတသိက် မဟုတ်ပေ။
ကုန်သည်တို့ သိုလှောင်ထားအပ်သည့် ပစ္စည်းမဟုတ်။
ကျွန်ုပ်တို့ ပိုင်ဆိုင်သည့် လူသုံးကုန် မဟုတ်။
သစ္စာ ( ၀ါ ) အမှန်သည် လူတို့ အာသာ ၊ ဆန္ဒ အလွန်ရှိ စွမ်းအား ဖြစ်သည်။
မျိုးဆက် တစ်ဆက်မှ တစ်ဆက်သို့
သစ္စာသည်
ဘ၀၏ အံ့ဩဖွယ်ရာ နက်နဲမှု များကို ရှင်းလင်း ဖွင့်ဟ၊ ချီတက်သွားသည်။

သစ္စာ၏ ကြီးမြတ်မှုကြောင့် ပြည့်ဝခြင်းကို ဗဟိဒ္ဓအားဖြင့် ရှာဖွေရန်မှာ မဖြစ်နိုင်ပေ။
အဆုံးသတ်ပန်းတိုင်တစ်ခု ရောက်ရှိသောအခါ
အခြား ထပ်ဆောင်းလာသော တာဝန်များ တွေ့လာရမည်။
ကျွန်ုပ်တို့၏ ကျဉ်းမြောင်းလှသော အမြင်များကို
တစ်ဆင့်ချင်း တစ်ဆင့်ချင်း
အဆုံးအစမဲ့ ချဲ့ပေးသွားမည့် မြေပြင်တလင်းလည်း ဖြစ်သည်။

သစ္စာသည် လူတို့၏ တော်ရမ်းမယ်ဖွဲ့များဖြင့် ရပ်တည်နေသည်မဟုတ်။
အရူးအနှမ်း မဟုတ်။ မှိန်ပြသော အလင်းရောင်း မဟုတ်ချေ။
ညအခါရောင်ဟပ်လင်းသည် မြှူအလင်းမျှလည်း မဟုတ်၊ ဥက္ကာ၊ ကြယ်တာရာတို့ အလင်းမျှလည်း မဟုတ်ချေ။
ဖန်ဆင်းရှင်တော်မှ အရှင်းလင်းဆုံး၊ အမြင့်မြတ်ဆုံးသော ဖွင့်ဟချက်သာ ဖြစ်သည်။
လောက ၊ ဘ၀တွင် သစ္စာသည် ကျွန်ုပ်တို့အတွက် လမ်းပြကြယ်ကဲ့သို့ ။
ကမ်းလမ်း မမြင်၊ ပင်လယ်ပြင်မှ သင်္ဘောသားတို့ သံလိုက်အိမ်မြှောင်ကဲ့သို့၊
ကျွန်ုပ်တို့ကို
နူးညံ့သိမ်မွေ့စွာ – အဆင့်ဆင့် သယ်ဆောင်၍
ကောင်းမြတ်သော ဦးတည်ချက်ရှိ ၎င်း၏ လမ်းကို ခင်းပြသည်။

သစ္စာသည် ဘ၀၏ ဆက်သွယ်ချက်၊ ပြညွှန်းချက် ဖြစ်သည်။
ကျွန်ုပ်တို့သည် သစ္စာ၏ သန့်စင်သော အကြောင်းတရားအတွင်းမှ လုပ်သား များသာ ဖြစ်သည်။
ကျွနု်ပ်တို့သည် သစ္စာကို မြည်တမ်းတောင့်တကြသည်။
သစ္စာ၏ အလင်းရောင်ကို၊ သစ္စာကို လိုလားကြသည်။
၎င်းသည် ကျွန်ုပ်တို့ အဇ္ဈတ္တအတွင်း တိုးဝင်၍ ကျွန်ုပ်တို့ သဏ္ဍာန်အတွင်း၌ နေထိုင်သည်။
မြင့်မြတ်သော လုပ်ငန်းများအတွက် ကျွန်ုပ်တို့ ဘ၀ကို လမ်းညွှန်ပေးသည်။
သို့သော် သစ္စာကို ကျွန်ုပ်တို့ မပိုင်ပေ။
ကျွန်ုပ်တို့ကိုသာ သစ္စာက ပိုင်ဆိုင်သည်။

ယင်းသစ္စာ ဓမ္မကို ရှာဖွေ ကြိုးပမ်းကြပါကုန်လော့။
သစ္စာမှ ပေးသော ပြဿနာပုစ္ဆာတို့သည် အချည်းနှီးမဟုတ်။
ယင်းသစ္စာကို မြတ်နိုးကြပါကုန်လော့။
သစ္စာကို ယုံကြည်၍ ယင်း သစ္စာ ဓမ္မဖြင့်သာ နေထိုင်ကြပါကုန်။
သစ္စာ မှ ပြသောလမ်းသို့ လျောက်လှမ်းကြပါကုန်။
အကြောင်းကား သစ္စာသည် အမှန်ရောက်ကြောင်းကိုသာ လမ်းညွှန်သောကြောင့် ဖြစ်ပါ၏။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: