လူနှစ်တန်း နှစ်စား ပုံပြင်

လွန်ခဲ့တဲ့ သုံးနှစ်က ဆိုတော့ ဒီဆောင်းပါးမှာ ပါတဲ့ အချို့ အချက်တွေက ဟောင်းနေပြီပေါ့။ ဒါပေမယ့် အချက်အလက် တွေကသာ ဟောင်းနေတာ သဘောတရားက ယခုထက်ထိ တည်ရှိ စဉ်းစား နေရပြီး လုပ်ကိုင်ကြရတဲ့ ဟာ တွေပဲ လို့ မြင်ပါတယ်။

၂၀၀၈ ခုနှစ် မေလထုတ် Waves က – အမတြာဆင်း ( Amartya Sen ) ရေးသားပြီး ဆရာဖေမြင့် ဘာသာပြန်ဆိုတာ ဖြစ်ပါတယ်။ အမတြာဆင်းဟာ ဟားဗတ် တက္ကသိုလ်မှာ စီးပွားရေးပညာနဲ့ ဒဿနိက ပညာရပ်ကို သင်ကြားပို့ချလျက် ရှိသူဖြစ်ပြီး ၁၉၉၈ က စီးပွားရေး ပညာရပ်ဆိုင်ရာ နိုဗယ်လ်ဆု ချီးမြှင့်ခံရသူ ဖြစ်တယ်လို့ ဆိုပါတယ်။ သူရဲ့ နောက်ဆုံး ထုတ် စာအုပ်ကတော့ – Identity and Violence: The Illusion of Density လို့ သိရပါတယ်။

ဇေယျ
……………………………

Amartya Sen

ကမ္ဘာ့ လူဦးရေ သန်းပေါင်း များစွာကို ခြိမ်းခြောက် လျက်ရှိသည့် စားနပ်ရိက္ခာ ပြဿနာသည်၊ ကာလတစ်ခုမှာ လျော့ပါး ပျောက်ကွယ် သွားမည်လား၊ သို့တည်းမဟုတ် ပို၍ ဆိုးဝါး လာမည်လား။ အဖြေက နှစ်မျိုးလုံး ဖြစ်နိုင်ပါသည်။ မကြာမီက ဖြစ်ပေါ်ခဲ့သည့် စားသောက် ကုန်ဈေးနှုန်း များ မြင့်တက်မှုသည် အဓိကအားဖြင့် သြစတြေးလျ၊ ယူကရိန်းနှင့်  အခြားနေရာ တချို့မှာ ပေါ်ပေါက်ခဲ့သည့် မိုးခေါင် ရေရှားခြင်း ကဲ့သို့သော ယာယီပြဿနာများကြောင့် ဖြစ်သည်။ သည်အတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ ကြီးကြီး မားမား များများ စားစား လုပ်ရန် လိုအပ်ခဲ့သည်မှာ မှန်သော်လည်း၊ လက်ငင်းအကျပ်အတည်းမှာ အချိန်တန်လျှင် ပြီးဆုံးသွားမည်ဖြစ်သည်။ သို့သော် သည်ကိစ္စများ ဖြစ်ပွား စေခဲ့သည့် အရင်းခံ အကြောင်းတရားကို သိမြင်ကာ ယင်းအား ကုစားမှု မပြုခဲ့လျှင်မူ၊ သည်ပြဿနာသည် ရေရှည်၌ ပို၍ ကြီးထွားလာဖွယ် ရှိပါသည်။ယင်း အကြောင်းရင်းခံကား လူနှစ်မျိုး နှစ်စား ဖြစ်ပေါ် နေသည့်ကိစ္စဖြစ်သည်။

သည် လူနှစ်မျိုး ကိစ္စနှင့် စပ်လျဉ်း၍ တစ်ခုသော ရှုထောင့်မှ ပြောဆိုချက်က ဤသို့ဖြစ်သည်။ ဆင်းရဲသား ဦးရေ များပြားသော တိုင်းပြည်တစ်ပြည်၌၊ စီးပွားရေး လုပ်ငန်းတွေ ရုတ်တရက် လျင်မြန်စွာ ဖွံ့ဖြိုး ပေါ်ပေါက်လာသည့် အခါမျိုးတွင်၊ အသစ်ဖြစ်ပေါ်လာသော စီးပွားရေး ဖွံ့ဖြိုးမှု၏ အကျိုးအမြတ်ကို လူတစ်ဝက်ခန့် ကသာ ခံစားရလေ့ရှိသည်။ ထိုခံစားရသူတို့သည် ရရှိလာသည့်ဝင်ငွေသစ်များကို စားနပ် ရိက္ခာ ၀ယ်ယူရာ၌ အများအပြားသုံးစွဲကြရာ၊ အကယ်၍ စားနပ်ရိက္ခာရောင်းအား အလျှင်အမြန် တိုးတက်မလာပါက၊ ဈေးနှုန်းများ ထိုးတက် သွားကြမည် ဖြစ်သည်။ ထိုအခါ ၀င်ငွေအသစ် တိုးမလာသည့် ကျန်ဆင်းရဲသား များမှာ စားသောက်ကုန် ဈေးနှုန်း တိုးမြှင့်ခြင်း၏ ဒဏ်ကို တစ်ဖက်သတ် ခံရကာ ငတ်မွတ်မှုများ ဖြစ်ပေါ်လာပေမည်။ သည်နည်းမျိုးဖြင့် ဖြစ်သည့် ဘေးဒုက္ခများမှာ ကမ္ဘာ၌ ကြိမ်ဖန် များစွာ ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ ဆိုးဆိုးဝါးဝါး သာဓကတစ်ခုမှာ ဗြိတိသျှ အုပ်ချုပ်ရေး နှောင်းပိုင်းကာလ အိန္ဒိယတွင် ဖြစ်ပွားခဲ့သည့် ၁၉၄၃ ခုနှစ် ဘင်္ဂလား အငတ်ဘေးကြီး ဖြစ်သည်။ ထိုစဉ်က အိန္ဒိယတွင် အင်္ဂလိပ်အစိုးရက ဂျပန်နှင့် တိုက်မည့်စစ်ပွဲ အတွက် ငွေကြေးအမြောက်အမြား သုံးစွဲ ပြင်ဆင်လျက်ရှိရာ၊ စစ်စီးပွားရေးကို အကြောင်းပြု၍ မြို့နေဆင်းရဲသားများ အထူးသဖြင့် ကာလကတ္တားမြို့တွင် နေထိုင်သူများမှာ၊ ရုတ်တရက် ဝင်ငွေများ တိုးတက် ရရှိလာကြကာ၊ ယင်း၏ရလဒ်အဖြစ် စားသောက်ကုန် ဈေးနှုန်းများ မူလထက် ၄ ဆအထိ တိုးမြှင့် သွားခဲ့သည်။ သို့သော်၊ ကျေးလက်နေ ဆင်းရဲသားများမှာမူ ၀င်ငွေ တိုးစရာ အခွင့်အလမ်းများ မကြုံရဘဲ၊ ဈေးနှုန်းများ ခေါင်ခိုက်အောင် တက်သွားခြင်း ကိုသာ ရင်ဆိုင်ကြရသည်။

ထို့ပြင်၊ အစိုးရ၏ ပေါ်လစီမှားယွင်းမှု ကလည်း လူနှစ်စု အနေအထား ကွဲပြားမှုကို ပို၍ဆိုးဝါးစေခဲ့သည်။ ဗြိတိသျှအုပ်စိုးသူတို့က စစ်ကာလအတွင်း၊ မြို့ပြတွင် ဆူပူမှုများ မပေါ်ပေါက်ရေးကို အထူး အလေးထားကြသည် ဖြစ်ရာ၊ မြို့နေလူများအတွက် စားနပ်ရိက္ခာကို ကျေးလက်မှ ဝယ်ယူပြီး၊ မြို့ပြတွင် အထူး လျှော့ပေါ့ ဈေးနှုန်းများဖြင့် ရောင်းချ ပေးခဲ့သည်။ မြို့က အမြောက်အမြား ဝယ်သဖြင့်၊ ကျေးလက်မှာ ဈေးနှုန်းတွေ တအား တိုးမြင့်သွားသည့်အခါ ဝင်ငွေနည်းပါးသည့် ကျေးလက် တောရွာသားများ အငတ်ဘေး ကြုံကြရတော့သည်။ အငတ်ဘေး ဆိုက်စဉ်အချိန် နှင့် ယင်းနောက်ဆက်တွဲကာလ အတွင်း၊ ဘင်္ဂလားတွင် လူ ၂ သန်းကျော် ၃ သန်းမျှ သေဆုံးခဲ့ကြရသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခြေအနေများ အကြောင်း ပြောကြသည့်အခါ၌၊ ရှိသူနှင့်မရှိသူများ (ချမ်းသာသူနှင့် ဆင်းရဲသူများ) ( haves and have-nots ) အကြား ကွာခြားနေပုံ အကြောင်းကို အလေးအနက် ဝေဖန်သုံးသပ်လေ့ ရှိကြပါသည်။ ဤသည်မှာလည်း ပြောဆို ဆွေးနွေးသင့်သော အကြောင်းရပ်ပင် ဖြစ်သည်။
သို့သော်၊ တစ်ချိန်တည်းမှာပင် ကမ္ဘာ့မရှိသူ (ဆင်းရဲသား) များထဲတွင်၊ စီးပွားရေး လျင်မြန်စွာ တိုးတက်မှု၏ အကျိုးကျေးဇူးကို ခံစားရသူများနှင့်၊ မခံစားရသူများအကြား ကွာဟမှု ရှိလာနေပါသည်။ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ် စသည့် စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်နေသည့် တိုင်းပြည်များတွင်၊ စားနပ်ရိက္ခာ ဝယ်လိုအားများလည်း တစ်ရှိန်ထိုး တိုးမြင့်လာနေသည်။ ဤသည်က သူ့ချည်း သက်သက်အဖို့ ဆိုလျှင် ကောင်းသော အခြင်းအရာပင် ဖြစ်ပါသည်။ အကယ်၍ ၎င်းတိုင်းပြည်များ အနေနှင့်၊ စီးပွားရေး ဖွံ့ဖြိုးမှု ၏ အကျိုးရလဒ်များ ကို ပြည်တွင်း၌ ခွဲဝေရာ၌၊ မညီမျှမှုများ ယခုထက် လျော့ပါးအောင် လုပ်ဆောင် ပေးနိုင်မည် ဆိုက၊ ယခုကျန်ရစ်နေသူတို့ လည်း ပို၍ ပြည့်ဝ ကောင်းမွန်စွာ စားသောက် နိုင်လာကြမည် ဖြစ်သည်။ ဆိုခဲ့သည့် စီးပွားရေး ဖွံ့ဖြိုးမှုများသည် ကမ္ဘာ့ စားနပ်ရိက္ခာ ဈေးကွက်တွင် လည်း ဖိအားများ ဖြစ်ပေါ်စေပါသည်။ ဖိအား သက်ရောက်မှုသည် ပြည်တွင်းသို့ စားသောက်ကုန် ပစ္စည်းများ တိုးမြှင့် တင်သွင်းခြင်း ကြောင့်လည်း ဖြစ်တတ်ပါသည်။ တစ်ခါတစ်ရံမူ ပြည်တွင်းဈေးနှုန်းများ အလွန်အကျွံ မတိုးအောင် တားဆီးသည့် အနေဖြင့် စားသောက်ကုန် များ ပြည်ပသို့ တင်ပို့မှုကို တားမြစ်ခြင်း ( သို့မဟုတ် ) ကန့်သတ်ြခင်း များ ကြောင့်လည်း ဖြစ်တတ်သည်။ မကြာမီက အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်၊ အာဂျင်တီးနား တို့တွင် ဖြစ်ပွားခဲ့သည်မှာ ဒုတိယ အနေအထားမျိုး ဖြစ်ပါသည်။ယင်းသို့ စားနပ်ရိက္ခာ ဈေးကွက်အပေါ် ဖိအား သက်ရောက်မှု၏ ဒဏ်ကို အပြင်းထန်ဆုံး ခံစားရသူများမှာ ဆင်းရဲသားများ၊ အထူးသဖြင့် အာဖရိက တိုက်သားများ ဖြစ်သည်။

လူနှစ်မျိုးနှစ်စား ကွဲပြားသွားမှုကို အဆင့်မြင့် နည်းပညာ ရှုထောင့်မှ ပြောဆိုသုံးသပ်ပုံက ဤသို့ဖြစ်သည်။ အက်သနော အသုံးပြုခြင်းကြောင့် ကမ္ဘာကြီး ပူနွေးလာနေမှု၊ ပတ်ဝန်းကျင် ပျက်စီးမှု တို့ကိုလည်း ဘယ်လောက်မျှ လျော့ပါး သက်သာ သွားစေနိုင်စရာ အကြောင်း မရှိရာ၊ အမေရိကန် နိုင်ငံရေး အနေအထား ကသာ ခွင့်ပြုမည်ဆိုက၊ ပေါ်လစီကို စနစ်တကျ ပြန်လည် စဉ်းစားပြင်ဆင်ကာ ယင်းအား အမြန်ဆုံး အကောင် အထည် ဖော်သင့်ပေသည်။ အက်သနော သုံးစွဲရန် တွန်းအားပေးခြင်း၊ ထုတ်လုပ်သူများအား အထောက်အပံ့ ပေးခြင်း စသည်တို့ အစား၊ အက်သနော သုံးစွဲမှုကို ထိန်းချုပ် ကန့်သတ်သည့် အလုပ်များ ပြောင်းလဲ လုပ်ဆောင်ဖို့ ဖြစ်သည်။

ကမ္ဘာ့ စားနပ်ရိက္ခာ ပြဿနာသည် ကမ္ဘာ့ ထုတ်လုပ်မှု ကျဆင်း လာနေခြင်းကြောင့် မဟုတ်။ တစ်နည်း ပြောရသော် တစ်ဦးချင်း အတွက် စားနပ်ရိက္ခာ ထုတ်လုပ်မှု နှုန်းထား ကျဆင်းသွားခြင်း ကြောင့် မဟုတ်။ ( တချို့က အထောက် အထား ခိုင်လုံခြင်း မရှိဘဲ ကျဆင်းသည် ဟု ဆိုနေတာမျိုး ရှိသည် ) စင်စစ်၊ ဝယ်လိုအား တိုးတက်နှုန်း မြန်ဆန်နေခြင်း ကြောင့်သာ သည်ပြဿနာ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ သို့သော် ဝယ်လိုအား လျှင်မြန်စွာ တိုးခြင်းကြောင့် ဖြစ်သော ပြဿနာကို၊ စားနပ်ရိက္ခာ ထုတ်လုပ်မှု လျှင်မြန်စွာ တိုးချဲ့သော နည်းဖြင့်ပင် ဖြေရှင်းနိုင်ပါသည်။ သို့သော်၊ သည်အတွက် တစ်ကမ္ဘာလုံး ယခုထက် ပိုမို ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုပါသည်။

သည်နေရာ၌ လူဦးရေ တိုးတက်မှုနှင့် ပတ်သက်၍ အနည်းငယ် ပြောလိုပါသည်။ လူဦးရေတိုးတက်ခြင်းသည် စားနပ်ရိက္ခာ ဝယ်လိုအား တိုးတက်စေသည့် အကြောင်းတစ်ခု ဖြစ်သည်မှာ မှန်သည်။ သို့သော် ၎င်းကြောင့် ဖြစ်ပေါ်သည့် ဝယ်လိုအား တိုးတက်မှု ပမာဏမှာ၊ အသင့်အတင့် မျှသာ ဖြစ်ပါသည်။ တစ်ဖက်တွင်မူ လူဦးရေ တိုးပွားလာမှု သည်၊ ကမ္ဘာကြီး ပိုမို ပူနွေးလာအောင် တွန်းအား ပေးနေသည့် သိသာသော အကြောင်းတစ်ခု ဖြစ်နေသည်။ ပူနွေးမှု ၏ နောက်ဆက်တွဲ အဖြစ် ရာသီဥတု ပြောင်းလဲမှုများ ရေရှည် ဖြစ်ပေါ်နေသည့် အခါ၊ စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက် လာနိုင်ပါသည်။ ကံအားလျော်စွာ လူဦးရေ တိုးပွားနှုန်းက လောလောဆယ်ပင် နှေးကွေးလျက် ရှိနေပါပြီ။ မိန်းကလေးများ ယခုထက်ပို၍ ကျောင်းနေ ဖြစ်အောင် လုပ်ဆောင်ခြင်း အပါအ၀င်၊ အမျိုးသမီးများအား လုပ်ပိုင်ခွင့်အာဏာ တိုးမြှင့်ရေး အစီအစဉ်များ ကြောင့်လည်း၊ လူဦးရေ တိုးပွားနှုန်း ပို၍ လျင်မြန်စွာ ကျဆင်းသွားစရာ အကြောင်း ရှိပါသည်။

အရေးကြီးဆုံးကား၊ ကမ္ဘာ့ စီးပွားရေး တိုးတက်မှု အလွန်အမင်း မညီမျှခြင်းကြောင့်၊ ဖြစ်ပေါ်သည့် အကျိုးဆက်များကို ထိရောက်စွာ ကိုင်တွယ် ဖြေရှင်း ပေးမည့်ပေါ်လစီများ ရွေးချယ် ချမှတ်နိုင်ရေး ဖြစ်သည်။ သည်အတွက် စီးပွားရေး ဖွံ့ဖြိုးမှု နှေးကွေးနေသော တိုင်းပြည်များတွင် ပြည်တွင်း စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် အရေးကြီးသကဲ့သို့၊ ကမ္ဘာလုံး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် အထောက်အကူ ပေးမှုများလည်း များစွာပင် လိုအပ်လျက် ရှိနေသည်။သည်အတွက် ပထမဆုံးအလုပ်မှာ ပြဿနာ၏ သဘော သဘာဝကို သိနားလည်ဖို့ပင် ဖြစ်ပါသည်။

……………………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: