ကျွန်ုပ်တစ်ခါကသိခဲ့ဖူးသောဦးအောင်ဆန်း

ကျွန်ုပ်တစ်ခါက သိခဲ့ဖူးသော ဦးအောင်ဆန်း – ဤဆောင်းပါးကို ဆရာ ဒဂုန်တာရာ ရေးပါသည်။ ပွင့်လင်းသော အရေးအသား မျိုးဖြင့် ဗိုလ်ချုပ်၏ အမူအကျင့် များကို မြင်၊ မြင်သည့်အတိုင်း၊ ထင်၊ ထင်သည့် အတိုင်း ရေးထားသည်ကို တွေ့ရသည်။ အချို့နေရာများ၌ ဗိုလ်ချုပ်အပေါ် ပြစ်ပြစ်နှစ်နှစ်ရေးထားသည် ဟုပင် ထင်မိရသော်လည်း ဗိုလ်ချုပ်၏ နေထိုင်မှု သဘာဝကို ဖော်ပြထားပုံမှာ ချစ်စရာ ကောင်းသည်။ ဆရာ ဒဂုန်တာရာသည် သူကြုံတွေ့ သိခဲ့ရသော တစ်ထောင့် တစ်နေရာမှ ဗိုလ်ချုပ်၏ ဘဝ တစ်စိတ် တစ်ဒေသကို ပြောသွား ခဲ့သည်မှာ ရိုးသားလှသည်။

ဆောင်းပါး၏ နောက်ဆုံးစာကြောင်း ဖြစ်သော “သူသည် လူထုထဲမှ လူတစ်ဦး ဖြစ်၍၊ လူထုနှင့် ဆက်စပ်နေ၍၊ လူထုခေါင်းဆောင် ဖြစ်လာသည်” ဟူသည့် ရည်ရွယ်ရင်း အတွက် ဆောင်းပါး တစ်ခုလုံးကို ပုံဖော် သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်း မဟုတ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ လုပ်သော နိုင်ငံရေး သတ္တဝါ ဖြစ်၏။ ထို့ကြောင့် ကိစ္စ မရှိ။” ဟု ပြောင်ပြောင်တင်းတင်း အရေးအသား မျိုးကို ကျနော် ကြိုက်ပါသည်။ ယင်းတို့ကြောင့်ပင် ကျွန်တော်တို့ ဗိုလ်ချုပ်၏ ပုံပန်းကို မြင်ယောင်ရင်း၊ ပို၍ မြတ်နိုး၊ တန်ဖိုး ထားမိသေး တော့သည်။

ဇေယျ
……………………………………………………..

ကျွန်ုပ်တစ်ခါက သိခဲ့ဖူးသော ဦးအောင်ဆန်း
ဒဂုန်တာရာ

ဗိုလ်ချုပ်နှင့် အလယ်ပစ္စယံ

သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေဝပ်ခြင်း အတန်ငယ် ကင်းမဲ့စွာ နားထောင်လျက် ရှိ၏။ လူထုကြီးသည် စူးစိုက်ခြင်းမရှိ။ တချို့က ပြုံးရယ်၍ နေ၏။ နောက်နားရှိ လူထုအစိတ်အပိုင်း တစ်ခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုးပြော၍ နေ၏။ သို့သော် ပျက်ရယ်ပြုခြင်းကား မရှိ။ လေးစားခြင်းသည် အားလုံး၌ တညီတညွတ်တည်း တည်ရှိ၏။ အစိမ်းပုပ်ရောက် ကတ္တီပါကားကြီးသည် သူ့ကို နောက်ခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံတောတောင်မှ ချယ်လှယ်ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင် ဖြစ်၏။ ကတ္တီပါကားသည် အခြား ဘာအဓိပ္ပာယ်ကိုမှ ထူးထူးထွေထွေ မဖော်ပြ၊ သို့သော် မှိုင်းညှို့ခြင်း တစ်ခုကိုသာ ရဲဝံ့စွာ ဆောင်နေသည်။ သူသည် သည်စိမ်းညို မှိုင်းသော ကားကြီး၏ ရှေ့၊ စင်မြင့် ဇာတ်ခုံပေါ့် ရပ်ကာ စကားပြော၍ နေသည်။ သူသည် မဟာပထဝီ မြေကြီးမှ မြန်မာ ဝါဂွမ်းစစ်ဖြင့် ရက်လုပ်သည့် ပင်နီဖျင်ကြမ်းကြီးကို ဝတ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင် ပိုးလုံချည် ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေမသပ်၊ မျက်နှာ အသွင်အပြင် မှာ အပူပိုင်း ဒေသ အီကွေတာ ပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံ အနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ် ချင်းတစ်ယောက်၏ မျက်နှာနှင့်လည်း တူ၏။ တက္ကသိုလ် ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာ ဖြစ်သော ထည်ဝါခြင်း၊ ယဉ်ကျေး သိမ်မွေ့ခြင်း တို့သည် သူ့တွင် လုံးဝ မခိုအောင်း။ လမ်းပေါ်တွင် နေရာ တကာ တွေ့မြင်နိုင်သော သာမာန် ဆင်းရဲသား တစ်ဦးနှင့်သာ တူ၏။ မြန်မာ လူထုကြီးထဲမှ လူတစ်ဦး၏ အသွင်အပြင် မျိုးသား ဖြစ်၏။ သူသည် လက်နှစ်ဖက်ကို ဘေးသို့ ကား၍ လှုပ်ကာ၊ လှုပ်ကာ စကားကို ပြော၏။ သူ၏ စကားလုံးများက ပြေပြစ်ခြင်း မရှိ၊ ချောမွေ့ခြင်း မရှိ။ သို့သော် အတွင်း၌ကား အနက် ပါ၏။

သင်ပထမဦးဆုံး တွေ့မြင်သော ကိုအောင်ဆန်း၏ ပုံပန်းကို ရေးပြပါ ဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေးပြမည် ဖြစ်၏။ ထိုအခါကား၊ ၁၉၃၆ ခု ၊ ပထမ ဦးဆုံး ကျင်းပအပ်သော မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီး ကို ရန်ကုန်မြို့ ဂျူဘလီဟော ခန်းမတွင် ဆင်ယင် နေသော အခါ ဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်း ကျောင်းတွင် ပညာ သင်ကြားလျက် ရှိရာ နယ်မှ ကျောင်းသား ကိုယ်စားလှယ် အဖြစ် ကျောင်းသားများ ညီလာခံသို့ တက်ရောက်စဉ် ကိုအောင်ဆန်း စကားပြောသည်ကို တွေ့မြင်ခဲ့ရခြင်း ဖြစ်ပေသည်။

၁၉၃၆ ခု၊ သပိတ်မှောက် ကိစ္စ တောက်လောင်တော့မည့် ဆဲဆဲ၊ မီးခိုးများ အူနေသည့် အခိုက် ကိုအောင်ဆန်း အမည်ကို သတင်းစာများတွင် ဖတ်ရသော အခါ သူ့ကို သိချင်သော စိတ် အင်မတန် ထက်သန်ခဲ့သည်။ ထိုအခါက ကိုအောင်ဆန်းမျာ တက္ကသိုလ် သမဂ္ဂ အသင်း၏ ကြွေးကျော်သံ ဖြစ်သော အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ ဖြစ်၏။ ကျွန်တော်မှာ စာပေ ဝါသနာ ပါသူ ဖြစ်ရာ ကိုအောင်ဆန်းကို အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဖူးချင်၏။ သို့သော် ဂျူဘလီဟော ကျောင်းသားများ ညီလာခံတွင် သူ၏ ရုပ်သွင်နှင့် သူ စကားပြောသည်ကို တွေ့မြင် ကြားနာရသော အခါ အထင် နှင့် အမြင် ကွာနေသည်ကို တွေ့ရ၏။ ကျွန်တော် ထင်ထားသည်မှာ ကောလိပ် ကျောင်းသား၊ ရုပ်ဖြောင့်၊ ဂိုက်ကျ စကားပြောကောင်း ဟု ဖြစ်၏။ အယ်ဒီတာ လည်း ဖြစ်သဖြင့် အတော် အထင်ကြီးထား၏။ တွေ့ရသော အခါ ရုပ်ကလည်း မဖြောင့်၊ စကားပြောကလည်း မပြေပြစ်၊ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်၊ ထိုအခါ ကျွန်တော်မှာ အရွယ် နုနယ်သေး၍ စိတ်ကူးယဉ် ဖြင့်သာ ကိုအောင်ဆန်းကို ရုပ်ဖြောင့်စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။

နောက် ( ၁ ) နှစ်ခန့် ကြာသောအခါ ကျွန်တော်လည်း တက္ကသိုလ် သို့ ရောက်၍ နေသည်။ ကျွန်တော် တက္ကသိုလ် ရောက်သည့် ( ၁၉၃၇ – ၃၈ ) ခုနှစ်က ကိုအောင်ဆန်းသည် တက္ကသိုလ် သမဂ္ဂတွင် ဒုတိယ ဥက္ကဋ္ဌ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် ဥက္ကဋ္ဌ ဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်း နှင့် အသိ ဖြစ်လာ၏။ အသိသာ ဖြစ်ရုံ ဖြစ်သည် ။ မရင်းနှီးခဲ့ပေ။ သူနှင့်ကား ရင်းနှီး၍ မဖြစ်။ သူသည် ရင်းနှီး၍ ရသော လူစားမျိုး မဟုတ်။ နိုင်ငံရေး အတူတူ တွဲဖက် လုပ်၍သာ သူနှင့် ရင်းနှီးမည် ဖြစ်သည်။ တက္ကသိုလ်တွင် နေစဉ် ကျွန်တော်သည် သမဂ္ဂ နိုင်ငံရေးကိုသာ တစ်ဖက်သတ် မလိုက်။ စာပေလည်း ဖတ်ချင်၏။ စာလည်း ရေး၏။ ဂီတကိုလည်း လိုက်စားဖူး၏။ သည်လို အစုံ လုပ်ချင်သဖြင့် သူနှင့် မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေး သမား သက်သက် ဖြစ်သည်။

ကိုအောင်ဆန်း နှင့် ကျွန်တော့်ကို အခု သခင်ဗဟိန်းက အသိဖွဲ့ပေးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေး သမား သက်သက် မဟုတ်သူ ဖြစ်သဖြင့် သူ၏ အသိထက် လွန်မြောက်၍ ရင်းနှီးသော အဖြစ်သို့ မရောက်သွားခဲ့ပေ။ သခင်ဗဟိန်း နှင့်ကား သည်လို မဟုတ်။ သခင် ဗဟိန်းသည် ယဉ်ကျေးသိမ်မွေ့သူ ဖြစ်၏။ စာပေ၊ ကဗျာ၊ လင်္ကာကို နှစ်သက်၏။ ဂီတကို ချစ်၏။ ထို့ကြောင့် ကျွန်တော် နှင့် ခဏနှင့်ပင် ရင်းနှီးချစ်ခင်ကာ ယခု သူ ကွန်မြူနစ် ဖြစ်နေသည့် ဘဝ အထိပင် ရင်းနှီးချစ်ခင်ခြင်း မပျက်။ ကျွန်တော်ကား ခုခံရေး ကိုလည်း မပြု။ နိုင်ငံရေး သမားလည်း မဟုတ်။ သို့သော် ချစ်ခင် ရင်းနှီး၏။ ကိုအောင်ဆန်း နှင့်ကား ဤကဲ့သို့ မဟုတ်။ ကျွန်တော် စာရေး ဝါသနာ ပါသည်ကို ကိုအောင်ဆန်း သိ၏။ သို့ရာတွင် ကျွန်တော် ရေးခဲ့သော ဒဂုန်မဂ္ဂဇင်းမှ ရတုပိုဒ်စုံမှ စသော ကဗျာများ၊ ဝတ္ထုတို၊ ဆောင်းပါး စသည့် စာပေ များကို ဖတ်ဖူး လိမ့်မည် မထင်။ ဂရုစိုက်၍ ဖတ်မည့် လူမျိုးလည်း မဟုတ်။ သို့သော် တစ်ခါက သခင်ဗဟိန်းနှင့် အတူ သမဂ္ဂ ကော်မတီ ခန်းတွင် ပင်းယ မဂ္ဂဇင်းတွင် ပုံနှိပ်ထားသော ကျွန်တော်၏ ဆောင်းပါး တစ်ခုကိုကား ကျွန်တော့် ရှေ့တွင် ဖတ်သည်ကို တွေ့ရဖူး၏။ ဖတ်ပြီးလျှင် ဝေဖန်ချက် ပေး၏။ ကိုအောင်ဆန်း သည်လည်း အင်္ဂလိပ် မြန်မာ ဆောင်းပါးရှင် တစ်ဦး ဖြစ်ပေသည်။ အင်္ဂလိပ် ဘာသာဖြင့် ရေးသော သူ့ဆောင်းပါးများကို ဂန္တလောက မဂ္ဂဇင်းတွင် ဖတ်ရဖူး၏။ သူသည် ဗုဒ္ဓဘာသာ တရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကို ရေး၏။ ကျောင်းသားများ အဝတ်အစား ဝတ်ဆင်ရေး ပြဿနာ ကိုလည်း သူသည် ဂန္တလောက တွင် ပန်းတနော် ဦးသန့် နှင့် အပြန်အလှန် ရေးသည်ကို အမှတ်ရ၏။ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အသင်း၏ ကြွေးကျော်သံ ဖြစ်သော မျိုးညွန့် မဂ္ဂဇင်းတွင် ပါသော သူ၏ “လောကဝိဟာ” အမည်ရှိသော မြန်မာ ဆောင်းပါးတို ကလေးကိုကား ကျွန်တော် အတော် သဘောကျ ပါ၏။ ကမ္ဘာ လောကကြီးကို ပညာ ဗဟုသုတ အမြင်တို့ကို ပေးသော စာသင်ကျောင်း နှင့် ဥပမာ တင်၍ ရေးထား၏။ ကိုအောင်ဆန်းသည် မြန်မာစာ အရေး ညံ့သူ မဟုတ်ပေ။ တိတိကျကျ ရေး၏။ ပါဠိကို မှန်ကန်စွာ သုံး၏။ တစ်ခါတစ်ရံ ဟာသဥာဏ် ပါ၏။ ပုသိမ်မြို့တွင် ကျင်းပသော ကျောင်းသား များ ညီလာခံ သူ၏ ဥက္ကဋ္ဌ မိန့်ခွန်းတွင် ကင်းဘဲလ် အစီရင်ခံစာကို “ပညာရေး ပူရာဏ် ကျမ်းကြီး ပေတကား” ဟု ပြောင်လှောင် ထားသည်မှာ သရော်ချက် ( Irony ) ပါ၏။ ကျောင်းမှ ထွက်ပြီး တို့ဗမာ အစည်းအရုံးသို့ ဝင်သွားသော အခါ ငတ်ပြတ်လာ၍လား မပြောတတ်၊ ဒဂုန်မဂ္ဂဇင်း တွင် ဆောင်းပါး ရေးလိုကြောင်း ကျွန်တော့်ကို ပြော၏။ ကျွန်တော်လည်း တိုက်ရှင် တို့နှင့် စီစဉ်၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများ ပါစေ၏။ ဒဂုန်မဂ္ဂဇင်းက ကိုအောင်ဆန်း ရေးသော ဆောင်းပါးများ အတွက် ငွေချီးမြှင့်၏။ သူရေးသော ဆောင်းပါးကား “နိုင်ငံရေး အမျိုးမျိုး” ဟူသော ဆောင်းပါး ဖြစ်သည်။ ဂရိတ် နိုင်ငံရေး က အစချီ၍ မျက်မှောက် မြန်မာနိုင်ငံရေး အခြေအနေ အထိ ရေး၏။ စာပြောင်၏။ ဖတ်လို့ ကောင်း၏။ သူသသည် ဒဂုန်တွင် ကြာကြာ မရေးရ။ မကြာခင် ဂျပန်ပြည်သို့ ထွက်သွား ရသဖြင့် သူ့ဆောင်းပါးလည်း ရပ်၍ သွား၏။ အစိုးရ ကလည်း အငြိုးထား၍လား မပြောတတ်။ ဒဂုန် မဂ္ဂဇင်းမှာ ထိုနှစ်မှာပင် ပိတ်ခြင်း ခံရရှာ၏။

သမဂ္ဂ ဥက္ကဋ္ဌ ဖြစ်သော ( ၁၉၃၈ – ၃၉ ) နှစ်က သူသည် ဘီအယ်တန်းတွင် ရှိ၍ ပဲခူးကျောင်းဆောင် အလယ်ထပ်တွင် နေသည်။ အခန်းသည် သပ်ရပ်ခြင်း ကင်းမဲ့၏။ သူ၏ အခန်းတွင် စာအုပ်များ ပြည့်နှက်၍ နေ၏။ စာအုပ်များသည် စားပွဲပေါ် တချို့၊ ဗီရိုပေါ် တချို့၊ ပြန့်ကြဲကာ ရုန်းရင်း ဆန်ခတ် ဖြစ်၍ နေကြ၏။ သူသည် အင်မတန် စာဖတ်သူ တစ်ယောက် ဖြစ်၏။ သူသည် ဒေါသကြီးသူ တစ်ဦး ဖြစ်၏။ သည်လို အများက ထင်၏။ ကျွန်တော့်အဖို့ကား ဒေါသကြီးသည်၊ မကြီးသည်ကို မသိ။ သူ့တွင် စိတ်လိုက် မာန်ပါ ( Emotionalism ) တွေ ရှိသည်ဟု ကျွန်တော် ထင်၏။

နှစ်ကိုကား အသေအချာ မမှတ်မိတော့။ သပိတ်မှောက် နှစ်လည် အထိမ်းအမှတ် ပွဲတစ်ခု တက္ကသိုလ် သမဂ္ဂတွင် ကျင်းပ၏။ ပရိသတ်ထဲမှ ထ၍ ဝေဖန် စကားများ ထပြောကြ၏။ သို့ပြောကြသည့် အထဲတွင် စစ်ကိုင်း ကျောင်းဆောင်မှ ကုလား ကျောင်းသား တစ်ဦးက ဥက္ကဋ္ဌ ဟောင်း မစ္စတာ ရာရှစ်ကို ဝေဖန်ရာ၌ အတော် ထိခိုက်သော အပြစ်တွေကို ထုတ်ဖော် ပြော၏။ ကုလား ကျောင်းသား ပြောသည့် စကားများ အခြေခိုင်သည် ၊ မခိုင်သည် ကိုကား မမှတ်မိတော့။ ကိုအောင်ဆန်းသည် မစ္စတာ ရာရှစ် အတွက် ဒေါပွကာ၊ ထိုကုလားကို ကြိမ်းမောင်း၍ ရဲရင်ထွက် စသော အသုံးမျိုး သုံး၏။ လက်သီးဆုပ်ကာ ကုလား အပါးသို့ တိုး၍ သွား၏။ ဘေးက ကျောင်းသားများက ဝိုင်း၍ ဆွဲထားရ၏။ သူသည် ဒေါသကြောင့် ဆတ်ဆတ် တုန်လျက် ရှိသည်။

ကုလား၊ ဗမာ အဓိကရုဏ်း အပြီး ဒေါက်တာ ဘမော် ၏ တက္ကသိုလ် ဥပဒေ ပြင်ဆင်ရေး အဆိုအကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့် ကိစ္စ နှင့် ပတ်သက်၍ ညိုမြ ( ယခု အမေရိကန်ပြန် ) အမှူးရှိသော ကျောင်းသား တစ်စုက မကျေနပ် သဖြင့် သမဂ္ဂကို အယုံအကြည် မရှိ အဆို တင်သွင်း၏။ ထို အစည်းအဝေး၌ ကိုအောင်ဆန်းသည် ညိုမြကို ဒေါပွကာ ဥက္ကဋ္ဌ ကုလားထိုင်မှ နေ၍ ညိုမြ အတင်းကို အတော် ပြောလိုက်၏။ သည်လို စိတ်လိုက်မာန်ပါ ပြောပြီးနောက် တစ်ပါတ်လောက် ကြာသောအခါ ထိုနေ့က အောင်ဆန်းက ညိုမြအား ရှုတ်ချပါသော စကားများကို ရုတ်သိမ်းလိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ် ကျောင်းဆောင် အသီးသီးတွင် ထွက်ပေါ် ရှိ၍ လာ၏။

တက္ကသိုလ်တွင် ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသော မျက်နှာထားကို ထားခဲ၏။ သူ၏ မျက်နှာထားသည် သုန်မှုန်၏။ တစ်ခါ တွေ့ဖူးသော သူကို နောက်တစ်ခါ တွေ့လျင် နှုတ်ဆက်ချင်မှ ဆက်၏။ သူ့ကိုသိသူက ပြုံးပြ သော်လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှ ပြုံး၏။ ဥက္ကဋ္ဌ ဖြစ်သဖြင့် သူ့ကိုကား ကျောင်းသားတိုင်းက သိကြ၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန် တူ၏။ မြန်မာပြည်၏ လွတ်လပ်ရေး အတွက် စိတ်ပူရ၏။ ထို့ကြောင့် သူသည် သုန်မှုန်လျက် နေသည်။ သူစကားပြောလျှင်လည်း နိုင်ငံရေး အကြောင်းကိုသာ ပြောသည်။ သူ ပြောနေစဉ် ဘေးရှိ လူများက နားထောင်နေရသည်။ ဘေးက လူများ၏ စကားကို သူမကြား၊ သူ ပြောချင်တာတွေ ကိုသာ စွတ် ပြော၍ နေတတ်သည်။

တစ်ခါက ရန်ကုန်ကို ဂျပန်တို့ သိမ်းပိုက်စ အချိန် ဝိတိုရိယ ရိပ်သာရှိ အိမ်တစ်အိမ်တွင် သခင်မြနှင့် ရဲဘော်များ နေထိုင်လျက် ရှိသည်။ ကျွန်တော်မှာလည်း တောက ရောက်ကာစ ဖြစ်၏။ ဧည့်ခန်းရှိ စန္ဒရားတွင် ကျွန်တော်က ထိုင်ကာ တီးနေ၏။ ဘေးမှ သခင်စံဝေ နှင့် တက္ကသိုလ် ကျောင်းသား အချို့က ဝိုင်း၍ သီချင်း လိုက်ဆိုလျက် ရှိ၏။ ဘီ-အိုင်-အေ သမားများမှာ ဂီတ အင်မတန် ငတ်နေ၍ သီချင်းသံကို တောင့်တ နေသဖြင့် အတင်း တီးခိုင်းကြ၏။ စန္ဒရားမှာ အသံတွေ ပျက်၍ နေ၏။ ချစ်ခင်မှာလား ၊ ကြင်မှာလား၊ ခင်ခင်ရယ်၊ ချစ်သည်းနွယ်၊ အဟုတ်ကို ချစ်တော့မယ်၊ ခင်ရယ်၊ ကြင်မယ်၊ … ဝိုင်း၍ ဆိုနေကြရာမှ သည်နေရာသို့ ရောက်သောအခါ ကိုအောင်ဆန်းသည် ဂေါက် – ဂေါက် – ဂေါက် နှင့် တစ်ဖက်မှ လျှောက်လာကာ စန္ဒရား အပါးတွင် လက်ထောက်ခါ၊ ရပ်လျက် “ဟေ့…. ရပ်ကြ၊ ခုလို အခါမျိုးမှာ ရဲစိတ်၊ ရဲမာန် တက်စေမယ့် ရဲတင်းသံကိုသာ ဆိုရတယ်ဗျ။ ဒီ ချစ်မယ် ကြင်မယ်၊ သီချင်းမျိုးက မဟန်ဘူး။” ရုတ်တရက် ကြောင်၍ စန္ဒရားကို ခေတ္တ ရပ်လိုက်၏။ သူသည် သူပြောချင်တာ ပြောပြီး၍ ထွက်သွားလေသည်။ ကျွန်တော်တို့ကလည်း ဆက်၍ သီဆိုကာ ကျန်ရစ်ခဲ့ကြသည်။ သူကား သည်လို လူစားမျိုး။

သမဂ္ဂ ဥက္ကဋ္ဌ ကိုလှမောင် ( ယခု ဆိုရှယ်လစ် ပါတီဝင် ) ၏ လက်ထပ်ပွဲသည် ဘီ-အိုင်-အေ သမားများ အတွက် ပထမ ဦးဆုံး ဖြစ်၏။ လက်ထပ်ပွဲ ပြီးသော အခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးကာ နေကြ၏။ ကြေးစား စန္ဒရား ဆရာတစ်ဦးက တီးကာ ဖျော်ဖြေလျက် ရှိ၏။ ကိုအောင်ဆန်းသည် စန္ဒရား ဆရာကို ရပ်စေကာ ကျွန်တော့်ကို လူကြားထဲမှ အတင်းဆွဲခေါ်၍၊ သီချင်းတစ်ပုဒ်ကို တီးစေ၏။ သူသည် စန္ဒရားကို လက်ထောက်ကာ မရတရ ဖြင့် လိုက်ဆို၏။ တီးသော သီချင်းမှာ “ကဉ္စန” သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ နောက်တစ်ပိုဒ် တီးခိုင်းပြန်၏။

တစ်ခါက ဂျပန်ခေတ် ဝန်ကြီးတစ်ဦး၏ ထမင်းပွဲတွင် သူ့ကို စစ်သေနာပတိဟု အားလုံးက လေးစားသော အားဖြင့် ထမင်းစား ခန်းမကြီးထဲသို့ သူ့ကို အရင်ဝင်စေ၏။ အခြားဧည့်သည်များက အဝင်ဝတွင် ရပ်၍ သူ့အဝင်ကို စောင့်လျက် နေကြ၏။ သူသည် စစ်ဝတ်စစ်စား ဖြင့် ဝင်လာကာ ရုတ်တရက် စားပွဲထိပ် ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး ဆတ်ကနဲ ဘယာကြော် တစ်ခုကို ယူကာ စားလိုက်၏။ သူထမင်းစား နေစဉ် ဧည့်သည် ဝင်လာလို့လည်း မြန်မာ ဧည့်ဝတ်ထုံးစံ အရ ထမင်းစားပါဦးလား ဟု ခေါ်ချင်မှ ခေါ်သော လူစားမျိုး ဖြစ်၏။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေ ရင်းများက “ကြောင်သည်” ဟု အမှတ်ထားကြ၏။

သူ့တွင် သိမ်မွေ့ခြင်းမရှိ၊ အလှအပကို မမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံ ပေါင်းသင်းရေးတွင် ရှိသော ဧည့်ဝတ် ထုံးစံ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝ ဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင် စသော အနုပညာရပ်များကို မလိုက်စား။ သူ့ကိုယ်သူ အတင်း ယဉ်ကျေးအောင် မလုပ်။ သူ၏ နကို အတိုင်း ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်းပင် မပြုမပြင်ဘဲ နေ၏။ သူ့တွင် နိုင်ငံရေး ဝိညာဉ်က ပြင်းထန် လှချေ၏။ သူသည် နိုင်ငံရေးကိုသာ တစ်ခုတည်း လုပ်သော လူတစ်ဦး ဖြစ်၏။ သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်း မဟုတ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ လုပ်သော နိုင်ငံရေး သတ္တဝါ ဖြစ်၏။ ထို့ကြောင့် ကိစ္စ မရှိ။ ၁၉၄၂ ခုနှစ်တွင် သူနှင့် နောက်ဆုံး တွေ့၏။ သူသည် အတတ်ပညာ ( Art ) အကြောင်းကို ပြောပြ၏။ “အတတ်ပညာ ဆိုတာ ရှိတာပဲ။ လင်မယား ဘဝမှာလည်း အတတ်ပညာ မြောက်အောင် လုပ်ရတာပဲတဲ့။ အတတ်ပညာ မဲ့ရင် လင်မယား ကွဲမှာပေါ့။ ဒီလိုပဲ တော်လှန်ရေး မှာလည်း အတတ်ပညာ ရှိတာတဲ့။ အတတ်ပညာ မြောက်မှ တော်လှန်ရေး ဟာလည်း တကယ့် တော်လှန်ရေး အစစ်ပဲ” သည့်နောက် သူနှင့် ကျွန်တော် မတွေ့တော့။

တွေ့ဆုံ ဖို့လည်း အကြောင်း မရှိ။ အကြောင်းမရှိဘဲ သူ့ဆီ သွားလည်ကလည်း ဖော်ဖော်ရွေရွေ လောကွတ်ပျူငှာ ခေါ်မည့် လူစား မျိုးလည်း မဟုတ်။ တစ်ခါက ဗိုလ်ချုပ် ဘဝတွင် မော်တော်ကားကြီး ထဲ၌ သူ၏ ဇနီးနှင့် ကလေးများ တပြုံကြီးကို မြင်လိုက်၏။ ဩော်…. သားနဲ့ ၊ မယားနဲ့ မို့ လူစိတ် တော်တော် ပေါက်လာပြီ။ အရင်ကလို “ကြောင်” တော့မည် မဟုတ်။ အကြမ်းအရိုင်းမှ ယဉ်ကျေးလာတော့မည် ဟု အောက်မေ့လိုက်၏။ မှန်မမှန်ကား မပြောတတ်။ ဖ-ဆ-ပ-လ ဥက္ကဋ္ဌ အမျိုးသား ခေါင်းဆောင် ဦးအောင်ဆန်း ကိုကား ကျွန်တော် မသိ၊ သူ၏ နိုင်ငံရေးကို ဝေဖန်ခြင်း မဟုတ်။ သူ၏ လူ အဖြစ်သာ ကျွန်တော် သိသည် အထိ ပြောပြခြင်း ဖြစ်ပေသည်။ တစ်ခုတော့ ထင်သည်။ သူသည် လူထုထဲမှ လူတစ်ဦး ဖြစ်၍ လူထုနှင့် ဆက်စပ်နေ၍ လူထု ခေါင်းဆောင် ဖြစ်လာသည် ဖြစ်လိမ့်မည်။

ဒဂုန်တာရာ
၁၈၊၁၊၁၉၄၇ ဂျာနယ်ကျော်
အတွဲ ( ၁ ) ၊ အမှတ် (၃ )

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: