Just Think

လူ့စင်စစ် မည်သို့ ဖြစ်သနည်း

ယုတ္တိဗေဒသည် တွေးတောခြင်း၏ သိပ္ပံပညာရပ် ဖြစ်သည်။ တွေးတော စဉ်းစားခြင်းသည် အသိပညာ ( သညာ ) များဖြင့် စိတ်ကို ဆေးကြောသည်။ ( သို့သော် သန့်စင်ချင်မှ သန့်စင်ပေမည်။ ) အသိသညာ များဖြင့် တည်ဆောက်လာခြင်းဖြင့် သိစိတ် အစဉ် ဖြစ်လာသည်။ ၎င်းသည် သေဆုံးရပ်တန့်နေသော အရာမဟုတ်။ ရှင်သန်နေသော ဖြစ်စဉ် တစ်ခု ဖြစ်သည်။ စွဲယူခြင်း၊ ဆန့်ကျင်ခြင်း တို့ကဲ့သို့ မက္ကင်းနစ် ဖြစ်စဉ် တစ်ခုလည်း မဟုတ်ပေ။ တွေးတောခြင်းသည် သိစိတ် ဖြစ်စဉ်၏ ဆက်နွယ်ချက် တစ်ရပ် ဖြစ်ပြီး ဇီဝရုပ် တိုးတက်လာသည် နှင့် အမျှ ဖွံ့ဖြိုးလာရသော လုပ်ဆောင်ချက် လည်း ဖြစ်သည်။ တွေးတောခြင်း ဖြစ်စဉ်သည် လူပုဂ္ဂိုလ်တစ်ဦးချင်း စီမှ တစ်ဆင့် မျိုးနွယ်အတွင်းသို့ စိမ့်ဝင် တိုးတက် ပျံ့ နှံ့သည်။ တွေးတောခြင်း ဖြစ်စဉ်တို့တွင် အခြေခံ ကျသည့် ကွဲပြား ခြားနားချက် မရှိ။ ဆင့်ကဲတိုးတက်လာသည့် ဖြစ်စဉ်အတွင်းတွင် ခွဲခန့်သတ်မှတ်ခြင်း၊ သုံးသပ်ခံယူခြင်း နှင့် ဝေဖန်သုံးသပ်ခြင်း ဟူသော အသိဥာဏ် အဆင့်ဆင့် အပိုင်းတို့ အဖြစ်သာ အမည်တပ်နိုင်မည် ။

ယနေ့ ခေတ်အခါတွင် ဖြစ်တည်မှု ဟူသော စကားလုံး၏ အနက်အဓိပ္ပာယ်မှန်ကို စနစ်တကျ ခွဲခြား တတ်ရန်လိုလာသည်။ အချို့ ဖြစ်တည်မှု များသည် အဓိပ္ပာယ် ရှိသော်လည်း အချို့ ဖြစ်တည်မှု များသည် အဓိပ္ပာယ် မရှိတော့။ ကျနော် တို့ သိသည်က မျက်မြင်ဒိဋ္ဌ အာရုံများဖြင့် ခွဲခြား သိရှိခြင်း ဖြစ်ရသကဲ့သို့ တစ်ဖက်တွင်လည်း ဆင်ခြင်ဥာဏ်ဖြင့် ပိုင်းခြား သိရှိရသည်။ မျက်မြင် ဒိဋ္ဌအားဖြင့် စားပွဲခုံရှိသည် ။ ကွန်ပျူတာရှိသည်။ ဤခန္ဓာကိုယ် လှုပ်ရှားနေသည်။ ဤသို့ ယေဘုယျ ခွဲခြားသိသည်။ သို့သော် ဘုရားသခင် တည်ရှိသည်။ အက်တမ်မော်လီကျူးတို့ ဖြင့် ၊ ရောင်စဉ်တို့ဖြင့် လှိုင်းတို့ဖြင့် လှုပ်ခတ် ဖြစ်တည်နေသည်ဟူသော သီအိုလိုဂျီ အနုမာနနှင့် ရူပဗေဒ ယူဆချက်များက မူ အာရုံများဖြင့် ခွဲခြား၍ မရ စကောင်းတော့။ ဆင်ခြင်ဥာဏ်ဖြင့် သာ သွယ်ဝိုက်၍ နားလည် ယူလာကြရတော့သည်။ ယခင်က နားလည်ပြီးကြဟန် သတ်မှတ် ထားသော လူ့သဘော ၊ လူ့မနော တို့သည် လည်းကောင်း၊ အရာဝတ္ထုတို့ ဖြစ်တည် လောင်ကျွမ်း ပျက်သုဉ်းမှုသည် လည်းကောင်း ပြန်လည် ဝေဖန် စိစစ်ရန် လိုလာကြသည်။

တစ်နှင့် တစ်ပေါင်း၍ နှစ်ဖြစ်ခြင်းသည် ဆင်ခြင်ဥာဏ် အနုမာန အရ သေချာလှသော်လည်း လူတစ်ဦးတစ်ယောက်၏ ရုပ်ခန္ဓာစဉ် ရွေ့လျားမှုသည် မသေချာတော့ပေ။ တနည်းအားဖြင့် ဆိုလျှင် ကျနော်တို့သည် မသိရသော၊ မသေချာသော အဝန်းအဝိုင်းထဲတွင် ရေရာ မှု အရှိဆုံးကို ရွေးချယ် လုပ်ကိုင် နေကြရတော့သည်။

ထိုအခါ ယခင် သိရှိပြီးသော ဖြစ်တည်ရာ တို့ကို ပြန်သံသယ ဝင်လာကြသည်။ ယခင်က အသေအချာ သဘော သတ်မှတ်ပြီးသည်တို့ကို စိစစ် လာရတော့သည်။ စင်စစ် လောကတွင် ပုံသေ သတ်မှတ်ထားသော နီတိ ဟူသည် မရှိ။ ( ဆိုလိုသည်မှာ ) ဘုရားသခင် မရှိ။ လူတွင် လူသာလျှင်ရှိသည်။ လူ နှင့် မသေချာမှုများ တွဲကပ်နေမည်။ ထိုအခါ အမှားလည်း ရှိလာသည် ။ အမှန်လည်း ရှိလာသည်။ ကုသိုလ်လည်း ရှိသည်။ အကုသိုလ်လည်း ရှိသည်။ ယင်းတို့ကို သေချာ စေ့ငှ စွာ စိစစ်ရန်မှာ လူသာလျှင် အခရာ ဖြစ်သည်။ ယင်းသို့ ဝေဖန် စိစစ်ခြင်းဖြင့် ကိုယ့်ကျင့်တရား ပေါ်ပေါက်လာရခြင်း ဖြစ်သည်ဟု ယူဆပါသည်။

အမှား အမှန်ကို ဝေဖန်ပိုင်းခြားတတ်သော ဥာဏ် ရှိသည့် အလားတူ – လူတွင် အမှားအမှန်ကို ရောထွေးအောင် ပြုနိုင်စွမ်းလည်း ရှိသည်။ ထိုအစွမ်းကို မည်သူ ကမျှ ချပေးသည်မဟုတ်။ မည်သည့် ဖန်ဆင်းရှင်ကမှ ထည့်သွင်း မန်းမှုတ်ထားသည် မဟုတ်ပေ။ လူသား အဖြစ် ဖြစ်တည်ခြင်း ကိုယ်၌တွင်ပင် ယင်း ဝေဖန်ပိုင်းခြား နိုင်စွမ်း ရှိရသည်။ ယင်းစွမ်းရည် နှင့် အတူ တာဝန်ယူနိုင်စွမ်းလည်း ရှိရသည်။ ယင်း အစွမ်းတို့မှ မရှိလျှင် လူအသွင်ဆောင်သော ယင်းသတ္တဝါကို လူ ဟု မခေါ်ဆိုနိုင်တော့ချေ။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: