ယနေ့ စာပေ ဝေဖန်ရေး

ကိုယ်ခံစားရသည်ကို ဖော်ပြခြင်းသည် ဝေဖန်ခြင်း မဟုတ်။

အောက်ပါ “ယနေ့ စာပေ ဝေဖန်ရေး” စာကို ဆရာဇော်ဇော်အောင် ရေးပါသည်။ စာပေ ဝေဖန်ရေး ဆိုသည်မျိုးကို ကျနော် ဘလော့ ပေါ်တွင် အတတ်နိုင် ဆုံး ရှောင်ပါသည်။ အခု တင်ဖြစ်သည်။ အကြောင်းရှိပါသည်။

တင်ဖြစ်ရသည့် အကြောင်းတွေက တစ်ခု မက ပေါင်းဆုံပါသည်။ အနီးစပ်ဆုံး ဥပနိဿယ ကို ဆိုရလျှင်တော့ ဘလော့ဂါလေး တစ်ယောက် ဖြစ်သည့် ကျနော့ ညီမ တစ်ယောက် ဘာမသိညာမသိ အဝေဖန်ခံလိုက်ရသည် ကြားမိ၍ ဖြစ်သည်။ ကျနော်တို့ အွန်လိုင်း ပေါ်မှာ စာရေးသည် ဖြစ်စေ၊ ပရင့်တက်မီဒီယာတွင် စာရေး သည် ဖြစ်စေ ရေးသည့် စာရှိလျှင် ဖတ်သည့်သူ ရှိမည်။ ဖတ်သည့်သူ ရှိလျင် ဝေဖန်မည့်သူလည်း ရှိမည်သာ ဖြစ်သည်။ သို့သော် စာရှိ၍ စာဖတ်သူ ရှိခြင်း သည် ရိုးစင်း သော်လည်း စာဖတ်သူ ရှိ၍ ဝေဖန်မှု ရှိရခြင်းကမူ ထင်သလောက် မရိုးရှင်းလှ ဟု ထင်သည်။

စာဖတ်သူ တစ်ဦး တစ်ယောက်က မိမိဖတ်သောစာကို ကြိုက်ချင် ကြိုက်မည် ။ မကြိုက် ဘဲလည်း နေနိုင်သည်။ စာဖတ်သူတွင် အခွင့်အရေးက လွတ်လပ်စွာ တည်ရှိသည်။ စာရေးသူကလည်း အလားတူ။ ၎င်း ရေးချင်သော စာကို ရေးပေလိမ့်မည်။ ၎င်းရေးပြီး စာကို ၎င်းဘာသာပင် မကြိုက်ဘဲလည်း နေနိုင်သည်။ ၎င်း တစ်ယောက်တည်း ကြိုက်မည်ဆိုလျှင်လည်း ကြိုက်နိုင်သည်။ စာရေးသူ၏ လွတ်လပ်သော အခွင့်အရေးသာ ဖြစ်သည်။

ပြောရန်လိုသည်က ဝေဖန်ရေးဖြစ်သည်။ “ဒီဟာကို ငါမကြိုက်ဘူးကွာ” ပြောရုံမျှဖြင့် ဝေဖန်ရေး မဟုတ်ပေ။ “ဒီစာကြီးက ဘာကြီးမှန်းမသိဘူး” “ဒီစာက အဓိပ္ပာယ်မရှိဘူး”ဟု ပြောရုံဖြင့်လည်း ဝေဖန်ရေး မဟုတ်ပေ။ ( အောက်ပါ စာတွင် တွေ့ကြရမည့် အတိုင်းပင် ) ဝေဖန်ရေးသည် တက္ကသိုလ်သင် ပညာရပ်ကြီး တစ်ခု မဟုတ်သော်လည်း ဝေဖန်ရေး အလုပ်သည် အခြေအမြစ်ရှိဖို့ လိုအပ်ပါသည်။ သာမာန်ညောင်ည ပြောရုံ ဆိုရုံဖြင့် ဝေဖန်ရေး ဖြစ်မလာပေ။ ယင်းသို့ အပြောအဆို ခံရရုံမျှဖြင့်လည်း စာရေးသူက ( စာရေးဆရာက ) မိမိ အဝေဖန်ခံလိုက်ရသည်ဟု မမှတ်အပ်ပေ။

သို့ဆိုလျှင် ဝေဖန်ရေး ဆိုသည်မှာ အဘယ်ကို ခေါ်ပါသနည်း။ အဘယ်ဟာများ ဖြစ်ပါသနည်း။ “ဝေဖန်ရေး” ဟူသော စကားလုံးကို ကျနော် မပြောလို မဆိုလိုသောကြောင့် ဤနေရာတွင် ကျနော့သဘောထား ဘာမျှ မပြောလိုပါ။ ဖတ်မိသလောက်များထဲမှ သဘောတရား အရှုပ်အထွေးမပါသော၊ သာမာန် နားလည်လွယ်လောက်သည့် ဆရာဇော်ဇော်အောင်၏ ထင်မြင်ချက် အချို့ကို ဖော်ပြလိုက်ပါသည်။

အလျင်းသင့်မှ ဆက်လက်တင်ပြသွားလိုပါသည်။ ကျေးဇူး။

ဇေယျ ……………………………..

ယနေ့ စာပေ ဝေဖန်ရေး – ဇော်ဇော်အောင်

ကျွန်တော်တို့ နိုင်ငံမှာ စာပေဝေဖန်ရေး မလိုအပ်ဟု ပြောသူ တစ်ယောက်တစ်လေမှ ပေါ်ခဲ့ဖူးသည်ဟု မကြားမိပါ။ ကမ္ဘာ့စာပေ လောကမှာတော့ ပေါ်ခဲ့ဖူးသည်ဟု ကြားဖူးပါသည်။ သို့တိုင်အောင် စာပေ ဝေဖန်ရေး သည် ကမ္ဘာ့စာပေ လောကတွင် ထွန်းကား တည်ရှိနေပါသည်။ ငြင်းခုံနေဆဲ၊ တစ်ယောက် အယူအဆ ကို တစ်ယောက်က ကန့်ကွက်နေဆဲ၊ အယူအဆဟောင်းကို အသစ်က ချေဖျက်နေဆဲ၊ အတိုချုပ် ပြောရလျှင် ပူညံပူညံ ဖြစ်နေကြဆဲ ပင်။ အဘယ်ကြောင့်နည်း။ အနုပညာသမား ( စာရေးဆရာများ ) အနုပညာအသစ် အသစ်တွေကို ဖန်တီးနေကြသောကြောင့် ဖြစ်ပါသည်။ စာပေ အနုပညာ ရှိနေသမျှတော့ စာပေ ဝေဖန်ရေး ရှိနေပါဦးမည်။

ကျွန်တော်တို့ဆီမှာကော။ စာပေ ဝေဖန်ရေး မလိုအပ်ဟု ဘယ်သူမှ မပြောကြပါ။ အလွန် လိုအပ်သည်။ အလွန် အရေးကြီးသည်။ စာပေ ဝေဖန်ရေး မရှိလျှင် ဘာဖြစ်ပါလိမ့်မည်။ ညာဖြစ်ပါလိမ့်မည် ဟု စာပေ လောကသား စာရေးဆရာတွေ၊ စာပေပညာရှင်တွေ၊ ဝေဖန်ရေး ဆရာတွေ အားလုံး ပြောနေကြပါသည်။ လက်တွေ့နှင့် လက်ရှိ ဝေဖန်ရေး အခြေအနေ မည်သို့ရှိသလဲ။ မညှာတမ်း ၊ မညာတမ်း စဉ်းစားကြဖို့ ကောင်းပါသည်။ ကောင်းခဲ့တာ ကြာပါပြီ။

ဘယ်စာရေးဆရာက ဘယ်စာရေးဆရာမ၏ ဝတ္ထုကို ကူး ( ခိုး ) ချသည်။ စာတွေ အပိုဒ်လိုက် ထုတ်ပြ၏။ ဘယ်စာရေးဆရာရဲ့ ဝတ္ထုကို ဘယ်စာရေး ဆရာမက ကူး ( ခိုး ) ချသည်။ စာတွေ အပိုဒ်လိုက် ထုတ်ပြ၏။ ဟုတ်တော့ ဘာမှ ပြန်မရေးရဲ၊ ငြိမ်ခံ လိုက်ကြရ၏။ အချို့ တိုးတိုးတိတ်တိတ် တောင်းပန်ရ၏။ တချို့ကျတော့ ဟုတ်နေပေမယ့် ရှက်ရမ်းရမ်း၍ ဇွတ်ငြင်း၏။ အမှန်တော့ ရင်ဘတ်စာဆွဲပြီး ရွာလည်ပြဖို့ ကောင်းသည်။ သူခိုးဖမ်းသူတွေကို ကျေးဇူးတင်ရမည်။ သည်လို စာမျိုးတွေလည်း လိုအပ်ပါသည်။

နောက်ဆက်တွဲက ရှဲဒိုးများ။ ကိုယ်တိုင် မရေး ၊ သူများရေး ခိုင်းပြီး ကိုယ့်နာမည်နှင့် စာအုပ်ထုတ်သည်။ ကျွန်တော့်အထင်တော့ ကမ္ဘာပေါ်မှာ ဘယ်မှာမှ သည်ကိစ္စမျိုး ရှိမည် မထင်ပါ။ ကျွန်တော်မသိတာလည်း ဖြစ်ချင် ဖြစ်ပါမည်။ ရှဲဒိုး ကိစ္စကိုတော့ အတိအလင်း ထုတ်ဖော် ဝေဖန်ကြသည်ကို သိပ်မတွေ့ရ။ ရိုးတိုး ရိပ်တိပ်တွေတော့ တွေ့ရပါသည်။ သည်လို စာမျိုးတွေလည်း လိုအပ်ပါသည်။

နောက်တစ်မျိုးလည်း ရှိပါသေးသည်။ စာထဲက အယူအဆကို မှားသည် သို့မဟုတ် အကျိုးယုတ် မည်ဟု ယူဆသော ကြောင့် ထိုအယူအဆကို ဆန့်ကျင် ချေဖျက်သည့် စာမျိုး။ သည်စာမျိုးလည်း လိုအပ်ပါသည်။

ဒါပဲလား ။ စာပေဝေဖန်ရေး ဆိုသည်မှာ ဒါလောက်ပဲလား။

အထက် ဖော်ပြပါ စာမျိုးတွေ လိုအပ်ပါသည်။ ဝေဖန်ရေး အခြေခံများ ဖြစ်ပါသည်ဟု ကျွန်တော် ထပ်ပြောခဲ့သည်။ သို့သော် ဒါပဲလား၊ ဒါလောက်ပဲလား ဟု ဆက်မေးရပါမည်။

ဘယ်သူ့မွေးနေ့ပွဲမှာ၊ ဘယ်ပုဂ္ဂိုလ်တွေ တက်ရောက်၍ ဘယ်သူက စကားပြော၍၊ ဘယ်သူက ကဗျာတွေ ရွတ်၍၊ အရက်တွေ ဘယ်လို သောက်ကြကြောင်း၊ စာကြောင်း ပေကြောင်း စာစကား ပေစကား ဘယ်လို ပြောကြကြောင်း စသည်ဖြင့် ရေးသား ဖော်ပြသော စာမျိုးတွေကို ကျွန်တော် စာရင်းမသွင်းပါ။ ကိုယ်ခင်မင်ရာ အသိုင်းအဝိုင်းနှင့်၊ ခင်မင်ရာ မိတ်ဆွေ သူငယ်ချင်း နှင့်၊ အယူအဆ တူသူချင်း စုစည်းဆုံတွေ့၍ အရက်သောက်ခြင်း၊ စာပေ ဆွေးနွေးခြင်း၊ လက်ဆောင်ပေးခြင်း၊ လူကြီးများကို ဂါရဝပြုခြင်း တို့သည် ပုဂ္ဂလိက လွတ်လပ်ခွင့်များ ဖြစ်ပါသည်။ ဘာမှ အထူးအထွေ ပြောရန် မရှိပါ။

ပြောရန်တကယ် ရှိသည်မှာ စာပေ ဝေဖန်ရေး ဆိုသည်မှာ ( အထက်က ပြောခဲ့သလို ) ဒါပဲလား၊ ဒါလောက်ပဲလား။

( ၂ ) စာပေဝေဖန်ရေး သည် ပညာရပ်တစ်ခု ဖြစ်ပါသည်။

ဘီအေ၊ အမ်အေ၊ ပီအိပ်ခ်ျဒီတွေ မလိုပါ။ ဘွဲ့တွေရမှ မဟုတ်ပါ။ ဘွဲ့တွေရပြီး တကယ်မသိဘဲ၊ ဝေဖန်ရေး လုပ်လျှင်၊ ဝေဖန်ရေး သဘောတရားတွေ ရေးလျှင် ( တကယ် မသိဘဲ ရေးသောကြောင့် ) ပေါက်ကရတွေ ဖြစ်လာပါလိမ့်မည်။ စာပေ ဝေဖန်ရေးသည် ပညာရပ်ကြီး တစ်ခု အသေအချာ ဖြစ်၏။ သင်ယူရသော ပညာရပ် မဟုတ် သော်လည်း ကြိုးပမ်းအားထုတ် ဆည်းပူးရသော ပညာရပ် ဟုတ်သည်မှာ သေချာပါသည်။ ကြိုးပမ်းအားထုတ် ဆည်းပူးမှ ပညာရပ်ကို ကျွမ်းကျင် လိမ္မာမှ ပညာရှင် ဖြစ်ပါလိမ့်မည်။

ဘွဲ့ရသူတိုင်း ပညာရှင် မဟုတ်ပါ။ ဘွဲ့မရဘဲ ပညာရှင် ဖြစ်သူကို မဟာပညာရှင် ဟုပင် ခေါ်ရပါမည်။ ကျွန်တော်တို့ဆီမှာ ထိတ်ထိတ်ကြဲ ဘွဲ့တွေ တသီတသန်းကြီး ရသော ပညာရှင်များ အဖွဲ့တစ်ဖွဲ့ ရှိခဲ့ဖူးပါသည်။ ထိုပညာရှင်များ နာမည်စာရင်းမှာ ( ဦးယော ) ဆိုသော နာမည် တစ်ခု၊ ဘာဘွဲ့မှ မပါဘဲ တွေ့ရပါလိမ့်မည်။ ကျေးဇူးရှင် ဆရာကြီး ( ဇေယျ ) ဖြစ်ပါသည်။ ရှာဖွေကြည့်ကြပါ။

အရေးကြီးသည်မှာ စူးစူးစိုက်စိုက် ကြိုးပမ်းအားထုတ် ဆည်းပူးရခြင်း ဖြစ်ပါသည်။ ဆိုကြပါစို့၊ အင်္ဂလိပ်စာ လည်း တတ်မည်၊ စာပေ စာအုပ် သို့မဟုတ် ဝေဖန်ရေး စာအုပ်တစ်အုပ်လည်း လက်ဝယ်ရှိမည်။ ဒစ်ရှင်နရီ အဘိဓာန်တစ်အုပ် လည်း အဆင်သင့်ရှိမည် ဆိုရုံမျှနှင့် စာပေ သဘောတရား၊ စာပေ ဝေဖန်ရေး အကြောင်း ထရေးလို့တော့ သိပ်မနိပ်ပါ။ အဓိကမှာ သဘောမိမိ နှင့် အသိဥာဏ်မှာ ရှင်းရှင်းလင်းလင်း ရလိုက်ပါမှ ပညာရပ်တစ်ခုကို ရေးသား ဆောင်ရွက်၍ ရပါလိမ့်မည်။

တစ်ဖက်က ပြောလျှင်လည်း ခေတ်မီ အဆင့်မြင့်သော ပညာရပ်များ ဖြန့်ဖြူး ဝေငှနေသည့် ပညာ ရိပ်မြုံကြီး များကလည်း စာပေ သဘောတရား၊ စာပေ ဝေဖန်ရေး တို့ကို ဘာတစ်ခုမှ ဟုတ်ဟုတ် ငြားငြား သင်ကြားမပေး နိုင်ပါ။ စာရေး ဆရာ ဖြစ်ဖို့၊ ဝေဖန်ရေး ဆရာ ဖြစ်ဖို့ သင်ယူ၍ မရသော်လည်း လူငယ်များ အသိဥာဏ် ဖွံ့ဖြိုး တိုးတက်ရန် လူ့အသိနယ်ပယ် ချဲ့ထွင်ရန် အခြေခံများ ကိုတော့ မလွဲမသွေ သင်ကြား ပို့ချပေးဖို့ လိုပါသည်။ ထိုအခြေအနေမျိုး ကျွန်တော်တို့မှာ ရှိပါရဲ့လား။

ပြောလက်စ နှင့် ကျွန်တော်တို့ ပညာရှင် တွေကိုလည်း ပြောရဆိုရပါဦးမည်။ စာပေ ဝေဖန်ရေး သိပ်အရေးကြီးကြောင်း ဘာညာ ပြောရုံနှင့် မပြီးပါ။ ပညာရှင်များက ပညာရပ် တစ်ခု အဖြစ် ပီပီပြင်ပြင် ကျကျနန ရေးသားဖော်ထုတ် ကြဖို့ လိုပါသည်။ စာပေ အယူအဆတွေ ခေတ်နောက်ကျ နေချင်နေမည်။ ကျွန်တော်တို့ ဆီမှ ဘာမှ မည်မည်ရရ မရှိရသေးပါ။ ရှိသော အနည်းအကျဉ်း တစ်အုပ်စ နှစ်အုပ်စ နှင့် ကျေနပ်၍ မဖြစ်ပါ။ အရေးကြီးသည်မှာ ( အရေးကြီးဆုံး ဟုပင် ဆိုလိုပါသည်။ ) စာပေ သဘောတရားတွေ စာပေဝေဖန်ရေးတွေကို တကယ် လေးလေးစားစား သိချင် မှတ်ချင် ဖတ်ချင်သော စာဖတ်ပရိ သတ်ကြီး ရှိနေပါသည်။ စာပေ အနုပညာ ကို လွန်စွာ လိုလား မွတ်သိပ်သော ပရိသတ်ကြီး ( လူငယ်ရော လူကြီးပါ ) ရှိနေပါသည်။ မှားသွားမည်၊ မပြည့်မစုံ ဖြစ်မည်ကို မစိုးရိမ်ပါ နှင့်၊ မှန်လာပါလိမ့်မည်။ ပြည့်စုံလာပါလိမ့်မည်။ အရေးကြီးသည်မှာ စူးစူးစိုက်စိုက် ကြိုးပမ်း အားထုတ်၍ အနုပညာ အသိ လိုလား မွတ်သိပ်သည့် စာဖတ်ပရိသတ် ကြီး အတွက် စာရေးကြည့်ဖို့ပင် ဖြစ်ပါသည်။ နငယ် အမြီး နည်းနည်း ရှည်အောင် ထပ်ဆွဲသူတွေ၊ ဟိုဟာကလေး ကျန်တယ်၊ ဒီဟာကလေး ကျန်တယ် ပြောသူတွေ ရှိပါလိမ့်မည်။ ရှိပါစေ။ အရေးကြီးသည် မှာ ဝေဖန်ရေးကို တကယ်လိုအပ်ကြောင်း မပြောနေပါနှင့်တော့၊ ရေးကြပါ။ သဘောတရား ရေးသူက ရေးပါ။ လက်တွေ့ ဝေဖန်ရေး လုပ်သူက လုပ်ပါ။ စာဖတ်ပရိသတ်က စောင့်နေပါသည်။

အနုပညာသမား၊ ကဗျာဆရာ၊ ဝတ္ထုဆရာများက သူတို့ အလုပ်ဖြစ်သော ဖန်တီးမှုကို စူးစိုက် ဆောင်ရွက် နေကြပါသည်။ အနုပညာ သမားကို ကဗျာတွေ စပ်စမ်းပါ၊ ဝတ္ထုတွေ ရေးစမ်းပါ ဟု ဘယ်သူကမှ တိုက်တွန်းရန် မလိုပါ။ သူတို့အလုပ် သူတို့ လုပ်နေကြပါသည်။ ကျွန်တော်တို့ ဝေဖန်ရေး ဆရာများ ဘက်ကလည်း ကိုယ့်အလုပ်ကို ပီပီသသ ကျကျနန လေးလေးစားစား လုပ်ပြကြဖို့ လိုပါသည်။ စကားပမာ၊ မော်ဒန်ကဗျာ၊ ကာရန်ကို လျော့ရမယ်၊ အကြောင်းအရာရဲ့ တောင်းဆိုချက် အရ ကာရန်ကို လွတ်လပ် ခွင့်ပေးရမယ် ။

ဒါပေမယ့် ကာရန်ဟာ မြန်မာကဗျာရဲ့ ကြီးမားတဲ့ အစဉ်အလာ ဘာညာတွေ ပြောရုံနှင့် မပြီးပါ။ အခြေခံသဘောတရား၊ ယုတ္တိနှင့် လက်တွေ့ နှင့် အကြောင်းပြချက် နှင့် ခိုင်ခိုင်လုံလုံပြောဖို့ လိုပါသည်။ ကာရန်ကို လုံးဝ မစွန့်သင်ကြောင်း ဆိုလျှင် လည်း အသေအချာ ပြောကြပါ။ ဆိုပါတော့ ကျွန်တော် တစ်ယောက် အနေနှင့် ကာရန် လုံးဝ မပါသော စကားပြေ ကဗျာမျိုး ပိုကြိုက်ပါသည်။ ကဗျာ အရှည်ကြီးတွေ မကြိုက်ပါ။ ဟိုလိုလို သည်လိုလို မလုပ်ပါ။ မော်ဒန် ကဗျာ၊ ခေတ်ပြိုင်ကဗျာ တွေကို ကျကျနန ခွဲခြမ်း စိတ်ဖြတ်၍ သဘောတရား လက္ခဏာ အခြင်းအရာတွေ ထုတ်ပြကြဖို့ လိုပါသည်။ ဆိုပါတော့၊ မော်ဒန် ဝတ္ထုတို လုံးဝ လုံးဝ မကြိုက်သူတွေ ရှိပါသည်။ မကြိုက်ရင် မကြိုက်ကြောင်း ပြောပါ။ ဟောဒါ မော်ဒန် ဝတ္ထုတို သဘောတရား၊ ဟောဒါ မော်ဒန် ဝတ္ထုတို၊ ကြိုက်ရင်ဖတ်၊ မကြိုက်ရင် မဖတ်နှင့်။ လွတ်လပ်ခွင့် အပြည့်ရှိပါသည်။ ဟောဒါ ပို့စ်မော်ဒန် ဝတ္ထုတို သဘောတရား၊ ဟောဒါ ပို့စ်မော်ဒန် ဝတ္ထု၊ ဝေဖန်ရေးဆရာ၊ ပညာရှင် အလုပ်က ဘယ်ဟာ ကြိုက်ပါ၊ ဘယ်ဟာ မကြိုက်ပါနဲ့ ဟု ပြောရန် မလိုပါ။ သဘောတရား ဆိုပါလျှင်လည်း ဟောဒါ သရုပ်မှန်စာပေ၊ ဟောသည်လို ရေးသည်၊ ဟောသည်လို ရှိခဲ့ဖူးသည်။ ခေတ်ပြိုင်ကဗျာ ဆိုတာ ဟောဒါ၊ ဟောသည်လို ရေးကြသည်။ မော်ဒန်ဝါဒ ဆိုတာ ဟောဒါ၊ မော်ဒန် ဝတ္ထုတိုကို ဟောသည်လို ရေးသည်။ မော်ဒန် ဝါဒ အသုံးမကျဟု ဆိုလျှင်လည်း အသုံးမကျလိုက်ပုံက ဟောသည်လို ရေးပြဖို့ လိုပါသည်။ သိစိတ် အလျင်ရေးနည်း ဆိုတာ ဟောဒါ၊ ဟောသည်လို ဆိုကြသည်၊ ဟောသည်လို ရေးကြသည်။ တကယ် စူးစူးစိုက်စိုက် ကြိုးပမ်း အားထုတ် ဆည်းပူး၍ ရေးကြပါ။ အိယောင်ဝါး လုပ်ခဲ့ကြတာတွေ များမနေဘူးလား။

အနုပညာဆိုတာ ဒီလို ဖော်မြူလာတွေ၊ သဘောတရားတွေ ပြောလို့မရဘူး။ ခံစားမှု ကိစ္စမှာ ဘာညာ လေပျော့ ကလေးနဲ့ မရှောင်ကြပါနဲ့။ တစ်ကမ္ဘာလုံး ပညာရှင်တွေ အနုပညာအကြောင်း၊ စာပေ အကြောင်း၊ စာပေ ဝေဖန်ရေး အကြား သည်လိုပဲ ပြောခဲ့ကြပါသည်။ ပြောနေကြပါသည်။ သိပ္ပံ အကယ်ဒမီတွေ၊ တက္ကသိုလ် က ပါမောက္ခတွေ ( AAUP ဆိုသော ပါမောက္ခများ အဖွဲ့ ရှိပါသည် ) သုတေသန ဖောင်ဒေးရှင်းတွေ၊ ပညာရှင်တွေ၊ စာရေးဆရာတွေ ကိုယ်တိုင် သည်လိုပဲ ပြောနေကြပါသည်။ တစ်နိုင်ငံ တည်း မဟုတ်၊ နိုင်ငံပေါင်းစုက စုပြီး သုတေသနတွေ လုပ်၊ ဂျာနယ်တွေ ထုတ်နေကြပါသည်။ – ပုံစံ- PTL စာပေ ဂျာနယ် “A Journal for Descriptive Poetics and Theory of Literature” ဟု အပြည့်အစုံ ခေါ်ပါသည်။ အမ်စတာဒမ် မြို့မှ ထုတ်ပါသည်။ ၁။ အမေရိကန်၊ ၂။ ကနေဒါ၊ ၃။ ပြင်သစ်၊ ၄။ ဂျာမနီ၊ ၅။ အင်္ဂလန်၊ ၆။ အစ္စရေး၊ ၇။ အီတလီ၊ ၈။ နယ်သာလင်၊ ၉။ ပိုလန်၊ ၁၀။ ရူမေးနီးယား၊ ၁၁။ ဆွီဒင်၊ ၁၂။ ဆွစ်ဇာလန်၊ ၁၃။ ဆိုဗီယက်ရုရှား ( ယခင် USSR ) တို့မှ ထိပ်သီးပညာရှင်များ အဖွဲ့က တစ်နှစ် သုံးကြိမ် ထုတ်ဝေပါသည်။ အယ်ဒီတာချုပ်၊ စာတည်းချုပ်မှာ အစ္စရေး နိုင်ငံ၊ တယ်လဗီ တက္ကသိုလ်မှ ( Benjamin Hrushovski ) ဖြစ်ပါသည်။ ကျွန်တော် သိသမျှ တက္ကသိုလ် တိုင်း ( တစ်ကမ္ဘာလုံး ) မှာ သည်လို အဖွဲ့အစည်းတွေ၊ စာစောင်တွေ၊ စာအုပ်တွေ၊ ဂျာနယ်တွေ ရှိပါသည်။ တက္ကသိုလ် ပါမောက္ခမှ မဟုတ်ပါ။ စာပေ ရေးရာမှာ ပြောရေး ဆိုခွင့် ရှိလောက်အောင် လေးစားရသော စာရေးဆရာများကို တက္ကသိုလ်ကြီးများက ပင့်ဖိတ်ပြီး ဟောပြောပို့ချ ဝေဖန်သည့် သာဓကတွေ ရှိပါသည်။ ကဗျာဆရာကြီးများ၊ စာရေးဆရာကြီးများ ကိုယ်တိုင် စာကြောင်း၊ ပေကြောင်း၊ ဝေဖန်ရေး အကြောင်း အယူအဆတွေ ထုတ်ဖော်ပြ ကြသည်။ ဆိုပါတော့၊ ( Saul Bellow ) မော်ဒန်ဝတ္ထု၏ ရှေ့ရေး ကို ( Where do we go from here; the Future of Fiction ) ဆိုသော စာတမ်းဖြင့် ပီပီပြင်ပြင် သူ့အယူအဆ ဖော်ပြပါသည်။ ကျွန်တော် မဖတ်ဘူးသော စာတွေ အများကြီးကျန်ပါလိမ့်မည်။ ကဗျာဆိုတာ ခေတ်ရဲ့ ရင်ခုန်သံပဲ ဆိုရုံလောက်နှင့် ပရိသတ်ကြီးက အားမရ နားမလည် နိုင်ပါ။ တကယ် နားလည် တတ်သိသော အတွေ့အကြုံ ရင့်ကျက် ကြွယ်ဝသော ပညာရှင်ကြီးများ ၊ စာရေးဆရာကြီးများက ခိုင်ခိုင်မာမာ ခြေခြေမြင်မြစ် နောက်လူများ လေးစားကိုးကားရစ်အောင် ဝေဖန်ရေး သဘောတရားတွေ ရေးပြကြပါ။ လက်တွေ့ဝေဖန်ရေး တွေ လုပ်ပြကြပါ။

ဟို စာရေးဆရာ က ဟိုစာရေးဆရာမရဲ့ ဝတ္ထုကို ကူး ( ခိုး ) ချထားသည်။ သည် စကားဝိုင်းမှာ ဒီစာရေးဆရာရေးတဲ့ ဒီဝတ္ထုကလေးကတော့ ဇာတ်သိမ်းမှာ ပြုံးရမလိုလို ကလေး ဖြစ်သည်။ ဘယ်နေ့က ဘယ်သစ်ပင် ရိပ်မှာ ဘယ်ပုဂ္ဂိုလ်တွေနဲ့ တွေ့ကြ၊ ကဗျာတွေ ရွတ်ကြ၊ အရက်တွေ သောက်ကြ၊ လက်ဆောင်တွေ ပေးကြ ဆိုတာလောက်နှင့် တော့ သိပ်မနိပ်သေးပါ။ သိပ်မဟုတ် သေးပါ။ သည်လို အကြောင်းတွေ မရေးရဟု မဆိုလိုပါ။ ကိုယ့်အသိုင်းအဝိုင်း ခင်မင်ရာ မိတ်ဆွေတွေ တွေ့ကြသည်မှာ ပျော်စရာ ဖြစ်ပါသည်။ စာအုပ်ဝေဖန်ချက် မကျတကျ စာညွှန်းမျိုး တွေလည်း ရေးဖို့ လိုပါသည်။ ရေးကြပါ။ သို့သော် ဒါပဲလား၊ ဝေဖန်ရေး ဆိုသည်မှာ ဒါလောက်ပဲလား ဟု အသေအချာမေး၍ ဖြေကြည့်ဖို့တော့ လိုပါလိမ့်မည်။

စာပေ အနုပညာကို တကယ် မြတ်နိုးသော စာဖတ်ပရိသတ်ကြီးက စောင့်ကြည့်နေပါသည်။ ဖတ်ဖို့ စောင့်နေကြပါသည်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: