ဆင်းရဲမွဲတေမှု၏ အခြားတစ်ဖက်

တကယ်တမ်း ဒီရက်ပိုင်း တင်သမျှ စာတွေကြည့်ပြီး၊ ကိုယ့်ဘလော့နဲ့ ကိုယ့်ဆိုဒ်ကလေးက စာရေး တဲ့ ဆိုဒ်လေး မဟုတ်ပဲ စာကူးဆိုဒ် များ ဖြစ်နေမလားလို့ တွေးမိသေးတယ်။ အကြောင်းက ကိုယ်ကိုယ်တိုင် ရေးဖို့ အချိန် မရနိုင်သေးတာက တစ်ချက်။ အခြား ဆရာ့ ဆရာများရဲ့ စာတွေမှာလဲ ပြောင်မြောက်နေတာ၊ ကောင်းနေတာကို တွေ့ရတာက တစ်ချက်။ တစ်နေ့ တစ်နေ့ ဘလော့၊ ပို့စ် မတင်ဘဲ မနေနိုင်တာက တစ်ချက် အဲ့အချက်တွေ ပေါင်းစုပြီး ရသမျှလေးတွေကို ရေးဖြစ်တာထက် ရှယ် ( Share ) ဖြစ်လာတာ များပါတယ်။

အခု အောက်ပါ ပို့စ်က မေးလ်ထဲက ရတာပါ။ ဆိုဒ်တစ်ခုခု က ဖြစ်မယ် ထင်ပါတယ်။ ဒါပေမယ့် မေးလ် ပေးပို့ပေးသူ ညီမ ကိုယ်တိုင်က မသိတဲ့ အတွက် Credit မပြပေးနိုင်ဘူး ဖြစ်နေတယ်ဗျာ။ သိရင် ပြောထားနိုင်ပါတယ်။ တန်ဖိုးရှိတဲ့ စာ ဖြစ်တဲ့အပြင် လိုအပ်တဲ့ စာကောင်း တစ်ရပ်လည်း ဖြစ်တယ်လို့ ကျနော် ထင်တယ်။ အဲ့ဒါကြောင့် ဖော်ပြလိုက်ပါတယ်။

စာရှုသူများ အသိဥာဏ် ၊ သုတ မယ တိုးပွားနိုင်ကြပါစေ။

ဇေယျ

………………………………………………

ကမ္ဘာပေါ်တွင် လက်ရှိနေထိုင်သူ လူဦးရေ ၆.၁ ဘီလျံ ( သန်း ၆,၁၀၀) ရှိသည့်အနက် လူဦးရေ ၁ ဘီလျံ (သန်း ၁,၀၀၀) ထက်မကသော သူများသည် တစ်ရက်တွင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ ပမာဏအောက်သာ သုံးစွဲနိုင်ကာ အသက်ရှင် နေထိုင်လျက် ရှိသည်။ လူဦးရေ စုစုပေါင်း ၂.၇ ဘီလျံ (သန်း ၂,၇၀၀) မှာ အမေရိကန်ဒေါ်လာ ၂ ဒေါ်လာ ပမာဏမျှသာ သုံးစွဲနိုင်ကြပေသည်။ ဆင်းရဲမွဲတေခြင်းဟု ဆိုရာတွင် ၀င်ငွေ အလွန်တရာ နည်းပါးကြသူများဟု အများက ထင်မြင်တတ်ကြသည်။ အမှန်မှာ ထို့ထက်မကဘဲ သောက်သုံးရန် ရေ၊ ချက်ပြုတ်ရန် ထင်း စသည်တို့အတွက် နေ့စဉ် မိုင်ချီ ခြေကျင်လျှောက်၍ ရှာဖွေကြရခြင်း၊ ချမ်းသာသည့် နိုင်ငံများတွင် ဆယ်စုနှစ်များစွာကတည်းက ပျောက်ကွယ်သွားခဲ့သော ရောဂါဘယများအား ရင်ဆိုင် ကြုံတွေ့နေကြရခြင်း စသဖြင့် ဒုက္ခအဖုံဖုံကို ကြုံတွေ့နေရခြင်းပင် ဖြစ်၍ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် နှိုင်းယှဉ်ပါက စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည်တို့တွင် အစစ အရာရာ လိုက်မမီအောင် နောက်ကျ ကျန်ရစ်ခဲ့ခြင်းပင် ဖြစ်သည်။ နှစ်စဉ် နှစ်တိုင်း ကမ္ဘာပေါ်ရှိ အသက် ၅ နှစ်အောက် ကလေးငယ် ၁၁ သန်းခန့် သေဆုံးနေရပြီး ၎င်းတို့အနက် ၆ သန်းကျော်မှာ ကာကွယ် ကုသရန် ဆေးဝါးများ တွေ့ရှိနေပြီ ဖြစ်သော ရောဂါများ ဖြစ်သည့် ဌက်ဖျားရောဂါ၊ ၀မ်းရောဂါ၊ အဆုတ်အအေးမိရောဂါ စသည့် ရောဂါများကြောင့် သေဆုံးနေရသည်။ ကမ္ဘာတ၀ှမ်းရှိ ကလေးငယ် ၁၁၄ သန်းမှာ အခြေခံ မူလတန်း ပညာရေးကိုပင် မသင်ကြားကြရသလို အမျိုးသမီး ၅၈၄ သန်းမှာလည်း လုံးဝ စာမတတ်ကြပေ။ ထို့ပြင် လူဦးရေ ၆၀၀၀ သည် အေအိုင်ဒီအက်စ် ရောဂါကြောင့် နေ့စဉ် သေဆုံးလျက် ရှိပြီး လူဦးရေ ၈၂၀၀ သို့ အေအိုင်ဒီအက်စ် ရောဂါပိုး ကူးစက် ပြန့်ပွားလျက် ရှိသည်။ ထိုအကြောင်းခြင်းရာများ အားလုံး၏ အဓိက လက်သည် တရားခံမှာ ဆင်းရဲမွဲတေခြင်းပင် ဖြစ်လေသည်။

ဆင်းရဲမွဲတေမှုမျဉ်းကြောင်း (Poverty Line)

ဆင်းရဲမွဲတေခြင်းကို တိုင်းတာရာတွင် ၀င်ငွေ သို့မဟုတ် သုံးစွဲနိုင်စွမ်းပေါ်တွင် မူတည်၍ တွက်ချက်လေ့ ရှိပြီး လူတစ်ဦး တစ်ယောက်သည် ၎င်း၏ ဘ၀ရပ်တည်ရေးအတွက် အနိမ့်ဆုံး သတ်မှတ်ထားသည့် အခြေခံ လိုအပ်ချက်များကိုပင် ပြည့်မီအောင် ၀င်ငွေမရရှိလျှင် သို့မဟုတ် သုံးစွဲနိုင်စွမ်း မရှိလျှင် ထိုသူအား ဆင်းရဲသူဟု ခေါ်ဆိုနိုင်သည်။ အချိန်နှင့် နေထိုင်ရာ လူ့အဖွဲ့အစည်းပေါ် မူတည်၍ အခြေခံ လိုအပ်ချက်များ ကွာခြားမည်ဖြစ်ရာ လူတစ်ဦးသည် ဆင်းရဲမွဲတေမှုမျဉ်း၏ အောက်တွင် ရှိနေသလော၊ အထက်တွင် ရှိနေသလော ဆိုသည်တို့မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီဘဲ ကွဲပြားပေလိမ့်မည်။ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုတွင် သတ်မှတ်ထားသည့် ဆင်းရဲမွဲတေမှုမျဉ်းသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုတွင် သတ်မှတ်ထားသည့် ဆင်းရဲမွဲတေမှုမျဉ်းကြောင်းနှင့် မည်သို့မျှ တူညီမည် မဟုတ်ပေ။ ထိုသို့ နိုင်ငံအလိုက် သတ်မှတ်သည့် ဆင်းရဲမွဲတေမှုမျဉ်းကြောင်းများ ရှိနေသလို ကမ္ဘာ့အဆင့် တိုင်းတာ သတ်မှတ်သည့် ဆင်းရဲမွဲတေမှုမျဉ်းကြောင်းဟူ၍လည်း သီးခြား သတ်မှတ်ချက် ရှိနေသည်။ ၁၉၉၃ ခုနှစ် ၀ယ်လိုအားညွှန်းကိန်းများအရ ဆင်းရဲမွဲတေမှုမျဉ်းကို တစ်ရက်လျှင် အမေရိကန် ၁ ဒေါ်လာ (အတိအကျဆိုရလျှင် ၁.၀၈ ဒေါ်လာ) ဟု သတ်မှတ်ထားသည်။ ၂၀၀၅ ခုနှစ်တွင်မူ ဆင်းရဲမွဲတေမှုမျဉ်းကို တစ်ရက်လျှင် အမေရိကန် ၁.၂၅ ဒေါ်လာဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။

အောက်ခြေ သန်း ၁,၀၀၀ (The Bottom Billion)

၁၉၉၃ ဆင်းရဲမွဲတေမှုမျဉ်းအရ ကမ္ဘာပေါ်ရှိ လူဦးရေ သန်း ၁,၀၀၀ မှာ ဆင်းရဲမွဲတေမှုမျဉ်း၏ အောက်တွင် နေထိုင်လျက် ရှိပြီး အောက်စဖို့တက္ကသိုလ်မှ ဘောဂဗေဒပညာရှင် ဖြစ်သူ Paul Collier က ထိုသူ သန်း ၁,၀၀၀ အား ရည်ညွှန်း၍ ၎င်း၏ အောက်ခြေ သန်း ၁,၀၀၀ (The Bottom Billion) အမည်ရှိ စာအုပ်ကို ၂၀၀၇ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သည်။ ထိုအောက်ခြေ သန်း ၁,၀၀၀ အနက် ၇၀ ရာခိုင်နှုန်းမှာ အာဖရိကတိုက်ရှိ နိုင်ငံများတွင် နေထိုင်ကြသူများဖြစ်သည်။

အောက်ခြေ သန်း ၁,၀၀၀ နေထိုင်သည့် နိုင်ငံများဟူ၍ စာရင်း အတိအကျဖြင့် ဖော်ပြထားခြင်း မရှိသော်လည်း ထိုစာအုပ်တွင် ပါရှိသည့် နိုင်ငံများကို အောက်ပါအတိုင်း တွေ့ရသည်။

အာဖရိကတိုက်ရှိ နိုင်ငံများ
(၁) ဆိုမာလီယာ (၂) Sierra Leone (၃) ဂါနာ

(၄) နိုင်ဂျီးရီးယား (၅) တန်ဇန်းနီးယား (၆) ဆီနီဂေါ

(၇) Burkina Faso (၈) ဇင်ဘာဘွေ (၉) လစ်ဘားရီးယား

(၁၀) Cote D’lvoire (၁၁) တိုဂို (၁၂) ဂမ္ဘီယာ

(၁၃) နီဂါ (၁၄) ရ၀မ္ဒါ (၁၅) ယူဂန္ဒါ

(၁၆) ဆူဒန် (၁၇) ကင်ညာ (၁၈) Burundi

(၁၉) Madagascar (၂၀) လီဆိုသို (၂၁) Mozambique

(၂၂) အီသီယိုပီးယား (၂၃) Eritrea (၂၄) Chad

(၂၅) Central African Republic (၂၆) ကွန်ဂို (၂၇) ဒီမိုကရက်တစ် ရီပဘလစ် ကွန်ဂို

(၂၈) အန်ဂိုလာ (၂၉) Equatorial Guinea (၃၀) မာလာဝီ

(၃၁) ကင်မရွန်း

အခြားကမ္ဘာ့နိုင်ငံများ
(၁) Haiti (၂) ဘိုလီးဗီးယား (၃) ကမ္ဘောဒီးယား

(၄) လာအို (၅) မြန်မာ (၆) မြောက်ကိုရီးယား

(၇) ရီမန် (၈) တာဂျစ်ကစ္စတန် (၉) အာဖဂန်နစ္စတန်

(၁၀) ကာဇတ်စတန် (၁၁) ဥဇဘတ်ကစ္စတန် (၁၂) Kyrgystan

(၁၃) တက်ခ်မန်နစ္စတန် (၁၄) နီပေါ (၁၅) တိဘက်

(၁၆) မွန်ဂိုလီးယား (၁၇) အရှေ့တီမော (၁၈) ဆော်လမွန်ကျွန်းစုများ

(၁၉) Qinghai ပြည်နယ်နှင့် Xinjiang ပြည်နယ် (တရုတ်)

ဆင်းရဲမွဲတေမှု ထောင်ချောက်များ (Poverty Traps)

ဆင်းရဲမွဲတေလျက် ရှိသည့် ကမ္ဘာ့နိုင်ငံ အသီးသီးသည် ဆင်းရဲမွဲတေမှု ထောင်ချောက် တစ်ခု မဟုတ် တစ်ခု သက်ဆင်းလျက် ရှိနေခြင်းကြောင့် ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်လောက်အောင် ဖြစ်နေရသည်။ ၎င်းထောင်ချောက်များကို အောက်ပါအတိုင်း ယေဘုယျ ခွဲခြားနိုင်သည်။

(က) အငြင်းပွားမှု ထောင်ချောက် (Conflict Trap)
(ခ) သဘာဝ အရင်းအမြစ် သယံဇာတ ထောင်ချောက် (Natural Resource Trap)

(ဂ) ကုန်းတွင်းပိတ်လှောင် အိမ်နီးချင်းဆိုး ထောင်ချောက်နှင့် (Landlocked with Bad Neighbours Trap)

(ဃ) အုပ်ချုပ်မှု ညံ့ဖျင်းသည့် ထောင်ချောက် (Bad Governance Trap) ဟူ၍ ယေဘုယျ ခွဲခြားနိုင်သည်။

အချို့နိုင်ငံများတွင် ပြည်တွင်းစစ်နှင့် အာဏာလွန်ဆွဲ အငြင်းပွားမှုများ၊ အာဏာသိမ်းမှုများကြောင့် နိုင်ငံရေး တည်ငြိမ်မှု မရှိဘဲ စစ်အသုံးစရိတ်ကသာ များနေပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ပြည်သူများအနေဖြင့် ဆင်းရဲတွင်း ၀ဲဂယက်တွင် မလူးသာ မလွန့်သာအောင် ရှိနေစေသည်။ ၎င်းကို အငြင်းပွားမှု ထောင်ချောက်ဟု ခေါ်ဆိုသည်။

အချို့နိုင်ငံများတွင် သဘာဝ အရင်းအမြစ် သယံဇာတ ပေါကြွယ်လွန်းသည်သော်ငြားလည်း ၎င်းအပေါ် မှီခိုလွန်းပြီး လူ့အရင်းအမြစ်၏ ကုန်ထုတ်နိုင်စွမ်းအားကို မျက်ကွယ်ပြုထားသဖြင့် ကုန်ထုတ်စွမ်းအား လျော့ကျကာ ထိုသယံဇာတများမှ ရသည့် ၀င်ငွေ ကုန်ခန်းလျော့ပါး လာပြီ ဆိုသည်နှင့် အခက်အခဲ အမျိုးမျိုး ရင်ဆိုင်ရကာ ဆင်းရဲတွင်းမှ ထွက်နိုင်တော့မည် မဟုတ်ပေ။ မြေအောက်ရှိ သယံဇာတများကို မြေပေါ်ရှိ ကုန်ထုတ်စွမ်းအားများအဖြစ် အသွင်ပြောင်းခြင်း မပြုနိုင်လျှင် ထိုသယံဇာတများ ကုန်ခန်းသည့် တစ်နေ့ဝယ် ကုဋေ ရှစ်ဆယ် သူဌေးသားကဲ့သို့သော အဖြစ်မျိုးနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ၎င်းကို သဘာဝ အရင်းအမြစ် သယံဇာတ ထောင်ချောက်ဟု ခေါ်ဆို၍ ဘောဂဗေဒ ပညာရှင်များကမူ ဒတ်ခ်ျရောဂါ (Dutch Disease) ဟု ခေါ်ဝေါ်ကြသည်။

အချို့နိုင်ငံများသည် ကုန်းတွင်းပိတ်နိုင်ငံများ ဖြစ်ကြပြီး အခြားပြည်ပနိုင်ငံများနှင့် ရေကြောင်း ကုန်သွယ်မှု ပြုလုပ်နိုင်ခြင်း မရှိသည့် အတွက် ပိတ်လှောင်ခံထားသကဲ့သို့ ဖြစ်နေသည်။ အိမ်နီးချင်းကောင်း ရှိသည့် နိုင်ငံများတွင် ထိုပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မည် ဖြစ်ပြီး အိမ်နီးချင်း တိုင်းပြည်များ တိုးတက်ဖွံ့ဖြိုးလေ မိမိ တိုင်းပြည်အတွက် တိုးတက်ဖွံ့ဖြိုးရန် အခွင့်အလမ်းများလေ ဖြစ်၍ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီသဖွယ် ဖြစ်စေနိုင်သော်လည်း မိမိ၏ အိမ်နီးချင်း နိုင်ငံများတွင် နိုင်ငံရေး တည်ငြိမ်မှု မရှိပါက ကုန်းတွင်းပိတ်နိုင်ငံများအနေဖြင့် မီးလောင်ရာ လေပင့်သကဲ့သို့ ရောယောင်၍ ဒုက္ခရောက်ကာ ဆင်းရဲတွင်းထဲ သက်ဆင်းရပြန်သည်။ ၎င်းကို ကုန်းတွင်းပိတ်လှောင် အိမ်နီးချင်းဆိုး ထောင်ချောက်ဟု ခေါ်ဆိုသည်။

အုပ်ချုပ်မှု ကောင်းမွန်ပြီး မှန်ကန်သည့် ပေါ်လစီများ ချမှတ်နိုင်သည့် အစိုးရတစ်ရပ်ကြောင့် နှစ်စဉ် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းထက် ပိုလာဖွယ် မရှိသော်လည်း အုပ်ချုပ်မှု ညံ့ဖျင်းပြီး မှားယွင်းသည့် ပေါ်လစီများဖြင့် ခရီးဆက်နေသည့် အစိုးရတစ်ရပ်ကြောင့်မူ တိုင်းပြည်၏ စီးပွားရေး အဆောက်အအုံအား အရှိန်အဟုန်ပြင်းပြင်းဖြင့် ဖျက်ဆီးပစ်နိုင်သည်။ ဥပမာ ဇင်ဘာဘွေနိုင်ငံတွင် သမ္မတ ရောဘတ်မူဂါဘီ အာဏာရပြီးနောက် တိုင်းပြည်၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ တစ်နှစ်လျှင် ၁၀၀၀ ရာခိုင်နှုန်းအထိ ကြောက်ခမန်းလိလိ များပြားလာခဲ့သည်။ အစိုးရ ၀န်ထမ်းများ အကျင့်ပျက် ခြစားခြင်းသည်လည်း ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ရေးအတွက် အတားအဆီး တစ်ရပ်ဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် Chad နိုင်ငံ၌ ဝေးလံခေါင်သီသည့် ဒေသများရှိ ဆေးခန်းများအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေများ ထုတ်ပေးခဲ့ရာ အမှန်တကယ် မည်ရွေ့မည်မျှ ရောက်သနည်းဟု စစ်တမ်းကောက်ယူခဲ့ရာ၌ ၉၉ ရာခိုင်နှုန်းမှာ ဘယ်ဆီဘယ်ဝယ် ပျောက်ဆုံးသွားမှန်း မသိဘဲ ၁ ရာခိုင်နှုန်းသာ ထောက်ပံ့ငွေများ ရခဲ့သည်ဟု ဆိုသည်။ ထိုသို့ အုပ်ချုပ်မှု ညံ့ဖျင်း၍ ပေါ်လစီအမှားများ ချမှတ်လေ့ရှိခြင်း၊ အကျင့်ပျက် ခြစားမှုများ ထိန်းမရလောက်အောင် များပြားနေခြင်းတို့ ရှိနေသည့် နိုင်ငံကို အုပ်ချုပ်မှု ညံ့ဖျင်းသည့် ထောင်ချောက်အတွင်းတွင် ရှိနေသည်ဟု ခေါ်ဆိုသည်။

ကုလသမဂ္ဂ၏ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များ (Millennium Development Goals)

ကမ္ဘာ့ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရန်နှင့် ကမ္ဘာ့လူသားတို့ အကျိုးအတွက် ၂၀၀၀ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ၏ ထောင်စုနှစ် ညီလာခံတွင် နိုင်ငံပေါင်း ၁၈၉ နိုင်ငံက ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များကို တညီတညွတ်တည်း သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသဘောတူညီချက်တွင် ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက် ၈ ခု ပါဝင်ပြီး အဆိုပါ ရည်မှန်းချက်များကို ၂၀၁၅ ပြည့်နှစ်တွင် အကောင်အထည်ဖော်ပြီး ဖြစ်နေစေရန် ရည်ရွယ်ထားသည်။ ၎င်းရည်မှန်းချက် ၈ ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) အလွန်အမင်းဆင်းရဲခြင်းနှင့် ငတ်မွတ်မှုအား ထက်ဝက်လျှော့ချရန်
(၂) တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မူလတန်းပညာရေး သင်ယူခွင့်ရကြရန်

(၃) ကျားမ မဟူ တန်းတူအခွင့်အရေးရရန်

(၄) ကလေးမွေးဖွားမှုနှုန်းအား ၃ ပုံ ၂ ပုံအထိ လျှော့ချရန်

(၅) မိခင်ကိုယ်ဝန်ဆောင်မှုနှုန်းအား ၄ ပုံ ၃ ပုံအထိ လျှော့ချရန်

(၆) အေအိုင်ဒီအက်စ်၊ ဌက်ဖျားနှင့် အခြား အထင်ကရ ရောဂါဆိုးကြီးများ ပျံ့နှံ့နေမှုအား လျှော့ချရန်

(၇) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု ရေရှည်တည်တံ့စေရန်

(၈) ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ကမ္ဘာလုံးပေါင်းစည်း၍ လက်တွဲဆောင်ရွက်သွားရန်

အဆိုပါ ထောင်စုနှစ် ရည်မှန်းချက်များ အကောင်အထည် ပေါ်လာမည် ဆိုပါက ကမ္ဘာပေါ်တွင် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရသူများအနက် လူဦးရေ သန်း ၅၀၀ မှာ ဆင်းရဲတွင်းမှ လွတ်မြောက်ကြမည် ဖြစ်ပြီး လူဦးရေ သန်း ၂၅၀ မှာ အငတ်ဘေးမှ ကင်းလွတ်ကြမည် ဖြစ်သည်။ ထို့ပြင် သေဆုံးနိုင်ဖွယ်ရှိသည့် ကလေးဦးရေ သန်း ၃၀ နှင့် မိခင်ဦးရေ ၂ သန်းမှာလည်း အသက်ဘေးမှ ချမ်းသာရာရပေမည်။

ကုလသမဂ္ဂ၏ ထောင်စုနှစ် စီမံကိန်း (UN Millennium Project)

ကုလသမဂ္ဂ၏ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် ကုလသမဂ္ဂ၏ ထောင်စုနှစ် စီမံကိန်း (UN Millennium Project) ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ကိုဖီအာနန်၏ လက်ထက်တွင် ကိုလံဘီယာ တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ Jeffrey Sachs (“End of Poverty” အမည်ရှိ စာအုပ်ကို ရေးသားသူ) က စီမံကိန်း ဒါရိုက်တာ အဖြစ် ဦးဆောင်၍ ကမ္ဘာအ၀ှမ်းမှ သုတေသနပညာရှင်များ၊ သိပ္ပံပညာရှင်များ၊ ပေါ်လစီချမှတ်သူများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်း (အန်ဂျီအို) များမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ စသည်တို့မှ ကျွမ်းကျင်သူ ပညာရှင် ၂၅၀ ဦးမက ပါဝင်၍ လေ့လာရေးဆွဲခဲ့ကြပြီး ၂၀၀၅ ခုနှစ် ဇန်န၀ါရီတွင် လေ့လာတွေ့ရှိချက်များကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ တင်ပြခဲ့ကြသည်။

ကမ္ဘာ့နိုင်ငံအများစုသည် ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် အကျိုးကျေးဇူးများ ရရှိခဲ့ရုံမက ထိုနိုင်ငံတို့၏ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက် အချို့မှာလည်း ရလဒ်ကောင်းများ ရရှိနေပြီ ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ၁၉၈၁ နှင့် ၂၀၀၁ ကြား ကာလတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အလွန်အမင်း ဆင်းရဲမွဲတေမှုမှု ရာခိုင်နှုန်းမှာ ထိုနိုင်ငံများရှိ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းမှသည် ၂၁ ရာခိုင်နှုန်း အထိ လျော့ကျလာခဲ့သည်။ အထူးသဖြင့် အာရှတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်းနိုင်ငံများတွင် စီးပွားရေးနှင့် လူမှုအဆောက်အအုံတို့မှာ သိသိသာသာ တိုးတက်လာခဲ့သည်။ အာဖရိကတိုက်ရှိ နိုင်ငံအများအပြားတွင် အစာ အာဟာရချို့တဲ့သည့် ကလေးသူငယ် ဦးရေမှာ တိုးပွားလျက် ရှိပြီး အခြားကမ္ဘာ့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ ကျဆင်းလျက် ရှိသည်။

ဆင်းရဲမွဲတေမှုဆိုင်ရာ စိတ်ဝင်စားဖွယ် အချက်အလက်များ

ကျန်းမာရေး
-အစာအာဟာရ မပြည့်ဝမှုကြောင့် ကလေးငယ် ၆ သန်းမှာ အသက် ၅ နှစ်မတိုင်မီ သေဆုံးနေရသည်။

-အာဖရိကတိုက်ရှိ ၅၀ ရာခိုင်နှုန်းသောသူတို့သည် ရေနှင့် ဆက်စပ်သည့် ရောဂါဘယများဖြစ်သည့် ၀မ်းရောဂါနှင့် ကလေးသူငယ် ၀မ်းပျက်ဝမ်းယောင် ရောဂါတို့ကို ခံစားနေရသည်။

-လူဦးရေ ၆၀၀၀ သည် အေအိုင်ဒီအက်စ် ရောဂါကြောင့် နေ့စဉ် သေဆုံးလျက် ရှိပြီး လူဦးရေ ၈၂၀၀ သို့ အေအိုင်ဒီအက်စ် ရောဂါပိုး ကူးစက် ပြန့်ပွားလျက် ရှိသည်။

-စက္ကန့် ၃၀ တိုင်း အာဖရိကတိုက်ရှိ ကလေးငယ် တစ်ဦးမှာ ဌက်ဖျားရောဂါဖြင့် သေဆုံးလျက် ရှိပြီး နှစ်စဉ် ကလေးသူငယ် ၁ သန်းမက သေဆုံးလျက် ရှိသည်။

-နှစ်စဉ် လူဦးရေ သန်း ၃၀၀ မှ ၅၀၀ အထိ ဌက်ဖျား ရောဂါ ကူးစက်ပြန့်ပွားလျက် ရှိပြီး ထိုပြန့်ပွားမှု ရလဒ်အဖြစ် လူဦးရေ ၃ သန်းခန့် နှစ်စဉ် သေကြေလျက် ရှိသည်။

-HIV ရောဂါပိုး ကူးစက်ခံရသူများ၏ ၇၅ ရာခိုင်နှုန်းတွင် တီဘီရောဂါပိုး ရှိနေပြီး တီဘီရောဂါပိုးသည် အာဖရိကတိုက် ဒေသအချို့ရှိ အေအိုင်ဒီအက်စ်ဝေဒနာရှင်များသည် တီဘီပိုးကြောင့် အများဆုံး သေဆုံးကြရသည်။

ငတ်မွတ်ခေါင်းပါးခြင်း
-ကမ္ဘာ့လူဦးရေ သန်း ၈၀၀ သည် အစာရေစာဝလင်အောင် မစားရဘဲ နေ့စဉ် အိပ်ရာဝင်ရလေ့ရှိပြီး ၎င်းတို့အနက် သန်း ၃၀၀ မှာ ကလေးသူငယ်များ ဖြစ်ကြသည်။

-ထိုကလေးငယ် သန်း ၃၀၀ အနက် ၉၀ ရာခိုင်နှုန်းမှာ ကာလကြာမြင့်စွာ အစာအဟာရချို့တဲ့မှု ခံစားခဲ့ကြရသူများ ဖြစ်သည်။

-၃.၆ စက္ကန့်တိုင်းတွင် အစာရေစာ ငတ်မွတ်မှုကြောင့် လူ ၁ ဦးနှုန်း သေဆုံးလျက် ရှိပြီး အများစုမှာ ၅ နှစ်အောက် ကလေးသူငယ်များ ဖြစ်ကြသည်။

ရေ
-ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းဖြစ်သည့် ၂.၆ ဘီလျံမကသောသူများသည် သန့်ရှင်းသော ရေကို မသုံးစွဲရဘဲ လူဦးရေ ၁ ဘီလျံသည် မသန့်ရှင်းသည့် သောက်သုံးရေများကိုသာ သုံးစွဲနေရသည်။

-ကမ္ဘာ့လူဦးရေ ၁၀ ဦးလျှင် ၄ ဦးမှာ အိမ်သာကိုပင် အသုံးမပြုနိုင်ကြပေ။

-ရေနှင့် ဆက်နွယ်သည့် ရောဂါများဖြင့် နှစ်စဉ် လူ ၅ သန်း သေဆုံးလျက် ရှိပြီး အများစုမှာ ကလေးသူငယ်များ ဖြစ်ကြသည်။

ဆင်းရဲမွဲတေမှုလှိုင်းဒဏ်ကို ခံကြရသူအမျိုးသမီးများ
-အာဖရိကရှိ လယ်သမားများအနက် ၈၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများ ဖြစ်သည်။

-အာဖရိကရှိ အမျိုးသမီး ၄၀ ရာခိုင်နှုန်းမှာ အခြေခံပညာရေးအဆင့်ပင် သင်ကြားခွင့် မရခဲ့ကြပေ။

-ပညာမသင်ကြားဖူးသူ အမျိုးသမီးများတွင် အေအိုင်ဒီအက်စ်ရောဂါ ပျံ့ပွားမှုနှုန်းမှာ ပညာသင်ကြားဖူးသူ အမျိုးသမီးများထက် ၂ ဆ ရှိသည်။

-အခြေခံ ပညာသင်ကြားဖူသူ အမျိုးသမီး၏ ကလေးငယ်မှာ ပညာမသင်ဖူးသူ အမျိုးသမီးထက် ရှင်သန်ရန် အခွင့်အလမ်း ၄၀ ရာခိုင်နှုန်း ပိုမိုသည်။

-အာဖရိကတိုက်ရှိ အမျိုးသမီး ၁ ဦးသည် ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် ကလေးမီးဖွားစဉ်တွင် သေဆုံးရန် အလားအလာမှာ ၁၆ ပုံ ၁ ပုံ ရှိနေပြီး မြောက်အမေရိကတိုက်ရှိ အမျိုးသမီး ၁ ဦးမှာမူ ထိုသို့ဖြစ်ရန် ၃,၇၀၀ ပုံ ၁ ပုံသာ ရှိသည်။

-ကမ္ဘာပေါ်တွင် မိနစ်တိုင်း ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး သို့မဟုတ် မီးနေသည် အမျိုးသမီး ၁ ဦး သေဆုံးလျက် ရှိပြီး နေ့စဉ် အမျိုးသမီး ၁,၄၀၀ ဦး သေဆုံးလျက် ရှိကာ နှစ်စဉ် ၅၂၉,၀၀၀ ဦး သေဆုံးလျက် ရှိသည်။

-ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကလေးမွေးဖွားခြင်းများ၏ ထက်ဝက်ခန့်မှာ နားလည်တတ်ကျွမ်းခြင်း မရှိသည့် အရပ်လက်သည်များဖြင့် မွေးဖွားနေရခြင်း ဖြစ်သည်။

ဆင်းရဲခြင်း၏ နိဂုံး

ယခုဆောင်းပါးတွင် ဆင်းရဲမွဲတေမှုမျဉ်းကြောင်း (Poverty Line)၊ အောက်ခြေ သန်း ၁,၀၀၀ (The Bottom Billion)၊ ဆင်းရဲမွဲတေမှု ထောင်ချောက်များ (Poverty Traps)၊ ကုလသမဂ္ဂ၏ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များ (Millennium Development Goals)၊ ကုလသမဂ္ဂ၏ ထောင်စုနှစ် စီမံကိန်း (UN Millennium Project) နှင့် ဆင်းရဲမွဲတေမှုဆိုင်ရာ စိတ်ဝင်စားဖွယ် အချက်အလက်များ ဟူ၍ အသီးသီး ရှင်းလင်းဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ၂၀၁၀ ခုနှစ်သို့ နီးကပ်လာပြီ ဖြစ်၍ ၂၀၀၀ ပြည့်နှစ်တွင် ချမှတ်ခဲ့သည့် ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်များ၏ ပန်းတိုင်ဖြစ်သည့် ၂၀၁၅ ခုနှစ် သည်လည်း မဝေးတော့သည့် ကာလတွင် ရောက်ရှိလာတော့မည် ဖြစ်သည်။ ဆင်းရဲမွဲတေမှုမျဉ်း၏ အခြားတဖက် သို့တည်းမဟုတ် အထက်ဘက်တွင် ကျွန်ုပ်တို့၏ အမိမြန်မာနိုင်ငံကို မည်သည့်အချိန်ကာလတွင် တွေ့ရမည်ဆိုသည်ကိုမူ ခန့်မှန်းရခက်ဆဲ ဖြစ်သော်လည်း ကျွန်ုပ်တို့အားလုံး စည်းလုံးညီညွတ်မှု ရှိမှသာ လက်ရှိကျရောက်နေသည့် ဆင်းရဲမွဲတေမှု ထောင်ချောက်များမှ လွတ်မြောက်နိုင်မည်ကတော့ သေချာသည်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: