ဗိုလ်ချုပ်ကလည်း ဒီကလို မြှောက်ပေးတတ်သေးသည်။ :)

“အဲဒီတုန်းက မိန်းမယူဖို့အရေးကို ဗိုလ်ချုပ်အကြာကြီးစဉ်းစားပြီးမှဆုံးဖြတ်လိုက်တာလား”

ဖဆပလ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ကြားဖြတ် အစိုးရ အဖွဲ့ခေါင်းဆောင်၊ ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ် အောင်ဆန်းသည် (၁၉၄၆) ခုနှစ်၊ ဒီဇင်ဘာလ အတွင်း ရှမ်းပြည်နယ်သို့ သွားရင်း မိတ္ထီလာ မှ တောင်ကြီးသွား ကားလမ်းခရီး တွင် ချစ်ဇနီး ဒေါ်ခင်ကြည် ကိုပါ ခေါ်လာသည့် အခေါက်က ဗိုလ်ချုပ်အား အပါးတော်မြဲ ဗိုလ်ထွန်းလှ (စာရေးဆရာ တက္ကသိုလ်နေ၀င်း) က အထက်ပါအတိုင်း ကောက်ခါငင်ခါ မေး လိုက်သည်။ “ဘယ်ဟုတ်မလဲကွ၊ ငါက ကျောင်းနေတုန်း ကတော့ ကိုယ်ယူမယ့် စံပြမိန်းမလောင်းကို အကြီးအကျယ် စိတ်ကူးယဉ်ပြီး တွေးခဲ့တာပေါ့။ ကျန်းမာရမယ်၊ သဘောထားကြီး ရမယ်၊ရုပ်ရည် အသင့်အတင့် ချောရမယ်၊ မျိုးရိုးဇာတိ ကောင်းရမယ်၊ ငါ့မိဘ၊ ဆွေမျိုးများနဲ့လည်း သင့်တင့်ရမယ်၊ ဘာညာနဲ့ စုံလို့ပေါ့လေ၊ ဒါပေမယ့် အဲဒီ အချိန်တုန်းက ခေါင်းကလဲ ခပ်ရှုပ်ရှုပ်နဲ့ တခြားလူပျိုကြီးတွေလို ဟိုတယ်တွေ တက်ပြီး မပျော်ချင်တာက တစ်ကြောင်း၊ ဟယ် တတ်နိုင်ပါဘူး။ နောင်ခါမှကွဲရော၊ ခုတော့ မိန်းမယူမှပဲ ဆိုပြီး ဇွတ်ယူလိုက်တာပါပဲကွာ။ လူချင်း ကြိုက်ပုံကလဲ မင်းတို့ကောင်တွေ လို သံသရာ ရှည်ပြီး လုပ်နေတာ မဟုတ်ဘူး။ တိုတိုတုတ်တုတ် လိုရင်း သဘောရောက်တဲ့ (very business like ) နည်းပဲကွ” ဟု လက်ဝဲဘက်၌ ကပ်ထိုင်နေသော ချစ်ဇနီး ဒေါ်ခင်ကြည် အား ပြုံးကြည့်ရင်း မြိန်ရေရှက်ရေ ပြောပြလေသည်။

(၁၉၄၅)ခုနှစ်၊ ဒီဇင်ဘာလ။

ဗိုလ်ချုပ်သည် မဟာမိတ် စစ်သေနာပတိချုပ် မောင်ဘက်တန်က ကမ်းလှမ်းသော ဗမာ့တပ်မတော် စစ်ဆေးရေး အရာရှိချုပ်၊ ဗိုလ်မှူးချုပ် ( Braigadier General ) ရာထူးကို လက်မခံဘဲ ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် ဗမာ့ လွတ်လပ်ရေး တပ်ဦးကို ပဲ့ကိုင်နေသော အချိန်က ဖြစ်၏။ ထိုအချိန်က သူ၏ အပါးတော်မြဲ ဗိုလ်ထွန်းလှသည် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးအောင် ဦးဆောင်လျက် ပြည်သူ့ ရဲဘော်တပ်ဖွဲ့ကြီး ကို တပင်တပန်း တည်ဆောက်နေစဉ် တစ်နေ့သော နံနက်ခင်းတွင် ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်နေထိုင်ရာ တာဝါလိန်း နေအိမ်သို့ ရောက်သွားလေသည်။

“ဟေ့ကောင်မင်းငါ့အိမ်လာနေပါလားကွ”

“မဖြစ်ဘူးထင်တယ် ဗိုလ်ချုပ်”

“ဘာဖြစ်လို့လဲ”

“ကျွန်တော်အခု မိန်းမရနေပြီ”

“ဟေ ဟုတ်လား၊ ငါ့လခွေး၊ မင်းဟာက မြန်လှချည်လား၊ ဘယ်တုန်းက ရလိုက်တာလဲ၊တို့တောင်မသိဘူး၊ ဘယ်မှာ လက်ထပ်ခဲ့လဲ”

“လက်ထပ်တာမဟုတ်ဘူး၊ ခိုးပြေးတာ”

အမှန်အားဖြင့် ဗိုလ်ထွန်းလှခမျာ မိန်းမ ယူလိုက်သည့် အတွက် ဗိုလ်ချုပ်၏ ဆူပူကြိမ်းမောင်းခြင်း ခံရမှာကို ကြောက်နေရှာသည်။ လွန်ခဲ့သော ခြောက်လ လောက်ကပင် သာယာဝတီ၊ နတ္တလင်းမြို့များ ၌ ဗိုလ်ချုပ်က လူပျို ရဲဘော်များအား မိန်းမမယူကြသေးဖို့ ပြောခဲ့သေးသည်။

“မင်းအသက်ဘယ်လောက်ရှိပြီလဲ”

“(၂၆) နှစ်”

“ဟာ ဒါဖြင့် အောရိုက်ပဲ၊ အမှန်ကတော့ စောစော အိမ်ထောင်ပြုတဲ့စနစ် ( Early Marriage )ဟာ ကိုယ့်မှာ အလုပ်အကိုင် အတည်တကျနဲ့ ၀င်ငွေ မရှိသေးလို့ ဘိုင်ကျ တာက လွဲရင် အဖက်ဖက်က ကောင်းတာချည်းပဲ။ တို့ မြို့ကြီး ပြကြီးတွေ မှာသာ ဂွကျနေတာ။ တောအရပ်ဒေသ မှာဆိုရင် ရှေးထုံးစံအတိုင်း စောစောစီးစီး အိမ်ထောင်ပြု ကြတာချည်းပဲ။ အဲဒါကို သိပ်ပြီး ကျန်းမာသန့်ရှင်းပြီး အစစ အရာရာ ကောင်းတဲ့နည်းပဲကွ။ မြို့ပေါ်က လူတွေမှာသာ အင်္ဂလိပ်ပညာ သင်လို့ အချိန်ကုန်ရတဲ့ အထဲ အလုပ်အကိုင် နေရာကျဖို့ စောင့်ရ၊ ဟိုငဲ့ရ၊ ဒီငဲ့ရနဲ့ အချိန်တွေ ကုန်သထက် ကုန်ပြီး မဟုတ်တာ ဖြစ်ချင်တဲ့လူလဲ ဖြစ်ကုန်တော့တာပဲ။ ဒါကြောင့် ငါလဲ သိပ်ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ ဇွတ် မိန်းမယူလိုက်တာပဲ။ ဟား ဟား ဟား”

ဗိုလ်ချုပ်သည် ရယ်ရယ်မောမောနှင့် အိမ်ထောင်ပြုရေး တရားဟောလိုက်သည်။

“နောက်ပြီး ငါမကြိုက်တာ တစ်ခုရှိသေး တယ်။ ဗမာ့ထုံးစံ ဆိုပြီး မင်္ဂလာဆောင် အခမ်းအနား အကြီးအကျယ် လုပ်ပြီး ငွေတွေ နင်းကုန် ဖြုန်းတာ အပိုအလုပ်တွေပဲ။ လက်ထပ်တယ်ဆိုရင် ဘယ်သူမှ ရိုးရိုးနဲ့ ကျဉ်းကျဉ်း မလုပ်ချင် ကြဘူး။ ပိုက်ဆံဖြုန်းပြီး လက်ထပ်မှ ဟုတ်တယ် ထင်နေကြတယ်။ ဒါကြောင့် ခိုးယူတာ အကောင်းဆုံးပဲ လို့ ထင်တယ်။ ဘာမှ သိပ်မကုန်ဘဲ လိုရင်း ရောက်တာပဲ မဟုတ်လား”

“ဒါတော့ ဟုတ်ပါတယ် ဗိုလ်ချုပ်။ ဒါပေမယ့် လူတွေက ဒီလောက် ခေတ်မမီသေးတော့ ခက်တာပါပဲ။ အခု ကျွန်တော် မိန်းကလေး အိမ်ကို လူကြီးများနဲ့ ပြန်အပ်ဖို့ စီစဉ်နေတယ်”

“အဲဒီ ပြန်အပ်တာလဲ ငါတော့ ပိုတယ်ထင်တာပဲ။ မိန်းမနဲ့ ယောက်ျားနှစ်ဦး သဘောတူကြရင် လူသိနတ်ကြား လင်မယား အဖြစ် နေလိုက်ရင် ပြီးရောပေါ့ကွ”

ဗိုလ်ချုပ် အိမ်ထောင်ရေး တရားဟောနေ သည်ကို သူ့ချစ်ဇနီး ဒေါ်ခင်ကြည်သည် အနား၌ ပြုံးလျက် နားထောင် နေလေသည်။

တက္ကသိုလ်ခင်မောင်ဇော်

အတွဲ(၁)အမှတ်(၁၂) မော်နီတာ မှ

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: