ကိုဓ

လက်တစ်ဖက် ဆုံးရင် လက်တစ်ဖက် ချင်း၊ မျက်လုံး တစ်ဖက် ကန်းရင် မျက်လုံး တစ်ဖက် ချင်း ဆိုတဲ့ ဟမ္မူရာဘီရဲ့ ကိုဓ ဥပဒေက ကြီးစိုးလျက် ပဲလား။ လူတွေ ရင်ထဲမှာ ရန် အငုတ်၊ အငြှောင့်တွေနဲ့ ဆိုတာ ရှိနေတာပဲလား ။ အဲ့လို တွေးဖြစ်လာတဲ့ သတင်း ဖတ်မိတာ ပြောရင် –

Ameneh Bahrami

၁၆ ရက်နေ့ နေ့စွဲနဲ့ တင်ရှိလာတဲ့ လော့စ် အိန်ဂျလိ တိုင်းမ်မှာ ပြီးခဲ့တဲ့ ခုနှစ်နှစ်လောက် အချိန်က အီရန် အမျိုးသမီး တစ်ယောက် ကို အက်ဆစ်နဲ့ ပက်ခဲ့တဲ့သူ – အဲ့လူကို အခု ဘယ်လို ပြစ်ဒဏ် ချမလဲ ။ ခုံရုံးက အကြိတ်အနယ် စဉ်းစားနေရတယ်။ ရွှေ့ဆိုင်းလိုက်ရတယ် ၊ ဆိုင်းငံ့ထားရတယ်လို့ ကြားတယ်။

မာဂျစ် မိုဗာဟယ်ဒီ ဆိုတဲ့ ၂၁ နှစ်အရွယ် လူငယ်က သူ့ကို လက်ထပ်ဖို့အတွက် ငြင်းဆန်ရကောင်းလား ဆိုတဲ့အကြောင်း ပြချက်နဲ့ အမီနာ ဘာရာမီဆိုတဲ့ အမျိုးသမီးကို ဆာလဖျူရစ် အက်ဆစ် တစ်ဂါလံ ကျော်ကျော် လောင်းချခဲ့တယ် ဆိုပဲ။ အဲ့အချိန်က လွန်ခဲ့တဲ့ ခုနှစ်နှစ် ၊ ၂၀၀၄ ခုနှစ်က ။ အဲ့တုန်းက ဘာရာမီက တဲဟ်ရန်းမှာ နေတယ်။ အောင်လည်း အောင်မြင်နေတဲ့၊ ရည်ရွယ်ချက် ရည်မှန်းချက် လည်း ကြီးတဲ့ မိန်းကလေး အင်ဂျင်နီယာ တစ်ယောက် အဖြစ် ဘဝရပ်တည် နေခဲ့တာ။ အခုတော့ သူ့အတွက် ဆာဂျရီ ခွဲစိတ်မှု ပြုရာ စပိန်မှာ နေ နေပါတယ်။

ဒီလို ပြစ်ဒဏ်မျိုးကို အီရန်နိုင်ငံရဲ့ အစ္စလာမ် ပြစ်မှုဆိုင်ရာ ဥပဒေတွေမှာ ခွင့်ပြုပါတယ်။ qisas လို့ ခေါ်မယ်။ retributive justice တဲ့။ တရားခံရဲ့ ခန္ဓာကိုယ်ကို တူမျှတဲ့ ပြစ်ဒဏ် ချမှတ်ခြင်း တစ်မျိုး လို့ပဲ ဆိုရမယ်။

ဘိုင်ရု က အစ္စလမ်လေ့လာရေး ပညာရှင် အာမက် မူဆာလီ ရဲ့ အပြောအရတော့ ဒီ retributive justice ဆိုတာ ပုဂ္ဂိုလ်ရေး အချင်းချင်း ပြစ်မှု ဖြေရှင်းရာမှာ ဘုံသုံးလေ့ ရှိတဲ့ နည်းလမ်း တစ်ခုပဲတဲ့။ တရားရုံး တွေမှာ ပြစ်ဒဏ် ချမှတ်တာ ထက် အများအားဖြင့် မိသားစုဝင် အချင်းချင်း ကြားမှာပဲ ဖြေရှင်းလေ့ ရှိတဲ့ နည်းပဲ လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာတော့ ဘာရာမီက ပြစ်ဒဏ် အနေနဲ့ စီရင်ခံ၊ ချမှတ်ခံ လိုက်ရတယ်။

အခုနောက်ပိုင်း တော့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း ၊ ဘာညာ တွေက ဒီပြစ်ဒဏ် စီရင်ချက်ကို ပြင်ဆင်ဖို့ ဖိအားပေး လာတယ်။ အခု ဒီစီရင်ချက်ကို ဘယ်လို ပြင်ဆင်မလဲ ဆိုတာ ဆိုင်းငံ့ ရွှေဆိုင်း လိုက်ရ ပါပြီတဲ့။

ဒီနေရာမှာ အစ္စလာမ် အမြင်တွေ ၊ ဗုဒ္ဓဘာသာ အမြင်တွေ ဆိုတာမျိုးကို ခဏဖယ်ထားပြီး လူဆိုတာကို လူပိန်းအမြင် နဲ့ပဲ မြင်ကြည့်ရင် – ဒီအမှုမှာ မိန်းကလေး တစ်ယောက်ကို ရုပ်ဆင်း ပျက်သွားအောင် လုပ်လိုက်တဲ့ ( အဲ့ထက်မကလည်း ပိုချင်ပိုမယ် ) အဲ့လူတစ်ယောက်ကို ဒီလို ပြစ်ဒဏ် ချမှတ်ရုံနဲ့ တူမျှ တဲ့ ပြစ်ဒဏ် ဖြစ်သွားရောလား။

ဆိုလိုတာက မျက်လုံးတစ်ဖက် ဆုံးရှုံးခံ လိုက်ရလို့ အဲ့လူရဲ့ မျက်လုံးကို ပြန်ကော်ထုတ် လိုက်တာနဲ့ပဲ နှစ်ဦး နှစ်ဖက် ကျေသွားရော၊ ညီသွား ရောလား။ ငယ်စဉ်က ဟမ္မူရာဘီရဲ့ ကိုဓဥပဒေ ဆိုတဲ့ ကျောင်းသင်ခန်းစာ သင်ခဲ့ချိန်က အတွေး – ပြန် တွေးမိလာပါတယ်။ တကယ်တော့ ဘယ်ဥပဒေ မှာမှ မညီမျှ သွားဘူး။ ပြစ်မှု တစ်ခု အတွက် ညီမျှတဲ့ ပြစ်ဒဏ်ကို လူသားတွေ ဘယ်လို ဘယ်နည်း ချမှတ်ကြမလဲ ။

လူသတ်မှု ကျူးလွန်လို့ လူတစ်ယောက်ကို ထောင် ၇ နှစ်ချလိုက်တယ်။ ဆိုပါစို့။ သေဆုံးသွားတဲ့ လူရဲ့ မိသားစု ( သေတဲ့သူက တစ်ကောင်ကြွက် မဟုတ်ရင် ပေါ့လေ ) အဲ့မိသားစု အနေနဲ့ ခံစားရမယ့် ဒုက္ခ ဝေဒနာက ဟိုလူ ထောင် ၇ နှစ်နဲ့ ညီ သွားရောလား။ ညီပါတယ် လို့ ဘာနဲ့ တိုင်းတာမလဲ။

ပြောရဦးမယ်။ ကျနော် ငယ်ငယ်က အဖေနဲ့ အတူတူ အိမ်ဆောက်လာတာ။ လက်သမား မခေါ်ဘူး။ တောအိမ် ဆိုတော့ ကာ သိတဲ့အတိုင်း ဝါးကူလိုက် ၊ သစ်ကူလိုက်ပေါ့။ အစက ဓနိမိုး။ အခုနောက်ပိုင်းတော့ သွပ်။ အဲ့တုန်းက ဖြစ်ခဲ့တာလေး သတိ ရမိတယ်။ ကျနော် သံရိုက်တော့ မရိုက်တတ်ဘူး ။ သံချော်တယ်။ အောက် မြေကြီးမှာက အမှိုက်တွေ ပွနေတာ ဆိုတော့ သံက ချော်ပြီး လွတ်ကျရင် အစကို ပြန်ရှာ မရတော့ဘူး။ အဲ့တော့ သံတစ်ချောင်း ဆုံးတယ်ပေါ့။ အဲ့မှာ အဖေက ထဆူတယ်။ သံဈေးတွေက ဘယ်လောက် ဖြစ်နေတာ ၊ မင်းက ဘာမှန်း ကမ်းမှန်း နားလည်တာ မဟုတ်ဘူး။ အသုံးကို မကျဘူး ဆိုတာမျိုးပေါ့ ။ သံတစ်ချောင်း ဆုံးရာကနေ ဘဝတုံးရပါတယ် ဆိုတာအထိ ရောက်တယ်။ တသက်လုံး လူဖြစ်မယ့် ကောင်မဟုတ်ဘူး ဆိုတာလည်း ပါသေးတယ်။ ခေါင်းငုံ့ပြီးသာ ခံနေလိုက်တယ်။ နောက် တစ်အောင့် နေတော့ အဖေ သံရိုက်ရင်း သံချော် ၊ ( အဲ့လိုပဲ ) ပြုတ်ကျရော။ ကျနော်လည်း ကြည့်နေတာ ။ သူ့ဟာသူ အောက်မှာ ပြန်ရှာ ၊ နောက်ဆုံး မရတော့ သံအသစ် ထုတ်ရိုက်တယ် ။ ကျနော်ကလည်း စိုက်ကြည့်နေဆဲပဲ။ ကျနော် သူ့ ကြည့်နေတဲ့ အဓိပ္ပာယ်ကို သိတော့ ပြုံးစိစိနဲ့။

အဲ့ဒါ ကို ခုချိန်မှာ ပြန်စဉ်းစားပြီး ကိုယ့်ဟာကိုယ် လိုရာဆွဲယူ တွေးကြည့်တယ်။ ဥပဒေဆိုတာ ပြောမရနိုင် ဆိုမရနိုင်တဲ့ သူတွေကြားမှာ ဘာမှ အဓိပ္ပာယ် မရှိဘူး ။ ဘာမှလည်း တူညီ ခံစားချက်တွေ၊ တူညီ ရပိုင်ခွင့် တွေ မပြောလေနဲ့ ။ မရှိဘူး။ ဖြစ်နိုင်ရင် ဟိုးတုန်းကလို သခင်တွေ အတွက်က ဥပဒေတစ်မျိုး၊ ကျွန်တွေ အတွက်က ဥပဒေတစ်မျိုး လို့တောင် ထားချင်ကြသေးတာ။( သားအဖချင်း ကြားကနေ လိုရာ ဆွဲပြောတယ်လို့ မထင်ပါနဲ့။ အခြား အပြင်လူကို မပြောချင်လို့ ဒီဥပမာပဲ ပေးရတာ )

အဲ့လို တွေးနေတော့ တစ်ယောက်က ကျနော့ကို ပြောတယ် ။ တရားဥပဒေ ရဲ့ သရုပ်ကို ဖော်တဲ့ ချိန်ခွင် အမှတ်အသားလေ။ မင်း မမြင်ဖူးဘူးလား တဲ့။ သူ ဘာဆက်ပြောမလဲ သိချင်တာ နဲ့ပဲ ချိန်ခွင်တောင် မမြင်ဖူး သယောင်ယောင် နည်းနည်း အောင့်ခံလိုက်ရတယ်။ သူက ဆက်ပြောတယ်။ ချိန်ခွင်မှာ အလေးတွေ ရှိတယ်ကွာ၊ ဆိုပါစို့ ၊ တစ်ပိဿာ အလေး၊ ဆီတစ်ပိဿာ လိုချင်ရင် အဲ့ပိဿာကြီး ချိန်ခွင်တစ်ဖက်မှာတင်၊ တစ်ဖက်မှာ ဆီကိုတင် ။ ချိန်ကြည့်။ အဲ့လိုပဲ နောက်တစ်ခါ ဆီတစ်ပိဿာ လိုချင်ရင် – ပိဿာလေးကို တစ်ဘက်မှာထည့်၊ ချိန်ကြည့်၊ အဲ့လို နေရာမှာ တူညီမှု ၊ တူမျှမှု ဆိုတာ လိုချင်တာနဲ့ပဲ ဆီ နဲ့ ပိဿာအလေးက အတူတူပဲလို့ ပြောလို့ မရဘူးလေတဲ့။ ပိဿာအလေးဆိုတာ တစ်ဘက်မှာရှိတဲ့ ဆီကို တစ်ကြိမ်နဲ့ တစ်ကြိမ် ညီမျှ သွားစေဖို့ တိုင်းတာတဲ့ အရာသက်သက်ပဲ။ အဲ့ဒါဟာ ဥပဒေပဲ လို့ ပြောတယ်။

ဟုတ်ပါတယ်။ ဒါကတော့ ဆီ- ကိုး။ လူတွေရဲ့ ခံစားမှုကို ကျတော့ ဘယ်ပိဿာလေးနဲ့ တိုင်းမှာတုန်း ။ ဘယ်ချိန်ခွင်ကြီးပေါ် တင်မှာတုန်း၊ အဲ့အလေးက လက်ရှိ မျက်မြင်မှာတောင် ခိုးချင် ခိုးထားမှာ။ ချိန်ခွင်က စောင်းချင် စောင်းနေမှာ။ ဘာလို့ ဆို ဥပဒေ ဆိုတာရဲ့( အဲ့ချိန်ခွင်ရဲ့ ) ကြားမှာတင် တူညီတဲ့ ပြစ်ဒဏ်ဆိုတာ ဘယ်လူသားမှ မချမှတ်နိုင်ဘူး။ ပိုပြီး လွန်ကဲရင် လွန်ကဲနေမယ်။ ပိုပြီး ပေါ့လျော့ရင် ပေါ့လျော့နေမယ်။ တူညီ ဖို့ ဆိုတာ ဘယ်လို စံနှုန်းမှ မတွေ့ကြရသေးဘူး။

အက်ဆစ်ပက်ခံရတဲ့ အီရန်အမျိုးသမီး အမှုမှာ ဒီလို အက်ဆစ်ကြောင့် မိန်းကလေး တစ်ယောက် ရုပ်ပျက် ဆင်းပျက် ဖြစ်သွား ရတာ မျိုး၊ သူ့ဘဝ ရည်မှန်းချက် တွေ ဖျက်ပစ် လိုက်ရတဲ့ ဆုံးရှုံးမှုမျိုး၊ ဒီလို ဆုံးရှုံးမှုမျိုးကို ဟိုလူထောင်ထဲပို့၊ ဒီလိုပြစ်ဒဏ် ချမှတ်ရုံနဲ့ ညီမျှသွားမယ် ဆိုတာလဲ ( ပြစ်ဒဏ်အားဖြင့် ရှိချင်ရှိမယ် ) အဓိပ္ပာယ်တော့ မရှိဘူး။ဒါကိုမှ အတင်း အဓိပ္ပာယ် ရှိပါတယ်ကွာ ဆိုရင်လည်း ကျနော့အဖေနဲ့ ကျနော်လိုပဲ ။ ဖြစ်တာချင်း အတူတူ- အောက်ကလူ ကျူးလွန်ရင် ကောင်းကောင်း ထောင်းပြီး၊ အထက်က ကျူးလွန်ရင် ပြုံးစိစိလေးနဲ့ လာဦးမှာ။

http://latimesblogs.latimes.com မှာ ဖတ်ကြည့်ရင်း တွေးကြည့်တာ ဖြစ်ပါတယ်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: