ကြီးကျယ်ခမ်းနားသော အရေးအသားများ ပြီးဆုံးသွားရသည့်အကြောင်း

ဆရာမြင့်သန်း ရေးပါသည်။

ရေးနေတဲ့ဝတ္ထုနဲ့ ပတ်သက်လို့ ပြောချင်တာလေးတွေ ရှိလာတာနဲ့ ဘမြင့်ဆီ ထွက်လာခဲ့တယ်။ ဘမြင့်က လူတော်။ ဘယ်သူကမှ ပြောတာတော့ မဟုတ်ဘူး။ ကျွန်တော့်အမြင်အရ ပြောတာ။ ကျွန်တော့်အထင်အရ ကျွန်တော် လက်ခံထားတာ။ ဒီတော့လည်း ကျွန်တော့်ကိုယ်ပိုင် အမှန်တရားပဲလို့ ပြောချင်ရင် ပြောကြ။ ကိုယ်ပိုင် အမှန်တရား ဆိုတာကိုလာပြီး အကြောက်အကန် ငြင်းနေလို့ကဖြင့် နှစ်တစ်လက်မ ကောင်းကောင်းတစ်ချောင်းကိုင်ပြီး လက်တွေ့ နည်းလမ်း တကျ အမှန်တရား ဆိုတာကို ရှင်းပြလိုက်ရုံပဲ။

ဒီတော့ ခုကတည်းက ဘမြင့်ကို ဘာကြောင့် လူတော်ရယ်လို့ ကျွန်တော်က လက်ခံ ထားတယ် ဆိုတာကို ရှင်းပြ ထားချင်တယ်။ တကယ်တမ်း မှာတော့ ဘမြင့်ဟာ သူများတကာ ထက် ထူးခြားပြီး တော်တယ် လို့ ပြောလို့ ရလောက်တဲ့ အကြောင်း တစ်ခုမှ မရှိဘူး။ ကျွန်တော် လက်ခံထားတဲ့ သဘော တစ်ခုကို ပြောရရင် သူများ တကာ ထက် ထူးထူးခြားခြား ပိုပြီး မတော်လှဘူး ဆိုတဲ့ လူတိုင်းဟာ လူတော်ပဲ လို့ လက်ခံ ထားတာပဲ။ ဒီလို လက်မခံ လို့ကလည်း မဖြစ်ဘူး။ ကိုယ်လည်း လူတော် စာရင်းထဲတော့ ပါချင်သေး တာကိုး။

တကယ်တမ်းတော်မှ လူတော်လို့ သတ်မှတ်မယ် ဆိုရင်ဖြင့် လူတော် ဆိုတာတွေ သိပ်နည်း သွားလိမ့်မယ်။ လူတော် နည်းသွား တာက အကြောင်း မဟုတ်ဘူး။ လူတော် နည်းတဲ့ လူ့အဖွဲ့အစည်း ဟာ ခပ်ညံ့ညံ့ လူ့အဖွဲ့အစည်းပဲ လို့ လက်ခံ ထားကြလေတော့ ကိုယ် ပါဝင် ပတ်သက်နေရတဲ့ လူ့ အဖွဲ့အစည်းကြီး ကိုတော့ ခပ်ညံ့ညံ့ စာရင်းဝင် ဖြစ်မသွားစေချင်ဘူး။ ဒီတော့လည်း လူတော်တွေ ပေါများစေချင်တဲ့ စေတနာနဲ့လို့ ပြောရမှာပဲ။ လူ့ အဖွဲ့အစည်းကြီးကို ကောင်းစေချင်တာကိုး။

ရိုသေပြတယ်ဆိုတာ ... အရင်လူက နောက် လာတဲ့လူကို သူလုပ်ချင်တာ လုပ်လို့ ရအောင် ထွင် ထားခဲ့တာ။

တချို့ ကတော့ လူ့ အဖွဲ့အစည်းကြီး ကောင်းအောင် သစ်ပင်စိုက်တာတို့ ကြွပ်ကြွပ်အိတ် မသုံးဖို့တို့ လုပ်ကြတယ်။ ကမ္ဘာကြီးကောင်းလာအောင် ဂေဟစနစ်ဆိုလား၊ လုပ်ကြရမယ်လို့ ကြွေးကြော် ကြသေးတယ်။ တော်ပါသေးရဲ့ ဗာလစနစ်တို့ ဘာတို့ မထူထောင် ကြပေလို့ပဲ။ ဘာလစနစ်တို့ ဘာတို့သာ ရှိခဲ့ရင် ကျွန်တော့်လို အကောင်မျိုးတွေ အလုပ် အမှုဆောင် အဖွဲ့ဝင်တွေ ဘာတွေဖြစ်ပြီး အလုပ်များနေလို့ စာတောင် ကောင်းကောင်းရေးရမယ်တောင် မထင်တော့ဘူး။ ဒါပေတဲ့လည်း ကျွန်တော်ကတော့ အဲဒီလောက် အထိ မတွေးတတ်ဘူး။ နားလည်း မလည်ဘူး။ လူတော်တွေ များတဲ့ လူ့အဖွဲ့အစည်း ထဲက လူတော် ဆိုတော့လည်း အဲဒီလို အသေးအမွှားတွေ အထိ လိုက်သိနေဖို့ လည်း မလိုတော့ဘူး လို့ ထင်တယ်။

ကျွန်တော်က ဘမြင့်ကို သဘောကျတဲ့ အထဲမှာ အဲဒီ အချက်လည်း ပါတယ်။ သူကလည်း အဲဒါတွေကို စိတ်မ၀င်စားဘူး။ မြောက်ဝင်ရိုးစွန်းက ရေခဲတုံးတွေ အရည်ပျော် လာလို့ ကမ္ဘာကြီး ပိုမို ပူနွေးလာတယ်လို့ သူ့ရှေ့မှာ ပြောကြရင် ဒီလိုဖြင့် လာမယ့်ဆောင်းမှာ စောင်ထပ် ၀ယ်စရာ မလိုဘူးပေါ့ လို့ပဲ သူက ပြောလေ့ရှိတယ်။ နောက်တစ်ချက် သူ့ကို သဘောကျတာရှိသေးတယ်။ ဒီကောင်က စာအတော်ဖတ်တယ်။ တည့်တည့်ပြောရရင်တော့ အားရင် စာပဲဖတ်တယ်။ အားရင်ဆိုတဲ့ စကားလုံး ထည့်ပြော ရတာကတော့ ပြောရိုးပြောစဉ် ဖြစ်နေလို့ပါ။ ဒီကောင့်မှာက မအားစရာအကြောင်းမှ မရှိဘဲ။ ဘာအလုပ်မှ ရှိတာမှ မဟုတ်ဘဲ။ ဒီကောင်က မအားဘူးလို့ ပြောရင်တော့ စာဖတ်နေလို့ပဲ။

ကျွန်တော်တို့ ငယ်ငယ် ကျောင်းသား ဘ၀ကတည်းက သူက စာ အတော် ဖတ်တယ်။ သူ့ညီ ဘတင့် ကျတော့ သူ့လို မဟုတ်ဘူး။ သူတို့ နှစ်ယောက် က နှစ်နာရီ လောက်ပဲ ခြားတယ်။ အမွှာ။ သူ့ ကျတော့ ဘာ စာမှကို မဖတ် ချင်ဘူး။ ဖတ် လည်း မဖတ်ဘူး။ အ လိမ္မာ စာမှာ ရှိတယ် ဆိုတဲ့ စကားသာ မှန်ခဲ့ရင် ဘတင့် နဲ့ အလိမ္မာ ဆိုတာ ကြီးက အတော် ဝေးနေကြမှာ။ ဒါပေတဲ့ လည်း စီးပွားရေး သမား မဟုတ်လို့ ရှာရဖွေရကျပ်တဲ့ ကာလကြီးမှာ သင်းတို့က မကြောင့်မကြ နေနိုင်တယ်။ ဒါကတော့လည်း သင်းတို့တော်လို့ မဟုတ်ဘူး။ သင်းတို့ အဖေ သွားလေသူ ဦးဘ တော်ခဲ့ပေလို့ပဲ။

ဦးဘက လယ်ပိုင်၊ ချောင်းပိုင်၊ ဒီပြင် ပိုင်တာတွေလည်း များပုံပေါ်တယ်။ ဘိုလိုလည်း ပြောနိုင်တယ်။ မင်းပွဲစိုးပွဲ တက်ရတယ်။ မျိုးချစ်စိတ် ကလည်း အတော်ရှိတာ။ ပွဲထိုင် တက်ရင် တိုက်ပုံနဲ့၊ ကော်လာ လည်ကတုံးနဲ့၊ မြောက်ပြင်နဲ့။ ဒါပေတဲ့ ဖိနပ် ကတော့ ပမ့်ရှူးနဲ့ ကိုလိုနီရဲ့ ယဉ်ကျေးမှုကို ကျုပ်က ခြေဖ၀ါး အောက်မှာ ထားတာလို့တော့ သူက ပြောလေ့ရှိတာပဲ။ သူ့သားနှစ်ယောက်ကို သာသနာပြု ကျောင်း ပို့တယ်။ ဒီတော့ ဆာနိမ်း ဆိုတဲ့ကိစ္စ ပေါ်လာတယ်။ သူ့သားတွေကို ဘိုနာမည် မပြောင်းနိုင်ဘူး။ ဆာနိမ်း ထည့်ရအောင် သူ့နာမည်က ဘတစ်လုံးတည်းရယ်။ ဘယ်နာမည် နောက်ကမှ ဘ တစ်လုံးတည်းကို ထည့်လို့မှ မဖြစ်ဘဲ။ ဒီတော့ မြောက်ဘက်က နောင်ကြီးများရဲ့ အရှေ့တိုင်း အစဉ်အလာကို ယူပြီး မိသားစု နာမည်ကို ရှေ့က ထားတဲ့မူ ယူလိုက်ပါလေရော။ ဒီတော့ ဘမြင့်၊ ဘတင့်မှာ ဘက ဆာနိမ်း၊ ဖင်မလီနိမ်း။ သူ့ဟာနဲ့သူတော့ ဟုတ်နေသားပဲ။

ဦးဘက သူ့သားတွေကိုလည်း အမြဲလို တော်စေချင်တာ။ ထိပ်က နေစေချင်တာ။ ဒုတိယဆိုတာ ပထမမဟုတ်ဘူးဆိုတဲ့မူကို လက်ခံထားတာ။ ဒီမူအရတော့ ပထမနေရာက နေနိုင်တဲ့လူသာ လူတော်ကိုး။ ဦးဘက သူ့သားတွေကို ဒုတိယ ဟာ ပထမ မဟုတ်ဘူး ဆိုတဲ့ အခြေခံမူ တစ်ရပ်နဲ့ ထိန်းကျောင်း ခဲ့ပေတဲ့လည်း သင်းတို့ ကတော့ တစ်ကနေ တစ်ဆယ် စာရင်းထဲတောင် မပါနိုင်တဲ့ အကောင်တွေ။ ဦးဘ ခမျာ သေသာသွားရော သူ့သားတွေ ကို ဒုတိယနေရာ လောက်မှာတောင် မတွေ့သွားခဲ့ရဘူး သူ့ဘာသာလည်း သိပုံပေါ်တယ်။ ဒါကြောင့်ပဲ ထင်ရဲ့၊ သူ့သားတွေရဲ့ ရှေ့ရေးကို သူ့စာရင်းကိုင် မစ္စတာ ချောင်ဒရီနဲ့ တိုင်ပင်ပြီး စီမံ လုပ်ကိုင်ထားခဲ့တယ်။ ဒီတော့လည်း ဦးဘ မရှိတော့တဲ့နောက် မစ္စတာ ချောင်ဒရီဟာ ဘညီနောင်ရဲ့ ကျေးဇူးရှင်ပဲ။

ခုတော့ စာ သိပ်မဖတ်ချင်တဲ့ ဘတင့်က ပန်းချီဆရာဖြစ်လာတယ်။ အရင်ကတော့ မဂ္ဂဇင်းတွေမှာ အစ်လာ့စထရေးရှင်း ဆိုသလားပဲ ဆွဲသတဲ့။ ခုတော့ ပန်းချီကားကြီးတွေလည်း ဆွဲတယ်။ ပွဲစား ကောင်းကောင်းနဲ့ သံရုံးတွေမှာ ရောင်းတော့ အတော် ပိုက်ဆံ ကောင်းကောင်း ရတယ်။ အမှန်မှာတော့ ကျွန်တော် ပေးတဲ့အကြံ။ မင်းမှာ စားဖို့ သောက်ဖို့မှ မပူရဘဲ၊ အချိန်ယူပြီး ပန်းချီကား ကောင်းကောင်းဆွဲ၊ သံရုံးက ငနာတွေ ကြိုက်မှာမျိုး ရှာကြံဆွဲပြီး ပွဲစားနဲ့ ရောင်းခိုင်းလို့ ကျွန်တော်က ပြောဖူးတယ်။ ဒါတင် မဟုတ်ဘူး သံရုံးတွေ မှာ လိုက်ပြီး ပွဲစား လုပ်နေတဲ့သူ တစ်ယောက်နဲ့ လည်း မိတ်ဆက်ပေးလိုက်တယ်။ အဲဒီကတည်းက ဘတင့်လည်း ပန်းချီပညာတွင်အခြေခံသော စီးပွားရေးလုပ်ငန်းရှင် ဖြစ်သွားတော့တာပဲ။ တချို့သံရုံးက ငနဲတွေက ပန်းချီကားဖိုးကို ပိုက်ဆံအစား သူတို့ ဆီမှာ ရှိတဲ့ ပစ္စည်းနဲ့ လဲချင်ကြတယ်။ ကိုယ့်ဘက်က မနာအောင် တွက်ပြီး သာရင် လဲလို့ ကျွန်တော်က အကြံပေး လိုက်တော့ ပိုပြီး ဟန်ကျသွားတယ်။ သူတို့လဲတဲ့ ပစ္စည်းက ကိုယ်နဲ့ အသုံးမတည့် ပေတဲ့ ပြန်ရောင်းစားလို့ ရတာကိုး။ သံရုံးထွက် ပစ္စည်းကို လိုက်ရှာ ၀ယ်ပြီး ဂုဏ်ယူ ၀င့်ကြွားစွာနဲ့ သုံးနေတဲ့လူတွေ အပုံကြီးကိုး။ ဘတင့်က ပန်းချီကား ကို အလဲအဖယ် စနစ်နဲ့ ရောင်းချ လိုက်တဲ့အခါ ၀ီစကီ ပုလင်းတွေ ပါလာတတ်တယ်။ အဲဒီအခါမျိုး ကျရင် အစ်ကိုရေ ညနေဘက်ကျရင် ၀ီစကီ ကလေး လာမြည်း စမ်းပါဦး ဆိုပြီး ဖုန်း လှမ်းဆက် တတ်တယ်။ ဒီကောင်က ကျေးဇူးရှင် ကို ကျေးဇူးရှင် မှန်း သိတတ်တယ်။ ဒါကြောင့်လည်း အောင်မြင်တာဖြစ်မယ်။ အရင် ကတည်းက ကျွန်တော့်ကို အစ်ကို လို့ ခေါ်လေ့ရှိတယ်။ ဂုဏ၀ုဒ္ဓိ တို့၊ ၀ယ၀ုဒ္ဓိ တို့ကို ဒီကောင်က သိတယ်။ အရပ် စကားနဲ့ ပြောရရင်တော့ အသက်အားဖြင့် ကြီးမြင့်တာ၊ ဂုဏ်အားဖြင့် ကြီးမြင့်တာ ကို ပြောတာ။ လူကြီးတွေ ပြောပြောနေတဲ့ အသက်အားဖြင့် တစ်ရက် တစ်မွန်းတည့် တစ် မနက်၊ တစ်နာရီ တစ်စက္ကန့်ကြီးတဲ့ လူကို ရိုသေရမယ် ဆိုတာ တရားတာပဲ။ အထူးသဖြင့် ကိုယ်က အသက်ပိုကြီးနေရင် ပိုပြီးတရားသေးတယ်။

ဘမြင့် ကတော့ အရင်ကတည်းက မင်းနဲ့ ငါနဲ့ပဲ ပြောတယ်။ တကယ်တော့ ကျွန်တော်က နှစ်ယောက် စလုံးထက် ရှစ်လလောက် ကြီးတယ်။ ၀ါစဉ် ယှဉ်စတမ်းဆိုရင် ကျွန်တော့် ကို ဘယ်မီမလဲ။ ဘမြင့်ရဲ့ပြဿနာက ဘယ်သူ့ကိုမှ သိပ်ပြီး ရိုသေပြမနေတာပဲ။ မင်း မှတ်ထား။ ရိုသေပြတယ် ဆိုတာတို့ ဘာတို့က လူ့အဖွဲ့အစည်းကြီးက ဖန်တီး ထားတာ။ လူ့အဖွဲ့အစည်းတိုင်း မှာ အဲဒီ ထွင်လုံးတွေ ရှိတယ်။ အရင်လူက နောက်လာတဲ့လူကို သူလုပ်ချင်တာလုပ်လို့ရအောင် ထွင်ထားခဲ့တာ။ အစဉ်အဆက် စားလို့ကောင်းအောင် ၀ါးလို့ကောင်းအောင် စားကြော ထွင်ထားတာ လို့ သူက ပြောသေးတယ်။ ဒီလိုဖြင့် တို့ လူ့လောကကြီးမှာ ရိုသေတယ် ဆိုတာ မလို တော့ဘူးလားဟ လို့ မေးကြည့်တော့ သူက ပြောတယ်။ ရိုသေတယ် ဆိုတာ မင်းရဲ့အသိ၊ မင်းရဲ့ ဆင်ခြင်တုံတရား ထဲက လာရမှာ။ ဥပမာ စာတစ်ပုဒ်ကိုဖတ်ပြီး စာရေးတဲ့သူ ကို ရိုသေသွားတယ်၊ ကြည်ညိုသွားတယ်။ အဲဒါက မင်းရဲ့ အသိအမြင်၊ မင်းရဲ့ ဆင်ခြင်တုံတရား အရ ဖြစ်လာတာ။ အခုဟာက ဒီလို လူဆို ရိုသေပြ၊ ဒီလို ဟာမျိုး ရိုသေစရာ ဆိုတာတွေက သစ်သားချောင်း တစ်ချောင်း မှာ အမှတ်အသား ကလေးတွေ တားထားပေးပြီး ဒီလောက်ဆို တစ်ပေ ခေါ်တယ်။ ဒီလောက်ဆို ရှစ်လက်မ ဆိုပြီး ပြောသလိုမျိုး ပဲတဲ့။ သူ့ဟာနဲ့ သူတော့ ဟုတ်လို့ကိုး။ သူက တစ်သက်လုံး အဲ့ဒီ ဆင်ခြင်တုံ တရားကြီး ကို ရှေ့တန်းမှာ ထားလာတာ။ ဒီတော့လည်း သူ့အဖေ ဦးဘ မျှော်မှန်းခဲ့တဲ့ ထိပ်ဆုံးကလူ၊ နံပါတ်ဝမ်း၊ တစ်ဂဏန်းမှာ နေဖို့ကိစ္စက သူ့အတွက် နေရာမှ မရှိဘဲ။ ကာလ ဒေသ ပယောဂဆိုတာတွေနဲ့ လိုက်လျောညီထွေ နေတတ်ရမှာကိုး။ ဒါကို ဘိစနက်ကို ဘိစနက်လို့ မြန်မာလိုပြောင်ပြောင်တင်းတင်းရေးလာကြတဲ့ ကာလကြီးမှာ ကာလတရားနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောရရင် ၀ါတာဖောလိုး ဖစ်(ရှ)ဖောလိုး ဖြစ်ကြရမှာ။ ဒါမှလည်း ကာလတရားနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အသိပညာ မှန်သမျှ သာ နိုးဒိုး နိုးစွာ့(ဒ်)မူနဲ့ တံခါးမရှိ ဓားမရှိ ၀င်လာကြမှာ မဟုတ်ဘူးလား။

ဘမြင့်တို့ အိမ်ဆီ ရောက်တော့ အိမ်ရှေ့ခန်းထဲ ဆီမှာ သံရုံးပွဲစား နဲ့ ကောင်းကောင်း အရောင်းအ၀ယ် လုပ်နေပုံ ရတဲ့ ဘတင့်ကို လှမ်းတွေ့ လိုက်ရတယ်။ ဘတင့်က အခန်း ထဲကနေ လက်ဟန် နဲ့ သူ့အစ်ကို နောက်ဘက်မှာ ရှိတယ် ဆိုတဲ့ ပုံပြလို့ ကျွန်တော်လည်း ခေါင်းညိတ်ပြပြီး အိမ်နောက်ဘက် ဆီ ထွက်ခဲ့တယ်။ သူတို့အိမ်ရဲ့ နောက်ဘက်မှာ စာကြည့်ခန်း လို အခန်းကြီး ရှိတယ်။ ဦးဘ ရှိစဉ်က စာကြည့်ခန်းလို လုပ်ထားတာ။ အခုတော့ စာကြည့်ခန်းရယ် မဟုတ်ပါဘူး။ အကုန်ကြည့်တဲ့ အခန်းလို့ ပြောရလိမ့်မယ်။ အဲဒီအခန်းထဲမှာ တီဗွီ၊ ဒီဗီဒီ၊ စီဒီ အကုန်ကြည့်တာပဲ။ အကုန် ကြည့်တာပဲ ဆိုပေတဲ့ ကြည့်တဲ့လူ စာရင်းထဲမှာ ဘမြင့် မပါဘူး။ သူက ရုပ်မြင်သံကြားလို့ ခေါ်တဲ့ တီဗွီကို မကြည့်ဘူး။ တီဗွီက လာတာတွေဟာ ဖြေဖျော်မှုပေးတာတော့ မှန်တယ်၊ အဲဒီဖြေဖျော်မှုကြောင့် လူရဲ့ သိနိုင်တဲ့ အတိုင်း အတာ တွေ ပျင်းရိသွား တတ်တယ် ဆိုပဲ။ သူများရဲ့ အားထုတ်မှုနဲ့ ကိုယ့်ရဲ့ ပျင်းရိမှုဟာ အခိုက်အတန့်ပဲ ပျောက်မှာ။ ဖြေဖျော်မှု ပြီးသွားရင် ပိုတောင် ပျင်းရိငြီးငွေ့ သွားဦးမှာ တဲ့။ ဥပမာ ဘောလုံးပွဲ ထိုင်ကြည့်တာမျိုး တဲ့။ ကျွန်တော် ကတော့ သူ့လောက် နားမလည်ဘူး။ ကျွန်တော်နဲ့ ဘတင့်ကတော့ နဂို ကတည်းက ဘောလုံးပွဲ မကြည့် တတ်ကြဘူး။ အကြောင်း အပေါင်း သင့်တဲ့အခါ ဘတင့်က သံရုံးက စွန့်ပစ်တဲ့ ဒီဗီဒီဆိုတာကလေးတွေ ရလာရင် ထိုင်ကြည့် တတ်ကြတယ်။ တချို့က အပျင်းမပြေ လောက်ပေတဲ့လည်း အတော့်ကို ကောင်းတယ်။ သဘာဝ အတိုင်း ပြေးလွှားနေကြတဲ့ ကောင်မလေးတွေ။ တစ်ခါတလေ ထွေးလား လုံးလား လုပ်ကြတယ်။ မျက်စိ၏ အဆာသည် ကြည့်ချင်စဖွယ် တို့ကို ကြည့်ရှုခြင်းဖြစ်သည် ဆိုတဲ့ အဆုံးအမ ထဲက လိုပဲ။ ဘမြင့် ကတော့ မကြည့်ဘူး။ ဒါပေတဲ့လည်း သူကြည့်ချင်တာတွေ သူ့ဘာသာ ၀င်ကြည့်တယ်။ များသောဖြင့်ကတော့ တောတွေ တောင်တွေအကြောင်း၊ ရှေးတုန်းက မြို့တွေဘာတွေအကြောင်း။ ကျွန်တော်ကတော့ မကြိုက်လှဘူး။ ဒါပေမတဲ့လည်း သူ့ကို အားနာတာနဲ့ပဲ တစ်ခါတလေ သူနဲ့ထိုင်ပြီးကြည့်ရတယ်။ ကျွန်တော့်အဖို့တော့ ပျင်းရိ ငြီးငွေ့ခြင်း အထဲမှာ ပျင်းရိငြီးငွေ့စရာတွေ ထပ်ဝယ်နေရသလိုပဲ။ ၀ဋ်တွေကံတွေ သိပ်မယုံပေတဲ့လည်း ၀ဋ်ရှိလို့ ခံရတယ်ဆိုတာ ဒါမျိုး ထင်ပါ့ လို့ တွေးကြည့်ရတာပဲ။

ခုလည်း နောက်ဘက်အခန်းထဲမှာ ဘမြင့်တစ်ယောက် ဘာတွေကြည့်နေမယ် မသိဘူး။ အခန်းဝရောက်လို့ မှန်တံခါးကနေ အထဲလှမ်းကြည့်လိုက်တော့ ဘမြင့်နဲ့ လူတစ်ယောက်ထိုင်ပြီး စကားပြောနေတာ တွေ့လိုက်ရတယ်။ အဲဒီလူက ဘမြင့်ရဲ့ မိတ်ဆွေ။ ကျွန်တော်နဲ့ ဆုံဖူးတယ်။ ကောလိပ်ကျောင်းက ဆရာဆိုသလားပဲ။ အင်္ဂလိပ် လိုတော့ အက်ဆိုဆီရိပ်ပရောဖက်ဆာတဲ့။ တည့်တည့်မြန်မာလိုပြန်ကြည့်ရင်တော့ ဖက်စပ်ပါမောက္ခ၊ မဟုတ်ရင် အသင်းအပင်း ပါမောက္ခရယ်လို့ ဘာသာပြန်ရမယ်ထင်တယ်။ ဘာသာပြန်တယ်ဆိုတာကလည်း အဘိဓာန်တစ်အုပ်ရှိ ပြီးတာပဲလို့ ပြောကြတယ်မဟုတ်ဘူးလား။ တတ်နေ သိနေစရာတောင် မလိုဘူး ဆိုပဲ။ လွယ်တာကတော့ ကောလိပ်ကျောင်းဆရာဆို ပြီးတာပဲ။ သူ့ဟာသူ ဘာလုပ်လုပ်၊ အဲဒီလိုခေါ်လို့ ကိုယ့်လည်း တရားစွဲမှာမှ မဟုတ်ဘဲ။ ဒီလူက ဘမြင့်ကိုတော့ အတော့်ကို ကြည်ညိုသား။ ဘမြင့်မှ မဟုတ်ဘူး ကျွန်တော့်ကို တောင် ရိုသေတယ်။ အခန်းထဲ ၀င်လိုက်တော့ သူက အရိုအသေ ပေးတဲ့ သဘောနဲ့ ထိုင်ရာကနေ ထတယ်။ လူကြီးသူမကို ရိုသေတတ်လို့လည်း သင်း ကောလိပ်ကျောင်းမှာ ဆရာဖြစ်တာပဲဖြစ်မယ်လို့ တွေးကြည့်လိုက်မိတယ်။ တစ်ချိန်တည်း မှာပဲ တွေးကြည့်လိုက်မိတာတစ်ခုက ကောလိပ်ကျောင်းဆရာမို့ လူကြီးကို ရိုသေတတ်တာ ဖြစ်ကောင်းဖြစ်မယ်ဆိုတာပဲ။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် လူကြီးကို ရိုသေတတ် တာ ကောင်းတာပဲ။ ကိုယ်က လူကြီးကိုး။ အရိုအသေခံရတာကို မကောင်းဘူးပြောလို့ ဘယ်ဖြစ်မှာတုံး။ ကိုယ်က အရိုအသေပေးနေရရင်သာ သိပ်မကောင်း လှတာ။ ကျွန်တော်လည်း ထိုင်မလိုလို ထမလိုလိုဖြစ်နေတဲ့ ကောလိပ်ကျောင်းဆရာကို ထိုင်ပါဗျာလို့ပြောပြီး ဆိုဖာတစ်ခုပေါ်မျာ ၀င်ထိုင်လိုက်တယ်။ တစ်ဆက်တည်း ရောက်နေတာကြာပြီလားလို့ မေးလိုက်တယ်။ အမှန်မှာတော့ သူ့ဘာသာ ရောက်နေတာ ကြာကြာမကြာကြာ ကျွန်တော့်အလုပ်မှ မဟုတ်ဘဲ။ သူက ရိုရိုသေသေနဲ့ပဲ ပြန်ဖြေတယ်။ မကြာသေးပါဘူး ခင်ဗျာ။ တစ်နာရီသာသာလောက်ပဲ ရှိပါသေးတယ်တဲ့။ ကြားလိုက်တယ်မဟုတ်လား သူဖြေလိုက်ပုံ။ တစ်နာရီသာသာကို မကြာသေးပါဘူးတဲ့။ ကောလိပ် ကျောင်းဆရာ မှာ တစ်နာရီ ဆိုတာ သိပ်မကြာဘူး ဆိုတဲ့ သဘောပဲ။ သူတို့မှာက စာသင်တာရယ်၊ အစည်းအဝေးကလေးဘာလေး ထိုင်တာရယ်၊ လက်ဖက်ရည်ဆိုင် ထိုင်တာရယ်၊ သူများအိမ်သွား လေပစ်တာရယ် ဒါလောက်ပဲ ရှိတာကိုး။ သူ့မှာ အချိန်တွေ အပုံကြီး။ သူ့အတွက် တစ်နာရီဟာ သိပ်မကြာဘူးလို့ ပြောလို့ရတယ်။ ရိုးရိုး လူတစ်ယောက် အတွက်တော့ တစ်နာရီမှာ မိနစ်ခြောက်ဆယ်ရှိတယ်။ စက္ကန့်နဲ့ဆိုရင် သုံးရာ့ခြောက်ဆယ်ရှိတယ်။ နည်းတာမှမဟုတ်ဘဲ။ ဒါကို သိပ်မကြာဘူး လို့ ပြောလို့မှမဖြစ်ဘဲ။ ပိုဆိုးတာက ဒီလူက ဒဿနိကဗေဒသင်တဲ့ ကောလိပ်ကျောင်းဆရာ။ ဒီလူတွေက သူများထက် ပိုဆိုးတယ်။ သူတို့မှာက တိုင်း(မ) အင်စပေ့(စ)လို့ ခေါ်တဲ့ ကာလနဲ့ အာကာသဆိုတာ ရှိတယ်။ ဒဿနိကဗေဒ လေ့လာခဲ့တဲ့ လူတွေရဲ့ ဖွားဖက်တော် လိုဟာမျိုး။ ဒီတိုင်း(မ)အင်စပေ့(စ)ဆိုတာကို သူတို့ပိုင်တယ် ထင်တာ။ ဒီတော့ အချိန်ဆိုတာကို သူတို့ပြောချင်သလို ပြောတော့တာပဲ။

ဘမြင့် ကတော့ ကျွန်တော့်ကို ကြည့်ပြီး နေကောင်းလား၊ ဘယ်လာသလဲ၊ ဟိုကောင့်ဆီလားလို့ မေးတယ်။ သူ့ရှေ့တည့်တည့် ရောက်နေတဲ့ လူတစ်ယောက် ကို နေကောင်းသလား၊ ဘယ်လာသလဲ တဲ့။ နေကောင်းလို့ သူ့အိမ်ကို လာတာ။ သူ့အိမ်ကိုလာလို့ သူ့ရှေ့ရောက်နေတဲ့ လူကို ဘယ်လာသလဲ တဲ့။ သူ့ဆီလာတာ သူ့ဆီလာတာပဲ။ ဟိုကောင့်ဆီမှ မဟုတ်ဘဲ။ အမှန်မှာတော့ ဒီကောင် ရိုင်းလှလို့တော့ မဟုတ်ဘူး။ ပြောချင်ရင် ဘာသာစကားရဲ့ ရိုးအမှု အစဉ်အလာကြီးကို အပြစ်ပြောရမှာပဲ။ သူများဘာသာစကားမှာလို ဟိုင်းတို့၊ ဟဲလိုတို့မှ မရှိဘဲ။ ဒီတော့ ကြုံရာနဲ့ စရတော့တယ်။ ဒီတော့ ကြုံရာစနစ် အခြေခံ နှုတ်ဆက်နည်း လို့ ပြောရတော့ မှာပဲ။ မင်းဆီ လာတာပဲ လို့ ကျွန်တော်က ပြန်ပြော လိုက်တော့ သူက ထိုင်လေ တဲ့။ အဲဒီတော့ ကျွန်တော်က ထိုင်တောင် ပြီးနေပြီ။ သူက ထိုင်လေ ဆိုပေတဲ့ ထပ်ပြီး ထိုင်လို့ မရတော့ဘူး။ ထိုင်တယ် ဆိုတာ ကလည်း ထနေမှ ထိုင်လို့ ရတာကိုး။ ထိုင်နေရာ ကနေ ထပ်ပြီး ထိုင်လို့မရဘူး။ မြေပဲတို့ နှမ်းတို့သာ နှစ်ပြန်ေ ကြာ် ကြော်လို့ ရတာ။ ထိုင်တာက ဒီလို လုပ်မရဘူး။ ကျွန်တော် လည်း ဘာမှထပ်ပြီး မပြောသေးဘဲ ကောလိပ် ကျောင်းဆရာ ဘက်ကို လှည့်ပြီး ပြုံးပြ လိုက်မိတယ်။ သူကလည်း ပြန်ပြီး ပြုံးပြရင်း နေကောင်းသလား ဆရာလို့ ပြောတယ်။ ဆရာလို့ ခေါ်တာက အကြောင်း မဟုတ်ဘူး။ ကိုယ်က အခေါ်ခံ ထိုက်လို့ အခေါ်ခံ ရတာမို့ သိပ် စောဒက တက်နေစရာမရှိဘူး။ နေကောင်းသလား ဆိုတာကတော့ ခုနင်က ပြောခဲ့သလိုပဲ။ ကြုံရာစနစ် အခြေခံ နှုတ်ဆက်နည်းပဲ။ လူတစ်ယောက် ကို တွေ့တာနဲ့ နေကောင်းသလား ရယ် လို့ စပြောရမယ် တဲ့လား။ စကား စ, စရာတွေ အပုံကြီး ပါ။ ခင်ဗျား ယောက္ခမကြီး မဆုံးသေးဘူးလား ဆိုတာမျိုး၊ ဒီနှစ် မိုးဦးေ ကာင်းတယ် နော်၊ ခင်ဗျား အလုပ်က လာသလား ဆိုတာမျိုး ပြောမယ် ဆိုရင် ပြောစရာတွေ အပုံကြီးပဲ။ ဘာလို့များ နေကောင်းသလား လို့ မေးနေကြမှန်း မသိဘူး။ ဒီကိစ္စ ကလည်း ပြောမယ် ဆိုရင်တော့ အတော်ရှည်ရှည်ပြောရမှာ။ မတတ်သာရင် အာဒိကပ္ပကျမ်း တို့ ဘာတို့အထိ ပြန်သွားပြီး သလေးစပါး ပေါ်တာတို့၊ မဟာသမ္မတ မင်းမြှောက်တာ တို့အထိ သွားရမှာ။ အဲဒီလိုဖြင့် အချိန်က အတော် ကုန်မှာ။ အချိန်ကုန် ဆို လူတိုင်း ကမှ ကောလိပ် ကျောင်းဆရာ မဟုတ်ဘဲ။

လူတိုင်းမှာ အချိန်တွေ ပိုပိုလျှံလျှံ သိပ်ရှိကြတာ မဟုတ်ဘူး။ ဒီတော့ ဘမြင့်ကို တည့်တည့်ပဲ ပြောရင်း မေးရတယ်။ ငါ မင်းဆီ သက်သက် လာတာ၊ စကား နည်းနည်း ပြောချင်လို့၊ မင်းမှာ အချိန် ရှိသလား။ သူက လက်ပတ်နာရီ ကို ကြည့်လိုက်ပြီး နှစ်နာရီ လောက်ကျ ရင်တော့ သူနဲ့ လိုက်သွားမလို့။ ခု အတိုင်းတော့ဖြင့် တစ်နာရီ သာသာလောက် အချိန်ရတယ် လို့ ဖြေတယ်။ သူဖြေပုံ ကြည့်ရတာ အချိန်ဆိုတာ လက်ပတ်နာရီ ထဲက ထွက်လာ သလိုပဲ။ လက်ပတ်နာရီ ကြည့်ပြီးမှ အဆုံး အဖြတ် ပေးနိုင် ရှာတာ။ အကြောင်းထူး ရှိသလားလို့ သူ့ကို ကျွန်တော်က ထပ်မေးကြည့် မိပြန်တယ်။ သူနဲ့ လိုက်သွားမလို့ လို့ သူက ပြန်ဖြေ ရင်း ကောလိပ် ကျောင်းဆရာ ဘက်ကို မသိမသာ မေးထိုးပြတယ်။

ဒီတော့ ကောလိပ် ကျောင်းဆရာ က ကျွန်တော့်ကို ဆရာရော လိုက်ခဲ့ပါလား။ ကျွန်တော့် တပည့်လေးတွေကို ဆရာနဲ့ စကားပြော စေချင်လို့ ကျွန်တော် စီစဉ်ထားတယ် လို့ ပြောတယ်။ ဘာ အကြောင်းတွေများ ပြောကြမှာ တုံးလို့ ကျွန်တော်က မဆင်မခြင် ချက်ချင်း လိုပဲ ပြန်မေး လိုက်မိတယ်။ ဒီတော့ ဘမြင့်က ကြား ၀င်ဖြေတယ်။ ဘာရယ် မဟုတ်ပါဘူး ကွာ၊ တို့ဖြတ်သန်း လာခဲ့တဲ့အကြောင်း၊ တို့ဘ၀ အတွေ့အကြုံ စသည်ဖြင့် ကြုံရာပေါ့ တဲ့။ ကျွန်တော့် ခေါင်းထဲမှာ တော့ ထူတူတူ၊ အူတူတူ ဖြစ်သွားတယ်။ ဒါနဲ့ပဲ တို့တွေမှာ ပြောလောက်စရာ အကြောင်း ရှိလို့လား လို့ မေးလိုက်မိပြန်တယ်။ ဘမြင့်က ပြုံးတယ်။ ကျေနပ်လို့ ပြုံးတာမျိုးတော့ မဟုတ်ဘူး။ သူ မကျေနပ်လည်း ကျွန်တော် ကတော့ မတတ်နိုင်ဘူး။ ကျွန်တော့် အမြင်မှာတော့ ကျွန်တော်တို့မှာ ဘာများ ထွေထွေထူးထူး ပြောစရာ အကြောင်း ရှိလို့လဲ။ ကျွန်တော် တို့ ဆိုတာက ကျွန်တော် ရယ်၊ ဘမြင့်ရယ်၊ ကောလိပ် ကျောင်းဆရာ ရယ်မှ မဟုတ်ဘူး။ အားလုံး လူတိုင်း။ လူတွေမှာ ဘာများ ကြီးကြီး ကျယ်ကျယ် ပြောစရာ ရှိနေလို့လဲ။ မိုးလင်းတယ်။ မိုးချုပ်တယ်။ အိပ်ယာက ထတယ်။ အိပ်ယာ ၀င်တယ်။ ပျော်တဲ့လူ ရှိတယ်။ ၀မ်းနည်း တဲ့လူ ရှိတယ်။ ပိုက်ဆံ ချမ်းသာလို့ စိတ်ချမ်းသာတယ်။ ပိုက်ဆံမရှိလို့ စိတ်မချမ်းသာဘူး။ ပိုက်ဆံမရှိရင် ဖိနပ်အသစ် မ၀ယ်နိုင်သေးလို့ စီးနေတဲ့ဖိနပ်ကို ထိန်းစီးနေရလို့ စိတ်မချမ်းသာဘူး။ ဟော ပိုက်ဆံရှိတော့ အိပ်ချင်တဲ့လူနဲ့ အိပ်လို့ရတယ်။ ဘာဖြစ်သတုံး။ နေကောင်းတဲ့လူက နေကောင်းတယ်။ လူနေကောင်းပေတဲ့ စိတ်ထဲက နေမကောင်း နေတဲ့လူက ရှိသေးတယ်။ စိတ်ချမ်းသာ ပေတဲ့ ဘာမှ အသုံးမကျတဲ့ ကောင် ရှိတယ်။ လောက ထဲမှာတော့ လူတွေဟာ ဒီလိုချည်းပါပဲ။ တကယ်တမ်း မှာတော့ လူတွေဟာ သေမယ့်ရက် ကို စောင်နေ့ ကြတာချည်း ပဲ။ မသိချင် ယောင် ဆောင်နေကြတဲ့လူတွေ။ ရက်ချိန်းမရသေးတဲ့ လူတွေ။ သေခြင်းဆိုး လို့ လူတကာကခေါ်ပေတဲ့ မသေနိုင်သေးတဲ့ လူတွေ။ မေတ္တာ တရားတွေ၊ ဣတိပိသောတွေ နဲ့နေတဲ့ လျှော သွားတဲ့ သူတော်စင်တွေ၊ ပြောရရင် မဆုံးပါဘူး။

ဆိုချင်တာ ကတော့ လူတွေဟာ သူ့ရဲ့ ပုဂ္ဂလိက ဘ၀ကလေး ထဲမှာ သူတို့ ဘာသာ နေနေကြတာပဲ။ ဘာများ ထူးဆန်း လို့လဲ။ ဒီတော့ ဘယ်သူက ဘယ်သူ့ကို ဘာများ ထူးထူးဆန်းဆန်း ကြီးကြီး ကျယ်ကျယ် ပြန်ပြောနေစရာ ရှိလို့လဲ။ လူမှန်ရင် ဖြတ်သန်းလာပုံ ဆိုတာက အတူတူ ချည်းပဲ။ မွေးရာက သေရာကိုပဲ။ ဒီထက် ဘယ်သူမှ မပိုဘူး။ ဒီတော့ ဘာတွေများ သင်းက ပြန်ပြောပြချင် ရတာလဲ။ အဲဒီတော့ ကောလိပ် ကျောင်းဆရာ က ပြောတယ်။ ဒီလိုပါ ဆရာရယ်၊ ဆရာတို့ ကြီးပြင်းရတဲ့ ခေတ်နဲ့ ကျွန်တော်တို့ခေတ်နဲ့က မတူဘူးမဟုတ်လား။ ဒီတော့ ကာလတရား မတူညီမှုမှာ အခြေခံ လို့ မတူညီ ခဲ့တဲ့ အတွေ့အကြုံ အသိအမြင်ကလေး တွေပေါ့ ဆရာရယ်လို့ အသံခပ်ပျော့ပျော့နဲ့ ပြောတယ်။ ကောလိပ် ကျောင်းဆရာ ဆိုတော့ စကားလုံး ခပ်ကြီးကြီး ကြိုက်ပုံပဲ။ ကျွန်တော် ကတော့ ကောလိပ် ကျောင်းဆရာ က ကိုယ့်ကို ဆရာလို့ ခေါ်တာနဲ့ ပတ်သက်လို့ ကန့်ကွက်စရာ တော့ မရှိပါဘူး။ သူက ကောလိပ်ကျောင်းဆရာ ဆိုတော့ ဆရာတန် ဆရာခေါ်မှာပဲ။ သင်းက ပညာရှိကိုးလို့ပဲ သဘောထား လိုက်တယ်။

ဒါပေတဲ့ အမှန်တရား ဆိုတဲ့ အပိုင်းက ရှိနေသေးတော့ မေးလိုက် ရပြန်တယ်။ ခင်ဗျားက ကာလတရား တစ်ခုခုတိုင်း မှာ ပေါ်လာခဲ့တဲ့ အကြောင်းတိုင်း ဟာ ပြောစရာတွေ ချည်းပဲလို့ ထင်သလား လို့ မေးလိုက်မိတယ်။ သူက ဘာမှတော့ ပြန် မပြောဘူး။ ဘမြင့်က ၀င်မေးတယ်။ မင်းက ဘာကို ဆိုလိုချင် တာလဲတဲ့။ ဒီတော့ လည်း ပြောရပြန်တယ်။ ကမ္ဘာ စစ်သမိုင်း မှာ လှေတွေ မီးရှို့ ပစ်ပြီး အနိုင်တိုက်တဲ့ စစ်သူကြီး ဘယ်နှစ်ယောက် လောက်ရှိတယ် လို့ မင်း ထင်သလဲလို့ သူသိတဲ့ ဘာသာစကား နဲ့ သူ့ကို မေးကြည့်ရတယ်။ ဒီတော့ သူက ပြုံးတယ်။ လိုလို လားလား ပြုံးပြ တာ။ ကျွန်တော်က ကောလိပ် ကျောင်းဆရာ ကို လှည့်ကြည့် လိုက်တော့ သူ့ခမျာ အူတူတူ ဖြစ်နေပုံ ရတယ်။ ဒါနဲ့ပဲ ခင်ဗျား လော့ဂျစ် ဆိုတာကလေးများ လေ့လာ ခဲ့ဖူးသလား လို့ မေးလိုက်တော့ သူက ကျွန်တော်တို့ ပထမနှစ် လောက်က သင်ခဲ့ဖူးလို့ အခြေခံ လောက်တော့ သိပါတယ် တဲ့။ ဒီတော့ လည်း လွယ်လွယ်ပဲ ပြောလိုက်ရတယ်။ ယုတ္တိ စနစ်အရ မှန်ကန် နေခဲ့လို့ နိဒါန်း အဆိုဟာ ဘယ်လို မှားနေနေ အဲဒီစနစ် အရ ရယူလိုက်တဲ့ နိဂုံးဟာ မှန်နေတယ် ဆိုတာ ခင်ဗျား သိတယ် မဟုတ်လား လို့ ပြောတော့ သူက ခဏကြာအောင် တွေးနေပြီးမှ ဖြည်းဖြည်း နဲ့ ပညာရှိ အပြုံး ပြုံးတယ်။ သူကလည်း ကောလိပ်ကျောင်းက ပညာရှိပဲ။ ချက်ချင်းတော့ ဘယ်ပြုံးမလဲ။ ပညာရှိဆိုတာက ဘယ်လောက်ပြောင်မြောက်တဲ့ ပျက်လုံးပဲဖြစ်ဖြစ် ချက်ချင်းမရယ်ရ မပြုံးရဘူး။ အချိန်ယူရတယ်။ ဒါမှ ပညာရှိ ပီသတာကိုး။ ဒါပဲလို့ ကျွန်တော်ကပြောပြီး သူတို့နှစ်ယောက်စလုံးကို တစ်လှည့်စီ လှည့်ကြည့်လိုက်မိတယ်။ ပြီးမှ ဆက်ပြောလိုက်တယ်။

လူဆိုတာ အဲဒီလိုပဲ။ သူတို့ရဲ့ သီးခြား စနစ်တွေ အထဲမှာ မှန်နေကြတာ ချည်းပဲ။ နိဒါန်း အဆိုတွေ မှန်ကောင်း မှန်မယ်၊ မှားကောင်း မှားနေမယ်၊ ဒါပေတဲ့ သူတို့ရဲ့ သီးခြားစနစ် ထဲမှာတော့ နိဂုံးေ တွဟာ မှန်နေတာချည်း ပဲ။ ဒီတော့ ဘယ်သူက ဘယ်သူ့ကို ဘာများပြောစရာ ရှိနေတော့မှာလဲလို့ ပြောလိုက်မိတယ်။ ဘမြင့်တို့ နှစ်ယောက်သား ဘာမှပြန်မပြောဘဲ သူတို့ ဘာသာ တွေးနေကြပုံရတယ်။ နောက်တော့ မှ ဘမြင့်က မင်းလာတာ အဲဒါပြောဖို့လာတာလားလို့ မေးတယ်။ မဟုတ်ပါဘူး လို့ ကျွန်တော်ကဖြေလိုက်ရင်း ကြီးကျယ်ခမ်းနားသော အရေးအသားများအကြောင်း နည်းနည်းပြောချင်လို့လို့ ဆက်ပြောချလိုက်မိတယ်။ ဘမြင့်က ဆိုဖာပေါ် ကျောမှီထိုင်နေရာက ကျောကို ခွာပြီး ရှေ့ကို ငိုက်လိုက်ရင်း ဘာကြီးကျယ် ခမ်းနားသော အရေးအသား များ၊ ဘာတဲ့လို့ ပြောသလိုလို နဲ့ မေးတယ်။ ငါ စာတစ်ပုဒ် ဖတ်လိုက်ရတယ်။ တို့ဆီက ပို့စ်မော်ဒန် ဆရာကြီး တစ်ယောက် ရေးတာ။ အဲဒါက ကြီးကျယ် ခမ်းနားသော အရေးအသား များ ပြီးဆုံးသွားပြီ ဆိုသလားပဲလို့ ကျွန်တော်က ပြောလိုက်တော့ ဘမြင့်က ဒီတော့ ဘာဖြစ်သလဲလို့ ချက်ချင်းပြန်မေးတယ်။ ဘာဖြစ်ရမှာလဲ ငါ့လူရဲ့။ ကြီးကျယ်ခမ်းနားသော အရေးအသားများ ပြီးဆုံးသွားရင် ငါရေးတာတွေ အဲဒီစာရင်းထဲ ဘယ်ပါနိုင်တော့မလဲ။ ငါလည်း ကြီးကျယ်ခမ်းနားတဲ့စာရင်းထဲ ပါချင်သေးသပေါ့ကွာ။ နည်းနည်းဖြစ်ဖြစ်ပေါ့လို့ ကျွန်တော်က ပြောလိုက်တယ်။ ဘမြင့်က ပြုံးတယ်။ ကောလိပ် ကျောင်းဆရာ ကလည်း သူ့ရဲ့ ပညာရှိ အပြုံးနဲ့ ပြုံးပြန်တယ်။ ဘမြင့်က ဘာကို ကြီးကျယ် ခမ်းနားသော အရေးအသား ဆိုတာက ဘာလဲလို့ မေးတယ်။ ဂရင်း(ဒ)နယ်ရေးတစ် ကို ပြောတာလို့ ကျွန်တော်က ပြန်ဖြေတော့ ဘမြင့်က ဂရင်း(ဒ)နယ်ရေးတစ် ဟာ ကြီးကျယ် ခမ်းနား သော အရေးအသား ဆိုရင်တော့ မင်း ဘာမှ စိတ်မပူနဲ့၊ မင်းရေးတာတွေ အဲဒီစာရင်းထဲ ပါမှာ မဟုတ်ဘူးတဲ့။ ဘာလို့တုန်းကွ လို့ ကျွန်တော်က မေးတော့ သူက သူတို့ပြောတဲ့ ဂရင်း(ဒ)နယ်ရေးတစ် ဆိုတာက တို့ နားလည်တဲ့ ကြီးကျယ် ခမ်းနားသော နာမ ၀ိသေသနနဲ့ အနက်ဖော်ထားတာ မဟုတ်ဘူး။ သူတို့ပြောတဲ့ ဂရင်း(ဒ)နယ်ရေးတစ် တို့မှာလည်း မရှိဘူးလို့ သူက ပြန်ဖြေတယ်။

ကျွန်တော် ကတော့ အတော် ကျေနပ်လိုက် မိတယ်။ မရှိတဲ့ အထဲတော့လည်း မပါချင်ဘူး။ မကြီးကျယ်ရ၊ မခမ်းနားရ လို့လည်း အရေးမကြီးဘူး။ မရှိတဲ့အထဲမှာ ကြီးကျယ်ခမ်းနား နေလို့ ဘာသွား လုပ်ရမှာလဲ။ လူတစ်ယောက် နှစ်ယောက်က ရှိတယ် မရှိဘူး လို့ ထင်ရာ စိတ်ကူး အတွေးထူးနဲ့ ဆုံးဖြတ်ရုံ နဲ့တော့လည်း ဒီလောကကြီး ဘာမှဖြစ်မှာ မဟုတ်ဘူး။ အဲဒီတုန်း မှာပဲ ကောလိပ် ကျောင်းဆရာက ဆရာ ခုနကပြောတဲ့အထဲမှာ လူတွေ အားလုံးဟာ အတူတူပဲမို့ ဘာမှ မထူးကြလို့ ပြောစရာအကြောင်း မရှိလှဘူးဆိုရင် ဆရာဝတ္ထုရေးနေတာတွေကကောလို့ မေးတယ်။ မေးပုံကဖြင့် နောက်ချေးနံ့ကို အညာရနံ့လုပ်ချင်လို့မေးတဲ့ အမေးမျိုး။ ကျွန်တော်ကတော့ ပြောစရာရှိတာပေါ့။ ခွင်ဝင်လာလို့ကဖြင့် ဖေရှင်ဘုရင်ကို မင်းမြှောက်ပေးနေစရာတောင် မလိုဘူး။ ပလ္လင်အောက်ဆီကတင် ဖနောင့်နဲ့ ထပေါက်ပြပါ့မယ်။ ခံဟဲ့နင့်ကျော ဆိုတဲ့ အတိုင်းပဲ။ ကျွန်တော်က ၀တ္ထုရေးဆရာ ကိုး။ ၀တ္ထုရေးဆရာ မှာက ခင်ဗျားတို့ ဘမြင့်တို့မှာ မရှိတဲ့ စွမ်းအား တစ်မျိုးရှိတယ်။ အဲဒါက ဖန်တီးနိုင်စွမ်း ပဲ။ ခင်ဗျား တို့လို လူသာမန် တွေ၊ သာမန်လူတွေ၊ ပညာရှိတွေ၊ ပညာတတ်တွေမှာ မရှိတဲ့ စွမ်းရည် တစ်မျိုးဗျ လို့ ပြောနေတုန်း ဘတင့် တစ်ယောက် အခန်းပေါက်ဝ ဆီကို ရောက်လာတယ်။ သူ့ကို ကျွန်တော်တို့ အားလုံး လှမ်းကြည့် လိုက်မိကြတယ်။ သူကတော့ ကျွန်တော့် ကိုပဲ ကြည့်လိုက်ရင်း အစ်ကို ဒီမှာ ကိစ္စပြီးရင် ကျွန်တော့် ပန်းချီ အခန်းဘက် ဆီ ၀င်ခဲ့ဦးလေ လို့ ပြောတယ်။ ကျွန်တော် က ဘာမှ မပြောရသေးခင် ဘမြင့် က ဘာထူးသလဲ လို့ သူ့ညီကို မေးတယ်။ မထူးပါဘူးလို့ ဘတင့်က ပြန်ဖြေရင်း ခုနတင် ၀ီစကီခြောက်လုံးရထားလို့ အစ်ကိုများ အကြောင်းထူးမရှိရင် ၀ီစကီမြည်းရအောင်လို့ လာခေါ်တာပါလို့ ဖြေတယ်။ ငါ့မှာ ဘာကိစ္စမှ ထွေထွေထူးထူးမရှိတော့ပါဘူးလို့ ပြောရင်း ကျွန်တော်က ထိုင်ရာက ထလိုက်မိတယ်။ ဘမြင့်နဲ့ ကောလိပ်ကျောင်းဆရာက ကြည့်နေတယ်။ သူတို့ကိုကြည့်လိုက်ရင်း မင်းတို့လည်း သွားချင်ရာသွားတော့၊ ငါလည်း ၀ီစကီသွားမြည်းလိုက်ဦးမယ်လို့ ပြောလိုက်တယ်။ ဘမြင့်က ခုနက မင်းပြောတဲ့ ကြီးကျယ် ခမ်းနားတဲ့ အရေးအသား ကိစ္စက ပြီးပြီလားလို့ မေးတယ်။ ပြီးပြီလို့ ပြောလိုက်တော့ ဘမြင့်က ပြုံးနေတယ်။ ကျွန်တော် ဘာကိုဆိုလိုတယ်ဆိုတာ သူ သဘောပေါက် သွားပုံရတယ်။ ပေါက်ရမှာပဲ သူက လူတော်။ လူတော်မဖြစ်လို့ မဖြစ်ဘူး။ ကျွန်တော့်လိုကောင်းမျိုးနဲ့ သူငယ်ချင်းဖြစ်နေမှတော့ လူတော်ဖြစ်ရမှာပဲ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်း မှာ ခပ်ညံ့ညံ့ လူ ရှားတယ်။ ပထမတန်း နံပါတ်ဝမ်း၊ တစ်ဂဏန်းထဲက လူတွေ မဟုတ်တောင် ဒုတိယ က ပထမမဟုတ်ဘူး ဆိုတာလောက်တော့ သိတယ်။

မြင့်သန်း

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: