ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်

ချမ်းငြိမ်းအောင် ရေးသည်။

“နှစ်လရာသီ ခါနာရီ ရွေ့ပေမယ့် အာဇာနည်နေ့ ကိုဖြင့် မမေ့သင့် ပါပေ။ ယနေ့ဖြင့် အသိတရား ထားဖို့ အခြေ အများ ပြည်သူတွေ အများ ပြည်သူတွေ အာဇာနည်နေ့ ကိုလေ တွေးရှု ကာပဲ အလေးပြု ပါတယ်လေ”

(၆၃) နှစ် မြောက်ခဲ့ပြီ ဖြစ်သော အာဇာနည်နေ့ သို့ ရောက်ပြီ။ သည်နေ့ သို့ ရောက်ပြီ။ သည့်နေ့သို့ ရောက်တိုင်း ကြားရလေ့ ရှိသော အဆိုတော်ကြီး ဒေါ်မေလှမြိုင် ၏ ကြေကွဲ လွမ်းဆွတ်ဖွယ် တေးသံ သည် အချိန်အခါ၊ နေရာဒေသ၊ အခြေအနေများ နှင့် လိုက်လျောညီထွေ စွာ ကြားရသူတိုင်း ၏ ရင်ကို လှုပ်ခါနိုင်စွမ်း ရှိလှသည်။ မှတ်မိ ပါသေးသည်။

(၁၉၆၅) ခုနှစ် ၀န်းကျင်၊ လွန်ခဲ့သော နှစ်ပေါင်း (၄၅) နှစ်ခန့် က နေရောင် မလင်း။ မိုးမင်းအုပ်ဆိုင်းလျက်ရှိသော သည်နေ့တွင် အထက်တန်း ကျောင်းသားဘ၀ ၌ ကျောင်းဆရာ၊ ဆရာမများ အစီအစဉ်ဖြင့် အာဇာနည် အထူးပြပွဲ ကို ကြည့်ခဲ့ရဖူးသည်။ ပြပွဲမှာ တပ်မတော် ခန်းမ ကို (ထိုစဉ်က အင်ဗွိုင်း ခန်းမ) မှာ ဖြစ်သည်။ ပြပွဲသို့ ရောက်ရန် မိုးက ဖွဲဖွဲ တွင် တန်းစီ ၀င်ရောက်ကြရသည်။ ပြပွဲသို့ ၀င်ရောက်ရန် စီထားသော တန်းမှာ လေးယောက်တွဲ စီထားသည် ကိုပင်လျှင် ဦးဝိစာရလမ်း နှင့် ရွှေတိဂုံ ဘုရားလမ်းဆုံ လောက်အထိ ရောက်သည်။ တန်းစီရကျိုး၊ စောင့်ရကျိုး နပ်လှသည်။ ကြည့်ရှုရသော ပြကွင်း ပြကွက်များကို ကြည့်၍ ခံစားရမှုကို မမေ့ခဲ့ပါ။

အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံရသော အတွင်းဝန်ရုံး မှ အစည်းအဝေးခန်း ကို ပုံစံငယ် ပြုလုပ် ပြသထားရာ ခေါင်းဆောင်ကြီးများ အတုံးအရုံး ကျဆုံးနေပုံကို ကြည့်ရှုရင်း ဆို့နင့်ဝမ်းနည်းမျက်ရည်ဝဲခဲ့ရသည်ကို သတိရနေဆဲဖြစ်သည်။ အင်ဗွိုင်းခန်းမမှ ပြခန်းများကို ကြည့်ပြီးသောအခါ ဗဟန်း၊ တာဝါလိန်းလမ်းရှိ ဗိုလ်ချုပ် အောင်ဆန်း ပြတိုက် သို့ သွားရောက် ကြည့်ရှု ကြရသည်။ အင်ဗွိုင်း ခန်းမ ပြပွဲကို မျက်မှောက် ခေတ်၊ အသက် (၃၅) နှင့် (၄၀) ၀န်းကျင်ရှိ လူငယ် လူလတ်များ ကြည့်ခဲ့ဖူး ကြမည် မဟုတ်ချေ။ ဗိုလ်ချုပ် အောင်ဆန်းပြတိုက် ကိုမူ ရောက်ဖူး၊ ကြည့်ဖူး ကြပေလိမ့်မည်။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ဖြစ်ပေါ်ခဲ့ပုံ၊ ဗိုလ်ချုပ်နေအိမ် မှာ ဗိုလ်ချုပ် အောင်ဆန်း ပြတိုက် ဖြစ်ပေါ်ခဲ့ပုံကိုမူ သိရှိသူ နည်းပါး ကြပေလိမ့်မည်။ မိမိ သည်ပင်လျှင် လုပ်ငန်း တာဝန်အရ ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်ကို ကြီးကြပ် ထိန်းသိမ်း ခင်းကျင်းပြသသည့် လုပ်ငန်းများ ဆောင်ရွက်ခွင့် ရသည့်အခါမှသာ အသေအချာ သိရှိခဲ့ရခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ပြတိုက်

ဗိုလ်ချုပ်ပြတိုက် (သို့မဟုတ်) ဗိုလ်ချုပ် အောင်ဆန်းပြတိုက် မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း နေထိုင် ခဲ့သော နေအိမ်ကို ပြတိုက် အဖြစ် ခင်းကျင်း ပြသ ထားခြင်း ဖြစ်သည်။ အမှတ် (၂၅) ၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ (ယခင် တာဝါလိန်းလမ်း)၊ ဗိုလ်ချို (၃) ရပ်ကွက်၊ ဗဟန်းမြို့နယ် တွင် တည်ရှိသည်။ ဘဲဥပုံ သဏ္ဌာန် Oval shape မြေကွက် ဖြစ်၍ ခြံဝင်း အကျယ်မှာ (၂.၄၂၃) ဧက ရှိမည်။ (၁၉၂၁) ခုနှစ် တွင် ဆောက်လုပ်ခဲ့သော အဆောက်အဦ ဖြစ်၍ အနောက်တိုင်း ဗိသုကာဟန် ရောနှော တည်ဆောက်ထားသော (၂၀) ရာစု ဥရောပ ပုံစံ ဖြစ်သည်။ နေအိမ် အဆောက်အဦမှာ ခြံဝင်း အတွင်း၌ ရှိသော (၁၈) ပေမြင့်သည့်ကုန်းပေါ်တွင် တောင်ဘက်သို့ မျက်နှာစာပြုကာ တည်ဆောက် ထားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ဖွဲ့စည်းပုံ

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်မှာ နှစ်ထပ် အဆောက်အဦ ဖြစ်သည်။ အောက်ထပ် ကြမ်းခင်း၊ အပြင်ဘက် စင်္ကြံ ကော်ရစ်ဒါ၊ အောက်ထပ် နံရံနှင့် အပြင်ဘက် နံရံများမှာ အုတ်ရိုးခံဖြစ်သည်။ အပေါ်ထပ် ကြမ်းခင်းကို ကျွန်းလျှာထိုးများ ခင်းထားပြီး အပေါ်ထပ် အပြင်ဘက် ၀ရန်တာများ မှာ လည်း သစ်သားခင်းထားသည်။ မြောက်ဖက်သို့ မျက်နှာပြုထားသောအပြင်ဘက် လသာဆောင် တစ်ခုတည်း ကိုသာ အုတ်စီပြီး ကွန်ကရစ် ခင်းထားသည်။ အောက်ထပ်တွင် ဧည့်ခန်း၊ living room နှင့် ထမင်းစားခန်း၊ dinning room တို့ ရှိသည်။ အပေါ်ထပ်သို့ တက်ရောက်ရန် ဧည့်ခန်းဆောင် အခြေမှစသော သစ်သားလှေကားတပ်ဆင်ထားသည်။ အပေါ်ထပ် အရှေ့ဘက်ရှိ ခန်းမကြီးတွင် ဗိုလ်ချုပ် အောင်ဆန်း နှင့် ဒေါ်ခင်ကြည် တို့ ဇနီးမောင်နှံ အိပ်ခန်း၊ Master Bed Room နှင့် စာဖတ်ခန်းတို့ ရှိသည်။ ပင်မ အိပ်ခန်း၏ ခေါင်းရင်းပိုင်း လက်ယာဘက် နေအိမ်ကြီး ၏ အရှေ့တောင် ထောင့် အပေါ်ထပ် မျှော်စင်ဆောင်တွင် ဘုရားခန်း ရှိသည်။ မျှော်စင်ဆောင်ရှိ ဘုရားခန်းသို့ တက်ရောက်ရန် ပင်မအိပ်ခန်း ခေါင်းရင်းဘက် လှေကားငယ် တစ်ခု တပ်ဆင်ထားသည်။ အနောက်ဘက်ရှိ ခန်းမကြီး တွင် အထူး အစည်းအဝေး နှင့် ကလေးများ အတွက် အိပ်ခန်းရှိသည်။ ပင်မ ခန်းမကြီး တစ်ခုစီတွင် ရေချိုးခန်းနှင့် သန့်စင်ခန်း သီးခြားတစ်ခန်း စီ ပါရှိသည်။ အောက်ထပ် အိမ်မကြီး၏ အနောက်ဖက် အရပ်မျက်နှာ အားဖြင့် မြောက်ဖက်တွင် မီးဖိုဆောင်ကို သီးခြား ဆောက်လုပ်ထားသည်။

ဗိုလ်ချုပ်နေအိမ်မှ ဗိုလ်ချုပ်ပြတိုက်သို့

ဗိုလ်ချုပ်အောင်ဆန်း သည် မိသားစု နှင့်အတူ ဤအိမ်တွင် (၁၉၄၅) ခုနှစ်၊ မေလမှ (၁၉၄၇) ခုနှစ် ဇူလိုင်လ လုပ်ကြံ ခံရသည့်နေ့ အထိ နေထိုင်ခဲ့သည်။ ထိုစဉ်က မူလ ပိုင်ရှင်ဖြစ်သော တရုတ် လင်မယားနှစ်ဦး ထံမှ ငှားရမ်း နေထိုင်ခြင်း ဖြစ်ပြီး လစဉ် မီတာခ နှင့် ကျသင့်ငွေများ ကို ဗိုလ်ချုပ်၏ ကိုယ်ရေး အရာရှိ ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း) က စီစဉ် ပေးဆောင်ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံရပြီးနောက် (၁၉၄၈) ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် ရန်ပုံငွေမှ ကျခံလျက် ရန်ပုံငွေ ကြီးကြပ် ထိန်းသိမ်းရေး အမှုဆောင်အဖွဲ့ က မူလပိုင်ရှင် တရုတ် လင်မယား ထံမှ စာချုပ်စာတမ်း ဖြင့် ကျပ်ငွေ (၃) သောင်း ပေးချေကာ အပြီးအပိုင် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီး နောက်ပိုင်း တွင် ကျန်ရစ်သူ မိသားစု ဆက်လက် နေထိုင်ခဲ့သည်။ (၁၉၅၃) ခုနှစ်တွင် နေအိမ် ခြံဝင်း အတွင်း အရှေ့တောင် ဘက်ရှိ ရေကန်တွင် သားလတ်ဖြစ်သူ အောင်ဆန်းလင်း ရေနစ်သေဆုံးပြီးနောက် ဤအိမ်တွင် မည်သူမျှ ဆက်လက် နေထိုင်ခြင်း မရှိတော့ပေ။ (၁၉၅၅-၁၉၅၆) ခုနှစ် တွင် ယဉ်ကျေးမှုဗိမာန် ဦးစီးဌာန ၏ ပထမဆုံးသော ညွှန်ကြားရေးဝန် ဦးသာမြတ်၊ အမျိုးသားပြတိုက် ၊ပြတိုက်မှူးကြီး ဒေါ်ညွှန့်ဟန်နှင့် အကြံပေး အရာရှိ Dr. Nibarran Rays တို့သည် ဗိုလ်ချုပ် အောင်ဆန်း နေအိမ်သို့ လာရောက်ကြည့်ရှုပြီး အများပြည်သူ ကြည့်ရှုနိုင်ရေး အတွက် ပြတိုက်အဖြစ် ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက် ခဲ့ကြလေသည်။ (၁၉၅၇) ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့ တွင် နိုင်ငံတော် အစိုးရက ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ထံမှ ပြတိုက် ပစ္စည်းများ အဖြစ် ပြသ ထားရှိရန် အောက်ဖော်ပြပါ ပစ္စည်းများကို ၀ယ်ယူခဲ့ကြောင်း မှတ်တမ်းများ အရ သိရှိရသည်။

ပရိဘောဂများ

(၁) အ၀င်အ၀အခန်းရှိ ပရိဘောဂများ ဦးရေ (၄)ခု – (၂၉၅) ကျပ်
(၂) ဧည့်ခန်းရှိ ပရိဘောဂများဦးရေ (၁၄)ခု – (၂၇၇၅) ကျပ်
(၃) စာကြည့်ခန်းရှိ ပရိဘောဂများဦးရေ (၈)ခု – (၈၇၀) ကျပ်
(၄) အစည်းအဝေးခန်းမရှိပရိဘောဂများဦးရေ (၅)ခု – (၁၃၀၀) ကျပ်
(၅) ထမင်းစားခန်းရှိ ပရိဘောဂများဦးရေ (၁၅)ခု – (၁၅၂၅) ကျပ်
(၆) ပင်မအိပ်ခန်းရှိ ပရိဘောဂများဦးရေ (၇)ခု – (၁၂၂၅) ကျပ်
စုစုပေါင်းတန်ဖိုး (၁၀၀၁၅) ကျပ်

အခြားပစ္စည်းများ
(၁) Wolseley motor car (၁)စီး – (၁၀၀၀၀) ကျပ်။
(၂) Phillip Radio (၁)လုံး – (၇၀၀) ကျပ်။
(၃) ပန်းကန်ပြား နှင့် အခြားအသုံးအဆောင်များ (၂၁၀၇) ကျပ်။
စုစုပေါင်းတန်ဖိုး (၁၂၈၀၇) ကျပ်။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ကို (၁၉၅၉) ခုနှစ်တွင် အောင်ဆန်းမြို့ ပြန်လည် ထူထောင်ရေးတပ် မှ မွမ်းမံ ပြင်ဆင်ခဲ့ပါသည်။ တပ်မတော် အိမ်စောင့်အစိုးရ လက်ထက် (၁၉၆၀) ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းပြတိုက် နှင့်စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ကာ ပြတိုက်ကို စတင် ဖွင့်လှစ်ပြသ ခဲ့သည်။ တော်လှန်ရေး ကောင်စီအစိုးရ လက်ထက်တွင် ပြတိုက် အဆောက်အဦနှင့် နေအိမ် တစ်ခုလုံးကို ပြန်လည်ပြုပြင် မွမ်းမံပြီး (၁၉၆၂)ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် (၂၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို ဇူလိုင်လ (၁၉) ရက်နေ့မှ (၂၅) ရက်နေ့ အထိ နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၅) နာရီ အထိ အခမဲ့ ဖွင့်လှစ်ပြသခဲ့သည်။

(၁၉၉၇)ခုနှစ်၊ မေလမှ စတင်၍ ပြည်တွင်း ၀င်ကြေး (၃) ကျပ်နှုန်း၊ နိုင်ငံခြားသားဝင်ကြေး (2 US $/ FEC ) စတင်ကာ သတ်မှတ် ကောက်ခံခဲ့သည်။ (၆၊၁၁၊၁၉၉၉) ခုနှစ်အထိ ဤသတ်မှတ်နှုန်းထားဖြင့် သာ ကောက်ခံပြီး ဖွင့်လှစ် ပြသခဲ့သည်။

အကြီးစားပြုပြင်ထိန်းသိမ်းခြင်း

(၁၉၉၉) ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့မှ စတင်၍ နိုင်ငံတော် အကြီးအကဲ များ၏ စေတနာဖြင့် လမ်းညွှန်ပံ့ပိုးမှု အရ ပြတိုက်ကို အကြီးစား ပြုပြင်ထိန်းသိမ်း ခဲ့သည်။ အကြီးစား ပြုပြင်ထိန်းသိမ်း ရာတွင် လုပ်ငန်း စိတ်ပေါင်း (၃၈) ခု ပြုပြင် ဆောင်ရွက်ခဲ့ပြီး ပြင်ဆင် ထိန်းသိမ်းမှု လုပ်ငန်း အရပ်ရပ် အတွက် နိုင်ငံတော်က ကျပ်သိန်း (၃၀၀) ကျခံ သုံးစွဲခဲ့ကြောင်း သိရှိရပါသည်။ ပြင်ဆင် ထိန်းသိမ်းဆဲ ကာလအတွင်း ပြတိုက်ကို (၂၀၀၀) ပြည့်နှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့အထိ ပိတ်ထားခဲ့သည်။

ပြန်လည်ဖွင့်လှစ်ခြင်း

(၂၀၀၀) ပြည့်နှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၊ (၅၃) နှစ်မြောက် အာဇာနည် နေ့ အထိမ်းအမှတ် အခမ်းအနား နှင့်အတူ ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်ကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ပြတိုက်ဝင် ကြေးနှုန်းထားများ အဖြစ် ပြည်တွင်း လူကြီး (၁၀) ကျပ်၊ ကျောင်းသား၊ သံဃာ၊ သီလရှင် (၅)ကျပ်၊ နိုင်ငံခြားသား 3 US $/FEC ဟု ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။ အမျိုးသား ပြတိုက်ကြီး ကဲ့သို့ပင်၊ တနင်္လာနေ့ နှင့် အခြား ပြန်တမ်းဝင် ရုံးပိတ်ရက်များ မှအပ နေ့စဉ်နံနက် (၁၀း၃၀) နာရီမှ ညနေ (၃း၃၀) နာရီ အထိ (၂၀၀၇) ခုနှစ်၊ ဇန်န၀ါရီလ (၉) ရက်နေ့ အထိ ဖွင့်လှစ် ပြသခဲ့သည်။ (၂၀၀၈) ခုနှစ်၊ မေလ (၂) ရက်နှင့် (၃)ရက်နေ့ တွင် တိုက်ခတ်သော နာဂစ်မုန်တိုင်း ကြောင့် ရန်ကုန်မြို့တော် တွင်လည်း ပျက်စီး ဆုံးရှုံးမှုများ ရှိခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် တွင်လည်း နေအိမ် အဆောက်အအုံ အမိုးပိုင်း၊ လသာဆောင်၊ အိမ်မကြီးနှင့် မီးဖိုစင်္ကြလမ်း၊ မော်တော်ကား ဂိုဒေါင်၊ ၀င်းခြံ အုတ်တံတိုင်း တို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ခြံဝင်း အတွင်းမှ သစ်ပင်ကြီး များလည်း ပြိုလဲခဲ့သည်။ ယင်း ပျက်ဆီးမှုများ အားလုံးကို (၆၁) နှစ်မြောက် အာဇာနည်နေ့ အမီ ပြင်ဆင်နိုင်ခဲ့သည်။

ဗိုလ်ချုပ် အောင်ဆန်းပြတိုက် အဆောက်အအုံ မှာ မူလက သံကူ ကွန်ကရိ မဟုတ်ဘဲ သစ်သားထည် အုတ်ရိုးစီ အဆောက်အဦ သာ ဖြစ်သည်။ အကြီးစား ပြင်ဆင်သော အခါမှသာ မူလလက်ရာ မပျက်စေပဲ လိုအပ်သောနေရာတွင် ကြံ့ခိုင်မှု အတွက် သံကူ ကွန်ကရိ များဖြင့် မွမ်းမံ ထိန်းသိမ်းခဲ့ရခြင်း ဖြစ်သည်။ သို့ဖြစ်၍ အထိမ်း အမှတ် အဆောက်အဦတစ်ခုအနေဖြင့် ရေရှည် တည်တံ့စေရေး၊ လာရောက် ကြည့်ရှုကြသော အများ သူငါ အန္တရာယ် မဖြစ်စေရေး အတွက် (၂၀၀၇) ခုနှစ်၊ ဇန်န၀ါရီလ (၁၀) ရက်နေ့ မှစ၍ ပြတိုက်ကို နေ့စဉ် ဖွင့်လှစ်ခြင်းမှ ရပ်ဆိုင်းခဲ့ရသည်။ အာဇာနည် နေ့များတွင်မူ အထိမ်းအမှတ်အဖြစ် နံနက် (၉) နာရီမှ ညနေ (၄) နာရီ အထိ ပြည်တွင်း အခမဲ့၊ နိုင်ငံခြားသားများအား သတ်မှတ်နှုန်းထားဖြင့် ကောက်ခံလျက် ဖွင့်လှစ် ပြသခဲ့သည်။ (၂၀၀၉) ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့ (၆၂) မြောက် အာဇာနည်နေ့တွင် ပြည်တွင်း ကျား/မ (၁၅၉၁)ဦး၊ သံဃာ (၃၉) ပါး၊ သီလရှင် (၂) ပါး၊ နိုင်ငံခြားသား (၁၂) ဦး လာရောက် ကြည့်ရှုခဲ့ ကြပြီး (၂၀၀၈) ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ (၆၁) နှစ်မြောက်နေ့ တွင် ပြည်တွင်း ကျား/မ (၁၅၉၁) ဦး၊ သံဃာ (၃၉) ပါး၊ သီလရှင် (၂) ပါး၊ နိုင်ငံခြားသား (၁၂) ဦး လာရောက် ကြည့်ရှု ခဲ့ကြကြောင်း မှတ်တမ်းများ အရ သိရှိရသည်။

နောက်တစ်လံပြန်ကြည့်

မြန်မာနိုင်ငံသည် (၁၈၂၄) ခုနှစ်၊ (၁၈၅၂) ခုနှစ်၊ (၁၈၈၅) ခုနှစ် တွင် ကိုလိုနီနယ်ချဲ့ တို့၏ မတရား ကျူးကျော်စစ် သုံးကြိမ်ဖြင့် သူ့ကျွန်ဘ၀ ကျရောက်ခဲ့ရသည်။ စစ်ရေးအရ နိုင်ငံရေး အရ သူ့ကျွန် ဖြစ်ခဲ့ရသော်လည်း ယဉ်ကျေးမှု အရ သူ့ကျွန်ဖြစ်ခြင်း၊ ဆုံးပါး ချုပ်ငြိမ်းခြင်း မရှိခဲ့ပေ။ ရုပ်ပိုင်းဆိုင်ရာ ဒြပ်ရှိ အထိမ်းအမှတ် အဆောက်အအုံ၊ နေရာ ဒေသ၊ ၀တ္ထုပစ္စည်းများနှင့် စိတ်ပိုင်းဆိုင်ရာ ကိုးကွယ် ယုံကြည်မှု၊ ဘာသာတရား၊ ထုံးထမ်း စဉ်လာ၊ ဓလေ့စရိုက်နှင့် ကျင့်ဝတ်များ ကိုမူ ကိုလိုနီနယ်ချဲ့တို့ မတရား သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပေ။ မြန်မာ ဟူသော စိတ်ဓာတ် နှင့် စရိုက် လက္ခဏာ တို့ကို နယ်ချဲ့တို့ ၀ါးမြိုနိုင်ခြင်း မရှိခဲ့ပေ။ ထိုသို့သော ယဉ်ကျေးမှု အမွေအနှစ်များ သည် အမျိုးသား စရိုက်လက္ခဏာ (National Indentity) များဖြစ်သည်။ အမျိုးသားရေး စရိုက် လက္ခဏာများ သည် မျိုးချစ်စိတ်ဓာတ် (National Spirit) နှင့် နိုင်ငံတော် အချုပ်အခြာ အာဏာ(National Soveriegnty) ၏ ဗဟိုပြုရာ ဖြစ်သည်။ ဤသို့ဖြင့် မျိုးချစ် စိတ်ဓာတ်ကို အရင်းတည်ကာ သွေးအသက်များ ပေးဆပ် ထပ်လောင်း၍ တိုင်းချစ် ပြည်ချစ် အမျိုးချစ်သူများ ၏ ကြိုးပမ်း ဆောင်ရွက်မှုများ ကြောင့် လွတ်လပ်ရေး အောင်ပန်းကို ဆင်မြန်း နိုင်ခဲ့ခြင်း ဖြစ်သည်။ ရှေ့တစ်ခေါ် မျှော်ကြည့် ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကဲ့သို့ မော်ကွန်းတင်ခဲ့ရသော မော်ကွန်း မတင်ခဲ့ရသော စွန့်လွှတ် စွန့်စား အာဇာနည်များ များစွာ ရှိခဲ့ချေပြီ ဖြစ်၏။

ပါတော်မူသည့် (၁၈၈၅) ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်၊ နောက်တစ်နေ့ မှသည် လွတ်လပ်ရေး ရသည့်အထိ ကာလများတွင် လည်းကောင်း၊ လွတ်လပ်ရေး ရပြီးသည့် နောက်ပိုင်း ပြည်တွင်း သောင်းကျန်းမှု များကို နှိမ်နင်း ဖယ်ရှားရင်း မျက်မှောက်ကာလ အထိ အများပြည်သူ အတွက် စွန့်လွှတ် စွန့်စား ခဲ့ကြသူများ ၏ အသက်များ၊ သွေးများဖြင့် ယနေ့ မြန်မာနိုင်ငံ တော်ကြီး ဖြစ်တည် နေခဲ့ခြင်း ပင် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ သော မျိုးချစ် ပုဂ္ဂိုလ် အပေါင်း၏ ကျေးဇူးတရား ကို အစဉ်အမြဲ သတိတရ ရှိသင့်လှပေသည်။

လွတ်လပ်ရေး ရသည် ဆိုခြင်းမှာ တစ်ချိန်သောအခါ ကာလတွင် မလွတ်လပ်သော အဖိနှိပ် ခံရသော ချိုးနှိမ်ခံရသော သူ့ ကျွန်ဘ၀ ရောက်ခဲ့ဖူးသည် ဟု ဖော်ညွှန်း အသိပေး နေခြင်း ဖြစ်သည်။ မလွတ်လပ်သော အချုပ်အခြာ အာဏာကင်းမဲ့ ဆိတ်သုဉ်းသည့် ဘ၀မှ လွတ်လပ်သော အချုပ်အခြာ အာဏာ ပိုင်စိုးသည့် ဘ၀သို့ ရောက်ရန်၊ စာတစ်ကြောင်း၊ စာတစ်ပိုဒ်နှင့် ပြီးသော်လည်း တကယ့် လက်တွေ့တွင်မူ ဘ၀ပေါင်း များစွာ အသက်ပေါင်း များစွာ ပေးဆပ်ပြီးမှ လွတ်လပ် ရေး အောင်ပန်းကို ဆွတ်လှမ်း နိုင်ခြင်း ဖြစ်သည်။ လွတ်လပ်ရေးကို အမိအရ ကြိုးပမ်းရာမှ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံကြရသည်တွင် အာဇာနည်နေ့ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ ဆက်လက်၍ မဆုတ်မနစ် ကြိုးပမ်း အားထုတ်မှု ကြောင့် လွတ်လပ်ရေး ရခဲ့ကြသဖြင့် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ အမှန်စင်စစ် လွတ်လပ်ရေးနေ့ ဟူ၍ မရှိခဲ့လျှင် လွတ်လပ်ရေး ကြိုးပမ်းရင်း ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံရသဖြင့် အာဇာနည်နေ့ ဟူ၍ မရှိခဲ့လျှင် ပိုကောင်းသည် ဖြစ်၏။ ဤသို့သာ ဖြစ်ခဲ့လျှင် မြန်မာတို့သည် မည်သည့် အခါ ကမှ၊ သူ့ကျွန်ဘ၀သို့ ကျရောက်ခဲ့ခြင်း မရှိကြောင်း ပေါ်လွင် နိုင်မည် ဖြစ်၏။
“စေ့ စေ့တွေးလျှင် အသေအချာ သိမြင် ကြပါလိမ့်မည်။”

သို့ဖြစ်၍ မည်သည့်နည်း နှင့်မှ မည်သည့် အကြောင်းကြောင့် နှင့်မှ သူ့ကျွန်အဖြစ်၊ တစ်ပါးကျွန် အဖြစ်၊ တစ်ခြားကျွန် အဖြစ် နယ်ချဲ့လက်သစ်တို့ ကျွန်အဖြစ် ထပ်မံ နွံနစ် မခံနိုင်ပါ။ “စေ့စေ့ တွေးသော်မှ ရေးရေးမျှသာ မြင်ကြရမည့် အချိန်တော့ မဟုတ်ပါ။”မြန်မာသည် မြန်မာအတွက် မျက်မှောက် ကာလတွင် သတင်း အဆက်အသွယ် နည်းပညာ အရှိန်အဟုန် လွှမ်းမိုးမှု ကြောင့် ကမ္ဘာကြီးသည် အပြန့်သဘော ဆောင်လျက် ရှိချေပြီ ဖြစ်သည်။ အချိန် နှင့်အမျှ တိုးတက် ပြောင်းလဲသော နည်းပညာ များကို အခြေပြု၍ ကောင်းကျိုးများ နှင့်အတူ ဆိုးကျိုးများ ကိုလည်း တစ်ချိန်တည်း၊ တစ်ပြိုင်တည်း၊ ရင်ဆိုင် တွေ့ကြုံ ခံစားလိုက်ရပြီ ဖြစ်ပါသည်။ ယနေ့ မျက်မှောက် ကမ္ဘာကြီးတွင် ကြေညာသော စစ်ပွဲများနှင့်အတူ မကြေညာသော စစ်ပွဲများ ကိုလည်း တစ်ချိန်တည်းတွင် ဆင်နွှဲရင်း နယ်ချဲ့ရန် ကြိုးပမ်း နေကြချိန် ဖြစ်သည်။ ယင်းမကြေညာသော စစ်ပွဲတွင် စိတ်ဓာတ် ရေးရာ ကို ယိမ်းယိုင်စေသော နည်းပညာများ၊ ကြားခံ ဆက်သွယ်မှုများကို အသုံးပြုလျက် ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အကြောင်း၊ အာဇာနည်နေ့ အကြောင်း တွေးရင်း ရေးရင်း ဆင်ခြင်မိသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ ကို လေးစားလျှင်၊ ကြည်ညိုလျှင်၊ ချစ်မြတ်နိုးလျှင်၊ တန်ဖိုးထားလျှင် ခေါင်းဆောင်ကြီးများ ရယူပေးခဲ့သော ပြည်ထောင်စု မပြိုကွဲရေး၊ ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသားများ အစဉ်ထာဝရ စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်အချုပ်အခြာအာဏာ အရှည် တည်တံ့ခိုင်မြဲရေး ကို ရှေးရှုလျက် စိတ်ဝမ်း လက်ညီ ပြည်သစ် တည်ကြရမည်သာ ဖြစ်ပါသည်။ မိမိတို့၏ အတိတ်၊ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးတွင် ကိုယ်၊နှုတ်၊ နှလုံး၊ ကံသုံးပါးဖြင့် ပြုသော အမှုတိုင်းသည် မြန်မာပြည် မြေပုံ မပျက်စီးရေး နှင့် အရှည် ခိုင်မာ တည်ရှိရေး အတွက်သာ ဖြစ်ကြရပါမည်။

အောင်ကိုလတ် ဆိုခဲ့သော သီချင်းတစ်ပုဒ် ရှိပါသည်။“ဘယ်နေရာ …ဘာကိုလုပ်လုပ် ..မင်းအမြဲမှတ်ပါ…မင်းမြန်မာ” စကားလုံးများ အယွင်းအထောက် ရှိချင် ရှိပါလိမ့်မည်။ အဓိပ္ပာယ်နှင့် အနှစ်သာရကို နှစ်သက် သဘောကျလှပါသည်။ “မြန်မာသည် မြန်မာအတွက်”ဖြစ်ရပါမည်။

ကိုးကားချက်
(၁) ဦးသန်းဖေ ( လုံခြုံရေး-ငြိမ်း၊ ဗိုလ်ချုပ်ပြတိုက် )
( ၂) ဦးလှငွေ ( လက်ထောက်ပြတိုက်မှူး – ငြိမ်း၊ ဗိုလ်ချုပ်ပြတိုက် )
(၃) ဒေါ်နုမြဇံ (ဒုတိယညွှန်ကြားရေးမှူးချုပ် ) ( ရှေးဟောင်းသုတေသန ၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန) တို့နှင့် တွေ့ဆုံ မေးမြန်းချက်များ၊ စာတမ်း များ ။

ချမ်းငြိမ်းအောင်

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: