စွမ်းအင်မည်း ( Dark Energy is real )

GALEX မှ

ဂလက်ဆီ ပေါင်း နှစ်သိန်းမက ရှိတဲ့ အစုအဝေး ကို လေ့လာကြည့်ရင် ကျနော်တို့ စကြာဝဠာ တစ်ခွင်လုံး ရဲ့ ပြန့်ကားလာမှုဟာ အလျဉ်နှုန်း ( Speed ) တဖြည်းဖြည်းတိုး တိုးလာနေတယ်လို့ ဆိုပါတယ်။ အဲ့တိုးလာတဲ့ အလျင်နှုန်းဟာ ဘာကြောင့် တိုးလာရပါသလဲ ။ အရင်းစစ်ကြည့်တော့ Dark energy ခေါ်တဲ့ မမြင်နိုင်တဲ့ စွမ်းအင်မည်း တွေရဲ့ တွန်းအားကြောင့် ပါတဲ့။ အဲ့လို အဖြေရတယ်။

ဒီရလာဒ် ဖြစ်လာပုံက စကြာဝဠာတွင်း မိသားစုဝင် ကြယ်အစုအဝေးများ ဖြစ်တဲ့ ဂလက်ဇီ တွေကို ငါးနှစ်ကြာ သုတေသန ပြုလုပ်ရာ ကနေ စပါတယ်။ နက်နဲပြီး သိရခက်ပါတယ် ဆိုတဲ့ စွမ်းအင်မည်းတွေ ဘယ်လို အလုပ်လုပ် သလဲ ဆိုတာ အတွက် သီဝရီ အသစ်တွေ ထောက်ပံ့ပေးပါတယ်။ အဲ့အထဲမှာ လက်ရှိ စကြာဝဠာ ဘယ်လို ပြန့်ကားနေသလဲ – စကြာဝဠာ ပြန့်ကားနေတဲ့ အပြင် ဒီတစ်ခွင်လုံးကို အညီအမျှ သက်ရောက်နေတဲ့ နောက်ကွယ်က ဘာရှိလဲ။ ရှိနေတာက ကိန်းသေ တွန်းအား၊ အင်အားစု ဖြစ်ပါတယ်။ ဒါတွေကို ကြံဆမိ လာကြတယ်။

တွေ့ရှိချက် အသစ် တွေက နဂိုရှိရင်း သီဝရီ တစ်ခုကိုတော့ ဆန့်ကျင်နေတယ်။ အဲ့သီဝရီ အရ ဒီလို စကြဝဠာကို ပြန့်ကားအောင်၊ ကွဲပြားအောင် တွန်းအားပေး နေတာဟာ စွမ်းအင်မည်း မဟုတ်ဘူး ၊ ဒြပ်ဆွဲအား လို့ ဆိုတယ်။ အိုင်းစတိုင်း ရဲ့ ဒြပ်ဆွဲအား သီဝရီကို စိန်ခေါ်ထားတဲ့ သီဝရီ တစ်ရပ်လို့လည်း ခေါ်နိုင်တယ်။ ဘာလို့လဲ ဆိုတော့ အိုင်းစတိုင်းရဲ့ ဒြပ်ဆွဲအား သီဝရီမှာ “အရာဝတ္ထု (ဒြပ်) တွေ တစ်ခုနဲ့ တစ်ခု ကွာဝေးလာတာနဲ့ အမျှ ဒြပ်ဆွဲအားဟာ ဆွဲငင်အား မဟုတ်တော့ဘဲ တွန်းကန်အား ဖြစ်လာမယ်” လို့ ဖော်ပြထားပါတယ်။

နှစ်ပေါင်း ၇ ဘီလျံမက သက်တမ်းကြာမြင့် နေပြီဖြစ်တဲ့ ဂလက်ဇီ တွေကို စိတ်ရှည်လက်ရှည် လေ့လာစူးစမ်း နေတဲ့ သုတေသန တစ်ခု ရှိပါတယ်။ နာဆာရဲ့ အာကာသတွင်း အခြေစိုက်ထားတဲ့ Galaxy Evolution Explorer ( GALEX ) နဲ့ ဩစတြေးလျနိုင်ငံ ဆိုက်ဒင်းစပရင်း တောင်ပေါ်က အင်ဂလို-ဩစတြေးလျ စကြာဝဠာကြည့် မှန်ပြောင်း ( တယ်လီစကုပ် ) စခန်းကို အသုံးပြုထားပါတယ်။

မဖြေရှင်းနိုင်သေးသော ပြဿနာ

စွမ်းအင်မည်း ဆိုတာနဲ့ ပတ်သက်လို့ ပြောရရင်- အဲ့ဒါကို ရှင်းမရတဲ့ အားတစ်ခု အဖြစ် လက်ခံထားတာ ကြာပါပြီ။ အဲ့ စွမ်းအင်မည်း တည်ရှိပါကြောင်း ပြောထားတဲ့ သီဝရီကလည်း အခုချိန်ထိ သက်သေမပြ နိုင်သေးပါဘူး။ ဒါပေတဲ့ ဒီနေ့ကာလ ရရှိလာတဲ့ အချက်အလက် အသစ်တွေက ဒီသီဝရီကို တစိတ်တပိုင်း အားဖြင့် ထောက်ခံ ပေးနေပါတယ်။ ဒြပ်ဆွဲအား တွေ ရှိနေသော်ငြားလည်းပဲ ဂလက်ဆီတွေ တစ်ခုနဲ့ တစ်ခု မပူးကပ် သွားကြတဲ့ အား ( Force ) ဟာ အခုလို ထူးထူးခြားခြား အားတစ်ခု အဖြစ် သတ်မှတ်ထားတဲ့ စွမ်းအင်မည်း ကြောင့်ပါ။
ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်း၊ ဆွင်ဘမ်း နည်းပညာတက္ကသိုလ်က ချရစ်ဘလိတ်က် ပြောတာကတော့ – “လေထဲကို ဘောလုံးတစ်လုံး ပစ်ကြည့်တာမှာ ကောင်းကင်ထဲ ရောက်သွားလေ ပိုပြီး မြန်မြန်မြောက်တက်သွားလေ ဖြစ်မယ့် ပုံကို စိတ်ကူးကြည့်ကြည့်ပါ။ စွမ်းအင်မည်းရဲ့ လုပ်ဆောင်ချက်က အဲ့အတိုင်းပါပဲ” တဲ့။

ဘလိက်ဟာ တော်ဝင်အာကာသ သိပ္ပံအဖွဲ့အစည်း၊ လစဉ်ထုတ် သိပ္ပံဂျာနယ်မှာ စာတမ်း နှစ်စောင် ရေးသား ထားပြီးသူ တစ်ယောက်ပါ။“စွမ်းအင်မည်း ဟာ အိုင်းစတိုင်း တင်ပြခဲ့သလို စကြဝဠာ တစ်ခုလုံး အတွက် ကိန်းသေဖြစ်နေတာ တွေ့ရတယ်၊ ဒြပ်ဆွဲအား ကသာ ပုံမှန်ယူဆ ထားကြတဲ့အတိုင်း ရှိမယ်လို့ ဆိုရင် စွမ်းအင်မည်းရဲ့ ကိန်းသေ အကျိုး သက်ရောက်မှု နှုန်းကို ကျနော်တို့ တော်ရုံနဲ့ တွေ့ကြမှာ မဟုတ်ပါဘူး” တဲ့။

တွက်ချက် သိလာရတာက အဲ့ စွမ်းအင်မည်းဟာ စကြဝဠာရဲ့ ၇၄ ရာခိုင်နှုန်း နေရာယူ ထားပါသတဲ့။ ဒြပ်မဲ တွေက ၂၂ ရာခိုင်နှုန်း ရှိမယ်။ ကျနော်တို့ သိကြပြီးတဲ့ အက်တမ်တို့၊ မော်လီကျူးတို့ ၊ ဂြိုလ်၊ ကြယ် စသဖြင့် မျက်မြင် ပုံမှန် ဝတ္ထုတွေ အားလုံးက ၄ ရာခိုင်နှုန်း လောက်ပဲ ရှိတယ် ဆိုပါတယ်။

ဘယ်က ရောက်လာတာလဲ

စွမ်းအင်မည်း သီဝရီဟာ ၁၉၉၀ နှောင်းပိုင်း ကာလများ အတွင်းမှာ ပေါ်ပေါက်လာတာပါ။ ဆူပါနိုဗာ လို့ခေါ်တဲ့ ကြယ်အသေ တွေရဲ့ ပေါက်ကွဲထွက်မှုများ ကို လေ့လာရင်း ကြံဆ သိရှိ လာရတဲ့ သီဝရီလည်း ဖြစ်ပါတယ်။ ဆူပါနိုဗာ တွေဟာ အလင်းတွေ လွှတ်ပေးပါတယ်။ အဲ့အလင်းတွေက ကိန်းသေ အလျင်နှုန်း ရှိပြီး တိုင်းလည်း တိုင်းတာ နိုင်ပါတယ်။ ကျနော်တို့ နက္ခတ္တ ဗေဒ ပညာရှင်တွေက အဲ့အလင်းတွေကို သက်သေ အဖြစ် ယူပြီး ကမ္ဘာနဲ့ အဲ့ကြယ်သေ အကြား အကွာအဝေးကို တွက်ချက်တယ်။

တကယ်ဆို အာကာသ ထဲ အတွင်းနက်နက် ပိုကြည့်လေ အချိန်ကို နောက်ပြန် သွားကြည့်နိုင်လေပဲ လို့ ဆိုရမယ်။ ကျနော်တို့ မြင်နေရတဲ့ ဟိုးအဝေးက အလင်းတွေဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ဘီလျံနဲ့ ချီတဲ့ ကာလက ဖြစ်ပေါ်ပြီး ထွက်လာတဲ့ အလင်းတွေ မို့လို့ပါ။ နက္ခတ္တဗေဒ ပညာရှင်တွေဟာ အဲ့လို အကွာအဝေး အသီးသီးက ဆူပါနိုဗာတွေ ကို လေ့လာရင်း စကြာဝဠာ ပြန့်ကားမှု ကို တွေ့လာကြတယ်။ သူတို့တွေ ( ဒီကြယ်သေတွေက) ကျနော်တို့နဲ့ ဝေးရာကို ဘယ်လောက်အမြန်နှုန်းနဲ့ သွားနေကြလဲ ။ ဒီမေးခွန်းကို ဖြေဖို့ စူးစမ်းကြည့်ကြတယ်။ အဲ့ဒီကနေပဲ အခုလို စကြာဝဠာကြီး ပြန့်ကားသွားစေ ပါကြောင်း ထောက်ကူ ပေးနိုင်မယ့် ထူးခြားတဲ့ စွမ်းအင် – စွမ်းအင်မည်း – ရှိနေတယ်ဆိုတာ ဆက်စပ် သိလာကြတာ ဖြစ်ပါတယ်။

Observation on Map

ဒီလိုလေ့လာမှု ကနေ နည်းလမ်း နှစ်သွယ် ရရှိပါတယ်။ ပထမ နည်းလမ်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ နက္ခတ္တဗေဒ ပညာရှင်များက စွမ်းအင်မည်း ထောက်ပံ့ပေး နေပါတယ် ဆိုတဲ့ ဒီ အာကသ အချိန်တစ်ခုလုံးကို ခြေရာခံ စစ်ဆေးဖို့ ပြင်ဆင်ပါတယ်။ GALEX က ရေးဆွဲပေးတဲ့ သုံးဖက်မြင် ဂလက်ဇီ မြေပုံကြီးကို စတင် ခြုံငုံ သုံးသပ်တယ်။ “ဒီလို သုံးသပ်ပေးနိုင်ဖို့အတွက် တောက်ပပြီး သက်တမ်းနု သေးတဲ့ ဂလက်ဇီတွေကို GALEX က စံပြုပုံဖော်ဆွဲ ပေးထားပါတယ် ။ 3-D မြေပုံ အနေနဲ့ ရှင်းရှင်းလင်းလင်း ရှိတယ်” လို့ ကလစ်ဖ်၊ ပါဆာဒီနာက ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ်၊ စူးစမ်းလေ့လာရေး ဗျူဟာမှူး ခရစ္စတိုဖာ မာတင်က ပြောတယ်။

စကြဝဠာမြေပုံ

အင်ဂလို ဩစတြေးလျ တယ်လီစကုပ် စခန်းက ရလာတဲ့ ဂလက်ဇီ တစ်ခုချင်းစီရဲ့ အလင်းဆိုင်ရာ သတင်း အချက်အလက် တွေကို ပညာရှင်တွေက အစုလိုက်ခွဲပြီး ပုံစံချ လေ့လာကြတယ်။ အစောဆုံး စကြာဝဠာ အခြေအနေက လာမယ့် အသံလှိုင်းမျိုး တွေကို ဂလက်ဇီရဲ့ ပုံစံတွေမှာ စာရင်းချ ၊ ထည့်သွင်းထား ကြည့်တယ်။ အလင်းနှစ် မီလျံ ၅၀၀ အကွာအဝေး လောက် ခွဲခြားပြီး ဒွိစုံတွေ တွဲကြည့်တယ်။

ဘလိတ်နဲ့ သူ့ရဲ့ အဖွဲ့က ကမ္ဘာနဲ့ အဲ့ဒီ ဒွိစုံတွေကြား အကွာအဝေးအတွက် ဒီပုံစံတွေကို ပေတံသုံးသလို သုံးပြီး လေ့လာပါတယ်။ ဆူပါနိုဗာကို လေ့လာခဲ့ တုန်းကလိုပဲ ဂလက်ဇီ ဒွိစုံတွေဟာ ကျနော်တို့နဲ့ ဝေးရာကို အလျင်နှုန်း တစ်ခုနဲ့ ထွက်သွားနေကြောင်း သတင်း အချက်အလက်တွေ ပေါင်းစပ်မိပါတယ်။ ဒီလိုနဲ့ပဲ ကျနော်တို့ အာကာသကြီးဟာ ပိုမိုပြန့်ကား လာတာနဲ့ အမျှ ( ထူးခြားချက် ဖြစ်တဲ့ ) ပိုမို မြန်ဆန်လာတာ ကိုလည်း တွေ့ရ ပါတော့တယ်တဲ့။

“Big Bang ဆိုတဲ့ မဟာပေါက်ကွဲမှုကြီး ကြောင့် ပေါက်ဖွားလာရတဲ့ ကျနော်တို့ စကြဝဠာဟာ အခုဆို မြန်မြန်ဆန်ဆန်ကို ပြန့်ကားလာနေ ပါတယ်။ အခု နောက်ဆုံး ဆယ့်ငါးနှစ်အတွင်း လေ့လာချက် တွေကနေ သိပ္ပံနယ်အတွက် အထူးခြားဆုံး ရှာဖွေ တွေ့ရှိချက် တွေ ရရှိနေပါတယ်။ တစ်ခုနဲ့ တစ်ခု မတူညီပါဘဲနဲ့ ဘယ်လို ပဲ စမ်းသပ်ချက် တွေ လုပ်လုပ် ၊ ရရှိလာတာတွေက စွမ်းအင်မည်း ရှိနေကြောင်း ကို ပိုမိုထောက်ခံ အားပြုနေကြတယ်” လို့ ဝါရှင်တန်ဒီစီ ၊ နာဆာ ဌာနချုပ်က နက္ခတ္တ-ရူပ သိပ္ပံဌာန ဒါရိုက်တာ ဂျွန်မော့စ်က ပြောသွားပါတယ်။

Space.com က ဆောင်းပါးကို ဆီလျော်သလို ဘာသာပြန်ဆို ဖြည့်စွက်ရေးပါတယ်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: