ငါတို့ ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ

ငါတို့ ဗိုလ်ချုပ် ဘာလုပ်ခဲ့သလဲ ဤဆောင်းပါးကို ဦးပုကလေး ရေးသည်။ ဆောင်းပါး ဟုပင် ဆိုရသော်လည်း ပင်လုံ ညီလာခံနှင့် တကွ ဗိုလ်ချုပ် မကွယ်လွန်မီ လပိုင်း အချိန်ပိုင်းအတွင်း တောင်တန်း မြေပြန့် တစ်ခွင် လှည့်လည် ကြိုးပမ်းခဲ့ရမှုများ နှင့် မြို့တော် ခန်းမအရှေ့တွင် နောက်ဆုံး ဟောပြောခဲ့သော တိုင်းပြည် ပြန်လည် ထူထောင်ရေး မိန့်ခွန်းများကို သမိုင်း မှတ်တမ်းသဖွယ် တင်ပြထားခြင်း ဖြစ်ပါသည်။

ကျနော်လည်း အတတ်နိုင်ဆုံး မှတ်တမ်း ဓာတ်ပုံများ ဖြည့်စွက်ထားပါသည်။ ၎င်းအပြင် ဤဆောင်းပါး မှတ်တမ်း အတွင်းပါ ဗိုလ်ချုပ်၏ ပြောစကား အသံဖိုင်များကို လိုလားခဲ့ပါလျင် ဤလင့်ခ်မှ သွားရောက် ဒေါင်းလုပ်ရယူနိုင်ပါသည်။ ကျနော့တွင် အပြည့်အစုံတော့ မရှိသေးပါ။ လိုအပ်နေပါလိမ့်မည်။

ဇေယျ

…………

ကရင်နီ နယ်သူနယ်သား တို့သည် ဂျပန်ကို အပြင်းအထန် တော်လှန် ခဲ့ရပါလျက် အင်္ဂလိပ်တို့ ပြန်ရောက် လာသောအခါ စားရေးရိက္ခာ လုံလောက် အောင် မရ အငတ်ငတ် အပြတ်ပြတ် ဖြစ်နေကြရခြင်း၊ ပြောသလို မဟုတ် အလုပ်ကျတော့ တစ်မျိုး ဖြစ်နေခြင်း များကြောင့် အင်္ဂလိပ် တို့ အပေါ်၌ မကျေမနပ် ဖြစ်နေကြ၏။ သခင်နု တို့ လူသိုက် ဆိုက်ရောက်သွား ကြသောအခါ ထိုသို့ စိတ် သဘောထားများ ဖြစ်ပေါ် နေကြောင်း သိရှိကြသဖြင့် ကရင်နီ သမ၀ါယမ အသင်းရုံ တွင် လူထု အစည်းအဝေး ကျင်းပ ဟောပြောကြ၏။

သခင်နုက တောင်တန်း နယ်များ အပေါ်၌ ဖဆပလ အဖွဲ့ချုပ်ကြီးက မည်ကဲ့သို့ သဘောထားပုံ၊ ဗမာပြည် နှင့် တောင်တန်းနယ်များ ပူးပေါင်းပါက မည်ကဲ့သို့ အကျိုးများ မည့် ပုံများ ကို ရှင်းပြပြီး လျှင် “နှစ်ပေါင်း ခြောက်ဆယ်ကျော် မျှ အင်္ဂလိပ်က ခင်ဗျားတို့ အပေါ်မှာ အုပ်ချုပ် လာတာ ဘယ်လောက် စေတနာ ကောင်းတယ်၊ ခင်ဗျားတို့ ဘယ်လောက် အကျိုး ခံစားခွင့် ရကြတယ်” ဆိုတာကို မော်ချီ မိုင်းကြီးက သက်သေခံ လျက် ရှိနေပါတယ်။ ဒီ မော်ချီ မိုင်းကြီးဟာ ကမ္ဘာပေါ်ရှိ သတ္တုတွင်း အားလုံးနှင့် ယှဉ်ကြည့်လျှင် (၃၅) ရာခိုင်နှုန်းမျှ ထွက်ပါတယ်။ ဗြိတိသျှ အင်ပါယာ အတွင်းရှိ သတ္တုတွင်း အားလုံးနှင့် ယှဉ်ကြည့်လျှင် (၈၅) ရာခိုင်နှုန်း မျှ ထွက်တယ်။ ထိုမျှလောက် ကြီးကြီးကျယ်ကျယ် ထွက်ပါလျက် ခင်ဗျားတို့ နယ်သူ နယ်သား တွေ မှာတော့ ထမင်း ၀အောင် မစားရဘူး။ ငတ် နေကြရတယ်။ ယခု အတိုင်းသာ သွားနေလျှင် ခင်ဗျားတို့ အခြေဟာ ပိုဆိုးဖို့ သာ ရှိတယ်” စသဖြင့် နယ်ချဲ့သမား ဓနရှင် ၀ါဒ၏ ဆိုးရွားပုံ များကိုလည်း ပြတ်ပြတ် သားသားကြီး ဟော၏။

မန်းဘခိုင် ကလည်း “မိမိတို့ မြေညီ ကရင်များဟာ ဗမာများနှင့် ပူးပေါင်းပြီး ဗမာပြည် လွတ်လပ်ရေးကို အရယူမည့် အကြောင်း၊ တောင်တန်းနယ်များ၊ ဗမာပြည်နှင့် ပူးပေါင်းဖို့ အရေးကြီး လာပြီ ဖြစ်ကြောင်း” များကို ရှင်းရှင်း လင်းလင်းကြီး ဟော၏။ ကရင်နီ အမျိုးသား တို့သည်လည်း မကြားစဖူး ထူးခြားသည့် တရားများကို ကြားရသည့် အတွက် အထူး နှစ်သက် အားရကြ၏။ ချီးကျူးကြ၏။ အထူး အားဖြင့် ပဒေါင်း တော်လှန်ရေး ခေါင်းဆောင် ထိုင်တဟန် (ယခု မိုးဗြဲနယ် စော်ဘွား တိုင်းပြည်ပြု လွှတ်တော် အမတ်) ဘောလခဲ – ကြက်ဘိုးကြီး နှင့် ကန္တာရ၀တီ နယ်ရှင်များ၊ စောမြလေး စသော ကရင်နီနယ် ခေါင်းဆောင်များ နှင့် သခင်နုတို့ နိုင်ငံရေးကို ပွင့်ပွင့်လင်းလင်း ကျေကျေနပ်နပ်ကြီး ဆွေးနွေးကြရ၏။

ကရင်နီနယ်၌ ဖြစ်ပေါ်နေသော ငတ်မွတ် ခေါင်းပါးခြင်း ဘေးကို ကယ်ဆယ်ရန် ဖဆပလ အဖွဲ့ချုပ်က ဆန်အိတ် (၅၀၀) နှင့် ဆားတစ်တွဲ လှူဒါန်းမည် ကတိပေး လိုက်သောအခါ အထူး ၀မ်းသာအားရ ဖြစ်ကြ၏။ ကတိ ပြုခဲ့သည့် အတိုင်းလည်း ဆန်အိတ် (၅၀၀) နှင့် ဆားများကို လှူဒါန်းခဲ့၏။ သခင်နုတို့သည် လွယ်ကော်မှ အပြန် ဘန်းရင်စော်ဘွား ဟော်တွင် လူထု တရားပွဲ ဟောပြီးနောက် ပင်လုံ ညီလာခံသို့ ဆက်လက် ထွက်ခွာသွားကြ၏။

သခင်နုတို့နှင့် ဆွေးနွေး ခဲ့ရသော ကရင်နီ ခေါင်းဆောင်များ လည်း မိမိတို့အား ဖိတ်ကြား သွားသည့် အတိုင်း ရန်ကုန်သို့ ဆင်းလာကြ သဖြင့် ဖဆပလ လူကြီးများက မိတ်ဆက်ပွဲ ကျင်းပ ဆွေးနွေး ကြသည့် အပြင် ဗိုလ်ချုပ် ကိုယ်တိုင်လည်း အထူး အရေး ယူလျက် ဗမာပြည်နှင့် ကရင်နီနယ် ပူးပေါင်းရေး သဘောတရားများ ကို ရှင်းလင်း ပြောပြရာ အထူး ကျေနပ်ကြ၏။

(၁၉၄၆) ခု၊ ဒီဇင်ဘာလ အတွင်းက ဗိုလ်ချုပ် လွယ်ကော်သို့ ရောက်ရှိပြီး အဆိုပါ ကရင်နီ ခေါင်းဆောင်များ နှင့် တွေ့ဆုံ ဆွေးနွေး ရပြန်သည့် အတွက် ဗိုလ်ချုပ်၏ ရည်ရွယ်ချက်များ အတိုင်း လိုက်နာ ဆောင်ရွက် ကြရန် သဘောတူ ခဲ့ကြ၏။ ထို့ကြောင့် လည်း (၁၉၄၇) ခု၊ ဧပြီလ အတွင်းက မေမြို့တွင် စုံစမ်း စစ်မေးသော တောင်တန်းနယ် စုံစမ်းရေး ကော်မတီ ရှေ့မှောက် တွင် ကရင်နီ နယ် နှင့် မိုးဗြဲနယ် ခေါင်းဆောင်များ သည် ကရင်နီနယ် သည် ဗမာ နိုင်ငံတော် ပြည်ထောင်စု သို့ ပါဝင် လျက် တိုင်းပြည်ပြု လွှတ်တော်သို့ ကိုယ်စားလှယ် စေလွှတ်ရန် သဘောတူကြောင်း အစစ်ခံ ခဲ့ကြသည်။

သွေးခွဲစနစ် ထပ်၍ ညစ်

ပထမဦးဆုံး အကြိမ် ကျင်းပသည့် ဗမာပြည် တိုင်းပြည်ပြု လွှတ်တော် အစည်းအဝေးကြီး နီးကပ် လာသောအခါ နယ်ချဲ့သမား တို့၏ သွေးခွဲမှု တစ်မျိုးတစ်ဖုံ ဖြစ်ပေါ် လာပုံကား ကရင်နီနယ်သည် အင်ဒီပင်းဒင်းနယ် ဖြစ်သည်။ အင်္ဂလိပ်တို့ ထံမှ ငွေချေးပြီး ပြန်လည် ထူထောင် နိုင်သည်။ ဗမာပြည် အဆင့်အတန်း ထက် မြင့်သည်။ ကိုယ့်ကောင်စီ နှင့် ကိုယ် လုပ်နိုင်သည်။ စသည်ဖြင့် ခြေထိုးမှုများ ၀င်ရှုပ် လာသည့် အတွက် တိုင်းပြည်ပြု လွှတ်တော် သို့တက်ရန် ရန်ကုန်သို့ လာကြသော ဦးဘီနှင့် စောထိမ် တို့သည် ခြေထိုးမှု တိမ်သလာ အောက်သို့ ၀င်ရောက် ဖုံးကွယ် သွားလေတော့၏။

သို့ရာတွင် ကရင်နီနယ် လူထု၏ အလိုဆန္ဒအရ လူထု ကိုယ်စားလှယ် စောမြလေး နှင့် ဦးစိန် တို့သည် တတိယ အကြိမ်မြောက် ကျင်းပသည့် တိုင်းပြည်ပြု လွှတ်တော်သို့ တက်ရောက် ကြသည့် အတွက် ကရင်နီနယ်၏ ပြဿနာမှာ ရှင်းလင်း သွားတော့၏။

ညောင်ရွှေမြို့မှာ ဟောခဲ့တာ

(၁၉၄၆)ခု၊ ဒီဇင်ဘာလ(၂၆)ရက်၊ နံနက်က ညောင်ရွှေ စော်ဘွားကြီး၏ စီစဉ်ချက် အရ ကျင်းပသော လူထု တရားပွဲကြီး၌ ဗိုလ်ချုပ်က ဤသို့ ဟောပြောခဲ့၏။

ဗမာပြည်တော့ မကြာမီ လွတ်လပ်ရေး ရတော့မယ်။ ရှမ်းပြည် ကိုတော့ အင်္ဂလိပ်က ခြေကုတ် ထားပြီး အခွင့်အရေး တွေကို သူတို့ လက်ထဲမှာ ထားဖို့ စိတ်ကူး ရှိနေကြတယ်။ ရာဇ၀င်မှာ ကြည့်ရင် တိုင်းပြည် တစ်ပြည်က အခြား တိုင်းပြည် တစ်ပြည်ကို သိမ်းပိုက် ထားတာဟာ စေတနာ ရှိလို့ မဟုတ်ဘူး။ လိုချင်လို့ သိမ်းပိုက် ထားတာ ဖြစ်တယ်။ လက်လွှတ် ကြပြန်တော့လည်း လက်မလွှတ် ချင်ကြဘူး။ ဒါပေမယ့် ဗမာပြည်ကို လက်မလွှတ်ရင် မဖြစ်တဲ့ အနေ ရောက်နေတယ်။ ကမ္ဘာစစ်ကြီး ပြီးကတည်းက နိုင်ငံတကာ အခွင့်အရေး တွေဟာ ပြောင်းလဲနေတယ်။ ရှင်ဘုရင် နဲ့ အုပ်ချုပ်နေတဲ့ အီတလီ အစရှိတဲ့ တိုင်းပြည် နိုင်ငံ တွေဟာ ဒီမိုကရေစီ စနစ်အရ သမ္မတ အုပ်ချုပ်တဲ့ တိုင်းပြည်များ ဖြစ်လာကြရတယ်။ စာပေ ကျမ်းဂန်များမှာ ပါရှိတဲ့အတိုင်း ရှေးအခါ များက တိုင်းသူပြည်သား တွေဟာ မူလ (သမ္မတ) တင်မြှောက် ကြရတယ်။ ဒီသမ္မတဟာ မင်းကျင့်တရား (၁၀) ပါးကို လိုက်နာ ကျင့်ကြံ ကြရတယ်။ (အ၀ိရောဓန တရား) ကို ဆန့်ကျင် လျှင် တိုင်းပြည်က ပေးတဲ့ ပြစ်ဒဏ်ကို ခံရတယ်။ ဥပမာ ဝေသန္တရာ မင်းကြီး ဟာ တိုင်းပြည်ရဲ့ အလိုနဲ့ ဆန့်ကျင်တဲ့ အတွက် တိုင်းပြည်မှ နှင်ထုတ်ခြင်း ခံရတာ ဖြစ်တယ်။ ယခုအခါမှာ လည်း အဲဒီ ခေတ်မျိုး ပြန်ရောက်လာတယ်။ ကျွန်တော်တို့က ရှမ်းပြည်ကို လွတ်လပ် စေချင်တယ်။ လွတ်လပ်တယ် ဆိုတာမှာ လည်း တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ နိုင်ငံခြား အစိုးရက ချုပ်ချယ်မှု မရှိစေတဲ့ လွတ်လပ် တာမျိုးကို ဆိုလိုတယ်။ လွတ်လပ်စွာ ဟောပြော ရေးသားခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်များလည်း ရှိရမယ်။ ရှမ်းလူမျိုး အစိုးရ၊ ရှမ်းလူမျိုး အရာရှိများနှင့် ရှမ်းပြည်ကို လွတ်လပ်စွာ အုပ်ချုပ်နိုင်ခွင့် ရှိရမယ်။ ယခုတော့ ဘုရင်ခံ လက်အောက်မှာ ထားပြီးတော့ အင်္ဂလိပ်တွေက ချယ်လှယ် နေတာပဲ။ ကျွန်တော်တို့ ဆိုလိုတာက တောင်တန်း နယ်များကို ဘုရင်ခံက တိုက်ရိုက် မအုပ်ချုပ်ဘဲ ရှမ်းဝန်ကြီး တစ်ဦး ခန့်ထား အုပ်ချုပ်စေရန် လိုလားတယ်။ ဒီအတိုင်း ဖြစ်ဖို့လည်း ဘိလပ်အစိုးရ ထံမှာ တောင်းဆို ထားတယ်။ နိုင်ငံ ပြန်လည် ထူထောင်တဲ့ နေရာမှာ ရှမ်းပြည်ကို ရှမ်းအမျိုးသားများ အုပ်ချုပ်လို့ နိုင်ငံခြားရေး၊ စီးပွားရေး၊ ကာကွယ်ရေး စသော ကိစ္စကြီး မျိုးတွေ ကိုတော့ ကျွန်တော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်။ ယခုနှယ်အခါမှာ တိုင်းရင်းသား အချင်းချင်းတွေ ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ဖို့ အရေးကြီးတယ်။ ကျွန်တော်တို့ အချင်းချင်းတွေ သာမက အာရှတိုက် တိုင်းပြည် နိုင်ငံများပင် ပေါင်းစု ဖို့ဟာ အရေးကြီး တာပဲ။

ဗမာလူစု သတိပြု

(၁၉၄၆) ခု၊ ဒီဇင်ဘာ (၂၅) ရက် ကျင်းပသော တောင်ကြီးမြို့ လူထု တရားပွဲကြီး၌ ရှမ်းပြည်ရှိ ဗမာများ သတိထားရန် အကြောင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်က ဤသို့ ဟောခဲ့၏။

ရှမ်းပြည်မှာ ရောင်းဝယ် ဖောက်ကား နေထိုင်ကြတဲ့ ဗမာတွေကို သတိပေးလိုတယ်။ ရှမ်းအမျိုးသားတွေ အပေါ်မှာ အထင်မသေး ရဘူး။ သွေးချင်း သားချင်း ရင်းရင်း ချာချာ သဘောထား ကြရမယ်။ သူတို့ရဲ့ ဓလေ့ထုံးစံများကို မထေမဲ့မြင် မလုပ်ရဘူး။ ခင်ဗျား တို့ကို အထူး သတိပေးလိုတာက ရှမ်းအမျိုးသား များနှင့် ဆက်ဆံကြရာတွင် ဓနရှင်ဝါဒ သမားတွေကို ခေါင်းပုံဖြတ်တဲ့ အဓမ္မ၀ါဒမျိုး ကို မလုပ်ရဘူး။ အကယ်၍ ကျုပ် သတိပေးတဲ့ အတိုင်း မလိုက်နာ ကြဘဲ ဓနရှင် ၀ါဒ သမားတွေလို ထင်တာ လုပ်နေကြမယ် ဆိုရင်တော့ ကျုပ်တို့ ဖဆပလ အဖွဲ့ချုပ်ကြီးက ခင်ဗျားတို့ အပေါ်မှာ လျစ်လျူရှု နေမယ် မဟုတ်ဘူး။

စိတ်ခပ်လေးလေး သတိပေး

(၁၉၄၇) ခု၊ ဇန်န၀ါရီ (၂) ရက်တွင် ဗိုလ်ချုပ် ဘိလပ်သို့ ထွက်ခွာသွား၍ နယူးဒေလီတွင် ခေတ္တ ရှိနေစဉ် နယူးဒေလီ ရေဒီယိုမှ ဗိုလ်ချုပ်က “အိန္ဒိယမှာ မဟာရာဇာ စော်ဘွားများ အပေါ်၌ အင်္ဂလိပ်က စီမံထားပုံ၊ အချင်းချင်း တွေကို သွေးခွဲထား ပုံများကို ကြည့်ရ တာဟာ အတော် စိတ်ပျက်စရာ ကောင်းတယ်။ ဗမာပြည် မှာလည်း ဒီလိုလုပ်မှာပဲ။ သွားသာ သွားရတယ်။ စိတ် ခပ်လေးလေးပဲ၊ အချင်းချင်းတွေ ညီညွတ် စည်းလုံးတဲ့ အင်အား ကြီးမားသည်ထက် ကြီးမားဖို့ အရေး အကြီးဆုံး ဖြစ်တယ်”စသဖြင့် အသံလွှင့် သတိပေး လိုက်၏။

သခင်နု စသော ဖဆပလ အဖွဲ့ခေါင်းဆောင် လူကြီးများ ကလည်း နောက်ခံလူထု အင်အားပြ ကြရန် အရေးကြီး သည့်အတိုင်း ရန်ကုန်မြို့ကြီး နှင့်တကွ တစ်နိုင်ငံလုံး အုံကြွကာ လွတ်လပ်ရေး မရလျှင် ဆော်မည့် သဘောမျိုးနှင့် အင်အား ပြပွဲကြီးများ ကျင်းပကြ၏။ ဘိလပ် သို့လည်း ကြေးနန်း အစောင်စောင် ရိုက်ကြား ပေးပို့ကြ၏။ တောင်တန်း နယ်များသို့လည်း စေလွှတ်ရန် အရေးကြီး သဖြင့် ချင်းဗမာ ချစ်ကြည်ရေး အတွက် ဦးဘဆိုင်၊ ဦးဝမ်းမသူမောင်၊ ဦးမောင်ကလေး၊ ရဲဘော်စံထွန်း နှင့် ဦးအောင်မင်း တို့အား ချင်းတောင်သို့ စေလွှတ်၏။

၎င်းတို့သည် (၁၉၄၇) ခု၊ ဇန်န၀ါရီ (၁၂) ရက် တွင် ရန်ကုန်မှ ထွက်ကြပြီးနောက် ထီးလင်းသို့ ရောက်သောအခါ ဦးဘဆိုင်နှင့် ဦးဝမ်းမသူမောင် တို့သည် ဂန့်ဂေါမှ လှည့်၍ ဟက်ကာဖလန် နှင့် တစ်ဒင်မြို့များ သို့ သွားရောက်ကာ ကလေးဝ ဘက်မှ လှည့်ပြန်ကြ၏။ ဦးမောင်ကလေး၊ ရဲဘော် စံထွန်းနှင့် ဦးအောင်မင်း တို့လည်း ထီးလင်းမှ ကန်ပက်လက်သို့၊ ၎င်းမှ ရခိုင်ရိုးမ ကို ဖြတ်ကျော်၍ ပလက်ဝဘက်သို့ လှည့်ပြီး ပြန်ကြ၏။

၎င်းတို့ ဟောပြော ဆောင်ရွက်မှု ကြောင့်လည်း ထီးလင်းမြို့ ချင်းဗမာ ချစ်ကြည်ရေး အစည်းအဝေးကြီး ဖြစ်လာခဲ့ရ၏။ ဗိုလ် ခင်မောင်ကလေး အမှူး ရှိသော အဖွဲ့တစ်ဖွဲ့ ကိုလည်း ကချင် ဗမာ ချစ်ကြည်ရေး အတွက် မြစ်ကြီးနား ဘက်သို့ စေလွှတ်၏။ အထူးအားဖြင့် ရှမ်းပြည်မှ လူထု အင်အားပြပွဲ ကျင်းပရန်လည်း အရေးကြီး သဖြင့် ရှမ်းပြည် မိတ်ဆက်အဖွဲ့ အဖြစ်နှင့် ဦး ဖေခင် ဗိုလ်မှူးအောင်နှင့် ဗိုလ်ထွန်းလင်း တို့အား စေလွှတ်၏။ သူတို့လည်း တောင်ကြီးမြို့၌ လူထု အစည်းအဝေးကြီး ကျင်းပပြီးလျှင် ရှမ်းပြည်ကို ဗမာပြည်နှင့် တစ်ချိန်တည်း လွတ်လပ်ရေး ပေးရန်နှင့် ဗိုလ်ချုပ်တို့၏ လိုလားချက် များကို ထောက်ခံသည့် အကြောင်း များကို ဆုံးဖြတ် ကြပြီးလျှင် လူထု အင်အား ပြပွဲကြီး ကျင်းပကြ၏။ ဗိုလ်ချုပ်တို့ ထံသို့လည်း ကြေးနန်း ရိုက်ကြားကြ၏။

ဗိုလ်ချုပ်တို့ လန်ဒန်မှာ

ကြေးနန်းရိုက်ကြား စောဘွားများ
(၁၉၄၆) ခု၊ ဒီဇင်ဘာ (၂၅) ရက် ညက ညောင်ရွှေ စော်ဘွားကြီး ဟော်၌ ဗိုလ်ချုပ်နှင့် စော်ဘွား အစည်းအဝေး တစ်ရပ် ကျင်းပ ဆွေးနွေး ကြသောအခါ “ဗမာပြည် အရေး ဆွေးနွေးရန် ဘိလပ်အစိုးရက ကျွန်တော့်အား ဖိတ်ထားပါတယ်။ ဘိလပ် ရောက်တဲ့အခါ တောင်တန်းနယ် ကိစ္စအတွက် ကိုလည်း ပြောရ ပါလိမ့်မယ်။ ရှမ်းပြည်၏ အကျိုး ကိစ္စ အတွက် ကျွန်တော် ညွှန်ကြား ချက်များ အတိုင်း သဘောတူ လက်မှတ် ထိုးပေး လိုက်နိုင်ရင်တော့ အကောင်းဆုံး ပါပဲ”ဟု ဗိုလ်ချုပ်က ပြောသောအခါ “ဗိုလ်ချုပ်၏ စေတနာကို ယုံကြည်ပါတယ်။ ဗိုလ်ချုပ်၏ ညွှန်ကြားချက် များမှာလည်း အလွန် သင့်မြတ်ပါတယ်။ သို့ရာတွင် ယခု အစည်းအဝေးမှာ မြောက်ပိုင်း စော်ဘွားကြီးများ လည်း မပါသေး။ အရေးကြီး သည့် ကိစ္စလည်း ဖြစ်နေပြန် သည့်အတွက် မြောက်ပိုင်း စော်ဘွားကြီး များနှင့် တိုင်ပင် ဆွေးနွေးပြီးလျှင် ဗိုလ်ချုပ်ထံသို့ အမြန်ဆုံး အကြောင်းကြား ပါမည်”ဟု စော်ဘွားများက ကတိပြု လိုက်ကြ၏။

နောက်တစ်နေ့ ဗိုလ်ချုပ်လည်း ရန်ကုန်သို့ပြန်၊ ညောင်ရွှေ စော်ဘွားကြီး လည်း ထိုကိစ္စအတွက် ရှမ်းပြည် မြောက်ပိုင်းသို့ ထွက်သွား လေ၏။ စော်ဘွားကြီး သွားရာ လမ်းခရီး ပန်ကေတု ဗိုလ်တဲတွင် ရှိနေသော (မာရ်နတ်သားပမာ) စတီဗင်ဆင် သည် စပါးကြီးညှို့ အသွင်ဖြင့် စော်ဘွားကြီးအား ညှို့၍ ထားလိုက်၏။ နောက်များ မကြာမီပင် သီပေါမြို့၌ စော်ဘွားများ အစည်းအဝေး တစ်ရပ် ကျင်းပပြီးလျှင် “ဗိုလ်ချုပ်ဟာ ရှမ်းစော်ဘွားများ၏ ကိုယ်စားလှယ် မဟုတ်ကြောင်း၊ တောင်တန်း နယ်များ ကိစ္စ ဆွေးနွေးရန် စော်ဘွားများ အား သီးခြား ဖိတ်ခေါ်ပါ”ဟု ဘိလပ် နန်းရင်းဝန်ကြီး ထံသို့ ကြေးနန်း ရိုက်ကြားကြ၏။ ထိုအခါတွင် နန်းရင်းဝန်ကြီးက“ဘယ့်နှယ်လဲ ဦးအောင်ဆန်း စော်ဘွားများက ရိုက်ကြား လိုက်တဲ့ ကြေးနန်းကို ကြည့်ပါဦး” ဟုဆိုပြီး ဗိုလ်ချုပ်အား ပြလေ၏။ ဗိုလ်ချုပ် ကား စိတ်ပျက်သည့် အမူအရာမရှိ၊ သူ့နဂို မူနှင့် ပင်“သူတို့ကိုယ်စားလှယ် မဟုတ်ဘူး ဆိုတာ ဟုတ်တာပဲ။ ကျွန်တော် ကတော့ ရှမ်းပြည် ကောင်းဖို့ အတွက် ပြောတာပဲ””ဟု ပြန်ပြော လိုက်၏။

နောက်တစ်နေ့တွင် တောင်ကြီးမြို့ လူထု အစည်းအဝေးကြီးက ရိုက်ကြား လိုက်သော ကြေးနန်း ဗိုလ်ချုပ်ထံသို့ ရောက်လာရာ နန်းရင်းဝန်ကြီးအား ဗိုလ်ချုပ်က ထိုကြေးနန်းကို ပြပြန်၏။ နန်းရင်းဝန်ကြီးက “ဒီလိုဆိုရင် ယခု လာမည့် ဖေဖော်ဝါရီလ အတွင်းမှာ ပင်လုံမြို့တွင် စော်ဘွားများ စီမံထားတဲ့ အစည်းအဝေးမှာ ဦးအောင်ဆန်း တို့ပါ မျက်နှာ စုံညီ အစည်းအဝေး ကျင်းပပြီး ဆုံးဖြတ် ကြပေတော့”ဟု ပြောသည်ကို ဗိုလ်ချုပ် သဘောတူသဖြင့် ရာဇ၀င် ပြောင်းလဲသော ပင်လုံညီလာခံ ပွဲကြီး ဖြစ်ပေါ်လာ ခဲ့ရပေသတည်း။

(ဦးဖေခင် ဗိုလ်မှူးအောင်နှင့် ဗိုလ်ထွန်းလင်း တို့ သွားရောက် လှုံ့ဆော် စီမံချက် အရ တောင်ကြီးမြို့ လူထု အစည်းအဝေး ပွဲကြီးက ရိုက်ကြား လိုက်သော ကြေးနန်းသည် ဘိလပ်၌ ဗိုလ်ချုပ် အရေးဆိုရာတွင် တောင်တန်းနယ် ကိစ္စအတွက် အထူး အရေးပါ အရာ ရောက်ခဲ့၏။ ထိုကြေးနန်းသာ မရောက်ပါလျှင် အခြေအနေ တစ်မျိုး ဖြစ်သွားဖွယ်ရာ ရှိသည်ဟု ကျွန်ုပ်အား ဗိုလ်ချုပ် ပြောဖူး၏။ )

လက်တစ်လုံးကြား လှည့်၍ထား

ဗိုလ်ချုပ် ဘိလပ်မှာ ရှိနေခိုက်တွင် တောင်တန်း နယ်များ၌ နယ်ချဲ့သမားတို့ အလိုတော်ကျ မလိမ့်တပတ် လှည့်ပတ် ခြေထိုးပုံများ တွေ့ရ သေး၏။ “ရှမ်းပြည်ကို ဗမာပြည်ထဲ ပေါင်းပေးပါ ဆိုပြီး ဗမာတွေက ဘိလပ်မှာ တောင်းနေကြပြီ၊ ဂျပန်ခေတ် တုန်းက ခင်ဗျားတို့ ဘယ်လို နစ်နာခဲ့တယ် ဆိုတာကို သတိပြုကြပါ”ဟူသော စကားလုံးဖြင့် စော်ဘွားများ အယောင်ယောင် အမှားမှား ဖြစ်အောင် ကြိုးစားကြ၏။ သိန်းနီမြို့ တွင် ကျင်းပသည့် စော်ဘွားများ အစည်းအဝေးတွင် ရှမ်းပြည်နှင့် ဗမာပြည် မပေါင်း လိုကြောင်း ဆုံးဖြတ်ချက် တစ်ရပ် ဖြစ်ပေါ်လာရန် ကြံရွယ် ကြိုးစားလျက် ရှိကြ၏။ တောင်ကြီးမြို့သို့ ရောက်ရှိ နေကြသော ဦးဖေခင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်ထွန်းလင်း နှင့် ရှမ်းလူထု ခေါင်းဆောင် ဦးတင်အေး တို့သည် ထိုသတင်းကို ကြားသဖြင့် သိန်းနီသို့ သုတ်ခြေတင် ကြရာ အချိန်မီ ဆိုက်ရောက် သွားကြ၏။ စော်ဘွားကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီး လူထု တရားပွဲကြီး ကျင်းပ ဟောပြောကြရ၏။ ရှမ်းပြည်ကို ဗမာပြည် နှင့်ပေါင်းပေးရန် ဗမာများက ဘိလပ်မှာ တောင်းနေကြပြီ ဆိုတာဟာ မမှန်ကြောင်း၊ ဗမာပြည်ကို လွတ်လပ်ရေး ပေးလျှင် ရှမ်းပြည် ကိုပါ တပါတည်း ပေးရန်ကို သာ တောင်းကြောင်း၊ ရှမ်းပြည် နှင့် ဗမာပြည် ပူးပေါင်းသင့် မပူးပေါင်းသင့် ကိစ္စမှာ နှစ်ပြည်ထောင် ခေါင်းဆောင်များ အချင်းချင်း ဆွေးနွေး ဆုံးဖြတ် ကြရမည် ဖြစ်ကြောင်း၊ ဗမာပြည် လွတ်လပ် တော့မည်မှာ သေချာနေပြီ။ ဗမာပြည် လွတ်လပ်ပြီးလျှင် ရှမ်းပြည် မလွတ်လပ်ဘဲ ကျန်နေမည် ကို ဗမာများ က မကြည့်နိုင်သည့် အတွက် ယခုလို ဆောင်ရွက် နေရခြင်း ဖြစ်ကြောင်း၊ ဗမာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်စဉ်အခါက ရှမ်းပြည်နယ် ကိုပါ တစ်ပါတည်း သိမ်းပိုက်ခဲ့၍ ယခု ဗမာပြည်ကို လက်လွှတ်သောအခါ မှာလည်း ရှမ်းပြည်နယ်ကိုပါ လက်လွှတ်ဖို့ ဖြစ်ကြောင်း၊ အကယ်၍ ရှမ်းပြည်နယ် က အင်္ဂလိပ် ကျွန်အဖြစ် ဆက်ခံ လိုကြသေးတယ် ဆိုရင်လည်း ခင်ဗျားတို့ သဘော အတိုင်း ဖြစ်ကြောင်းများ ကို အကျယ်တ၀င့် ဟောပြော ပြီးနောက် ဗမာပြည်နှင့် ရှမ်းပြည်နယ် လွတ်လပ်ရေး နှင့် ပတ်သက်လို့ စော်ဘွားများ၏ သဘောကို မပြောလို သော်လည်း လူထုကတော့ ဆုံးဖြတ်ပြီးပြီဟု ဆိုပြီးလျှင် တောင်ကြီး လူထု အစည်းအဝေးကြီး ၏ ဆုံးဖြတ်ချက် ကို ဖတ်ပြကြ၏။

၎င်းနောက် စော်ဘွားများ နှင့် သီးခြား ဆွေးနွေး ကြသောအခါ၌ ဗမာပြည်ကို လွတ်လပ်ရေး ပေးပြီးလျှင် ရှမ်းပြည်ကို အနှစ် (၃၀) မျှ ဗြိတိသျှတို့ လက်အောက်တွင် ထားရှိရန် မည်သို့ ကြံစည် ထားကြောင်းများ ကို အတွင်းစာ သက်သေခံ ပစ္စည်း ခိုင်ခိုင်လုံလုံ နှင့် စော်ဘွားများ အား ရှင်းပြကြ သောအခါ “ဟာ ဒီလိုဆိုရင် မဖြစ်ဘူး။ ဗမာပြည်နှင့် ပေါင်းမှ ဖြစ်မည်”ဟု စော်ဘွားများ နားလည် ကြပြီးလျှင် ဗိုလ်ချုပ်အောင်ဆန်း ကို ယုံကြည်ကြောင်း၊ ဖဆပလ ကို အားထားကြောင်း ဆုံးဖြတ်ကြ၏။ (ဤကား ဖဆပလ မိတ်ဆက် အဖွဲ့၏ ကြိုးပမ်းချက် အောင်မြင်မှု ပင်တည်း)

ရှမ်းပြည်လူထု စည်းရုံးပြု

ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး ကို မွေးထုတ် ဖန်တီးပေးကြသော ရှမ်းပြည် သူရဲကောင်း (၅) ဦးကား ဦးဖေခင်၊ ဦးတင်အေး၊ ဦးထွန်းမြင့်၊ ဦးဘဇံ နှင့် ဦးခွန်စော တို့ပင်တည်း။ ပထမ ပင်လုံညီလာခံ သဘင်ကြီး ပြီးသည့်နောက် တစ်နေ့ သောအခါတွင် တောင်ကြီးမြို့ ဦးဖေခင် နေအိမ်၌ အဆိုပါ ငါးဦးသား တို့သည် ရှမ်းပြည် လွတ်လပ်ရေး အတွက် လူထု အစည်းအရုံး တည်ထောင်ရေး ကိစ္စ ဆွေးနွေး တိုင်ပင်ကြပြီးလျှင် ရှမ်းပြည် လွတ်လပ်ရေး အသင်း တည်ထောင်ရန် ဆုံးဖြတ် ကြလေသတည်း။

သို့ရာတွင် အချိန် အားလျော်စွာ နယ်ရှင် စော်ဘွားကြီး များ၏ အကြံဉာဏ် အကူအညီ ရမှ ကောင်းမည် ယူဆကြ ပြီးလျှင် ညောင်ရွှေ စော်ဘွားကြီး၊ သထုံစော်ဘွားကြီး၊ မိုင်းပွန် စော်ဘွားကြီးများ ထံ၌ လူထု အစည်းအရုံးများ တည်ထောင်လိုကြောင်း အကြံဉာဏ်များ တောင်းကြ သောအခါ စော်ဘွားကြီးများ ကလည်း ချုပ်ချယ် တားမြစ်ခြင်း မရှိ။ လူထု၏ သဘောအရ ပြုလုပ်နိုင်ကြောင်း ခွင့်ပြု လိုက်ကြသဖြင့် နိုင်ငံရေး ခေါင်းဆောင်များ ကြီးမှူးကာ တောင်ကြီးမြို့၌ ရှမ်းပြည် လူထု အစည်းအဝေး ကျင်းပပြီးလျှင် ရှမ်းပြည် လွတ်လပ်ရေး အဖွဲ့ကို တည်ထောင် ဖွဲ့စည်းလိုက်ကြ၏။

ထိုအချိန် အတွင်းမှာ နယ်ရှင် စော်ဘွား တို့အား၊ နိုင်ငံရေး သမားတို့အား ဖမ်းဆီးနိုင်ခွင့် အာဏာများ ကို အင်္ဂလိပ် အစိုးရက ပေးကမ်း ချီးမြှင့် ကြသေး၏။ သို့ရာတွင် စော်ဘွားများက ခေတ်ကြီး ပြောင်းလဲလျက် ရှိနေသည် ကို အကဲခတ် မိပြီး ဖြစ်ကြ သောကြောင့် နိုင်ငံရေး သမားတို့၏ ဆောင်ရွက် ဟောပြောမှု များကို လျစ်လျူရှု ခဲ့ကြ၏။

ရှမ်းပြည် လွတ်လပ်ရေး အဖွဲ့သည် ဖဆပလ အဖွဲ့ချုပ်ကြီး ၏ အကူအညီ နှင့် ဆောင်ရွက် ရသဖြင့် တစ်ဆင့်ထက် တစ်ဆင့် တိုးတက်လျက် ရှိနေစဉ် ဖဆပလမှ ကွန်မြူနစ် များကို ထုတ်ပစ်သည့် အချိန်တွင် ရှမ်းပြည် လွတ်လပ်ရေး အဖွဲ့တွင် သဘော ကွဲလွဲချက်များ ပေါ်ပေါက် ရှုပ်ထွေး စိတ်မအေး ဖွယ်များ ဖြစ်ပေါ်လာသေး၏။ သို့ရာတွင် (၁၉၄၆)ခု၊ ဒီဇင်ဘာလ အတွင်း တောင်ကြီးမြို့ သို့ ဗိုလ်ချုပ် ရောက်သွား သောအခါ ထိုစိတ်မအေးမှုတို့ ကင်းစင် လွင့်ပျောက်လျက် လူထုအင်အားလည်း တရှိန်ထိုး တိုးတက် ကောင်းမွန်လာ၏။ ဗိုလ်ချုပ် ဘိလပ်တွင် ရှိစဉ် အရေးကြီးသော ကြေးနန်းကို ရိုက်ကြား နိုင်ခဲ့၏။

(၁၉၄၇) ခု၊ ဖေဖော်ဝါရီလ အတွင်းက ကျင်းပသော ဒုတိယ ပင်လုံညီလာခံ သဘင်ကြီး၌ ဗိုလ်ချုပ်၏ အလိုဆန္ဒ ပြည့်ဝအောင် ရွက်ဆောင် ကြိုးပမ်း နိုင်ခဲ့ကြ၏။ ဗမာပြည်မ နှင့် တောင်တန်း နယ်များ ပူးပေါင်းရေး စာချုပ်ကို လက်မှတ် ရေးထိုးကြရာ၌ ဗိုလ်ချုပ်၏ အလို သဘောကျ လူထု ကိုယ်စားလှယ်များ ပါဝင် လက်မှတ် ရေးထိုးကြရ၏။ လက်မှတ်ရေးထိုး ရာ၌ ပါဝင်ကြသော လူထု ကိုယ်စားလှယ် များမှာ

(၁) ခွန်ပန်း – မြောက်ပိုင်းသိန္နီ
(၂) ဦးတင်အေး – တောင်ကြီး
(၃) ဦးကြာပု – သီပေါ
(၄) စောယုတ်ဖ – သီပေါ
(၅) ခွန်ထီး – ပင်လုံ
(၆) ဦးထွန်းမြင့် – မောက်မယ်
(၇) ခွန်စော – ပင်းတယ

ပင်လုံညီလာခံ သဘင်ကြီး ပြီးသောအခါ ရှမ်းပြည် လွတ်လပ်ရေးထက် ပြည်သူလူထု ၏ လွတ်လပ်ရေး က ပို၍ အရေးကြီးသည် ဟု ယူဆကြပြီးလျှင် “ရှမ်းပြည် လွတ်လပ်ရေး အဖွဲ့ချုပ်”အမည်ကို “ရှမ်းပြည် ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်”ဟူသော အမည်သို့ ပြောင်းလဲ လိုက်ကြ၏။

ပဒေသရာဇ် ကောင်စီ အလိုမရှိ

ဗိုလ်ချုပ်၏ သြ၀ါဒ နည်းလမ်း အရ ကြိုးပမ်း ကြသည့်အလျောက် ရှမ်းပြည် လူထု အင်အားသည် သိသိသာသာ ကြီး ကြီးမားလာရာ လူထုခေါင်းဆောင် များနှင့် နယ်ရှင် စော်ဘွားများ တစ်ဖက်နှင့်တစ်ဖက် သဘောချင်း သက်ဝင် နားလည်ကြ ပြီးလျှင် စော်ဘွားများသာ ပါဝင်ရသော ပဒေသရာဇ် ကောင်စီကို ဖျက်သိမ်း စွန့်ပယ်ပြီးလျှင် စော်ဘွားများနှင့် လူထု ကိုယ်စားလှယ် တစ်ဝက်စီ ပါဝင်သော လွှတ်တော်တစ်ခု ဖွဲ့စည်းရသည့် အခြေသို့ ဆိုက်ရောက်လာ၏။

ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီက ရှမ်းပြည်နယ် တွင် ပဒေသရာဇ် ကောင်စီက ကြိုးကိုင် အုပ်ချုပ်၏။ ၎င်းအထက်ကမှ အင်္ဂလိပ်က ကြိုးကိုင် ထား၏။ (၁၉၄၇) ခု၊ ဖေဖော်ဝါရီလ (၁၅) ရက်တွင် တောင်ကြီးမြို့၌ ပဒေသရာဇ် ကောင်စီ အစည်းအဝေး ကျင်းပရန် ဘုရင်ခံ၏ သဘောတူညီချက် အရ တောင်တန်းဆိုင်ရာ မင်းကြီးက ချိန်းဆိုလိုက်၏။ ပင်လုံ ညီလာခံသို့ ရောက်ရှိနေကြသော စော်ဘွားများ သည် ထိုဖိတ်စာနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ (၃) ရက်တွင် အစည်းအဝေး ကျင်းပကြပြီးလျှင် “ပဒေသရာဇ် ကောင်စီကို အလိုမရှိ တော့ကြောင်း၊ ထို (၁၄) ရက် အစည်းအဝေးသည် စော်ဘွားနှင့် ပြည်သူ့ ကိုယ်စားလှယ် တစ်ဝက်စီ ပါဝင်သော အစည်းအဝေးမျိုး ဖြစ်စေလိုကြောင်း”နှင့် ဘုရင်ခံ ထံသို့ ကြေးနန်း ရိုက်ကြား လိုက်ကြ၏။

ဖေဖော်ဝါရီလ (၇) ရက်တွင် ပင်လုံမြို့ လူထု (၃၀၀၀) ကျော် ပါဝင်သော အစည်းအဝေးကြီးက စော်ဘွားများ ရိုက်ကြား လိုက်သော ကြေးနန်းကို ထောက်ခံကြောင်း ဆုံးဖြတ် ကြပြီးလျှင် ဘုရင်ခံ ထံသို့ ကြေးနန်း ရိုက်ကြား ကြပြန်၏။ ဘုရင်ခံလည်း စော်ဘွားများ နှင့် လူထု၏ သဘာဝအတိုင်း လိုက်လျော လိုက်ရ၏။

ဒုတိယအကြိမ် ပင်လုံညီလာခံ ပြီးချိန်မှ စ၍ ရှေးအခါက လက်ညှိုးထောင် ခေါင်းညိမ့်ကောင်စီ ဟု နာမည်ကြီး ခဲ့သော ပဒေသရာဇ် ကောင်စီကို ဖျက်သိမ်းခွင့် ရခဲ့ပြီးနောက် “ရှမ်းပြည်ထောင်စုလွှတ်တော်” ကို ဖွဲ့စည်းကြရာ နယ်ရှင် (၃၃) ဦး နှင့် ပြည်သူ့ကိုယ်စားလှယ် (၃၃) ဦး ပါဝင်ကြရသည်။ ပြည်သူ့ ကိုယ်စားလှယ် (၃၃) ဦးတွင် ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် မှ (၁၇) ဦး ပါဝင်ကြရသည်။ ရှမ်းပြည်၏ အနာဂတ် ကံကြမ္မာ ကို ဖန်တီးမည့် မြန်မာ ပြည် တိုင်းပြုပြည်ပြု လွှတ်တော်သို့ တက်ရောက်ကြရသော ရှမ်းပြည်မှ အမတ် (၂၂) ဦး အနက် လူထု ကိုယ်စားလှယ် (၁၁) ဦး ပါဝင်ရာ ၎င်း (၁၁) ဦး အနက် ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်မှ (၅) ဦး ပါဝင်ကြရသည်။

ပေါင်းမည် မပေါင်းမည် ဆုံးဖြတ်ပြီ

အောင်ဆန်း – အက်တလီ စာချုပ် ထွက်ပေါ် လာသည်ကို အကြောင်းပြု၍ လည်းကောင်း၊ ဗိုလ်ချုပ်၏ ဖြူစင် မွန်မြတ်သော စေတနာနှင့် လမ်းညွှန်ချက် ကို ယုံကြည်မှု တိုးတက်လာ၍ လည်းကောင်း၊ ပင်လုံမြို့သို့ ဗိုလ်ချုပ် မရောက်မီ ဖေဖော်ဝါရီလ (၇) ရက် မှာပင် ရှမ်းစော်ဘွားများ၊ ကချင် နှင့် ချင်း ကိုယ်စားလှယ်တော်များ အစည်းအဝေး ကျင်းပ ကြပြီးလျှင်

(၁) ဗမာများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် ရှမ်းနှင့် ကချင် ချင်း အမျိုးသားတို့၏ လွတ်လပ်ရေးသည် ပိုမို လျင်မြန်စွာ ရရှိလိမ့်မည် ဟု ယုံကြည်ကြောင်း၊
(၂) ဒီမိုကရေစီနည်းစနစ်အရ ဗမာလူမျိုး တို့ ရရှိခံစား နေသည့် အဆင့်အတန်း အခွင့်အရေးနှင့် အကျိုးစီးပွား များကဲ့သို့ ရှမ်း၊ ကချင်၊ ချင်းတို့ လည်း ရရှိခံစားရန် လိုလားကြောင်း၊
(၃) ရှမ်း၊ ကချင်၊ ချင်း အမှုဆောင် ၀န်ကြီးများသည် မိမိတို့နှင့် သက်ဆိုင်ရာ ပြည်တွင်းရေး ကိစ္စ အ၀၀တို့တွင် မိမိတို့ သာလျှင် တာဝန်ခံ၍ အများနှင့် သက်ဆိုင်ရာ ကိစ္စများ (ကာကွယ်ရေး၊ နိုင်ငံခြား ဆက်သွယ်ရေး မီးရထား ဆိပ်ကမ်းခွန်)မှ စသည်တို့ကို ဗမာများနှင့် ပူးပေါင်း တာဝန်ခံ လိုကြောင်း၊

၎င်း ဆုံးဖြတ်ချက် များကို အစည်းအဝေး ဥက္ကဋ္ဌ တောင်ပိုင်း စော်ဘွားကြီး စောခွန်ပန်းဆိုင်က ရန်ကုန် ရေဒီယိုအသံလွှင့်ရုံ သို့ ကြေးနန်း ပေးပို့ အသံလွှင့် စေခဲ့၏။ ဖေဖော်ဝါရီလ (၈) ရက်၊ နံနက် မင်္ဂလာဒုံ လေယာဉ်ပျံကွင်းတွင် ပင်လုံသို့ လာမည့် ဆဲဆဲမှာ ဒိုမီနီယန် အတွင်းဝန် ကလေး မစ္စတာ ဘိုတွန်မလီ က “မနေ့ညက ရေဒီယို အသံလွင့်တဲ့အတိုင်း ဆိုရင်တော့ ကိစ္စပြီးနှင့် နေပြီဖြစ်လို့ ကျုပ်တို့ သွားဖို့တောင် မလိုပါဘူး”ဟု ဗိုလ်ချုပ်အား ရယ်မောကာ ပြောပြသေး၏။ (၈) ရက် ညပိုင်းတွင် ပင်လုံသို့ ရောက်လာကြ၏။

ဘဏ္ဍာရေးအတွက် မေးမြန်းချက်

(၁၉၄၇) ခု၊ ဖေဖော်ဝါရီလ (၁၀) ရက်တွင် ကျင်းပသော ပင်လုံညီလာခံကြီး တွင် ဘဏ္ဍာရေး အခြေအနေ အကြောင်းအရာ များကို အနည်း ငယ် ရှင်းပြရန် ညောင်ရွှေ စော်ဘွားကြီး တောင်းပန်သဖြင့် ဘဏ္ဍာရေး ၀န်ကြီး ဦးတင်ထွတ် က ဤသို့ ရှင်းပြခဲ့၏။

ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီက ဗမာပြည် ဘဏ္ဍာရေးမှာ ရတာထက်ပင် ပိုနေပါသေးတယ်။ ယခုတော့ ဗမာပြည် အတွက်ရော၊ တောင်တန်းနယ် များအတွက် ရော မပိုတဲ့အပြင် ချေးသုံး နေရပါတယ်။ မနှစ်က ဘိလပ်အစိုးရက ငွေ(၁၀)ကုဋေကို အတိုး မယူဘဲ ချေးထား ပါတယ်။ ယခုနှစ် ဗမာပြည် အခွန်တော်ငွေမှာ ကုဋေ (၂၀) လောက် ရစရာ ရှိသော်လည်း ကုန်ကျစရာက ကုဋေ (၄၀) လောက်ရှိနေ တယ်။ ဗမာပြည်မှာ စစ်ဘေး စစ်ဒဏ်ကြောင့် လမ်းတွေ အဆောက်အဦတွေ၊ မီးရထားတွေ၊ ကျောင်းတွေ စသဖြင့် အဆောက်အဦ တွေကို ပြန်လည် ထူထောင်ဖို့ ငွေထပ်ပြီး အလိုရှိကြောင်း၊ ဘိလပ် အစိုးရကို ပြောတဲ့အခါ ငွေ (၁၀) ကုဋေတော့ ပေးမည်၊ သည့်ထက် ပိုမပေးနိုင်ဘူး လို့ ပြောပါတယ်။ ဗိုလ်ချုပ်တို့ ဘိလပ် သွားတဲ့အခါမှာ ငွေ ထပ်ပေးနိုင်ရန် အကြောင်း ပြောပါသေးတယ်။ သည်တော့ ငွေ (၁၅) ကုဋေ အထိပဲ ချေးနိုင်တော့မည်။ နောက်ထပ် လိုလျှင် အခြား နိုင်ငံများ မှလည်း ချေးနိုင်ပါတယ် လို့ ဘိလပ်အစိုးရက ပြောပါတယ်။ အဲဒီလို ငွေ (၁၅) ကုဋေ ထပ်ချေးဖို့ သေချာပြီး နောက် ကျွန်တော်တို့က ဘိလပ်အစိုးရ ကို ပြောတဲ့ အကြောင်း တစ်ခုမှာ ခင်ဗျားတို့က ငွေချေးတာတော့ ဟုတ်ပါရဲ့။ ဒါပေမယ့် အမှန် ပြောရမယ် ဆိုရင် ကျုပ်တို့ ဗမာနိုင်ငံဟာ အင်္ဂလိပ်ပိုင် နိုင်ငံ ဖြစ်လေတော့ ဂျပန်နဲ့ အင်္ဂလိပ် စစ်ဖြစ်တဲ့အခါမှာ ဗမာနိုင်ငံ ဟာ ဂျပန် ကြောင့်လည်း အကြီးအကျယ် အပျက်အစီး ခံရတာပဲ။ မဟာမိတ် တပ်များကြောင့် လည်း အကြီးအကျယ် အပျက်အစီး ခံရတာပဲ။ ဒါတင် မကသေးဘူး။ ဂျပန် ငွေစက္ကူဟာ တရားဝင်တဲ့ ငွေစက္ကူများ မဟုတ်ဘူး လို့ အင်္ဂလိပ် အစိုးရက ကြေညာ လိုက်တဲ့အတွက် ဗမာ လူမျိုးတွေ ဗြုန်းကနဲ မွဲကုန် ကြရပါတယ်။ ဒါ့ကြောင့် ခင်ဗျားတို့က ချေးတဲ့ ငွေများကို ထောက်ပံ့ကြေး လောက်သော သဘောထား သင့်ကြောင်း ပြောပါတယ်။ ထိုအခါ ဘိလပ်အစိုးရက ကျုပ်တို့ ချေးတဲ့ငွေ များအနက် အချို့အ၀က်ကို အလကား ပေးပါ့မယ် ဟု ကတိပြု လိုက်ပါတယ်။ ယခု ကျွန်တော်တို့ ချေးတဲ့ငွေများကို ဗမာပြည် အတွက် ရော တောင်တန်းနယ် များအတွက် ရော သုံးရပါမယ်။ တောင်တန်းနယ်များ ကို တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ရန် ထားရှိပြီး ဖြစ်သော ဗမာပြည် အစိုးရ၏ ၀ါဒကိုလည်း ယခု ထပ်မံ ကတိပေးပါတယ်။

တောင်ပိုင်း စော်ဘွားပြောစကား

ဖေဖော်ဝါရီလ (၁၁) ရက် ညနေပိုင်းတွင် ဗမာပြည် နှင့် တောင်တန်းနယ်များ ပူးပေါင်းရေး အခြေခံ သဘောတူချက် ရရှိသည့် အတွက် ည ဘက်တွင် ကျင်းပသော (စတိတ်ဒင်နာ) ညစာ ထမင်းစား ပွဲကြီးကား အောင်သေ အောင်သား စားသော ထမင်းစား ပွဲကြီးပင်တည်း။

ဗိုလ်ချုပ် အောင်ဆန်း အမှူး ရှိသော ၀န်ကြီးများ နှင့် ကိုယ်စားလှယ်တော်များ၊ ဒိုမီနီယန် အတွင်းဝန် ကလေး မစ္စတာ ဘိုတွန်မလီ အမှူး ရှိသော အင်္ဂလိပ် အရာရှိကြီးများ၊ အမေရိကန် ကောင်စစ်ဝန် နှင့် ကောင်စစ်ဝန် ကတော်၊ ကချင် နှင့် ချင်း ကိုယ်စားလှယ် တော်များ၊ နယ်ရှင်စော် ဘွားများ၊ ကျမိုင်းများ နှင့် ရှမ်းလူထု ကိုယ်စားလှယ်တော် များအပြင် စစ်ဖက်ဆိုင်ရာ အရာရှိ များနှင့် ဂုဏ်သရေရှိ အမျိုးသမီးများ တက်ရောက်ကြ၏။ ထိုထမင်းစားပွဲကြီး၌ တောင်ပိုင်း စော်ဘွားကြီး၏ ရှင်းလင်း ပြတ်သား မိန့်ခွန်း စကားကား ဤသို့တည်း။

ယနေ့ညဟာ နေ့ကောင်းရက်ကောင်း ဖြစ်တဲ့ည ပါပဲ။ ယခု ဒုတိယ အကြိမ်မြောက် ပင်လုံ အစည်းအဝေးကြီးမှာ ရာဇ၀င်တွင် မကြုံဖူးသော အစည်းအဝေးကြီး ဖြစ်ပါတယ်။ ရှေးအခါက ရှမ်း၊ ဗမာ၊ ကချင်၊ ကရင်၊ ချင်း အမျိုးသားတို့ အချင်းချင်း အထင်မှား သဘော ကွဲလွဲချက်များ ရှိခဲ့သော်လည်း ယခုတော့ ဒီသဘော ကွဲလွဲချက်များ မရှိတော့ပါဘူး။ ဗမာနှင့် ရှမ်း စသော တောင်တန်း နယ်သားများ အားလုံးတို့ ကောင်းရာ ကောင်းကြောင်း အချိန်သို့ ဆိုက်ရောက်လာပါပြီ။ ဒီအစည်းအဝေးကြီးမှာ ကျွန်တော်တို့ အချင်းချင်းတွေ သွေးကွဲအောင် ခြေထိုးသူတွေ ရှိကြောင်းကို သိပါတယ်။ သူတို့ရှိပေမယ့် ကျွန်တော်တို့ “မအ”ပါဘူး။ ကျွန်တော်တို့ လိုလားတဲ့ လွတ်လပ်ရေး ပန်းတိုင်ကို အသက်နဲ့ လဲပြီး ဆွတ်ခူးမယ် ဆိုတာယုံကြည်ပါ။ ချုပ်ချယ်တဲ့ စနစ်ကြောင့်သာ ကျွန်တော်တို့ အောက်ကျ နောက်ကျဖြစ်ခဲ့ရတာပါ။ ရှေ့အဖို့ လွတ်လပ်တဲ့အခါမှာ အခြား လွတ်လပ်တဲ့ နိုင်ငံကြီးများနဲ့ တန်းတူ အောက်မကျအောင် ဆောင်ရွက်နိုင်ပါတယ်။ ယခု နယ်ရှင် စော်ဘွား များဟာ အရင်ကလို မဟုတ်တော့ ပါဘူး။ တိုင်းပြည် ကိုယ်စားလှယ်တော် များနှင့် တန်းတူ ပူးပေါင်းကာ ဆောင်ရွက် ကြပါတော့မယ်။ အထူးအားဖြင့် ဗိုလ်ချုပ် အောင်ဆန်း ကြွရောက်လာပြီး ညီညီညွတ်ညွတ် ဖြစ်အောင် ဆောင်ရွက်ပေးတာ ကိုလည်း အလွန်ပဲ ကျေးဇူးတင် ၀မ်းမြောက်ကြပါတယ်။ ရှေ့အဖို့မှာ ဗိုလ်ချုပ်အောင်ဆန်း ၏ အလိုဆန္ဒအတိုင်း တစ်သွေး တစ်သားတည်း ညီညွတ်ကြမည် ကို ယုံကြည် စေလိုပါတယ်။ ဤသို့ သိုက်မြိုက်စုံလင်စွာ ကြရောက်ချီးမြှင့်ကြသည်ကို ရှမ်းစော်ဘွားများ၏ကိုယ်စား ကျွန်တော်က အထူး ကျေးဇူး တင်ပါတယ်။

ဗိုလ်ချုပ်မှတ်ဖွယ် မိန့်ခဲ့တယ်

ပင်လုံ ညီလာခံ ညစာ ထမင်းစားပွဲကြီး၌ မိန့်ခွန်းစကား ပြောကြားရန် တောင်းပန်သဖြင့် ဗိုလ်ချုပ်က ဤသို့ မှတ်ဖွယ်စကားများ မိန့်ကြားခဲ့၏။

ယခု အစည်းအဝေးကြီး မှာ ရာထူးအားဖြင့် ကျွန်တော် အကြီးဆုံး ဖြစ်သော်လည်း အသက်အားဖြင့် အငယ်ဆုံးဖြစ်ပါတယ်။ ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ တစ်ခုပဲ ရှိပါတယ်။ ဘာလဲ ဆိုရင် ဗမာပြည် လွတ်လပ် စေချင်တယ်၊ ညီညွတ် စေချင်တယ်၊ ကြီးပွားစေချင်တယ် ဒီဟာပါပဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀) နှစ် လောက်ကစပြီး ကြိုးစား လာခဲ့ပါတယ်။ နောက်လည်း ကြိုးစားပါဦးမယ်။ လုံးလုံး လွတ်လပ်တဲ့ ကိစ္စ ပြီးပြတ်သည် အထိ ကြိုးစားပါမယ်။

တစ်ခု နားလည်ထားကြဖို့ အချက်က ယခုခေတ် ကမ္ဘာကြီး အခြေအနေမှာ ဘယ်တိုင်းပြည် မဆို ကိုယ့်တိုင်းပြည် တစ်ပြည်တည်း အထီးထီးနေနိုင်တဲ့ အခြေမျိုး မရနိုင်ကြဘူး။ တစ်ပြည်နဲ့ တစ်ပြည် ပေါင်းစီ အမှီသဟဲ ရှိမှ နေနိုင်ကြမယ် ဆိုတဲ့ အချက်ပါပဲ။ နောက်တစ်ချက် က လူမျိုးရေး အကြောင်းကို ပြောလိုပါတယ်။ လူမျိုးရေး ဆိုတာ မှာလည်း ရှေးခေတ်က ဟစ်အော် လာကြတဲ့ (အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ) ဆိုတဲ့ စကားမျိုးကို လက်ကိုင် အသုံးပြုလို့ မလုံလောက် တော့ဘူး။ အမျိုး ဆိုရာမှာ ဘယ်လို အမျိုးကို တည်ရမလဲ၊ ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် အခြား အမျိုးများ လည်း ရှိသေးတယ်။ အခြားနိုင်ငံများကိုကြည့်လိုက်ရင် ဗမာပြည် မှာလို တိုင်းရင်းသားများ ရှိတာကို တွေ့နိုင်ပါတယ်။ တရုတ်ပြည်၊ ဂျပန်ပြည် နှင့် ရုရှားပြည် တို့မှာလည်း ဒီအတိုင်း ပါပဲ။ အမေရိကန် ပြည်မှာ အင်္ဂလိပ် စကားကို ပြောကြသော်လည်း အင်္ဂလိပ်၊ အီတလီ စတဲ့ လူအမျိုးမျိုးတို့ စုပေါင်းပြီး လူမျိုးတစ်မျိုး ဖြစ်အောင် ထူထောင်လျက် သူတို့ ကိုယ်ကို အမေရိကန်လို့ ဆိုကြတာပဲ။

ဒါ့ကြောင့် လူမျိုးရေး အားဖြင့် ကြည့်လျှင် အမျိုး တစ်မျိုးတည်းကို လိပ်ခဲတည်းလည်း စွဲပြီး ယူဆလို့ မဖြစ် နိုင်တော့ဘူး။ ဘာသာစကား ပင် တူသော်လည်း လူမျိုးခြားနား မှုမျိုး လည်းရှိပါတယ်။ ဘာသာ မတူသော်လည်း လူမျိုး သီးခြား ဖြစ်နေတာလည်း ရှိပါတယ်။ ဥပမာ အမေရိကန်ကို ကြည့်လျှင် လူ တစ်မျိုးဖြစ်သော်လည်း ဘာသာစကား တူပါတယ်။ ရုရှားပြည်မှာ ဆိုရင် ဘာသာစကား အမျိုးပေါင်း များစွာ ကွဲပြားသော်လည်း လူမျိုး ကတော့ တစ်မျိုးတည်း ဖြစ်ပါတယ်။ သာသနာ ဆိုတာကတော့ ကိုယ်ကိုးကွယ်ချင်တဲ့ ဘာသာသာသနာကို ကိုးကွယ်နိုင်ကြတာပဲ။ ဗမာပြည်မှာ လူများစုက ဗုဒ္ဓဘာသာဖြစ်ပေမယ့် ခရစ်ယာန် ဘာသာ ကိုးကွယ်သူ မဟာမေဒင် ဘာသာ ကိုးကွယ်သူ နတ်ကိုးကွယ်သူ အမျိုးမျိုး ရှိတာပဲ။ သည်တော့ ဒါတွေကို စွဲပြီး လူမျိုးရေး တရားလုပ်လို့ မဖြစ်နိုင်ဘူး။ စစ်ကြီး အတွင်းက ကျွန်တော် စစ်ဝန်ကြီး လုပ်တုန်းမှာ ကရင် အမျိုးသား တပ်ရင်းစွဲ ဖွဲ့တဲ့အခါမှာ ထမင်းစားပွဲ တစ်ခုမှာ ကရင် စစ်သားတစ်ဦးက လူမျိုး အချင်းချင်း ညီညွတ်ဖို့ ပြောတဲ့အခါမှာ (ဗမာက ဖဲရိုက်၊ ကရင်က ငါးမျှား) ဆိုတာလို အတူတူပါပဲ လို့ ပြောတာကို သတိရမိပါတယ်။

ကိုယ့်ဒေသအလိုက် ကိုယ် ယုံကြည်တာ ကို ကိုးကွယ် နေထိုင်ကြပြီး တစ်တိုင်း တစ်ပြည်လုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စကြီးမျိုး မှာ ညီညီညွတ်ညွတ် လုပ်ကြရင် ဒါဟာ တစ်မျိုးတည်း လို့ ယူဆရမှာပဲ။ အချင်းချင်း သဘောကွဲလွဲမှုမျိုး ဆိုတာ ကတော့ နည်းနည်းပါးပါးတော့ ရှိမှာပဲ။ ဒါပေမယ့် သူတစ်ပါး နိုင်ငံက ကိုယ့်နိုင်ငံကို လာရောက် စော်ကားလို့ အသက်ကို စွန့်ပြီး မလျှော့တမ်း ကာကွယ် တိုက်ခိုက် ကြတာမျိုးကတော့ အားလုံးနဲ့ သက်ဆိုင်တဲ့ အလုပ်မျိုး ဖြစ်တာပဲ။ တိုက်ခိုက်ကြတဲ့ အခါမှာလည်း စစ်သေနာပတိဟာ ကရင် ဖြစ်ချင်လည်း ဖြစ်မယ်။ ချင်းဖြစ်ချင်လည်း ဖြစ်မယ်။ ဘယ်သူပဲ ဖြစ်ဖြစ် တစ်မိန့်တည်း လိုက်နာကြရမှာပဲ။ တစ်တိုင်းပြည်လုံး ကြီးပွား စေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက် အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း ကချင် ချင်းတို့က တခြား တကွဲကွဲ တပြားပြား လုပ်နေကြရင်ဖြင့် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်း လုပ်ကြမှသာ အကျိုး ရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်မယ်။

တောင်တန်းဒေသ တစ်နေရာ

ပထမတော့ ကျုပ်တို့ အဆင်းရဲခံရမယ်။ ယခုအခါ အင်္ဂလန်ပြည်မှာ အစားအသောက် အ၀တ်အထည်များမှ စလို့ အတော် ချွေတာပြီး အဆင်းရဲခံနေကြတယ်။ ဒါဘာလဲ ဆိုရင် တစ်ပြည်လုံးအတွက် အကျိုးရှိအောင် လုပ်နေကြတာ ဖြစ်တယ်။ ဒီထက်ပိုပြီး ခရီးရောက်အောင် ဆောင်ရွက်ချက် တစ်ခုထားဖို့ နားလည် စေချင်တာက အင်ဒိုချိုင်းနား၊ အင်ဒိုနီးရှား စတဲ့ အရှေ့ဘက် နိုင်ငံများ စုပေါင်း ဆောင်ရွက်နိုင်တဲ့ အား ဖြစ်တယ်။ အဲဒီအားမျိုး ရှိရင်တော့ ကမ္ဘာ့ထိပ်တန်း အခြေဆိုက် ရောက်နိုင်မှာပဲ။ နောက်ဆုံး ကျုပ်ပြောချင်တာက အင်္ဂလိပ်နဲ့ ကျုပ်တို့ဟာ (ကျွန်နှင့်သခင်) ဘ၀မျိုးတွင် မတည့်နိုင်ကြပေမယ့် လွတ်လပ်တဲ့ ဘ၀မျိုးဖြစ်ရင် မိတ်ဆွေအဖြစ် ချင်ခင်ကြလိမ့်မယ် လို့ မျှော်လင့်ပါတယ်။

ချင်းဗမာ လူထု ဓိဋ္ဌာန်ပြု

ဗိုလ်ချုပ်၏ အလိုအတိုင်း (၁၉၄၇) ခု၊ မတ်လ (၄-၅-၆) ရက်များ ၌ ကျင်းပခဲ့သော ထီးလင်းမြို့ ချင်းဗမာ ချစ်ကြည်ရေး အစည်းအဝေး ကြီး မှာ ထူးခြားစွာ အောင်မြင်ထမြောက် ခဲ့၏။ ဗိုလ်ချုပ် ကိုယ်စား တက်ရောက် ကြရသော ကွယ်လွန်သူ ၀န်ကြီး ဦးဘချို နှင့် သခင် ၀တင် တို့၏ ဆောင်ရွက်ချက် များမှာလည်း အတော်ပင် အရေးပါ အရာ ရောက်ခဲ့၏။ ဗြိတိသျှနယ်ချဲ့စနစ် ခြေဖ၀ါး အောက်မှ ကျွတ်လွတ် ထွက်မြောက်ရန် အတွက် ချင်းဗမာ အမျိုးသားများ သွေးစည်း ညီညွတ်ကာ ဆောင်ရွက်ကြမည်။ ဗြိတိသျှ နယ်ချဲ့သမား တို့က မည်သို့ပင် သွေးခွဲစေကာမူ ချင်းဗမာ အမျိုးသားတို့ စိတ်ဝမ်းမကွဲဘဲ ဆောင်ရွက်ကြမည်။ လွတ်လပ်ပြီး သော ဗမာပြည် ရိပ်မြုံကြီးတွင် တာဝန် ခွဲဝေ လုပ်ကိုင်ကြရာ၌ လည်းကောင်း၊ အကျိုး ခံစားမှုများ ၌ လည်းကောင်း၊ ချင်းဗမာ ခွဲခြားခြင်း မရှိဘဲ ဆောင်ရွက်သွားကြမည် ဟူသော အဓိက အချက်ကြီး များကို လေးနက်ယုံကြည်စွာ အဓိဋ္ဌာန်ပြုကြ၏။ ထိုသို့ အဓိဋ္ဌာန် ပြုခဲ့သည့် အတိုင်းလည်း ဗမာနိုင်ငံတော် ပြည်ထောင်စု ထဲသို့ ပါဝင်ရာ၌ ချင်းတောင်တန်း နယ်ပယ်များ ကို သီးခြား မထားဘဲ ဗမာပြည်မကြီး အတွင်း၌ ဒိစတြိတ်နယ် အနေမျိုးနှင့် နေရန် ဆုံးဖြတ် ပါဝင်ခဲ့ကြ၏။

ဗိုလ်ချုပ်နည်းပေး ချစ်ကြည်ရေး

(၁၉၄၆) ခု၊ နိုဝင်ဘာလ အတွင်းက ဗိုလ်ချုပ် မြစ်ကြီးနား သို့ ရောက်သွားရာ၌ ဂျင်းဖောဗမာ ချစ်ကြည်ရေး ကောင်းစွာ ထမြောက် အောင်မြင် ခဲ့၏။ မြစ်ကြီးနား၊ ဗန်းမော်နှင့် ကသာနယ် များရှိ ပြည်သူ့ရဲဘော် တပ်ဖွဲ့ ဖဆပလ၀င် များနှင့်တကွ ဗမာ အမျိုးသား တို့က ဂျင်းဖောများ အပေါ်၌ မည်ကဲ့သို့ သဘောထား ရမည်၊ မည်ကဲ့သို့ ပေါင်းသင်း ဆက်ဆံကြရမည် ကို ဗိုလ်ချုပ် ဤသို့ ဟောပြော ဆုံးမခဲ့၏။

ရဲဘော်တို့ ဂျင်းဖောများနဲ့ အထူး ချစ်ခင် ရင်းနှီးအောင် ဆောင်ရွက် ကြရမယ်။ ဂျင်းဖောဗမာ ချစ်ကြည်ရေး ဟာ ငါတို့၏ အရေးကြီးသော လုပ်ငန်းတစ်ရပ်လို့ သဘောထား ကြရမယ်။ တောင်တန်းဒေသ သူတို့ရဲ့ဌာန ရွာများကို ရောက်အောင် သွားကြရမယ်။ အတူနေ အတူစား ဖြစ်အောင် ကြိုးစား ကြရမယ်။ သူတို့ရဲ့ အရေးအကြောင်း ကိစ္စများ ရှိလျှင် အမြန်ဆုံး ကူညီ ဆောင်ရွက် ပေးကြရမယ်။ မြစ်ကြီးနားမှာ ဆောင်ရွက်လို့ မပြီးတဲ့ ကိစ္စများကို မန္တလေး ဖြစ်စေ၊ ရန်ကုန် ဖြစ်စေ တိုင်ကြားချက် များ နစ်နာချက်များ ကို ရန်ကုန် ဌာနချုပ် က သိအောင် အမြန်ဆုံး ဆောင်ရွက် ပေးရမယ်။ ယခုအခါမှာ ဗမာပြည်တွင်း မှာ ရှိတဲ့ တိုင်းရင်းသား အားလုံး တစ်မျိုးတည်း တစ်တန်းတည်း ဖြစ်အောင် လုပ်ပေး ကြရမယ့် အခါကြီး ဖြစ်တယ်။ လူမျိုးရေး ကိစ္စကို ကြည့်လိုက် လျှင် ဗမာပြည်တွင်းရှိ လူမျိုးတွေဟာ အစက တစ်အိမ်ထောင် တည်းမှ ပေါက်ပွားလာတာ ဖြစ်တယ်။ ရေမြေခြားပြီး ဥတုရာသီ အလိုက် စတင် ကွဲပြားပြီး တစ်စုစီ တစ်စုစီ ဖြစ်လာကြတယ်။ နောက်တော့ လူမျိုး တစ်မျိုးရယ်လို့ ဖြစ်လာတာပဲ။ တစ်ဦးနဲ့ တစ်ဦး တစ်မျိုးနဲ့ တစ်မျိုး မတူတဲ့ အခြေမျိုး ရောက်လာကြတာပဲ။ ဒါ့ကြောင့် သူတို့ရဲ့ ထုံးစံ ဓလေ့များကို သွား ကဲ့ရဲ့လို့ မဖြစ်ဘူး။ မသင့်သော ထုံးစံ ဓလေ့များ ဖြစ်စေကာမူ သူတို့ အချင်းချင်း အသိဉာဏ် ပွင့်လင်းပြီး ပြုပြင် လာမှဖြစ်မယ်။ (ရောမ ရောက်လျှင် ရောမလို ကျင့်ရမယ်) ဆိုတဲ့ စကားပုံ ရှိတယ်။ ဂျင်းဖော နှင့် ချစ်ကြည် လိုလျှင် ဂျင်းဖောနှင့် အတူနေ အတူစား နိုင်အောင် ကြိုးစားရမယ်။ အထင်မသေး ရဘူး။ လေးစားရမယ်။ ပေါင်းတတ် ဖို့လည်း လိုတယ်။ သူတို့ဟာ လူနည်းစု တွေပဲ။ အသိဉာဏ် နဲသူတွေပဲ ဆိုပြီး လှည့်စားဖို့ မရည်ရွယ်ရဘူး။ မရည်ရွယ်ကြောင်း ကိုလည်း လက်တွေ့ လုပ်ပြ ကြရမယ်။ သူတို့ လူမျိုး အချင်းချင်း အုပ်ချုပ်လိုတာကို ခွင့်ပြု ကြရမယ်။ ကိုယ့်အရေးထက် သူ့အရေးကို ပိုမို ဂရုစိုက် ပေးရမယ်။ ခရစ်ယာန် သာသနာပြု ဆရာများ ဆောင်ရွက်ပုံ အတုယူစရာတွေ အများကြီးရှိတယ်။ ပညာသင်ပေးခြင်း၊ ဆေးဝါး ကုသပေးခြင်း၊ နားမလည်တာ များကို နားလည်အောင် ပြသပေးခြင်း အားဖြင့် ယုံကြည် ချစ်ခင်မှုကို ရနိုင်တယ်။ ဂျင်းဖောစတဲ့ လူနည်းစုများ အပေါ်မှာ ဗမာများက ညီကလေးများ လို သဘောထား ကြရမယ်။ ညီကလေးများ မှားယွင်းတာ ရှိရင်လည်း သည်းခံကြရမယ်။

ဗိုလ်ချုပ်မေတ္တာ ဂျင်းဖောမှာ

(၁၉၄၆)ခု၊ ဒီဇင်ဘာ(၁)ရက် နံနက်ပိုင်း တွင် မြစ်ကြီးနားမြို့ နှင့် (၅) မိုင် ဝေးသော (မန်ခင်ရွာ) စာသင်ကျောင်း ၀င်း အတွင်း ဂျင်းဖော အမျိုးသား တို့၏ ဧည့်ခံပွဲ၌ ဗိုလ်ချုပ်က ဤသို့မိန့်ကြားခဲ့၏။

ဒူးဝါးကြီး များနှင့် တကွ ဂျင်းဖော အမျိုးသား အမျိုးသမီး အပေါင်းတို့ ကျွန်တော်သည် ဂျင်းဖော အမျိုးသားများအား မေတ္တာရှိ၍ သွေးသား ရင်းခြာကဲ့သို့ သဘောထား ပါတယ်။ ကရင်အမျိုးသား ခေါင်းဆောင်များကို မေးမြန်း စုံစမ်းကြည့်ပါက သိနိုင်ပါတယ်။ တိုင်းရင်းသား ချင်းချင်းတို့ အပေါ်၌ ရင်းခြားသော ညီအစ်ကိုကဲ့သို့ သဘောထား ကြောင်းမှာ အပြော အားဖြင့်သာ မဟုတ်၊ အလုပ်သဘော အားဖြင့်လည်း ပြခဲ့ပါပြီ။ ဥပမာ ဂျင်းဖော စစ်တပ် သီးသန့် တည်ရှိလာရခြင်း မှာ ကျွန်တော်၏ ကြိုးစား လုံးပမ်းမှု ကြောင့်ပင် ဖြစ်လာရ ကြောင်း သိစေလိုပါတယ်။ အရှေ့ အာရှ တောင်ပိုင်း မဟာမိတ် တို့၏ စစ်သေနာပတိချုပ် မောင့်ဘက်တန် နှင့် ကျွန်တော်တို့ စာချုပ် လာခဲ့ကြတဲ့ အတွက် ဖြစ်လာရတာပဲ။ စာချုပ်တွင် သူ့တိုင်းရင်းသား စစ်တပ်နှင့် သူ့တိုင်းရင်းသား စစ်ဗိုလ် ထားရှိရမည် ဟု သဘောတူချက် ပါရှိပြီး ဖြစ်ပါတယ်။ ယခု တိုင်းရင်းသား မဟုတ်သူများက တိုင်းရင်းသား စစ်တပ်များ တွင် စစ်ဗိုလ်များ ရှိနေကြ သေးသော်လည်း ရုပ်သိမ်းအောင် ကြိုးစားလျက် ရှိနေပါတယ်။ စာချုပ်တွင် ရှိပြီး ဖြစ်လို့ မဖြစ်နိုင်စရာ အကြောင်း မရှိပါဘူး။ အရင်က တိုင်းရင်းသားများ အနှိမ်ခံ ကြရပါတယ်။ စစ်ဗိုလ် အတတ် တတ်ကြသော်လည်း တန်းတူ မပေးကြဘူး။ ဂျမဒါ၊ ဆူဗဒါ လောက်သာ ပေးခဲ့ကြတယ်။ ယခု ဒီလို မဟုတ်တော့ဘူး။ တန်းတူ အဆင့်အတန်း ရနိုင် ကြတော့မယ်။ ဒါဟာလည်း တိုင်းရင်းသား အားလုံး အပေါ်မှာ ကျွန်တော့်ရဲ့ စေတနာထားပုံ သက်သေ တစ်ရပ် ဖြစ်ပါတယ်။

ထို့ပြင် ကျွန်တော်တို့ အစိုးရ အဖွဲ့၏ ပေါ်လစီကို ထုတ်ပြန် ကြေညာရာ မှာလည်း တောင်တန်း နယ်များတွင် သူ့နယ်နှင့်သူ ဆိုင်ရာ တိုင်းရင်းသားများ ကိုယ်တိုင် အုပ်ချုပ်၍ ဗမာပြည်နှင့် စုပေါင်း ညီညွတ်စွာ ရှိရန် ရည်ရွယ်ချက် ရှိကြောင်း ကိုလည်း ကြေညာပြီး ဖြစ်ပါတယ်။ ဒါဟာလည်း တိုင်းရင်းသားများ အပေါ်၌ စေတနာထားပုံ သက်သေ တစ်ရပ်ပါပဲ။ ကျွန်တော်တို့ ဗမာပြည် အစိုးရဟာ တောင်တန်းနယ် ဆိုင်ရာ တိုင်းရင်းသားတို့၏ ကြီးပွား တိုးတက်ရေးကို အထူးလိုလားပါတယ်။ ယခုတော့ စိတ်တိုင်းကျ လွတ်လပ်ရေး မရသေးတဲ့ အတွက် လုပ်ချင်သလောက် မလုပ်နိုင်သေးဘဲ ရှိနေရပါသေးတယ်။ ယခု တောင်တန်းနယ် များကို ဘုရင်ခံ တစ်ဦးတည်းက တာဝန်ယူ ဆောင်ရွက် အုပ်ချုပ် နေပါတယ်။ ကျွန်တော်တို့ လိုလားချက်က ရှမ်းပြည်၊ ဂျင်းဖော၊ ချင်း တောင်တန်းများ ကို ဘုရင်ခံက တာဝန်မယူဘဲ ထိုတောင်တန်းနယ်များ ဆိုင်ရာ ရှမ်း၊ ဂျင်းဖော၊ ချင်း အမျိုးသားများ အား တာဝန်ပေးကာ ဆောင်ရွက်စေရန် ပင် ဖြစ်ပါတယ်။ ဒီကိစ္စ အတွက်လည်း အင်္ဂလိပ် အစိုးရထံမှာ တောင်းဆို ထားဆဲ ရှိပါတယ်။ ယခုလို ဆောင်ရွက်တာ ဟာပင် ကျွန်တော်တို့က ဂျင်းဖော စတဲ့ တိုင်းရင်းသားတို့ အပေါ်မှာ စေတနာ ကောင်း ထားကြောင်း ချစ်ခင်ရင်းနှီးတဲ့ စိတ်ထား ရှိကြောင်း သက်သေများပင် ဖြစ်ပါတယ်။ ကရင် အမျိုးသားများနှင့် ချစ်ခင် ရင်းနှီးတဲ့ အတွက် ယခု အစိုးရအဖွဲ့တွင် ၀န်ကြီး (၂) နေရာ ကိုပင် ပေးထားသည်မှာ အထင်အရှားဖြစ်ပါတယ်။ အခြား အရေးကြီးတဲ့ ကိစ္စများ ကိုလည်း အကူအညီ ပေးလျက် ရှိပါသေးတယ်။ ကျွန်တော်တို့ အစိုးရ အဖွဲ့အတွင်းသို့ မ၀င်ရောက်မီ ကပင် ကရင်နီနယ်တွင် ဆန်နှင့်ဆား အထူး လိုနေစဉ်အခါက ကျွန်တော်တို့ ငွေနှင့် ဝယ်ပြီး ဆန်နှင့်ဆား အမြောက်အမြား ပို့ခဲ့ပါတယ်။

ဂျင်းဖော လူကြီးများအား အထူးပြောလိုတာက အရေးအကြောင်း ရှိ၍အလိုရှိသော ကိစ္စများ ရှိပါက ကျွန်တော်တို့အစိုးရက အစွမ်းကုန် ဆောင်ရွက် ပေးပါမယ်။ မဆောင်ရွက်နိုင်တဲ့ ကိစ္စများ ကိုတော့ မတတ်နိုင်ပါ။ ဂျင်းဖော ခေါင်းဆောင် လူကြီးများ ရန်ကုန်သို့ လာရောက်နိုင်အောင် ကြိုးစား စေချင်ပါတယ်။ အခြေအနေ အကျိုးအကြောင်း ကို ကောင်းကောင်း သိနိုင်ကြ ပါလိမ့်မယ်။ ဆောင်ရွက် ပေးစရာရှိရင် မြန်မြန် ဆောင်ရွက်ပေး နိုင်ပါတယ်။ ယခုတစ်ခေါက် မြစ်ကြီးနား ရောက်ရတာမှာ မတင်းတိမ်ပါ။ အလုပ်တွေ ကလည်း များလှလို့ အချိန်ကြာကြာ မနေနိုင်ပါ။ ဇန်န၀ါရီလ လောက်မှာ (မနောပွဲ) လုပ်ဖြစ်ရင် လာလို ပါသေးတယ်။ အချိန်ပိုယူပြီး အခြားနယ်များ ကိုပင် ရောက်အောင် သွားလိုပါသေးတယ်။ အထူး သတိပြုစေလိုတဲ့ အချက် တစ်ခုမှာ ယခုအခါ ကမ္ဘာပေါ်တွင် အရေးပါ အရာရောက်နေတဲ့ နိုင်ငံကြီးများ ပင်လျှင် တစ်ဦးတည်း အပေါင်းအသင်း မရှိဘဲ မနေနိုင်၊ မတည်တန့်နိုင်၊ နီးစပ်ရာ နိုင်ငံများနှင့် ပူးပေါင်းရေး အတွက် ဆောင်ရွက် ကြိုးစား နေကြရတယ်။ ဗမာပြည်လည်း နီးစပ်ရာ ပူးပေါင်း ဆောင်ရွက် ရပါမယ်။ အားရှိအောင် ဖန်တီးရမယ်။ ဗမာ တိုင်းရင်းသား အချင်းချင်းတို့ စည်းလုံး ညီညွတ်ရန် လည်း အထူး အရေးကြီးပါတယ်။ ဂျင်းဖောက တခြား ချင်းကတစ်ဖုံ ရှမ်းကတစ်မျိုးဆိုသလို အကွဲကွဲအပြားပြားဖြစ်နေလျှင် ဘယ်သူမှ အားရှိမှာမဟုတ်ဘူး။ ယခုလိုဖြစ်ခဲ့လျှင် ဂျင်းဖောတို့ အတွက် ပို၍ အရေးကြီးတာ ကိုလည်း သတိပြု ကြစေလိုပါတယ်။

ဒါ့ကြောင့် တစ်သီးတခြား နေလျှင် ဘေးအန္တရာယ်နှင့် မကင်းသည်ကို သတိပြု ကြပြီးလျှင် တိုင်းရင်းသား အချင်းချင်း စည်းလုံး ညီညွတ်မှုကို အထူး လိုလား ကြစေလိုပါတယ်။ ကျွန်တော်သည် လက်ငင်း စေတနာ ထားပုံများကို ပြောပြခဲ့ပြီး ပါပြီ။ အရေးကိစ္စ ရှိလျှင် ရန်ကုန်သို့ လာခဲ့ကြပါ။ အကြောင်းကြားပါ။ ကျွန်တော်က အစွမ်းကုန် ဆောင်ရွက် ပေးပါမယ်။

ပူတာအိုကို သွားမယ် ဆို

(မန်ခင်ရွာ) ဧည့်ခံပွဲကြီးမှ အပြန် စစ်တပ်အတွင်း တည်းခိုရာ ဌာနသို့ ပြန်ရောက်သောအခါ ကျွန်ုပ်က “ဗိုလ်ချုပ် ယခုလို ကချင် အ၀တ်အစား နဲ့ပဲ တောင်တန်းကြီး များနှင့် ဧရာဝတီမြစ် နောက်ခံထားပြီး ဓာတ်ပုံရိုက် လိုပါသေးတယ်”ပြောသဖြင့် အရိုက်ခံ၏။ ထို့နောက် ဗိုလ်ချုပ်သည် ဧရာဝတီ မြစ်ညာဘက်ရှိ မြင့်မားလှသော တောင်တန်းကြီးများ ကို ကြည့်ပြီးလျှင် “ပူတာအိုကို သွားနိုင်ရင် သိပ်ကောင်း မှာပဲ၊ နောက်တစ်ကြိမ်မှ သွားနိုင်အောင် လုပ်ရမှာပဲ၊ အချိန်က မရဘူးဗျာ”ဟု ခေါင်းကို ပွတ်သပ်ကာ ပြောပြသေး၏။

နာဂခေါင်းဆောင် တွေ့ရအောင်

မြစ်ကြီးနား မှအစ ရခိုင်ပါမကျန် မြိတ်ဆုံး အပ်သော မြန်မာပြည် တစ်ပြည်လုံးကို အနှံ့အပြား ဒလကြမ်း ခရီးပြင်း ထွက်ရင်း တိုင်းရင်းသား အချင်းချင်း စည်းလုံးမှုကို အားသွန် ဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်သည် ဗမာပြည်အနောက် မြောက်နယ်စပ်ရှိ မြောက် ချင်းတောင်နှင့် နာဂနယ်များကို မရောက်ရ သေးပါကလားဟု တွေး မိပြန်လေသည်။

“ဟာ ချင်းတောင်နဲ့ နာဂနယ်က လူတွေ နဲ့ တွေ့ဦးမှပဲ။ သူတို့ နယ်တွေကို ပစ်ထားရာ ကျနေပြီ”ဟု သူ၏ ပါးစပ်မှ ပြောဆိုပြီး ရွေးကောက်ပွဲ မတိုင်မီ နယ်လှည့် ခရီးထွက်ရင်း ပျော်ဘွယ်မြို့ကို ရောက်စဉ် တစ်ညသ၌ ရန်ကုန်ရှိ သူ၏ ချစ်ဇနီး ဒေါ်ခင်ကြည် ထံသို့ တယ်လီဖုန်းဆက် စကားပြောခဲ့သေး၏။“ဘယ်သူလဲ ကြည်လား၊ သြော် ပျော်ဘွယ်က နေပြီး မောင် စကားပြောနေတယ်။ ရွေးကောက်ပွဲပြီးရင် မောင်တို့ အထက် ချင်းတွင်း သွားပြီး အနားယူကြမလို့ ကြည်တို့ပါ လိုက်ရမယ်။ အားလုံး အသင့်ပြင်ထား ဟုတ်လား” အထက်ပါ တယ်လီဖုန်း ပြောဆိုချက် ကြောင့် ဗိုလ်ချုပ် အထက် ချင်းတွင်းသို့ ပထမတစ်ကြိမ် ခရီးထွက်ရန် ကြံရွယ် ထားသောအခါ စစ်အတွင်း (၂) နှစ် ခန့်မျှ အထက် ချင်းတွင်းနယ်တွင် မထင်မရှား နေခဲ့ဖူးသော ဗိုလ်ထွန်းလှမှာ အထူး ရွှင်လန်း အားတက်လျက် ရှိလေသည်။

“ဒီလိုဗျ ဦးပုကလေးရဲ့ အထက်ချင်းတွင်းက ရှမ်း၊ ဗမာလူမျိုးတွေ မြောက် ချင်းတောင်ကြီးမှာ နေတဲ့ ခန္တီးရှမ်းတွေ၊ နာဂ တိုင်းရင်းသား တွေကပါ ဗမာပြည်ရဲ့ ခြေလှမ်းသွက်မှု ကို အမီလိုက်ချင် နေကြကုန်ပြီ။ ကျုပ်တို့ အောက်မြို့ကျေးရွာက လူများထက် ရိုးသား ဖြောင့်မတ်ပြီး ရတနာသုံးပါးကို ကြည်ညို ကိုင်းရှိုင်း ကြတဲ့ အဲဒီ အထက်ချင်းတွင်း ကျေးတောသား လူတွေဟာ သူတို့လည်း ဗမာပြည်ရဲ့ လူထု ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ညွှန်ကြား ပဲ့ပြင်မှုကို တောင့်တကြတယ်။ လူကို လည်း တွေ့ချင် မြင်ချင် ကြရှာတယ်။ ဒါကြောင့် မုံရွာ ရောက်တုန်းက အထက် ချင်းတွင်းမှ ရဲဘော်များက ဗိုလ်ချုပ်ကို တစ်ခေါက်လောက် ဖြစ်ဖြစ် မျက်နှာပြ ရအောင် ချင်းတွင်းသို့ ကြွခဲ့ပါဦးဗျာ လို့ တောင်းပန် ရှာတာပေါ့။ ဟော ကျွန်တော်တို့ သွားကြတဲ့ အခါ သလ္လာဝတီ မြစ်ကြောင်း တစ်လျှောက်က စိမ်းစို သာယာတဲ့ ရှုမျှော်ခင်းတွေ ရှေးပုဂံခေတ် အလောင်းစည်သူ မင်းကြီး တည်ထားခဲ့တဲ့ စေတီပုထိုး တွေ စပါးဆန်ရေ ကျောက်သံပတ္တမြား ရွှေငွေမကျန် ရတနာ (၇)ပါးနဲ့ ပြည့်စုံတဲ့ ချင်းတွင်းနယ် ကို ဦးပုကလေး ကိုယ်တိုင် မြင်ရတော့မယ်”ဟု သူ့ကိုယ်သူ အထက် ချင်းတွင်းသား ဟု မကြာခဏ ကြေညာလေ့ ရှိသော ဗိုလ်ထွန်းလှ က ကျွန်ုပ်အား ပြောပြလေသည်။

ရန်ကုန် ရောက်ရောက်ချင်း ဗိုလ်ထွန်းလှသည် ဆိုင်ရာ အတွင်းဝန်များနှင့် တိုင်ပင်၍ အထက် ချင်းတွင်းသို့ (ဟုမ်းမလင်းနှင့် နာဂတောင် အထိ) ဗိုလ်ချုပ် ခရီးထွက်ရန် အစီအစဉ်များ ကို ချက်ချင်း စီမံ ရရှာလေသည်။ သို့ရာတွင် ရန်ကုန်ရှိ လုပ်ဖော်ကိုင်ဖက် ရဲဘော်များ မိတ်ဆွေများ က ရန်ကုန်မှာလည်း အရေးတကြီး အလုပ်တွေ ရှိသေးတယ်။ မေမြို့မှာ တောင်တန်းနယ် စုံစမ်းရေး ကော်မတီ ရှိသေးသည်။ ခရီးဝေးကြီးကို သီတင်းကျွတ်မှပဲ သွားပါဟု အားလုံးဝိုင်းပြီး ဖျက်ကြသောအခါ ဗိုလ်ချုပ် ခမျာမှာ အားလျှော့ ပေးရကာ (၁၉၄၇) ခုနှစ်၊ ဧပြီလ (၁၈) ရက်တွင် အထက် ချင်းတွင်း မဟုတ်ဘဲ မေမြို့သို့ နောက်ဆုံးအကြိမ် နယ်လှည့် ခရီးထွက်ခြင်းဖြင့် ထွက်သွား ရရှာလေသတည်း။

နောက်ဆုံးစကား မိန့်မြွက်ကြား

(ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်သည် မကွယ်လွန်မီ ရက်သတ္တပတ် အလိုဖြစ်သော (၁၉၄၇) ခု၊ ဇူလိုင် (၁၃) ရက် နံနက်တွင် ရန်ကုန်မြို့၊ မြို့တော် ခန်းမဆောင် အပြင်ဘက်မှ နေလျက် လူထု ပရိသတ်ကြီးအား ဟောကြားသွားသော အောက်ပါ မိန့်ခွန်းစကား သည်ကား “အပ္ပမာဒေန ဘိက္ခဝေ သမ္ပါဒေထ” ဒေသနာ ဓမ္မနှင့်အညီ“တိုင်းရင်းသားအပေါင်းတို့ မမေ့ မလျော့ ကြကုန်လင့်။ သတိတရားနှင့် ပြည့်စုံကြကုန်” ဟု နောက်ဆုံး သတိပေးသွားသည့် မိန့်ခွန်း စကားပင်တည်း)

ရည်ရွယ်ချက် အဓိက ရည်ညွှန်းပြ

ယနေ့ အစည်းအဝေး ကတော့ တိုင်းပြည်ပြု လွှတ်တော် အမတ်တွေ ကိုယ့်နယ်ဆိုင်ရာ ပရိသတ်ကို တိုင်းပြည်ပြု လွှတ်တော် ဘာတွေ လုပ်နေတယ် ဆိုတာကို အစီရင်ခံဖို့ အလုပ်ခိုင်းတာက ဖြစ်လာတဲ့ အစည်းအဝေး ပါပဲ။ တခြား နိုင်ငံတွေမှာ လွှတ်တော် အမတ်တွေ ရယ်လို့ တိုင်းပြည်က တင်မြှောက် လိုက်တဲ့အခါ အဲဒီ လွှတ်တော်အမတ် တွေက လွှတ်တော် အစည်းအဝေး မရှိတဲ့ အခါမျိုးမှာ မိမိတို့ အားလပ်ချိန် ရသမျှ အတောအတွင်းမှာ မိမိတို့ကို ရွေးကောက် တင်မြှောက် လိုက်တဲ့နယ်ကို ပြန်သွားပြီးတော့ သူတို့ လွှတ်တော်မှာ ဘာဖြစ်နေတယ် ဘာလုပ်ခဲ့တယ်။ အစရှိသဖြင့် အခြေအနေ အရပ်ရပ်ကို ကိုယ့်နယ်ကို ပြန်ပြီး အစီရင်ခံတဲ့ ထုံးစံ ရှိပါတယ်။ အဲဒီ ထုံးစံ ရှိတဲ့အတိုင်း ဗမာပြည်မှာ လည်းပဲ ဒီထုံးစံ ဖြစ်စေချင်တဲ့အတွက် ဖဆပလ အဖွဲ့ချုပ်၏ တိုက်တွန်းချက် အရ တိုင်း ပြည်ပြု လွှတ်တော် အမတ်တွေက ကိုယ့်နယ်ဆိုင်ရာ လူတွေကို ပြန်ပြီး အစီရင်ခံတဲ့ အဓိပ္ပာယ် မပါတော့ဘဲ နိုင်ငံရေး ရှင်းတမ်း တရားပွဲတွေ လုပ်လာကြတယ်။ အခုလည်းပဲ ဒီနေ့ကျင်းပတဲ့ နိုင်ငံရေး ရှင်းတမ်း တရားပွဲကြီး ဖြစ်လာရတယ်။ ယနေ့ နိုင်ငံရေးရှင်းတမ်း ဟာ ဖဆပလ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ အနေဖြင့်သာ မဟုတ်ဘဲနဲ့ ရန်ကုန်မြို့နယ် တစ်နယ် ကနေပြီး တင်မြှောက် လိုက်တဲ့ တိုင်းပြည်ပြု လွှတ်တော်အမတ် အဖြစ်နဲ့ တိုင်းပြည်ပြု လွှတ်တော်ထဲမှာ ဘာတွေ လုပ်နေလို့ ဘာတွေ လုပ်ခဲ့တယ် ဆိုတာကို နယ်သူနယ်သားတွေ ကို ပြန်သိအောင် အစီရင်ခံဖို့ အဓိက ရည်ရွယ်ချက် အဖြစ်နဲ့ ထားပြီး ကျွန်တော် အခု စကားပြောလိုပါတယ်။

တိုင်းပြည်ပြု လွှတ်တော် ထင်ရှားပေါ်

ကျွန်တော်တို့ တိုင်းပြည်ပြု လွှတ်တော်ဆိုတာ ရှေးတုန်းက ကျွန်တော်တို့ တိုင်းပြည်မှာ ရှိတဲ့ လူတွေ အနည်းအကျဉ်း ကြားဖူးပေမယ့် ဒီတစ်ခါမှပဲ တိုင်းပြည်ရဲ့ လူတွေက ရွေးကောက် တင်မြှောက် ရပြီးတဲ့နောက် တိုင်းပြည်ပြု လွှတ်တော် ဆိုတာ ကိုလည်း အကောင်အထည် သဘောမျိုးနဲ့ မြင်ရတဲ့ အခြေမျိုး ဒီတစ်ခါမှပဲ ရောက်ပါတယ်။

တိုင်းပြည်ပြု လွှတ်တော် ဆိုတာဟာ ရှေးတုန်းက လုပ်နေကျ ဥပဒေပြု လွှတ်တော်ပဲ လို့ ထင်နေကြတဲ့လူတွေ အမြောက်အမြား ရှိကြတယ်။ ပထမ ရှေးဦးစွာ တိုင်းပြည်ပြု လွှတ်တော်ဟာ ဘာလဲ ဆိုတာ သေသေချာချာ ကျကျနန ရှင်းရှင်း လင်းလင်း ပြောပြ လိုပါတယ်။ အခု ကျွန်တော်တို့ တိုင်းပြည်ပြု လွှတ်တော်ဟာ ဘယ်နေ့ကစပြီး တိုင်းပြည်ပြု လွှတ်တော်ရယ်လို့ ထင်ထင်ရှားရှား ဖြစ်ပေါ် လာသလဲ ဆိုရင် အမတ်တွေ စုံပြီး ဒီရန်ကုန်မြို့မှာ စုဝေး ကြပြီးတဲ့နောက် ဇွန်လ (၁၀) ရက်မှာ စတင် ကျင်းပတဲ့ နေ့က စပြီး တိုင်းပြည်ပြု လွှတ်တော် ဆိုတာ ဖြစ်လာခဲ့ပါတယ်။ အဲဒီ အရင်တုန်းက ရွေးကောက်ပွဲ ပြီးပင်ပြီး ငြားသော်လည်း တိုင်းပြည်ပြု လွှတ်တော် ရယ်လို့ အဖွဲ့ကို မဖွဲ့စည်း နိုင်သေးပါဘူး။ သို့သော်လည်းပဲ ဒီ တိုင်းပြည်ပြု လွှတ်တော်ဟာ ကျွန်တော်တို့ ကမ္ဘာ့နိုင်ငံရေး ရာဇ၀င်မှာ အင်မတန် ထူးဆန်းတဲ့ တိုင်းပြည်ပြု လွှတ်တော် တစ်မျိုး ဖြစ်နေပါတယ်။ တိုင်းပြည်ပြု လွှတ်တော်တွေဟာ တခြား နိုင်ငံတွေမှာလည်း အသီးသီး ပေါ်ပေါက်ခဲ့ဖူးတယ်။ အဲဒီလို ပေါ်ပေါက်ခဲ့တဲ့ အခါမှာလည်းပဲ အဲဒီ တိုင်းပြည် တွေရဲ့ အခြေအနေအရ အမျိုးမျိုးပဲ ပေါ်ပေါက်ခဲ့တဲ့ ထုံးတမ်း သက်သေသာဓကတွေ ရှိပါတယ်။ အဲဒီတော့ သဘောတရား သက်သက်နဲ့ ကြည့်ပြီး ပြောရမယ်ဆိုရင် တိုင်းပြည်ပြု လွှတ်တော် ဘာအတွက် ပေါ်ပေါက် လာရသလဲ ဆိုရင် တိုင်းပြည် အသစ် တည်ဖို့ တိုင်းသစ် ပြည်သစ် နိုင်ငံသစ် တည်ထောင်ဖို့ အတွက် ပေါ်ပေါက် လာရခြင်း ဖြစ်တယ်။

ကျွန်တော်တို့ ဗမာစာပေမှာ ကြည့်မယ် ဆိုရင် ကျွန်တော်တို့က ကမ္ဘာအစ ဆိုပြီးတော့ စတဲ့ အခါတုန်းက မဟာသမ္မတ မင်းမြှောက် ကြတယ် ဆိုပြီးတော့ လူတွေ ကိုယ်စားလှယ်တွေ စုရုံးပြီးတော့ အဲဒီ အစည်းအဝေးမျိုးဟာ ကမ္ဘာကြီးမှာ ပထမဆုံး တိုင်းပြုပြည်ပြု လွှတ်တော် ရယ်လို့ ဆိုရမှာပဲ။ အဲဒီတော့ အဲဒီလိုပဲ နိုင်ငံအသစ် တည်ထောင်စရာ ရှိတဲ့အခါမှာ တိုင်းပြုပြည်ပြု လွှတ်တော် ဆိုတာ ပေါ်လာစမြဲပဲ။

မြို့တော် ခန်းမရှေ့ တွင် ဦးနုနှင့် အတူ

လွှတ်တော်ဆိုငြား အစားစား

နိုင်ငံအသစ် ဆိုတဲ့ သဘောကတော့ ကိုယ့်တိုင်းပြည် ကို တခြားနိုင်ငံက နေပြီးတော့ အုပ်စိုး လွှမ်းမိုးထားလို့ အဲဒီလို အုပ်စိုး လွှမ်းမိုးခြင်း ကို တွန်းလှန် ပယ်ဖျက် ပြီးနောက် မိမိတို့ တိုင်းပြည် မိမိတို့အစိုးရ ကိုယ့်မင်း ကိုယ့်ချင်း တည်ထောင်ဖို့ အတွက် တိုင်းပြည်ပြု လွှတ်တော် လုပ်တာတစ်မျိုး၊ နောက်တစ်မျိုး ကတော့ ကျွန်တော်တို့အားလုံး သတင်းစာတွေ ထဲမှာ ခဏခဏ ဖတ်နေရမှာပဲ။ ဆိုဗီယက် ယူနီယံခေါ်တဲ့ အဲဒီ နိုင်ငံကြီးဟာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ် လောက်က တော်လှန်ရေး အကြီးအကျယ် ဖြစ်ခဲ့တယ်။ ဒီလို တော်လှန်ရေး ပြီးတဲ့နောက် သူလည်း နိုင်ငံသစ် ဖြစ်လာတယ် လို့ ဆိုရမှာပဲ။ ခေတ်ဟောင်း ခေတ်ဆွေးကို မှီခိုနေတဲ့ ဇာဘုရင် စနစ်နဲ့ အုပ်ချုပ်နေတဲ့ တိုင်းပြည်ဟောင်း၊ စနစ်ဟောင်းကို တော်လှန် တွန်းဖယ် ပစ်ပြီးတဲ့နောက် အသစ် ကျပ်ချွတ် ပြန်ပြီးတော့ တိုင်းပြည်ကို စနစ်တစ်မျိုးနဲ့ တည်ထောင်တဲ့ အတွက်ကြောင့် အဲဒီ နိုင်ငံသစ်က တစ်မျိုးဖြစ်တယ်။ ဒီနိုင်ငံသစ် ကတော့ တခြား လူမျိုးခြား အောက်မှာ ရောက်ပြီးမှ ဖြစ်လာတဲ့ နိုင်ငံသစ်မျိုး မဟုတ်ဘဲ ကိုယ့်လူမျိုး ဖြစ်တဲ့ လူတန်းစား အချင်းချင်း ချုပ်ချယ် လွှမ်းမိုးမှုမှ လွတ်မြောက် လာပြီး တဲ့နောက် နိုင်ငံသစ် တည်ထောင်ခြင်း ဖြစ်တယ်။

အဲဒီတော့ နိုင်ငံသစ် ဆိုတာ အကြမ်းအားဖြင့် အဓိပ္ပာယ် နှစ်မျိုး ဖြစ်တယ်။ ကျွန်တော်တို့ ဗမာပြည်လို လက်အောက်ခ နိုင်ငံတွေ အဖို့မှာ နိုင်ငံသစ် ဆိုတဲ့ သဘောဟာ လူမျိုးခြား များရဲ့ လက်အောက်က လွတ်မြောက် ပြီးတဲ့နောက် ကိုယ့်ဟာကိုယ် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်အစိုးရ နဲ့ ကိုယ့်မင်း ကိုယ့်ချင်း တည်ထောင်တာ ကို ကျွန်တော်တို့ အဖို့မှာ နိုင်ငံအသစ်လို့ ဆိုရတယ်။ သို့သော် လွတ်လပ် နေတဲ့ နိုင်ငံတွေ ဖြစ်တဲ့ ကိုယ့်လူမျိုး အချင်းချင်း အုပ်စိုးတဲ့ တိုင်းပြည်တွေ မှာတော့ ရှိနေတဲ့ အစိုးရ စနစ် အဆောက်အဦ တစ်ခုလုံး ကို ပြောင်းလဲ ဖျက်ဆီးပြီး တဲ့နောက် အသစ်ကျပ်ချွတ် စနစ် တစ်မျိုးနဲ့ တိုင်းသစ်၊ နိုင်ငံသစ် တည်ထောင် ပုံက တစ်မျိုး၊ အဲဒီလို နှစ်မျိုး ရှိတဲ့ အခါမှာ အဲဒီလို နှစ်မျိုး စလုံး ပေါ်ပေါက်တဲ့ အချိန် အခါ မျိုးမှာ တိုင်းပြည်ပြု လွှတ်တော် ဆိုတာ ထုံးစံ အားဖြင့် ပေါ်လာစမြဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ပေါ်လာ စမြဲ ဖြစ်သလဲ ဆိုရင် အဲဒီလို တိုင်းပြည်သစ် နိုင်ငံသစ် ဖြစ်နေတော့ ပြန်ပြီးတော့ ဥပဒေတွေ စနစ်တွေ အကုန် အသစ် ပြန်ပြီးတော့ ရေးဆွဲ ရမှာ ဖြစ်တော့ အခြေခံက စပြီး ပြန်ပြီးတော့ ပြုလုပ်ရမယ့် အတွက် ဖြစ်ပါတယ်။

ဥပမာ အားဖြင့် ရှိနေတဲ့ အိမ်ဟောင်းကို ပြင်ရန် အလုပ် မဟုတ်ဘဲ တစ်အိမ်လုံး ဖျက်ဆီး ပြီးတဲ့နောက် အဲဒီ ဖျက်ထားတဲ့ နေရာမှာ ထပ်ပြီး အိမ်သစ် ဆောက်တာနဲ့ တူပါတယ်။ အဲဒီလို အိမ်သစ် ဆောက်တဲ့ အခါမှာ ဒီအိမ်သစ်ကို ဘယ်လို စနစ် ဘယ်လို စီမံကိန်းမျိုးနဲ့ တည်ဆောက်မယ် ဆိုပြီးတော့ အင်ဂျင်နီယာ ဗိသုကာ အတတ်ဆရာ တွေက ပထမ ရှေးဦးစွာ အိမ်ပုံစံတွေ ရေးဆွဲပြီး ဒီပုံစံ အရ ငွေ ဘယ်လောက် ကုန်ကျမယ် ဆိုတာ တွက်ချက်၊ သေသေချာချာ နေ့ကောင်း ရက်မြတ် ရွေးပြီးမှ အိမ်သစ် ဆောက်သလိုပဲ။ အခု ကျွန်တော်တို့ နိုင်ငံသစ် ကို ပြန်ပြီး တည်ထောင်ဖို့ အတွက် တိုင်းပြည်ပြု လွှတ်တော်က ပြန်ပြီး ဥပဒေသစ် စနစ်သစ်တွေ စီစဉ် ရေးဆွဲ ရပါလိမ့်မယ်။ စီမံကိန်း ချရပါလိမ့်မယ်။ အဲဒီလို တိုင်းပြည်သစ် နိုင်ငံသစ်ရဲ့ ပုံစံဟာ ဘယ်လို ရှိသင့်တယ် ဆိုတာ တိုင်းပြည်ပြု လွှတ်တော်က ဆုံးဖြတ် ရစမြဲပဲ။ ဒါ့ကြောင့် တိုင်းပြည်ပြု လွှတ်တော်ရဲ့ တာဝန်ဟာ နိုင်ငံသစ် ထူထောင်ဖို့ တာဝန် ဖြစ်ပါတယ်။ နိုင်ငံသစ် တည်ထောင်ဖို့ တာဝန် ဖြစ်တဲ့ အတိုင်း တိုင်းပြည်ပြု လွှတ်တော်မျိုး ဟာ သာမန်အားဖြင့် ပြောမယ်ဆိုရင် ဘယ်တိုင်းပြည်ပြု လွှတ်တော်မဆို အချုပ်အချာ အာဏာနဲ့ ပြည့်စုံတဲ့ တိုင်းပြည်ပြု လွှတ်တော်မျိုးသာ ဖြစ်ရမယ်။ ဘာဖြစ်လို့လဲ ဆိုရင် ယခုအခါ နိုင်ငံသစ် တည်ထောင်ရမယ်၊ တည်ထောင်ရအောင် ဆိုလို့ ရှိရင် အဲဒီ နိုင်ငံသစ်ကို တည်ထောင်ဖို့ အတွက် ပေါ်ပေါက်လာတဲ့ တိုင်းပြည်ပြု လွှတ်တော်ဟာ အချုပ်အခြာနဲ့ ပြည့်စုံဖို့ လိုပါတယ်။ အဲဒီလို အချုပ်အခြာ အာဏာနဲ့ မပြည့်စုံရင် ကိုယ် တည်ချင်တဲ့ နိုင်ငံမျိုးကို တည်လို့ရမှာ မဟုတ်ပါဘူး။ ယခု ကျွန်တော်တို့ တိုင်းပြည်ပြု လွှတ်တော်ဟာ ကမ္ဘာ့ နိုင်ငံရေး ရာဇ၀င် မှာ အတော်ကလေး ထူးဆန်းတဲ့ တိုင်းပြည်ပြု လွှတ်တော် ဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုရင် တခြား တိုင်းပြည်တွေမှာ ပေါ်ပေါက်လာ ခဲ့တဲ့ တိုင်းပြည်ပြု လွှတ်တော် အခြေအနေ နှင့် ကွာခြားနေတဲ့ အချက်တွေ ရှိပါတယ်။

အဲဒီလို ကွာခြားမှုတွေ ကြောင့် ကျွန်တော်တို့ တိုင်းပြည်ပြု လွှတ်တော် ဟာလည်း ထူးခြားနေတဲ့ အကြောင်းတွေ ရှိပါတယ်။ ပြင်သစ်ပြည်မှာ ပုံပမာ ဥပမာ အခြား တိုင်းပြည် တွေမှာ ပြင်သစ်ပြည် ၌ ဟိုရှေး အခါတုန်းက တော်လှန်ရေး ဖြစ်ပြီး တဲ့နောက် တိုင်းပြည်ပြု လွှတ်တော် ပေါ်လာခဲ့ဖူးတယ်။ အဲဒီလို ပေါ်လာတဲ့ အခါမှာ ဒီတိုင်းပြည်ပြု လွှတ်တော်ဟာ အာဏာ ရပြီးသား ဖြစ်နေတယ်။ အခုတစ်ခါ ဒီစစ်ကြီး ပြီးတဲ့နောက် ဒီ ပြီးခဲ့တဲ့ စစ်ကြီး အတောအတွင်းမှာ ပြင်သစ်တွေဟာ ဂျာမန်တွေရဲ့ လက်အောက် ကို ရောက်ခဲ့တယ်။ ထို့နောက် ဂျာမန်တွေကို ပြန်ပြီး တွန်းလှန် မောင်းထုတ်ပြီး တဲ့နောက် တိုင်းပြည်မှာ ပြန်ပြီးတော့ ဂျင်နရယ် ဒီဂေါ အစရှိ သဖြင့် ပြန်ပြီး ရောက်လာတဲ့အခါ သူတို့ တိုင်းသစ် ပြည်သစ် နိုင်ငံသစ် ထူထောင်ရတယ်။ အဲဒါလို ထူထောင်တဲ့ အခါမှာ တည်ထောင်ဖို့ရာ အတွက် တိုင်းပြည်ပြု လွှတ်တော် ဆိုတာ ထပ်ပြီးတော့ လုပ်ရတယ်။ အဲဒီလို လုပ်တဲ့ တိုင်းပြည်ပြု လွှတ်တော်မျိုးဟာ အာဏာရပြီးသား တိုင်းပြည်ပြု လွှတ်တော်မျိုး ဖြစ်တယ်။ အာဏာရပြီးသား တိုင်းပြည်ပြု လွှတ်တော်ဟာ မိမိတို့ တိုင်းပြည်ပြု လွှတ်တော်က နေပြီး ဆုံးဖြတ်တဲ့ ကိစ္စ မှန်သမျှကို ချက်ချင်း အတည်ဖြစ် စေပြီးတော့ တစ်တိုင်းပြည်လုံး က အာဏာစက် တည်အောင် ချက်ချင်း လုပ်နိုင်တယ်။

အမေရိကန် ပမာစံ

အမေရိကန်ပြည် မှာဆိုရင် ပထမ ရှေးဦးစွာ အင်္ဂလိပ် လက်အောက်မှာ သူတို့ လူတစ်မျိုးတည်း အဖြစ် နေကြပြီး တဲ့နောက် အင်္ဂလိပ် ပြည်မှာ ရှိတဲ့ အင်္ဂလိပ် အစိုးရကို မကျေနပ်လို့ သူတို့ တော်လှန် ပြီးတော့ လွတ်လပ်ရေး တိုက်ပွဲတွေ စစ်ပွဲကြီးတွေ ဆင်နွှဲပြီး နိုင်တဲ့ အခါ ကျတော့ တိုင်းပြည်ပြု လွှတ်တော် ဆိုတာ ကျင်းပခဲ့တယ်။ နာမည်ကတော့ အမျိုးမျိုး ခေါ်ခဲ့ပေမယ့် တိုင်းပြည်ပြု လွှတ်တော် ပါပဲ။ အဲဒီ တိုင်းပြည်ပြု လွှတ်တော် ကျင်းပတဲ့ အခါတုန်းက သူတို့မှာ အာဏာရပြီးသား အခြေအနေမှာ တိုင်းပြည်ပြု လွှတ်တော် ကျင်းပတယ်။ သို့သော်လည်း ကျွန်တော်တို့ တိုင်းပြည် ကတော့ အခု တိုင်းပြည်ပြု လွှတ်တော် ကျင်းပနေ တဲ့အခါမှာ ကျွန်တော်တို့ တိုင်းပြည်က အာဏာရပြီးသား အခြေအနေ မဟုတ်သေးပါဘူး။

အိုင်ယာလန်ကို ပမာဆို

ကျွန်တော်တို့ တိုင်းပြည်ပြု လွှတ်တော် ရဲ့ အခြေအနေ ဟာ ဘာနဲ့ တူသလဲ ဆိုရင် တောင်ပိုင်း အိုင်ယာလန် မှာ လွန်ခဲ့တဲ့ အနှစ် (၂၇) နှစ် လောက်တုန်းက ဖြစ်ခဲ့တဲ့ အခြေအနေမျိုး နဲ့ တူပါတယ်။ အဲဒီ အိုင်ယာလန်မှာ ဖြစ်ခဲ့တဲ့ အခြေအနေမျိုးက ဘယ်လိုဖြစ် သလဲဆိုရင် ပထမ အင်္ဂလိပ်အစိုးရ ကို ကမ္ဘာစစ်ကြီး အတောအတွင်း မှာ ဆူပူပုန်ကန် တော်လှန် တာတွေ ဖြစ်ပြီး နောက်ဆုံး ကျတော့ စစ်ကြီး ပြီးတဲ့နောက် သူပုန်ကိစ္စ တွေဟာ ရပ်စဲသွားတယ်။ အဲဒီ ရပ်စဲ သွားပြီးတဲ့နောက်မှ တစ်ခါ အင်္ဂလိပ် အစိုးရနဲ့ အိုင်ယာလန် ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး စာချုပ်ချုပ် ကြတယ်။ အဲဒီ စာချုပ်ချုပ် ပြီးတဲ့နောက် သူတို့ တိုင်းပြည်ပြု လွှတ်တော် ဆိုတာ သူတို့ လုပ်တယ်။ လုပ်တဲ့ အခါမှာ အိုင်ယာလန် ပြည်ဟာ အာဏာ မရသေးပါဘူး။ ဟို အိုင်ယာလန် တုန်းက ပေါ်တဲ့ တိုင်းပြည်ပြု လွှတ်တော်မျိုး ကတော့ အမှန်စင်စစ် ဒိုမီနီယံ အဆင့်အတန်း ဖြစ်တဲ့ အုပ်ချုပ်ရေးမျိုး ကိုသာ ရေးဆွဲဖို့ ဆိုတဲ့ သဘောမျိုး လောက် ဖြစ်ပါတယ်။ သို့သော်လည်း ပဲ ကျွန်တော်တို့ အခုရထားတဲ့ တိုင်းပြည်ပြု လွှတ်တော် ကတော့ ကိုယ်ကြိုက်ရာ ဆုံးဖြတ်ပြီး လုပ်နိုင်တယ် ဆိုတာကို အင်္ဂလိပ် အစိုးရက သဘောတူပြီးသား ဖြစ်တဲ့ အတိုင်း ကျွန်တော်တို့ ဒီနေရာမှာ ကျွန်တော်တို့ တိုင်းပြည်ပြု လွှတ်တော်က အိုင်ယာလန်ပြည် က ဟိုတုန်းက ရတဲ့ တိုင်းပြည်ပြု လွှတ်တော် ထက် တစ်ပန်းသာ နေတာ တွေ့ရတယ်။ အဲဒီတော့ကာ ကျွန်တော်တို့ တိုင်းပြည်ပြု လွှတ်တော်ဟာ အဲဒီ အခြေအနေမျိုးမှာ ပေါ်လာ ပြီးတော့ ဒီလို ထူးခြားတဲ့ အချက်တွေ ရှိပါတယ်။

အိန္ဒိယတိုင်း ယှဉ်ကာနှိုင်း

ကျွန်တော်တို့ တိုင်းပြည်ပြု လွှတ်တော်က အချုပ်အခြာ အာဏာ မရသေးဘူး၊ မရသေးဘူး ဆိုတာက ရအောင် လုပ်တဲ့နည်း အမျိုးမျိုး ရှိတယ်။ ဒါတွေက ကျွန်တော် နောက် ပြောပြပါဦးမယ်။ ဥပဒေ သဘောကို ပြောမယ် ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ပြု လွှတ်တော်ဟာ အချုပ်အခြာ အာဏာ မရသေးဘူး။ အချုပ်အခြာ အခွင့်နှင့် အဆင့်အတန်း သာ ရသေးတယ်။ ( Status ) အဆင့်အတန်းက သာလျှင်ကျွန် တော်တို့အချုပ်အခြာလွှတ်တော်ရဲ့ အဆင့်အတန်းရတယ်။ ရတဲ့သဘောက ယခု တိုင်းပြည်ပြုလွှတ်တော်လုပ်ကြတယ်ဆိုရင် ဒီတိုင်းပြည်ပြု လွှတ်တော်ကို ဘုရင်ခံ လာပြီးတော့ ရိုးရိုး ဥပဒေပြု လွှတ်တော်လို စကား မပြောနိုင်ဘူး။ တိုင်းပြည်ပြု လွှတ်တော်မှာ သူလာပြီး နားထောင်ချင်တယ် ဆိုရင် ဧည့်သည် အဖြစ်နဲ့ နားထောင်နိုင်တယ်။ ဘုရင်ခံ အဖြစ်နဲ့ လာပြီးတော့ ကျွန်တော်တို့ကို ဘာလုပ်ပါ ညာလုပ်ပါ ဆိုပြီး မပြောနိုင်ဘူး။ ရိုးရိုး ဥပဒေပြု လွှတ်တော် ဆိုရင် သူလာပြီး စကားပြောနိုင်တယ်။ အခု အချုပ်အခြာ အခွင့်နှင့် အဆင့်အတန်း သဘောမျိုး ရောက်တော့ကာ ဒီတိုင်းပြည်ပြု လွှတ်တော်ဟာ သူ့ဟာသူ လုပ်တဲ့ နေရာမှာတော့ လွတ်လွတ်လပ်လပ် ရှိတယ်။ အဲဒီလို လွတ်လွတ်လပ်လပ် ရှိတဲ့အတွက် ( Status ) အဆင့်အတန်း မှာ အချုပ်အခြာ သဘောမျိုး ရှိတယ်။ အဲဒီလို ဖြစ်နေတော့ အိန္ဒိယပြည်က တိုင်းပြည်ပြု လွှတ်တော်ဟာ လွန်ခဲ့တဲ့ အခြေအနေ တုန်းက ကျွန်တော်တို့ တိုင်းပြည်ပြု လွှတ်တော်နဲ့ မခြားနားဘဲ ဖြစ်နေတဲ့ အခြေအနေမျိုး ရှိတယ်။ အခုတော့ အိန္ဒိယပြည်မှာ ပေါ်ပေါက်မယ့် တိုင်းပြည်ပြု လွှတ်တော်တွေ ဟာ ကျွန်တော်တို့ထက် ပိုပြီး တစ်ဆင့်သာ သွားတယ်။ ဘယ်လိုသာ သွားမလဲ ဆိုရင် အချုပ်အခြာ အာဏာ အဆင့်အတန်း တွင်မက ဘဲနဲ့ အာဏာပါ ရတဲ့ အခြေအနေမျိုး ရောက်သွားတယ်။ အဲဒီတော့ ကျုပ်တို့ ထက်သာတဲ့ ဘက်ကလည်း သာတယ်။ သို့သော်လည်း သူတို့ လျော့တဲ့ဘက်က လည်း ဘယ်လို လျော့သလဲ ဆိုရင် သူတို့ကို အင်္ဂလိပ် အစိုးရက ဒိုမီနီယံ ပေးတဲ့အခါမှာ ဒိုမီနီယံ အဖြစ်နဲ့ ဘယ်လောက် ကြာအောင် နေရမလဲ ဆိုရင် ဟိန္ဒူ၊ မူဆလင် စေ့စပ်တဲ့ နေရာမှာ ကြာရင် ကြာသလောက် နေရမယ်။ အင်္ဂလိပ်အစိုးရက မပေးချင်လို့ မဟုတ်ဘူး။ သူတို့ အချင်းချင်း မတည့်လို့ နေရတာ ဖြစ်တယ်။

တစ်နှစ်ကတိ စောင့်ကာကြည့်

အဲဒီတော့ကာ ကျွန်တော်တို့ လွတ်လပ်ရေး ကိစ္စနဲ့ ပတ်သက်ပြီး ဖဆပလ အဖွဲ့ချုပ်က (၁၉၄၆) ခု၊ ဇန်န၀ါရီလ မှာ ကျင်းပခဲ့တဲ့ ပထမ ဖဆပလ ဗမာနိုင်ငံလုံး ဆိုင်ရာ ညီလာခံ အဖွဲ့ချုပ်ကြီး က ဗမာနိုင်ငံဟာ လုံးဝ လွတ်လပ်ရေးကို လိုချင်တယ်။ ဘယ်လို ဒိုမီနီယ ( Dominium ) ကိုမှ မလိုချင်ဘူး ဆိုပြီး ကျွန်တော်တို့ ရည်ရွယ်ချက် အဖြစ်နှင့် အတိအလင်း ကြေညာခဲ့တယ်။ အဲဒီ ကြေညာခဲ့တဲ့ အတိုင်းပဲ ကျွန်တော်တို့ မေလ အတွင်းမှာ ကျင်းပခဲ့တဲ့ ဖဆပလ ပဏာမ ညီလာခံ မှာ ကျွန်တော်တို့ဟာ ဗမာပြည်ကြီး ကို လုံးဝ လွတ်လပ်ပြီး အချုပ်အခြာ အာဏာနဲ့ ပြည့်စုံတဲ့ သမ္မတ နိုင်ငံ အဖြစ်နဲ့ တည်ထောင်မယ် ဆိုပြီး ဆုံးဖြတ် ခဲ့တယ်။ နောက်ပြီးတော့ ဒီတိုင်းပြည်ပြု လွှတ်တော်ကြီးမှာ ကျွန်တော် ကိုယ်တိုင် တင်သွင်း ပြီးတော့ကာ အချုပ်အခြာ အာဏာ ပြည့်စုံတဲ့ သမ္မတနိုင်ငံ တည်ထောင်မယ် ဆိုပြီး တင်သွင်းလို့ ဆုံးဖြတ်ပြီးပြီ။

ဒီတော့ ဖဆပလ အဖွဲ့ချုပ် လုပ်တဲ့ အလုပ်က အင်မတန် ရှင်းပါတယ်။ ကျွန်တော်တို့ဟာ တိုင်းပြည်ကို ပြောခဲ့တဲ့ အတိုင်း လုံးဝ လွတ်လပ်ရေး ကို ရအောင် လုပ်မယ် ဆိုတဲ့ အတိုင်း လုံးဝ လွတ်လပ်ရေး ကို ဆုံးဖြတ်ခဲ့တယ်။ ဒီတိုင်းပြည်ကို ကြေညာ ထားတဲ့ လွတ်လပ်ရေး ကို ဆုံးဖြတ်ပြီး တဲ့နောက် တစ်နှစ် အတွင်း လုံးဝ လွတ်လပ်ရေးကို ရအောင် လုပ်မယ်။ လုပ်မယ် ဆိုတာ လုပ်နေလျက်ပဲ တစ်နှစ်လည်း မပြည့်သေးပါဘူး။ သို့သော် ပြည့်တယ် မပြည့်ဘူး ဆိုတာမျိုး ကတော့ အလျော့အပို နည်းနည်း ရှိချင်ရှိမယ်။ သို့သော်လည်း အဲဒီလို အချိန်အခါ မျိုးမှာ တိုင်းပြည်ပြု လွှတ်တော်က ဗမာပြည်ရဲ့ လွတ်လပ်ရေး ကို ရအောင် မလုပ်နိုင် သေးဘူးဆိုလို့ ရှိရင် ကျွန်တော်တို့က တစ်ထစ် တက်ချင် တက်ရမယ်။ အဲဒီ အချိန်အခါကို မရောက်သေးဘူး။ အချိန်စေ့လို့ ဗမာပြည်ရဲ့ လွတ်လပ်ရေးကို ရအောင် မလုပ်နိုင်ဘူး ဆိုရင် ကျွန်တော်တို့ ကတိပျက်တယ် လို့ ဆိုနိုင်တယ်။ အဲဒီ အချိန်အခါ လည်း မရောက်သေးဘူး။ အဲဒီ အချိန်အခါ အထိ လွတ်လပ်ရေးကို အေးအေးချမ်းချမ်း နဲ့ ရအောင် ကြိုးစားနေတယ်။ ကြိုးစား နေတဲ့အတိုင်း ဒီလို လုပ်နေတဲ့ လုပ်ငန်းဟာ အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာ အခုနေ အခါမှာ ဘယ်သူမှ မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အချိန်လို ပါသေးတယ်။ ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေ မပြီးသေးဘူး။ အလုပ်တွေ ပြီးလာတဲ့ တစ်နေ့ကျတော့ ကျွန်တော်တို့ လုပ်ငန်းဟာ အောင်သလား မအောင်သလား ဆိုတာ ခင်ဗျားတို့ မြင်မှာပဲ။ အဲဒီလို မြင်လာတဲ့အခါ ဖဆပလ အဖွဲ့ချုပ် ဟာ ဘယ်လို အဖွဲ့ချုပ်မျိုး လည်း၊ အလုပ်လုပ် တဲ့အခါမှာ ဘယ်လို လုပ်တယ် ဆိုတာကို မြင်လာမယ်။ အခုနေ အခါမှာ ကျွန်တော် ကြီးကြီး ကျယ်ကျယ် ပြောဖို့ မလိုပါဘူး။

သစ္စာမဲ့များ သတိထား

ခင်ဗျားတို့ သေသေချာချာ သတိထား စေချင်တာက ဒီ ဖဆပလ အဖွဲ့ချုပ်ဟာ ဘယ်လို ဖဆပလ အဖွဲ့ချုပ် ဆိုတာ ရာဇ၀င်မှာ ပြန်ကြည့် စေချင်တယ်။ လူတွေ ကိုလည်း ရာဇ၀င်မှာ ပြန်ကြည့် စေချင်တယ်။ ကျွန်တော်တို့ ဗမာပြည်မှာ ပေါ်လာတဲ့ နိုင်ငံရေး အဖွဲ့တွေ နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံးကို တစ်ယောက်စီ တစ်ယောက်စီ ခင်ဗျားတို့ စိတ်ကူးထဲမှာ မာတိကာ စဉ်ပြီး စဉ်းစား ကြည့်စမ်းပါ။ ဘယ်လို လူစား တွေလဲ၊ ဘယ်လို အဖွဲ့ကြီးလဲ ဆိုတာ ခင်ဗျားတို့ စဉ်းစားမှ အဖြေထွက် လာလိမ့်မယ်။ အခုနေ အခါမှာ ကျုပ်တို့က အစိုးရ လုပ်နေတဲ့ အချိန်အခါမျိုး ဖြစ်တယ်။ အတိုက်အခံ ဆိုတာ ရှိစမြဲပဲ။ ဘုရား လက်ထက်က ဘုရား ကိုယ်တိုင်ပင် အတိုက်အခံ နဲ့ မကင်း ခဲ့ပါဘူး။ ဒီတော့ ကျုပ်တို့လည်း မကင်းနိုင်ဘူး။ ကျုပ်တို့ အစိုးရ လုပ်တဲ့ အချိန်အခါမျိုး ကလည်း တပ်ပျက်မှာ ဗိုလ် လုပ်ရတဲ့ အချိန်အခါမျိုး မှာ ဖြစ်နေပါတယ်။ ကျုပ်တို့မှာ ချို့ယွင်းချက် တွေ အမြောက်အမြာ ရှိတယ် ဆိုတာ ကျုပ်တို့ ကိုယ်တိုင် သိတယ်။ ဘယ် အစိုးရမှ ချို့ယွင်းချက် မရှိတဲ့ အစိုးရ ဆိုတာ မရှိ ဘူး။ တိုင်းပြည်မှာ စေတနာ ထားပြီးတော့ကာ တစ်ဆင့်ထက် တစ်ဆင့် တက်ပြီး လုပ်လာခဲ့တာ တိုးတက် သလား၊ မတိုးတက် ဘူးလား ဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ နောက်ရက်များ မကြာခင်လောက် ဆိုရင် သခင်နု ပြန်လာလို့ နောက်ရက် တော်တော်လေး ကြာလို့ ရှိရင် ကျွန်တော်တို့ဟာ တိုင်းပြည်ကို အတိအလင်း ကြေညာနိုင်တဲ့ စာတမ်းမျိုး ထုတ်နိုင် ပါလိမ့်ဦးမယ်။

အဲဒီတော့ကား ကျွန်တော်တို့ဟာ လွတ်လပ်ရေး လုပ်ငန်းမှာ ဘယ်ထိအောင် စခန်းတက် လာပြန်ပြီ၊ တိုင်းပြည် ပြန်လည် ထူထောင်ရေး လုပ်ငန်းမှာ ဘယ်လို စခန်းတက်လာပြီ ဆိုတာ အစရှိသဖြင့် ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ အဲဒီ တိုင်းပြည် ပြန်လည် ထူထောင်တဲ့ လုပ်ငန်းမှာ တစ်ဆင့်ထက် တစ်ဆင့် တက်လာတာ လွတ်လပ်ရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး တစ်ဆင့် တက်လာတာကို ရက်များ မကြာခင် ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။ အဲဒါတွေကို မြင်ရရုံ တင်မကဘူး။ ကျွန်တော်တို့ အစိုးရနဲ့ အရင်တုန်းက ရှိတဲ့ အစိုးရတွေ အကုန်လုံး ယှဉ်ပြီး ကြည့်လိုက်မယ် ဆိုရင် ကျုပ်ပြောရဲတယ်။ အခု အစိုးရထဲမှာ လာဘ်စားတဲ့ လူတွေ မရှိဘူး ဆိုတာ ကျုပ် ပြောရဲတယ်။ အရင်တုန်းက ကျုပ် အတိအလင်း ပြောတယ်။ လာဘ်စားတဲ့ လူတွေ ရှိတယ်။ ခင်ဗျားတို့ ဘာပြောဦးမလဲ။

အဲဒီလို လူတွေက အခုနေ အခါမှာ တိုင်းပြည်ကို မိမိတို့ ပါတီပြန်ပြီး အာဏာရအောင် ခြေထိုးကြတယ်။ ခြေထိုးကြတဲ့ ကိစ္စမှာ အယောင်ယောင် အမှားမှား ဖြစ်ကြတဲ့ လူတွေဟာ စေတနာ ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ တိုင်းပြည် သစ္စာဖောက်တဲ့ ရန်သူနံပါတ် (၁) တွေ ဖြစ်တယ်။ အဲဒီ ရန်သူ နံပါတ် (၁) တွေကို ခင်ဗျားတို့ ထောက်ခံချင်တယ် ဆိုလို့ ရှိရင် ခင်ဗျားတို့ လည်ပင်း ခင်ဗျားတို့ပဲ ကြိုးတပ် ကြပေတော့။ ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရ ဖြစ်အောင် အတင်း အဓမ္မ လုပ်လာလို့ အစိုးရ ဖြစ်လာတာ ဖြစ်တာ မဟုတ်ဘူး။ တိုင်းပြည် လူထုရဲ့ ထောက်ခံမှုကြောင့် ကျုပ်တို့ အစိုးရ ဖြစ်နေတာပဲ။ တိုင်းပြည်လူထု ယုံကြည်မှု မရှိဘူး မကြည်ညိုဘူး ဆိုရင် ကျုပ်တို့လည်း တွယ်မနေ ကြပါဘူး။ ထွက်မှာပါပဲ။ သို့သော်လည်း တစ်နှစ်လောက် ကျုပ်တို့ကို စောင့်ကြည့်တဲ့ အခါမှာ ကျုပ်တို့ဟာ ဘယ်လို လူစားတွေပဲ၊ ရာဇ၀င်ထဲ အရေးခံ ရမယ့် လူတွေလား၊ ရာဇ၀င်မှာ အဆဲခံရမယ့် လူစားတွေလား ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင် သိပါလိမ့်မယ်။

လွတ်လပ်ရေး အဓိပ္ပာယ် သိကြကွယ်

ဒီတော့ကာ လွတ်လပ်ရေး ဆိုလို့ ခင်ဗျားတို့ကို ပြောပြဦးမယ်။ လွတ်လပ်ရေး ဆိုတိုင်း ပဒေသာပင် မြေက မပေါက်နိုင်ဘူး ဆိုတာ ခင်ဗျားတို့ကို ရှင်းပြ ခဲ့ချင်တယ်။ ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေး ရတော့မယ် ဆိုရင် စိတ်ကူးက ဘယ့်နှယ် စိတ်ကူးကြ သလဲ။ ပဒေသာပင် နေ့ချင်းညချင်း ပေါက်တော့မလို ခင်ဗျားတို့ ထင်ကြလိမ့်မယ်။ တချို့ကလည်း ဂျပန့်ခေတ် တုန်းက လွတ်လပ်ရေး ရပြီ ဆိုပြီး ဘာလုပ်ကြသလဲ ဆိုရင် ဟင်္သာတ နယ်ဘက်မှာ တွေ့ခဲ့တယ်။ လွတ်လပ်ရေး ရတယ် ဆိုပြီး လူတကာ သွားတဲ့ လမ်းပေါ်မှာ ဆေးလှန်းတယ်။ အဲဒါ လွတ်လပ်ရေး မဟုတ်ဘူး။ အဲဒီဟာက လမ်းသွား လမ်းလာ လုပ်တဲ့ လူတွေကို နှောင့်ယှက်ရာ ရောက်တယ်။ လွတ်လပ်ရေး ဆိုတဲ့ အဓိပ္ပာယ်က ကိုယ်တစ်ယောက် ကောင်းစားဖို့ ဖြစ်စေ၊ လူ တစ်မျိုးလုံး ကောင်းစားဖို့ ဖြစ်စေ၊ တခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်အကျိုး အတွက် လုပ်နိုင်တာ လွတ်လပ်ရေး ပဲ၊ ကိုယ့်စီးပွားရေး လုပ်တဲ့ နေရာမှာ တခြား လူတွေရဲ့ အနှောင့်အယှက် မရှိစေရဘူး။ တခြား လူတွေရဲ့ အကျိုး ကိုလည်း မထိခိုက်ဘူး။ တိုင်းပြည် ကိုလည်း မထိခိုက်ဘူး ဆိုရင် လွတ်လွတ် လပ်လပ် လုပ်နိုင်တဲ့ အခြေအနေမျိုး ရှိရမယ်။ အဲဒီတော့ တခြားလူ တွေကို နှောင့်ယှက်တဲ့ လွတ်လပ်ရေးဟာ လွတ်လပ်ရေး မဟုတ်ဘူး။ အဲဒါကို (Liconse) ရမ်းကားမှု လို့ ခေါ်တယ်။ အဲဒီတော့ လွတ်လပ်ရေး ဆိုတာ စည်းမဲ့ကမ်းမဲ့ သဘောမျိုး မဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘော ဖြစ်တယ်။ လွတ်လပ်ရေး ရတဲ့အခါ တိုင်းပြည်မှာ ပိုပြီး စည်းကမ်း ရှိဖို့ လိုတယ်။ စည်းနဲ့ကမ်းနဲ့ လုပ်ကြမှ လွတ်လပ်ရေး ဆိုတာ တကယ်ရမယ်။ ဒီလွတ်လပ်ရေး ရတဲ့ အခါမှာ လွတ်လပ်ရေး ကြောင့် အခွင့်အရေး ရလာတဲ့အခါ အခွင့်အရေး တွေ ပိုရတာတွေ လည်း ရှိတယ်။ အခွင့်အရေးတွေ ပိုရသလိုပဲ။ တာဝန် တွေလည်း ပိုလာလိမ့်မယ်။

ဒီတိုင်းပြည်ကို အင်္ဂလိပ်က အုပ်ချုပ် နေတုန်းက ဒီတိုင်းပြည်ကို ကာကွယ်ဖို့ အင်္ဂလိပ်အစိုးရရဲ့တာဝန်ဖြစ်တယ်။ ဗမာပြည် လွတ်လပ်ရေး ရတဲ့ အခါမှာ ဗမာပြည်ကို ကာကွယ်ရမယ့် တာဝန်ဟာ ကျွန်တော်တို့ တာဝန် ဖြစ်လာမယ်။ အရင်တုန်းကလို အေးအေး ဆေးဆေး နေလို့ မဖြစ်တော့ဘူး။ ကျွန်တော်တို့ တိုင်းပြည် အစိုးရ လုပ်တဲ့လူ တွေက တိုင်းပြည် ကာကွယ်ဖို့ အတွက် ဗမာပြည်မှာ စစ်သားတွေ နည်းတယ်ဆိုရင် ဗမာတိုင်း ဗမာတိုင်း အရွယ် ရောက်တဲ့ လူတွေ မှန်သမျှ ကျန်းမာတဲ့လူ မှန်ရင် စစ်ထဲ မ၀င် မနေရ၊ စစ်မှုမထမ်း မနေရ ဆိုပြီး စနစ်နဲ့ ဖြစ်လာလိမ့်မယ်။ နှစ်နှစ် တန်သည် ဖြစ်စေ သုံးနှစ် တန်သည် ဖြစ်စေ စစ်ထဲမှာ ၀င်ရမယ်၊ တိုက်ချင် မတိုက်ချင် ၀င်တိုက် ရမှာပဲ။ အဲဒီဟာ လွတ်လပ်ရေး ရတဲ့အခါမှာ ဖြစ်မယ့် တာဝန်မျိုးပဲ၊ အဲဒီလိုပဲ ဒီတိုင်းပြည် လွတ်လပ်တဲ့ အခါမှာ ယိုးဒယားပြည် လိုဖြစ်ချင် သလား။ တူရကီပြည်လို ဖြစ်ချင်သလား၊ အမေရိကန် ပြည်လို ဖြစ်ချင်သလား။ အင်္ဂလိပ်ပြည် လိုဖြစ်ချင်သလား။ ဆိုဗီယက်လို ဖြစ်ချင် သလား။ အဲဒီလို ဖြစ်ချင်တာ တွေဟာ တိုင်းပြည်မှာ အလုပ် မလုပ်ဘဲ မဖြစ်ဘူး။

ကြိုးကြိုးကုတ်ကုတ် လိပ်တွေလုပ်

အဲဒီတော့ကာ ဘိလပ်မှာ စစ်ကြီး ဖြစ်တဲ့အခါမှာ အင်မတန် မွဲနေတယ်။ မွဲနေတယ် ဆိုရင် အရင်တုန်းက သူ့တိုင်းပြည်က ထွက်တဲ့ ကုန်က သူ့တိုင်းပြည်ကို ၀င်တဲ့ ကုန်ထက် အဆပေါင်း များစွာ ပိုပြီး များနေပါတယ်။ အဲဒီလို များနေတဲ့ အတွက် သူ့တိုင်းပြည်က လူတွေကို အတော်ကြီး ချောင်ချောင် လည်လည် ဖြစ်အောင် ထားနိုင်တယ်။ ဒီ စစ်ကြီးပြီးတဲ့နောက် အင်္ဂလိပ် အစိုးရ အဖို့မှာ ဆိုရင် နိုင်ငံခြားမှာ ရှိနေတဲ့ သူတို့ကိုယ်တိုင် ငွေပင် ငွေရင်း စိုက်ထားတဲ့ လုပ်ငန်းတွေကို အမေရိကန်ကို ရောင်းပစ်ရတယ်။ ကြွေး ဆိုရင်လည်း ရွှေဒင်္ဂါး သန်းပေါင်း ထောင့်ငါးရာ လောက် တင်နေတယ်။ အဲဒါတွေ အပြင် နောက်ပြီးတော့ သူတို့ တိုင်းပြည်မှာ ရှိနေတဲ့ ပစ္စည်းတွေကလည်း အတော်ပဲ ကုန်သွားတယ်။ကုန်ရုံတွင် မကဘူး နိုင်ငံခြားနဲ့ ကုန်ကူးတဲ့ နေရာမှာ ထွက်ကုန်က ၀င်ကုန်ထက် အများကြီး နည်းနေတယ်။ ဒီတော့ စစ်ပြီးတဲ့ အခါမှာ ရှေးနဂို အခြေကို အမြန်ဆုံး ပြန်ရအောင် ဆိုပြီးတော့ (တစ်နှစ် တည်းနဲ့ ရဖို့ နှစ်နှစ် တည်းနဲ့ ရဖို့မဟုတ်ဘူး။ လေးနှစ်၊ ငါးနှစ်၊ ခြောက်နှစ်၊ ခုနစ်နှစ် နှင့် ရှစ်နှစ်၊ ကိုးနှစ် အဲဒီလို လုပ်ယူရမယ်) အဲဒီလို လုပ်ယူတဲ့ ကိစ္စမှာ “ရှင်နည်းရာ အဂ္ဂလူထွက်” ဆိုသလို ဖြစ်နေတယ်။ အင်မတန်ပဲ ရာသီဥတု က ဆိုးဝါးပြီးတော့ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း အကြီးအကျယ် ပျက်စီးတယ်၊ ကျောက်မီးသွေး လုပ်ငန်းမှာ ဆိုလည်း အကြီးအကျယ် ပျက်စီးတယ်။ သူတို့ရဲ့ စီးပွားရေး အခြေအနေကို ထိခိုက် နေတော့ကာ နဂို အခြေအနေကို လေးငါး ခုနစ်နှစ် ရှစ်နှစ် ဆယ်နှစ် ဆိုသလိုမူလ အခြေအနေကို အမြန်ဆုံး ပြန်ရအောင် ဆိုပြီး သူတို့ ဘာကြိုးစား နေသလဲ။ အင်္ဂလိပ်တွေ လုပ်တဲ့ ပစ္စည်း၊ အင်္ဂလိပ် ပြည်မှာ ဖြစ်တဲ့ ပစ္စည်းကို အင်္ဂလိပ်တွေ မ၀ယ်နိုင်ဘူး။ မ၀ယ်ရဘူး။ ဥပမာ အ၀တ်အထည် တွေ ဆိုရင် အင်္ဂလိပ်ပြည်က လုပ်တယ်။ အင်္ဂလိပ် တွေက လုပ်ပေမယ်လို့ အင်္ဂလိပ် တွေကို တစ် ကိုယ် နှစ်ထည် သုံးထည်ထက် ပိုပြီး မ၀တ်ရဘူး၊ လိုသလောက် ထက် ပိုပြီးမ၀တ်ရဘူး။ (ကော်ပွန်) ဆိုတာတွေ ပေးတယ်။ အဲဒီလို ပေးပြီးတော့ ရောင်းတယ်။ အဲဒီ (ကော်ပွန်) ရှိမှ ၀ယ်နိုင်တယ်။ အဲဒီလို ရောင်းချတယ်။ အ၀ယ်ခိုင်းတယ်။ နိုင်ငံခြားကို ပိုတာတွေ မှန်သမျှ ကို ပို့ပြီး ရောင်းတယ်။ နိုင်ငံခြားက ဘိလပ်ကို သွင်းတဲ့ ပစ္စည်းတွေ ကျတော့လည်း အရင်ကလို အရမ်းမဲ့ အသွင်း မခိုင်းဘဲ လျှော့လျှော့ ပေါ့ပေါ့ သွင်းပြီးတဲ့ နောက် နိုင်ငံခြားက သွင်းတဲ့ ပစ္စည်းတွေကို ချွေချွေတာတာနဲ့ အရင်ကထက် အများကြီး လျှော့ပြီး အသွင်းခိုင်းတယ်။ လျှော့ပြီး သုံးခိုင်းတယ်။ သူတို့ဆီမှာ အရင်တုန်းက စားရတဲ့ ပေါင်မုန့်ဟာ အခုအခါမှာ ဆိုရင် အင်မတန်ကို လျှော့ပြီး စားရတယ်။ ယခုနေ အခါမှာ ဒီလိုလုပ်မှ နောက် လေးငါး ခြောက်နှစ် ခုနစ်နှစ် ရှစ်နှစ် ရှိတဲ့ အခါမှာ အင်္ဂလိပ်ပြည် ဟာ နဂို အခြေအနေကို ပြန်ရောက်ဖို့ အကြောင်း ရှိတယ်။ အဲဒီတော့ကာ အဲဒီလို ကျကျနန မလုပ်ဘဲ ဆိုရင် မရနိုင်ဘူး။ တိုင်းပြည် ထူထောင်ဖို့ ဆိုတာ လွတ်လပ်တဲ့ တိုင်းပြည် ဖြစ်ငြား သော်လည်း အလုပ်လုပ် ရတယ် ဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။

ချွေချွေတာတာ ရုရှားမှာ

ဆိုဗီယက် ယူနီယံ ဆိုတဲ့ တိုင်းပြည်ဟာ တော်လှန်ရေး လုပ်ပြီးတုန်းက စစ် အတောအတွင်း မှာ လုပ်တဲ့ ကွန်မြူနစ် စနစ် ဆိုပြီး လုပ်တယ်။ စစ်ပြီး တဲ့နောက် (New Economic Policy) ဆိုတဲ့ သဘောနဲ့ စီးပွားရေး စနစ်နဲ့ လုပ်ရတယ်။ နောက် ငါးနှစ် စီမံကိန်းတွေ ဆိုဗီယက် ယူနီယံမှာ လုပ်တယ်။ ငါးနှစ် စီမံကိန်းတွေ လုပ်တဲ့ အခါ ပထမ စီမံကိန်း လုပ်တုန်းက တစ်နိုင်ငံလုံးရဲ့ အခြေအနေ အားလုံးကို ခြုံပြီး ရှေ့ရှု ပြီးတော့ တစ်တိုင်း တစ်ပြည်လုံး ရဲ့ ကောင်းဖို့ ရှေ့ရှုပြီး လုပ်ရတဲ့ အတွက် လူတွေဟာ စားချင်တိုင်း မစားရဘူး၊ ၀တ်ချင်တိုင်း မ၀တ်ရဘူး၊ နေချင်တိုင်း မနေရဘူး အဲဒီလို ဖြစ်နေရတယ်။ အဲဒီတော့ ကျွန်တော်တို့ တိုင်းပြည်ကို ပြန်လည် ထူထောင်ကြမယ် ဆိုရင် ( National Planning ) ခေါ်တဲ့ အဲဒီလို စီမံကိန်းမျိုးနဲ့ မလုပ်ဘဲ ကျွန်တော်တို့ တိုင်းပြည် ဘယ်တော့မှ မကြီးပွား နိုင်ဘူး။ မထူထောင် နိုင်ဘူး ဆိုတာ ခင်ဗျားတို့ သိစေချင်ပါတယ်။

This is our Leader.

အဲဒီတော့ ပဒေသာပင် မြေက ပေါက် မလာနိုင်ဘူး။ ကျွန်တော်တို့ အလုပ်လုပ်မှ ပေါက်မယ် ဆိုတာ ခင်ဗျားတို့ နားလည် စေချင်တယ်။ လွတ်လပ်ရေး ရပင်ရငြား သော်လည်း တိုင်းသူပြည်သား လူအများ အပေါ် ကျရောက် လာမယ့် တာဝန်တွေ ကျွန်တော်တို့ မထမ်းဆောင် ချင်ဘူး ဆိုရင် ခင်ဗျားတို့ ရတဲ့ လွတ်လပ်ရေး ဟာ ဒီနေ့ ရပြီး နက်ဖြန်ခါ တခြား လက် ပြန်ပါသွားမယ် ဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။ အဲဒီလို လွတ်လပ်ရေး ရတဲ့အခါမှာ စီမံကိန်း အမျိုးမျိုးနဲ့ လုပ်တောင်မှ အနှစ် နှစ်ဆယ် လောက် ကြာမယ်။

ယိုးဒယားကို ရှု ပမာပြု

အဲဒီလို မလုပ်နိုင်လို့ ရှိရင် ယိုးဒယားပြည်ရဲ့ အဆင့်အတန်း တောင်မှ မီမှာ မဟုတ်ဘူး။ ယိုးဒယားပြည်ဟာ လွတ်လပ်တဲ့ နိုင်ငံထဲမှာတော့ ညံ့ညံ့ပဲ၊ သို့သော် လည်းပဲ ယိုးဒယား ပြည်ဟာ ကျွန်တော်တို့ ဗမာပြည်နဲ့ စာလျှင် သာတာပဲ။ စစ်တပ်တွေ ကောင်းကောင်း ရှိတယ်။ ရေတပ်တွေ ရှိတယ်။ လေတပ်တွေ ရှိတယ်။ အဲဒီလိုဟာတွေ ယိုးဒယားပြည်က ရှိတယ်။ ကျွန်တော်တို့ မှာတော့ အဲဒီလိုဟာတွေ မရှိသေးဘူး။ ကျွန်တော်တို့မှာ သုညက စပြီး အကုန်လုံး ပြန်ပြီး အုတ်မြစ်ချပြီး အလုပ်လုပ် ရမှာ ဖြစ်တော့ ကျွန်တော်တို့က တခြား နိုင်ငံတွေက ခြေလှမ်း တစ်လှမ်း လှမ်းရင် ကျုပ်တို့က ခြေလှမ်း လေးငါးဆယ် လှမ်း လှမ်းမှ နောက် ဆယ်နှစ် (၁၅) နှစ် လောက် ကြာလို့ ရှိရင် တန်းတူညီတူ ဖြစ်နိုင်မယ်။ တန်းတူညီတူ မဖြစ်သမျှ ကာလပတ်လုံး တိုင်းပြည်ကြီး ဟာ လွတ်လပ်တယ် ဆိုပေမယ်လို့ ဟိုလူ မြင်လည်း မျက်နှာ ချိုသွေးရ၊ ဒီလူမြင်လည်း မျက်နှာချို သွေးရတဲ့ ဖာသည် နိုင်ငံမျိုး ဖြစ်မယ်ဆိုတာ ခင်ဗျား တို့ကို အတိအလင်း ပြောလိုက်မယ်။ အဲဒီတော့ ကျွန်တော်တို့ တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ လူထု ညီညွတ်ရေး ရှိဖို့ အရေးကြီးတယ်။ စားဖားတွေ ညီညွတ်ရေး ကို မလိုချင်ဘူး။

အောင်သည် အထိ ကြိုးစားဘိ

အခု ဖြစ်နေတဲ့ အခြေအနေ အရ လွတ်လပ်ရေး ကိစ္စကို ခန့်မှန်း ပြောရမယ် ဆိုရင် လွတ်လပ်ရေး ဟာ ရဖို့ အခြေအနေတော့ တော်တော်ပဲ များတယ် ဆိုတာ ပြောချင်ပါတယ်။ ပြောပေမယ့် ကျွန်တော်တို့ ဗမာ စကားလည်း ရှိတယ်။ အင်္ဂလိပ် စကားလည်း ရှိတယ်။ အင်္ဂလိပ် စကားကတော့ ( Don’t hollow till you’re out of the wood ) သစ်တော မြက်မဲ အတွင်းက မထွက်မိခင် ငါတော့ ဘေးလွတ်ပြီ လို့ မအော်ပါနဲ့။ ခြင်္သေ့မင်း ဥပမာလို ပြောရမယ် ဆိုရင် ခြင်္သေ့များ ဟာ သားကောင်ကို လိုက်တဲ့နေရာမှာ ကြီးတာ ငယ်တာကို ပဓာန မထားဘဲ ကြီးကြီးငယ်ငယ် လုံ့လစိုက်တဲ့ နေရာမှာ အဲဒီအတိုင်းပဲ လုံ့လစိုက် သွားတယ်။ ကျွန်တော် တို့ဟာ အဲဒီထုံးစံ အတိုင်း ကျွန်တော်တို့ဟာ ပန်းတိုင် ရောက်သည် အထိ ကျွန်တော်တို့ အောင်မြင်မယ် ထင်သည့် တိုင်အောင် ကြိုးစားမှု၊ အားထုတ်မှု လုံ့လ ၀ီရိယကို လျှော့လို့ မဖြစ်နိုင်ဘူး။

မလျော့တမ်း အဟုတ် ဇွဲနှင့်လုပ်

ကျွန်တော်တို့ ဗမာတွေမှာ ချို့ယွင်းတာ တစ်ခုရှိတယ်။ ဘာလဲဆိုရင် ဒါကလဲပဲ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့ရတဲ့ အတွက် ဖြစ်ချင် ဖြစ်မယ်။ ဘာဖြစ်လို့လဲ ဆိုရင် ကျွန်တော် ဂျပန်ခေတ် တုန်းက ပုသိမ် ဘက်ကို သွားတဲ့အခါမှာ လှေပြိုင်ပွဲ တစ်ခု ကြည့်ခဲ့တယ်။ လှေပြိုင်ပွဲ လုပ်တဲ့အခါမှာ ပန်းတိုင်ကို မရောက်သေးဘူး။ ရှေ့ကို နည်းနည်း နိုင်လာပီ ဆိုရင် နိုင်နေတဲ့ လှေက တက်ကို ထောင်တယ်။ ရှုံးတဲ့ လှေကလည်း ပန်းတိုင် မရောက်သေးဘူး။ ကြိုးစားမယ် ဆိုရင် ကြိုးစားနိုင်သေးတယ်။ မကြိုးစား ချင်တော့ဘူး။ ရှုံးမှာ ပါပဲကွာ ဆိုပြီးတော့ ခြေပစ်လက်ပစ်နဲ့ တက် မခပ် ချင်တော့ဘူး။ အဲဒါဟာ တိုင်းပြည် ထူထောင်တဲ့ နေရာမှာ အဲဒါက လွတ်လပ်တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ်ဓာတ်မျိုး မဟုတ်ဘူး။ ဒါက ကျွန်ဖြစ်မယ့် စိတ်ဓာတ်မျိုး ပဲ။ ဒီစိတ်ဓာတ်မျိုးရှိနေသမျှကာလပတ်လုံး ကျုပ်တို့ဗမာတွေ ကျွန်ဖြစ်နေမှာပဲ။ လွတ်လပ်ရေးရသည်တိုင်အောင် မြန်မြန်ပြန်ပြီးတော့ ကျွန်ဖြစ်မှာပဲ။ ကျွန်မဖြစ်သည့် တိုင်အောင် ညံ့ဖျင်းတဲ့ လွတ်လပ်ရေး ဖြစ်မှာပဲ။ အဲဒီ လှေပြိုင်ပွဲတုန်းက လှေတစ်လှေဟာ တက်ထောင် မိတာနဲ့ ပွဲတစ်ပွဲမှာ ရှုံးကို သွားတယ်။ ဘောလုံးပွဲ ကန်ကြတဲ့ အခါမှာလည်း ကိုယ်က စပြီး ဂိုးသွင်းရရင် အတော်ပဲ အားတက် လာတယ်။ နောက်တစ်ခါ တော်တော်လေး ဂိုးများ လာတယ် ဆိုရင် လျှော့လျှော့ပေါ့ပေါ့ ကန်ချင်လာတယ်။ တစ်ဖက် ကလည်း နောက်ဆုံး အပြီးသတ် ကျတော့မှ ကပ်ပြီး ဂိုးသွင်း သွားလို့ ရှုံးတာတွေ သရေ ဖြစ်တာ တွေကို ဘောလုံးပွဲ ရာဇ၀င်မှာ ပြန်စဉ်းစား ကြည့်ရင် တွေ့ရမှာပဲ။ ဒါတင် မကသေးဘူး။ သူတို့ လူတွေက ပထမ နာရီဝက်မှာ ရှုံးသွားရင် တော်သေးတယ်။ ဒုတိယ နာရီဝက်မှာ ဆယ်မိနစ် လောက် ကြာတော့ တော်တော်လေး ကန်မိလို့ ဂိုးပြန် မသွင်းနိုင် သေးဘူးဆိုရင် လူကို ပြန်ချတာပဲ။ ကျွန်တော်တို့ ဗမာပြည်မှာ အဲဒါ ( Sporting Spirit ) မရှိဘူး။ ဒါဘာလဲ ဆိုရင် ကျွန်တော်တို့ ဗမာတွေရဲ့ စိတ်ဓာတ် ထက်မြက်တယ် ဆိုတာ တလွဲမှာ ဆံပင် ကောင်း နေတာပဲ။ တကယ့် နေရာကျတော့ အသုံးမကျဘူး။ ဗမာ ဗမာချင်း ချဖို့ လုပ်ချင်တယ်။ ပြန်လည် ထူထောင်ရေး လုပ်တဲ့နေရာမှာ အသုံးမချ ချင်ဘူး။ ဗမာ အချင်းချင်း ချဖို့ လုပ်ချင်တယ်။ ဒါတွေ လုပ်ချင်ရင် ဘယ်တော့မှ အကျိုးခံစားခွင့် ရှိမှာ မဟုတ်ဘူး။ ဒီတိုင်းပြည် ပြန်လည် မထူထောင် နိုင်ဘူး။ နလံ မထူနိုင်ဘူး။ လွတ်လပ်ရေး လည်း ကျကျနန လုပ်လို့ မဖြစ်ဘူး။ အဲဒီလို စိတ်ဓာတ်မျိုးကို လုံးဝ ဖျောက်ပစ်ဖို့ လိုတယ်။ ကျွန်တော်က ဘာလုပ်လုပ် နောက်ဆုံး တစ်နေ့ပြီးတဲ့ အထိ ရှုံးမယ် ထင်သည်ဖြစ်စေ၊ နိုင်မယ် ထင်သည်ဖြစ်စေ မလျှော့တမ်း ဇွဲနဲ့ လုပ်သွားမယ်။

ချီးမွမ်းဖွယ်ရာ နမူနာ

အင်္ဂလိပ် တွေက ကျွန်တော်တို့ကို အုပ်ချုပ် နေလို့ ကျွန်တော်တို့က မုန်းပေမယ့်လို့ အင်္ဂလိပ် တွေမှာ ချီးမွမ်းပြီး နမူနာတွေ ယူစရာ အများကြီး ရှိတယ်။ ပြီးခဲ့တဲ့ စစ်ကြီးမှာ သူတို့ အကျဉ်းအကြပ် ဘယ်လောက် ရောက်ခဲ့သလဲ။ အဲဒီ အကျဉ်းအကြပ်ထဲက သူတို့ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း အံကြိတ်ပြီး ခါးတောင်း ကျိုက်ပြီး ကြိုးစားခဲ့တယ် ဆိုတာ သူတို့ကို ကြည့် ပါ။ အခုလည်း သူတို့ တိုင်းပြည်မှာ ကြပ်ကြပ် တည်းတည်း နေရတာကို လူတွေက မညည်းဘူးလား ဆိုတော့ ပုထုဇဉ်သဘာဝ ညည်းတော့ ညည်းတာပဲ။ ညည်းပင် ညည်းငြားသော်လည်း စည်းနဲ့ကမ်းနဲ့ ညည်းကြတယ်။ကျွန်တော်တို့ တိုင်းပြည်မှာ စည်းကမ်းကို မရှိသလောက် ဖြစ်နေတယ်။ ဒီမှာတော့ နိုင်ငံရေး လုပ်တဲ့ နေရာတွေမှာ ယခု နေအခါမှာ နယ်ချဲ့သမား သဘောကျမယ့် အလုပ်မျိုးတွေ လုပ်နေတယ်။ အခု ကျွန်တော် တိတိလင်းလင်း ပြောထားပါတယ်။

အင်အားငယ်လျှင် ငယ်မည်ပင်

ဗမာပြည်မှာ လူထု ညီညွတ်ရေး၊ တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး တွေဟာ မပြိုမကွဲဘဲ ဘယ်သူမှ ဖောက်ထွင်းလို့ မရလို့ ရှိရင် နောက်ပြီးတော့ လက်ဝဲသမား ခေါ်တဲ့ လူငယ် နိုင်ငံရေး သမားတွေ ညီညွတ် သည်ထက် ညီညွတ် လာလို့ရှိရင် အဲဒါ အင်အားကြီး သလောက် ခင်ဗျားတို့ လွတ်လပ်ရေးဟာ ပိုကောင်းမယ်။ အင်အား ငယ်ရင် ငယ်သလောက် ခင်ဗျားတို့ လွတ်လပ်ရေး ဟာ အခွင့်အရေး နည်းလာမယ်။ နောက်တစ်ခါ အဲဒီလို နေရာမှ နိုင်ငံရေး သမားတွေ တချို့ ခြေထိုးတာတွေ ကို ယောင်မှားလို့ အင်မတန် ဖရိုဖရဲ ဖြစ်ကြရင်တော့ ခင်ဗျားတို့ လွတ်လပ်ရေး ရမှာ မဟုတ်ဘူး။ အိန္ဒိယ ပြည်မှာ လို အင်္ဂလိပ်က မပေးချင် တာကြောင့် မဟုတ်ဘဲ နဲ့ မလုပ်ရင် မဖြစ်တဲ့ အခြေအနေမျိုး ရောက်လာမယ်။ အဲဒါ ခင်ဗျားတို့ သတိထားလို့ ကောင်းပါတယ်။

ဗုန်းပေါလအော မနှမြော

ဒီဟာတွေကို သတိထားပြီး တိုင်းပြည် ပြန်လည် ထူထောင်ရေးနဲ့ ပတ်သက်လို့ အနည်းငယ် ပြောပြချင်တယ်။ ဒီတိုင်းပြည် ပြန်လည် ထူထောင်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဖြစ်နေတဲ့ အခြေအနေမှာ အင်မတန်ပဲ ဆိုးနေတယ်။ ကျွန်တော်တို့ တိုင်းပြည်ဟာ ဒီ ကမ္ဘာစစ်ကြီး ပြီးတဲ့နောက် ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတွေ ထဲမှာ ကျွန်တော်တို့ တိုင်းပြည်လို “မိအေး နှစ်ခါနာ”ရှိတဲ့ တိုင်းပြည်မျိုး မရှိသေးဘူး။ ဂျပန် ၀င်လာ တော့လည်း စစ်မြေပြင် ဖြစ်တယ်။ အင်္ဂလိပ် ပြန်ဝင်တော့လည်း စစ်မြေပြင် ဖြစ်တယ်။ အဲဒီလို မိအေး နှစ်ခါနာ ဖြစ်တဲ့ ဗမာပြည်ဟာ အင်မတန်ပဲ စီးပွားရေးမှာ ပျက်စီးတယ်။

သူတို့ပြည်မှာ သွားကြည့်ပါ

အင်္ဂလိပ်ပြည် မှာလည်း စီးပွားရေး ပျက်စီးတော့ အင်္ဂလိပ် လူမျိုးတွေက စီမံကိန်းတွေ ဘာတွေ လုပ်တယ်။ သိပ်ပြီးတော့ ကျကျနန မရှိဘူး။ သို့သော်လည်း ကျွန်တော်တို့ တိုင်းပြည်နဲ့ စာရင်တော့ စနစ်က ပိုကောင်းတယ်။ ကြိုးကြိုးစားစား နဲ့ လေးငါး ဆယ်နှစ်လောက် ကျရင် တကယ် ချောင်လည်လာအောာင် ၀ိုင်းဝန်းပြီး ကြိုးစား နေကြတယ်။ အဆင့်အတန်း မြင့်သထက် မြင့်အောင် ကြိုးစား နေကြတယ်။ ဆိုဗီယက် ယူနီယံမှာ ဆိုရင် စစ်ကြီး ပြီးလျှင်ပြီးခြင်း ငါးနှစ် စီမံကိန်း ဆိုပြီး ခြိုးခြံဖို့ လုပ်နေကြတယ်။ ဆိုဗီယက် ယူနီယံမှာ ရှေးကလို စားလိုက် သောက်လိုက် ချောင်ချောင် လည်လည် စားရသောက်ရ မရှိတော့ဘူး။ ပြန်ပြီး ချွေတာနေကြပြီ။ ဒါက နိုင်ငံခြား ထွက်ကြည့်မှ သိတယ်။ စစ်ဖြစ်နေတုန်းက ကျွန်တော် ဂျပန်ပြည် ရောက်ဖူးတယ်။ ဂျပန်ပြည်က လူတွေ ဗမာပြည်က လူတွေလောက် အ၀တ်အထည်ကို ပေါပေါများများ မ၀တ်ရဘူး၊ မစားရဘူး၊ နေတဲ့နေရာ မှာတော့ သပ်သပ်ရပ်ရပ် နေရတယ်။ ကျွန်တော်တို့ ဗမာပြည်ကတော့ ဒီလို မဟုတ်ဘူး။ ဗုန်းပေါလအော စားသောက် နေထိုင်ကြတာပဲ။

အိန္ဒိယပြည်ကိုသွားကြည့်ပါ။ ဟိုတယ်တွေကို သွားရင် (၂၄) ယောက် ထပ် ပိုပြီး ကျွေးချင်လို့ မကျွေးရဘူး။ ပေါင်မုန့် မရဘူး။ အားလူး တစ်ခုပဲ ရတယ်။ နောက်ပြီး ဟင်းတစ်မယ် ထက် ပိုမရဘူး။ ကျွန်တော် တို့ဆီမှာ ဆန်းကဖီးကို သွားလို့ရှိရင် ဟင်း တစ်မယ်တွင် မကဘူး။ နှစ်မယ် သုံးမယ် လေးမယ် အကန့်အသတ် မရှိ။ စားချင်တိုင်း စားနိုင်တယ်။ အင်္ဂလန် ပြည်မှာ ဟိုမှာ ထမင်း မရဘူး၊ ဆန်မရဘူး၊ ပေါင်မုန့် ဆိုရင် အရင်ကထက် လျှော့ ပေးတယ်။ အဲဒီလို ခြိုးခြံပြီးတော့ ပြန်လည် ထူထောင်ရေး လုပ်ငန်းကို လုပ်နေကြတယ်။ ကျွန်တော်တို့ တိုင်းပြည်များ ကျပ်တယ် ကျပ်တယ်နဲ့ ပြောနေကြတယ်။ လူတွေက ဗုန်း ပေါလအော သုံးစွဲ နေကြတုန်းပဲ။ ကျွန်တော်တို့ ဗမာတွေမှာ ဆီမရှိလို့ မစားနိုင်ဘူး လို့ ပြောကြတယ်။ ဆီမရှိလို့ မစားနိုင်တာ မှန်ပါတယ်။ သို့သော် လည်းပဲ ဒီဆီကို ဘာအတွက် သုံးနေကြသလဲ။ ဗုန်း ပေါလအော သုံးသလား မသုံးဘူးလား ဆိုတာ ဈေးတွေ သွားကြည့်ပါ။ အိမ်တွေ သွားကြည့်ပါ။ သိနိုင်ပါတယ်။ တခြား နိုင်ငံကို သွားကြည့်ရင် ဆီကို ဒီလို ဗုန်းပေါလအော သုံးသလား မသုံးဘူးလား ဆိုတာ သွားကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ခင်ဗျားတို့ စိတ်ထဲမှာတော့ ဘာမှ အရေးမကြီးလို့ ထင်တယ်။ ခင်ဗျားတို့ ဆီတွေ ဗုန်းပေါလအော သုံးသည့် အတွက်ကြောင့် ကုလားပြည်က နှစ်စဉ် နှစ်စဉ် ဆီတွေ အမြောက်အမြား သွင်းနေရတယ်။ အဲဒါ ဈေးကြီးတဲ့ အထဲမှာ အကြောင်းတစ်ရပ်ပဲ။ ပြီးတော့ ငရုတ်၊ ကြက်သွန်ကို ကြည့်ပါ။ ဗမာပြည်မှာ ကိုယ့်ဘာသာ ကိုယ်စိုက်လို့ မရဘူးလား။ ကျွန်တော်ဆိုရင် ကျွန်တော့်အိမ်မှာ စိုက်ထားတယ်။ အိမ်ယာ ကွက်လပ် ရှိတဲ့နေရာမှာ ရှိတဲ့လူတွေက စိုက်ကြပါလား။ ဒီလိုတော့ မစိုက်ကြဘူး။ ဈေးမှာ ၀ယ်စားတော့ အဲဒီ ငရုတ်၊ ကြက်သွန်တွေ ဘယ်ကလာသလဲ။ အိန္ဒိယ ပြည်က လာတယ်။ အိန္ဒိယပြည်က လာတော့ အိန္ဒိယပြည်ကို ခင်ဗျားတို့ ပိုက်ဆံပေး နေရတယ်။ ဒီတိုင်းပြည်မှာ ရနိုင်တဲ့ ပစ္စည်းကို တခြားနိုင်ငံက ၀ယ်ရတဲ့အတွက် ဈေးတွေကြီးတယ် ဆိုတာဟာ အခုလို အကြောင်းမျိုးတွေ ကြောင့်ပဲ။

ကြပ်တယ် ကြပ်တယ် အပုံကြီးကျပ်တယ်

အဲဒီလိုပဲ ဆန်စားတဲ့ နေရာမှာ ဆရာဝန် တွေနဲ့ အာဟာရဓာတ် ကို နားလည်တဲ့ လူတွေက လိုက်ကြည့်မယ် ဆိုရင် ကျွန်တော်တို့ တိုင်းပြည်မှာ စားရတဲ့ အာဟာရ ဓာတ်တွေဟာ တခြားနိုင်ငံတွေ ထက် ပိုများတယ်။ ကျွန်တော်တို့ ပြည်မှာ ဆန်က လုံလောက်တယ်၊ ပိုနေတယ်။ နိုင်ငံခြားကို တင်ရောင်း ရတယ်။ နိုင်ငံခြား တင်ရောင်း ရပေမယ့် စစ်မဖြစ်ခင် ကလောက် ပိုပိုလျှံလျှံ မရှိဘူး။ အဲဒီမှာ ကျွန်တော်တို့ လူမျိုးတွေ စားတာက ရှေးကထက် လျှော့မစားဘူး။ အရင် ကလိုပဲ ဗုန်းပေါလအော စားတုန်းပဲ။ အဲဒီ တော့ကာ ယခု ဖြစ်နေတာက စစ်မဖြစ်ခင် ကလောက်လည်း ဆန်မထွက်ဘူး။ ဆန်မထွက် တဲ့အထဲမှာ ကျွန်တော်တို့က လျှော့စား သလားဆိုရင် လျှော့မစားဘဲ ဗုန်းပေါလအော စားတုန်းပဲ။ အဲဒီအထဲမှာ ဆန် လုတဲ့အတွက် ငွေပေါင်း တစ်ကုဋေ ကျော်ဖိုး လည်း ရှုံးသေးတယ်။ ကျွန်တော်တို့ တိုင်းပြည်က ၀င်ကုန်နဲ့ ထွက်ကုန်မှာ ထွက်ကုန်က အရင် စစ်မဖြစ် ခင်က ၀င်ကုန် ထွက်များတယ်။ အဲဒီအထဲမှာ ဆန် ကုန်ကူးတဲ့ အတွက် အများဆုံး အမြတ်ရတယ်။ ဆန်ကိုသာလျှင် အများဆုံး အားထားရတယ်။

ဗမာတွေရဲ့ အသက် သခင် ဖြစ်တဲ့ ကိစ္စမှာ စစ်ဖြစ်ပြီး ပျက်စီးနေတဲ့ အတွက်က တစ်ကြောင်း၊ နွားတွေ လုသွားတာကြောင့် တစ်ကြောင်း၊ သူခိုးဓားပြ သောင်းကျန်းမှု ကြောင့် တစ်ကြောင်း၊ လယ်ယာ တွေကို ရှေးကလောက် မလုပ်နိုင်ဘူး။ အဲဒီလို မလုပ်ရတဲ့ အထဲမှာ ခင်ဗျားတို့က ဗုန်းပေါလအော စားကြတုန်းပဲ။ ဆန်လုတဲ့လူ ကလည်း လုတုန်းပဲ။ အဲဒီလို ဖြစ်နေတာကို ခင်ဗျားတို့က ကျပ်တယ် ကျပ်တယ် နဲ့ ဘာအံ့သြစရာ ရှိသလဲ။ ကျပ်မှာပဲ လို့ ပြောချင်တယ်။

အကောင်အထည် ဖော်ခဲ့ပြီ

တိုင်းပြည်မှာ မငြိမ်မသက် ဖြစ်နေတဲ့ ကိစ္စတွေ ဆူဆူပူပူ ဖြစ်နေတဲ့ကိစ္စတွေ တိုင်းပြည် အတွက် အကျိုးရှိသလား မရှိဘူးလား ဆိုတာ ခင်ဗျားတို့ ပြန်စဉ်းစား ကြည့်ပါ။ ခင်ဗျားတို့ အကျိုးကို ထိသလား မထိဘူးလား ဆိုတာ ခင်ဗျား တို့ဟာ ဘယ်လမ်းက မှန်တယ် ဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့်။ ဖဆပလ အဖွဲ့ချုပ် ကြီးက တစ်ခါတလေ အပြောမှားတာ ရှိချင်ရှိမယ်။ တစ်ခါတလေ အလုပ်လုပ်တာ မှားတာ ရှိချင်ရှိမယ်။ သို့သော်လည်း စေတနာက သန့်ရှင်းလျက် ပါပဲ။ ဖဆပလဘက်က တစ်ယောက်တလေ ဖောက်ပြန် တာတော့ ရှိပါတယ်။ သို့သော် လည်းပဲ အဖွဲ့ အနေ အားဖြင့် မဖောက်ပြန်ဘူး ဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။ သန့်ရှင်းတဲ့ စေတနာနဲ့ ခြေလှမ်း မှန်မှန်နဲ့ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို အကောင်အထည် ပေါ်အောင် ရုပ်လုံးကို ဖော်ဖော်ပြ လာပြီ၊ နောင်များ မကြာခင် ရုပ်လုံး တစ်ဆင့်တက်ပြီး ရုပ်လုံး ဖော်တာကို ခင်ဗျားတို့ မြင်ကြရမယ်။ ဒီလို ထူထောင်ရေး၊ လွတ်လပ်ရေး ရအောင် လုပ်တဲ့ အခါမှာ ပထမတော့ အကောင်းဆုံး အလွယ်ဆုံး အအေးဆုံး ဆိုတဲ့နည်းကို ရှေးဦးစွာ ရှာပြီး လုပ်ရမှာပါပဲ။ အဲဒီလို လုပ်လို့မှ မရဘူး ဆိုရင် ရှေးက ပြောလာခဲ့တာတွေ ရှိပါတယ်။ ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ အေးအေးနဲ့ မရရင် ရနိုင်တဲ့ နည်းနဲ့ လုပ်ရမယ်။ တိုင်းပြည်ပြု လွှတ်တော်ကို အချုပ်အခြာ အာဏာနဲ့ ပြည့်စုံတဲ့ လွှတ်တော် မဟုတ်ဘူး လို့ ကျွန်တော် ပြောတာ အေးအေးချမ်းချမ်း အင်္ဂလိပ် အစိုးရနဲ့ အကြည်တသာ အာဏာ လွှဲပြောင်း ယူနိုင်အောင် ပထမရှေးဦးစွာ အဲဒီ သဘောကို ထားခြင်း ဖြစ်တယ်။ သို့သော်လည်း ကျွန်တော်တို့ ပိုင်းခြား ကန့်သတ်ထားတဲ့ အချိန်အတွင်း မှာ အကြည်အသာ မရှိဘူး ဆိုရင် ကျွန်တော်တို့က အတင်းအကြပ် လုပ်မယ် ဆိုတာ ပြောထား ပြီးသားပဲ။ ထပ်ပြောနေစရာ မလိုပါဘူး။

အနှစ်နှစ်ဆယ် မှန်းဆတယ်

ခင်ဗျားတို့ကသာ အတင်း လုပ်တဲ့အခါမှာ အဆင်သင့် ရှိရမှာပဲ။ ဆယ်ရေး တစ်ရေး ကိုးရေး တစ်ရာ ဆိုသလို ကိစ္စ မပြီးသေးတော့ ကျွန်တော်တို့ စိတ်အား မလျှော့ရသေးဘူး။ အရင်တစ်ခါ ကျွန်တော် ပြောခဲ့သလို နိုင်ငံရေး ဘက်က အေးနေပြီး တော့ကာ မဟုတ်တဲ့ နေရာမှာ ဆူတာပူတာ ကတော့ ပိုလာသလို ဖြစ်နေတယ်။ အဲဒီလို မဟုတ်တဲ့ နေရာမှာ ဆူပူ သောင်းကျန်းမှု တွေကို ဗမာပြည်မှာ ရှိတဲ့လူတွေက အားလုံး ကူညီဝိုင်းဝန်းဖို့ လိုတယ်။ ဘယ်သူ့ကိုမှ အားပေးဖို့ မလိုဘူး။ သို့သော်လည်း ဗမာပြည်ရဲ့ လွတ်လပ်ရေး ၊တိုင်းပြည် လူထုရဲ့ ညီညွတ်ရေး၊ ဗမာပြည်ရဲ့ ပြန်လည် ထူထောင်ရေး၊ တိုင်းရင်းသား ညီညွတ်ရေး လုပ်တဲ့ နေရာမှာ ယခုထက် ပိုပြီး ဆထက်ထမ်းပိုး တိုးပြီး အလုပ်လုပ်ကြဖို့ လိုတယ်။ အလုပ်လုပ်တဲ့ နေရာမှာ ကျွန်တော်တို့ ဖဆပလ အဖွဲ့ချုပ်ကြီးက လုပ်တဲ့ နေရာမှာ လိုသေးတယ်။ ကျွန်တော် မကျေနပ် သေးဘူး။ ကျွန်တော်တို့ အားလုံး အလုပ်လုပ် ကြဖို့ လိုတယ်။ ဒီလိုလုပ် မှသာလျှင် လွတ်လပ်ရေး ဆိုတာ ကျွန်တော်တို့ ရည်ရွယ် မှန်းထားတဲ့ အချိန်ပိုင်း အတွင်းမှာ ရမယ်။ ရပြီး တဲ့နောက် ရှေ့ကို နန်းကန်ပြီး ဆက်လက်ပြီး အလုပ် လုပ်နိုင်မှ အနှစ်နှစ်ဆယ် လောက် ကြာတဲ့ အတွင်းမှာ တန်ကာ ကျမယ်။

ကုဋေကုဋာကုန်ဖွယ်ရာ

ထပ်ပြီး ကျွန်တော် ရှင်းပြချင်သေးတယ်။ ဥပမာအားဖြင့် ပညာရေးကို ကြည့်မယ် ဆိုရင် ပညာရေးမှာ ကျွန်တော်တို့ ဗမာပြည်ဟာ အရင်စစ် မဖြစ်ခင် ကထက် အောက်ကျနောက်ကျ ဖြစ်နေတယ်။ အင်မတန် အောက်ကျ နောက်ကျ ဖြစ်နေတော့ အခမဲ့ မူလတန်း ပညာ မသင်မနေရ ဥပဒေ လုပ်ပေးပါ လို့ ပြောတယ်။ ဥပဒေ လုပ်ပေမယ့် ဘယ်လောက် ကြိုးစားမှ ဘယ်လောက် ကြာမှ အဲဒီလို အခမဲ့ မူလတန်း မသင်မနေရ ပညာ ဆိုတာဟာ ဗမာ တစ်ပြည်လုံးရဲ့ ရွာတိုင်း မြို့တိုင်းမှာ ဖြစ်မလဲဆိုရင် အနှစ်နှစ်ဆယ် လောက်ကြာမှ ဖြစ်မယ်။ အခုရှိတဲ့ ဆရာတွေက အင်မတန် နည်းနေတယ်။ ဒီ ဆရာတွေကို သင်ရမယ့် ကောလိပ်ကျောင်း တွေ၊ နော်မံကျောင်းတွေ၊ တိုင်းပြည် တစ်ပြည်လုံးမှာ ဒီကျောင်းတွေ၊ အဆောက်အဦတွေ ရှိရမယ်။ ဒီ ကျောင်းတွေမှာ သုံးရမယ့် ကိရိယာ တန်ဆာပလာ ပစ္စည်းတွေ၊ ခဲတံ၊ စာအုပ်၊ ကျောက်သင်ပုန်း စုံစုံလင်လင် ရှိရမယ်။ အဲဒီ အတွက် အဲဒါတွေ အတွက် ဘယ်လောက် ကုန်မလဲဆိုရင် ကုဋေပေါင်း အများကြီး ချီပြီး ကုန်မယ်။ အဲဒါ အနှစ် နှစ်ဆယ်လောက် ကျုံးလုပ်ပါမှ ဗမာပြည် တစ်ပြည်လုံး အခမဲ့ မူလတန်းပညာ မသင်မနေရ ဆိုတာ ရွာတိုင်း မြို့တိုင်းမှာ ဖြစ်နိုင်မယ်။

ကုန်း၊ ရေ၊ လေတပ် လွန်ရှိအပ်

နောက်ပြီး ကာကွယ်ရေး ဘက်မှာ ကြည့်ပါဦး။ အခု ကျွန်တော် တို့ရှိတဲ့ စစ်တပ် ဗမာပြည်မှာ ဆူတာ ပူတာကို နှိမ်ဖို့ လောက်တော့ လုံလောက်တယ်။ အဲဒီ ဆူတာ ပူတာကို စစ်တပ်ရော၊ ပုလိပ်ရော နှစ်ဆ ပိုထားတယ်။ အဲဒီလို နှစ်ဆ ပိုထားတဲ့ အတွက် နှစ်ဆ ပိုပေးရတဲ့ စရိတ်ကုန်တယ်။ အဲဒါ ဘယ်သူ့ ဆီက ငွေနဲ့ ပေးရသလဲ ဆိုရင် ခင်ဗျားတို့ ပေးတဲ့ အခွန်ငွေထဲက ပေးရတယ်။ အဲဒါကြောင့် ဈေးတွေ ကြီးနေတယ်။ သို့သော်လည်းပဲ တိုင်းပြည် ကာကွယ်ဖို့ ဘက်မှာ ကျွန်တော်တို့ စစ်တပ်တွေနဲ့ မလုံလောက် သေးဘူး။ ကုန်းတပ် ဆိုတဲ့ စစ်တပ်ဟာ ဘာမှမဖြစ်လောက် သေးဘူး။ သံချပ်ကာ ကားတပ် ဆိုတာမရှိသေးဘူး။ ဒီတပ်မျိုးဟာ အခုလို ဖြစ်တဲ့ စစ်ကြီးမျိုးမှာ ဆိုရင် တော်တော် တန်တန် ကြီးမားတဲ့ ရန်သူက လက်နက် ကောင်းကောင်းနဲ့ တိုက်လိုက်တယ် ဆိုရင် နာရီပိုင်း အတွင်းမှာ ရင်ဆိုင်တိုက် လိုက်ရင် ပြုတ်မယ်။ ကျွန်တော်တို့မှာ ရှိတာက ရေတပ် ဆိုတာက ဘမ်းပြရေတပ် ပဲ ရှိသေးတယ်။ တကယ့် တကယ် ဘာမှ တိုင်းပြည် ကို မကာကွယ် နိုင်သေးဘူး။ လေတပ် ဆိုတာက အခုမှ စတုန်း ရှိသေးတယ်။ လေတပ် ဆိုလို့ရှိရင် ဒီတိုင်းပြည်မျိုး မှာ ရှိတဲ့ လေတပ်မျိုး မှစ အဖျင်းဆုံး လေယာဉ်ပျံ ငါးရာ ( First Line Plane ) ရှိရမယ်။ အနည်းဆုံး စစ်ဖြစ်ဖြစ်ချင်း လေယာဉ်ပျံ ငါးရာလောက် ရှိမှ ဖြစ်မယ်။ ဒါတောင်မှ လုံလောက်တယ် လို့ မပြောနိုင်ဘူး။ လေယာဉ်ပျံ တစ်စင်းကို ဘယ်လောက်ကျ သလဲ ဆိုရင် တော်တော်ကိုပဲ ကျတယ်။ ငါးသိန်း တစ်သန်းလောက် ကျမယ်။ လေယာဉ်ပျံ အစင်းငါးရာ ဆိုရင် ခင်ဗျားတို့ပဲ တွက်ကြည့် ပေတော့။ တစ်သန်းနဲ့ တွက်ကြည့် ကုဋေ ငါးဆယ် ကုန်မယ်။ ကုဋေ ငါးဆယ် ကုန်ပြီးတဲ့နောက် အဲဒီလေယာဉ်ပျံရဲ့ နောက်မှာက တစ်စင်းကို သုံးလေးစင်း ရံထားရမယ်။ နောက်မှာက လေယာဉ်ပျံ အဖျင်းဆုံး ငါးရာလောက် ရှိမှဖြစ်မယ်။ အဲဒါက ကုဋေ ငါးဆယ်၊ အားလုံးပေါင်း ကုဋေ တစ်ရာ သွားရော။ ပျက်တဲ့ လေယာဉ်ပျံ တွေကို ပြင်ဖို့ အလုပ်ရုံတွေ၊ စက်ရုံတွေ၊ စက်ဆရာတွေ ရှိရမယ်။ ကိရိယာတွေ ရှိရမယ်။ အဲဒါတွေ အကုန်လုံး တွက်ကြည့် လိုက်မယ် ဆိုရင် ကုဋေပေါင်း အများကြီး ချီပြီး ကုန်မယ်။ ကျွန်တော်တို့ တိုင်းပြည်က တစ်နှစ် တစ်နှစ်ကို ရတဲ့ ၀င်ငွေက စစ်မဖြစ်ခင်က ကုဋေနှစ်ဆယ် အထိပဲ ရတယ်။ အခု စစ်ပြီးတဲ့အခါမှာ ကုဋေ နှစ်ဆယ် နှစ်ကုဋေ ပဲ ရမယ်။ ကျွန်တော်တို့ ဖျစ်ဖျစ် ညှစ်ညှစ် ရအောင် လုပ်မယ် ဆိုရင် ကျွန်တော်တို့ အမျိုးမျိုး စီမံကိန်းတွေနဲ့ လုပ်မယ် ဆိုလို့ ရှိရင် ကုဋေ သုံးဆယ်ဟာ လွန်ရော ကျွံရောပဲ။ ကျွန်တော်တို့ စီမံကိန်းတွေ လုပ်တဲ့ အခါမှာ အမြတ်အစွန်းက ချက်ချင်း ရချင်မှရမယ်။ အဲဒီလို တိုင်းပြည်မှာ ၀င်ငွေက နည်းနေပြီးတော့ ကျွန်တော်တို့ သုံးရမယ့်ဟာက လေတပ်မှာ ကြည့်လိုက်မယ် ဆိုရင် ကုဋေ အဖျင်းဆုံး တစ်ရာ့ ငါးဆယ် နှစ်ရာလောက် ကျမယ်။ ကျွန်တော်တို့ တိုင်းပြည်ဟာ စစ်တိုက်တဲ့ အချိန်အခါမှာ လူတစ်သန်း လောက် စစ်တပ် အင်အား ရှိမှ ကောင်းမယ်။ အခုရှိနေတဲ့ စစ်တပ်ဟာ နှစ်သောင်း လောက်ပဲရှိတယ်။ နှစ်သောင်းလောက် ဆိုတာ ( Army ) ကိုပြောတာ။ ( Navy ) ရေတပ် မပါဘူး။ ( Air Force ) လေတပ် မပါဘူး။ အဲဒီ နှစ်သောင်းလောက် ရှိတဲ့ စစ်တပ်တောင်မှ ငွေ ရှစ်ကုဋေ လောက် ကုန်တယ်။ ရှစ်ကုဋေ ကုန်ရင် ကျွန်တော်တို့ တိုင်းပြည် ကာကွယ်ရေး အတွက် အဖျင်းဆုံး စစ်သား တစ်သန်းလောက် စစ်ဖြစ်စမှာ လိုတော့ ဘယ်လောက် ကုန်မလဲ ဆိုတာ ခင်ဗျားတို့ပဲ တွက်ကြည့်ကြ။

ညီညွတ်မှုအရေး ထိန်းသိမ်းပေး

အဲဒီတော့ ဒီငွေ ကျွန်တော်တို့ အမြန်ဆုံး ရအောင် လုပ်ရမယ်။ နောက်တစ်ခါ စစ်ကြီး မဖြစ်ခင် အမြန်ဆုံး ရအောင် လုပ်ရမယ်။ အဲဒီ အတော အတွင်းမှာ ဟိုနားက မထိတထိ စတာ ဒီနားက မထိတထိစတာ ကျွန်တော်တို့က ပြန်ပြီး ချရလိမ့်ဦးမယ်။ ဒီလိုဆိုရင် ခင်ဗျားတို့ အားသွန် အားစိုက် အလုပ်လုပ်ရမယ်။ လွတ်လပ်ရေး ရသည့်တိုင်အောင် ကျပ်ပြည့်ဒင်ပြည့် မခံစားရဖူး မှတ်ပါ။ ကွန်မြူနစ် အစိုးရတက်တက်၊ ဆိုရှယ်လစ် အစိုးရတက်တက် ဘာအစိုးရ တက်တက် ခင်ဗျားတို့ မလုပ်လို့ ရှိရင် မဖြစ်ဘူး ဆိုတာ ကျွန်တော် ရဲရဲကြီး ပြောချင်တယ်။ ခင်ဗျားတို့ လွတ်လပ်ရေးကို လိုချင်ရင် ရနိုင်တဲ့ စည်းကမ်း ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှု ကို ထိန်းသိမ်း ထားပါ။ လွတ်လပ်ရေး ကို လိုချင်ရင် ရနိုင်လောက်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲဒီလို လုပ်ပြီးတဲ့ နောက်လည်းပဲ ရှေ့ကို လွတ်လပ်ရေး အရသာကို ခံစားချင်တယ်၊ စံစားချင်တယ် ဆိုရင် အလုပ်လုပ် ကြဖို့ စည်းကမ်း ရှိကြဖို့ ခင်ဗျားတို့ အခုကတည်းက ခင်ဗျားတို့ရဲ့ အကျင့်ဆိုးတွေ အကျင့်ဟောင်း တွေကို ပြင်ကြဖို့ တော်ပြီ။ ဖျောက်သင့်ပြီ လို့ဆိုတာ ကျွန်တော် ဒီနေ့ ပြောခဲ့ချင်ပါတယ်။

ဦးပုကလေး၊ အတွဲ ( ၁ ) ၊ အမှတ် ( ၃၄၊၃၅၊၃၆၊၃၇၊၃၈၊၃၉ )

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: