အသိပညာဖြင့် မောင်းနှင်သော ( ဆရာအော်ပီကျယ် ဟောပြောချက်အချို့ )

မော်လမြိုင် စာပေဟောပြောပွဲ ( ၁.၁.၂၀၁၁ ) မှာ ဆရာအော်ပီကျယ်ရဲ့ ဟောပြော စကားများ ထဲက တစ်စိတ် တစ်ပိုင်း ဖြစ်ပါတယ်။ ၁ နာရီကျော် ကြာတဲ့ ဆရာအော်ပီကျယ်ရဲ့ အသံဖိုင်ထဲက ရှေ့ပိုင်း ၃၇ မိနစ် ကို စာသားအဖြစ် ပြန်လည် ကူးယူ ထားပါတယ်။ အသံဖိုင် အပြည့်အစုံကို လိုချင်ရင် အဲ့ဟောပြောပွဲ တစ်ခုလုံး အတွက် ဒီနေရာမှာ ဒေါင်းယူ နိုင်ပါတယ်။ https://zayya.wordpress.com/library/content/directory/ ဒီလင့်ခ်မှာလည်း ကျနော်တင် ရှိထားပါတယ်။

ဒေါင်းလုပ်လင့်ခ် ပို့ပေးတဲ့ ကိုမျိုးမင်းကို ကျေးဇူးပါ။

ဇေယျ
……………………………….

မကြုံစဖူး ကြီးကျယ်သော စာပေဟောပြောပွဲကြီးရဲ့ နောက်ဆုံးညမှာ ဟောပြောခွင့် ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ( ကျန်းမာရေးကြောင့် ) ခါတိုင်းလိုတော့ အားနဲ့ မာန်နဲ့ ပြောနိုင်မယ် သိပ်မထင်ပါ။ နောက်တစ်ခုက အင်မတန် စကားပြောကောင်း၊ အင်မတန် ဗဟုသုတများတဲ့ ဆရာ ဖေမြင့်၊ ဆရာ ချစ်ဦးညို သူတို့ နှစ်ယောက်က ကျနော့နောက်မှာ အားရပါးရ ပြောမှာပါ။ ကျနော်လည်း ဒီလောက်များပြား၊ အင်မတန်ထူးခြားတဲ့ ပွဲကြီးမှာ ပြောခွင့် ရတုန်းတော့ တတ်နိုင်သရွေ့ ကြိုးစား ပြောပါမယ်။

ကျနော် ဒီနေ့ ပြောမယ့်ဟာက အသိပညာဖြင့် မောင်းနှင်သော – ဆိုတဲ့ ခေါင်းစဉ် ပေးတယ်။ ကာတွန်းဆရာက ကာတွန်း မဆန်ပဲ ရှုတ်ယှက်ခတ် တဲ့ ခေါင်းစဉ် ပေးမိတယ်။ အမှန်တကယ်က ဒီလောက်ကြီး ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ ကျနော်တို့ မော်တော်ကား – ဥပမာ- ဓာတ်ဆီနဲ့ မောင်းတဲ့ကား။ ဒီဇယ်နဲ့ မောင်းတဲ့ကား ။ နောက်.. စီအန်ဂ်ဂျီနဲ့ မောင်းတဲ့ကား စသည် ကားအသီးသီးက အဲ့လို မောင်းနှင် နေကြသလိုပဲ တိုင်းပြည် အသီးသီးက ၊ လူ့အဖွဲ့ အစည်း အသီးသီးက အခုအချိန်မှာ – အသိပညာနဲ့ မောင်းနှင်နေတာကို တွေ့ရပါတယ်။

ကျနော်တို့ စာပေဟောပြောပွဲ ဆိုတာလည်း အသိပညာကို လက်ဆင့်ကမ်းကြတာ။ အဲ့တော့ အင်ဂျင်နီယာလည်း ဖြစ်တဲ့ ကျနော်က ဒီ – အသိပညာဖြင့်မောင်းနှင်သော – ဆိုတဲ့ ခေါင်းစဉ်ကို ရွေးထားပါတယ်။

မျိုးချစ်ကဗျာဆရာတွေ၊ မျိုးချစ် စာရေး ဆရာတွေ ရေးတာ ကျနော် သိပ်သဘောကျပါတယ်။ “ငါ့မြေကို တစ်လက်မမှ အကျူးကျော် မခံ။ အသက်ပေးပြီး ကာကွယ်မယ်။” ဆိုတဲ့ စာသား မျိုးကို ကျနော် မျိုးချစ်ကဗျာ တော်တော်များများ မှာ တွေ့ဖူးတယ်။

ဟုတ်ပါတယ် ။ ကျနော်တို့ အိမ်နီးချင်းက ၊ ( ကပ်လျက် အိမ်က ) ခြံစည်းရိုးတိုင်လေးကိုတောင် တစ်ထွာလောက် ကိုယ့်ဘက် ခိုးစိုက်ပြီး ဝင်းနံရံ အသစ် ပြန်ခတ်ရင်တောင် – ထမီစွန်တောင် ဆွဲပြီး ကျနော်တို့ ရန်သတ်ဖို့ ဝန်မလေးဘူး။ “ဟဲ့ ကောင်မ၊ နင် ဒီမှာကြည့်စမ်း။ ဒီမှာ တွေ့လား ခြံတိုင် အဟောင်း။ နင် ဘာဖြစ်လို့ ကျင်းကို ဒီဘက် ခိုး တူးရတာလဲ” အဲ့ဒါမျိုး ရန်တွေ့တာ။ အဲ့ဒီ အချိန်မှာ နဘန်းပဲ ဖက်လုံးရ လုံးရ။

ကျနော်တို့ အခု အိမ်နီးချင်း နိုင်ငံတွေ ဘာတွေက ကျနော်တို့ နိုင်ငံကို အရင်ခတ်ကလို ဒီကလိုပုံမျိုးကြီး ကျူးကျော် မနေတော့ဘူး။ အလုပ်ရှုတ်တယ်။ ကျနော်တို့ ကျွန်ဖြစ်တယ်။ ကျနော်တို့ ဘယ်လို ကျွန် ဖြစ်သလဲ။ ထားပါတော့… ရှေးလူကြီးတွေက ပြောတယ်။ “ကျွန်းကြောင့် ကျွန် ဖြစ်တာ” တဲ့။ ဘာလို့ဆို – ကျွန်းကို လိုချင်လို့ ကျွန် ဖြစ်တယ်။ မြေကို လိုချင်လို့ ကျွန်ဖြစ်တယ်။ ဟောဒီက ကျောက်မျက် ရတနာတွေကို လိုချင်လို့ သူတို့ ဒီနယ်မြေတွေကို သိမ်းပိုက်တယ်။

အခုကျတော့ အဲ့လို မဟုတ်တော့ဘူး။ ကျနော်တို့ ကျွန်း ဆိုလည်း –

ကျနော်ဟိုနေ့က တောင်ငူသွားတော့ Export လုပ်ဖို့ဆိုပဲ။ ကျွန်းတွေ ခုတ်ထားတာ မနည်းပါဘူး။ အများကြီးပဲ။ ခင်ဗျားတို့ ကျုပ်တို့ အခုသုံးနေတာက များသောအားဖြင့် အဲ့ဒီ Export လုပ်တဲ့ ကျွန်းတွေလောက် မကောင်းဘူး။ ကျွန်းဟာ သူတို့ ကျူးကျော်စရာ၊ ကျနော်တို့ နေရာကို လာပြီး ၊ သိမ်းပိုက်ပြီး ယူစရာ မလိုတော့ဘူး။ ကျနော်တို့ ဗမာလူမျိုးတွေ ပေးနိုင်တဲ့ ကျွန်းဈေးထက် ပိုပြီး ကောင်းကောင်း ပေးလိုက်ရင် ကျွန်းက Export ဖြစ်သွားတာပဲ။

ငါးသလောက် ဆိုလဲ အဲ့အတိုင်းပဲ။ အဲ့ငါးသလောက်ဆို ဟိုတနေ့က ဟင်္သာတသားတွေ ပြောတယ်။ ကျွန်တော်တို့ ကျမတို့က ခုနှစ်ထောင် ဈေး လောက်ပဲ အလွန်ဆုံး စားနိုင် တာပေါ့ တဲ့။ အခုတော့ နိုင်ငံခြားက သုံးသောင်းဈေး ပေးဝယ်တော့ – ကျနော်တို့ကို ဘယ်သူမှ မရောင်း တော့ဘူး။ နိုင်ငံခြားပဲ ပို့တယ်။ စပါးလည်း ဒီတိုင်းပဲ။ ပဲလည်း ဒီတိုင်းပဲ။ ကျနော်တို့ ဆီ လာပြီး အရင်တုန်းက ၊ နကိုတုန်းက – ပေါက်စီရောင်းတဲ့ သူတွေ ၊ ကျနော်တို့ ဆီလာပြီး လန်ချား ဆွဲတဲ့သူတွေက အခု ကျနော်တို့ ဆီ လာပြီး သိမ်းစရာ မလိုပဲနဲ့၊ သူတို့ လိုချင်တဲ့ ပစ္စည်းကို အကုန် သူတို့ ယူလို့ရတယ်။ ဝယ်လို့ရတယ်။

ဟိုတနေ့က ဆိုလဲ ကျောက်စိမ်းတွေ ။ ဝယ်သွားလိုက်တာ ။ အများကြီးပဲ။ ဝမ်းသာလိုက်တာ – ဒေါ်လာတွေ ရလို့။ ကျနော် အဲ့ ကျောက်စိမ်း တူးတဲ့ နေရာက ဓာတ်ပုံတွေ ကြည့်ဖူးတော့ – ကျနော်တို့ဒီလို ခြံအကျယ်ကြီးထဲမှာ ကျောက်စိမ်းတွေ အကြီးကြီး၊ အများကြီး ပြ ၊ ရောင်းနိုင်ဖို့ ကျောက်တောင် ပေါင်း များစွာကို ဖြိုလိုက်ရတယ် ဆိုတာ တွေ့တယ်။ အဲ့တော့ သူတို့ ဆိုတာတွေ ကလည်း ဒီနယ်မြေကို လာပြီး သိမ်းပိုက်စရာ မလိုတော့ဘူး။ သူတို့ လိုချင်တဲ့ ဈေးပေးပြီးပဲ ဝယ်လိုက်တယ်။

အဲ့တော့ ကျနော်တို့ ဟိုးတုန်းကလို၊ ကျွန်တွေ ဖမ်းပြီးတော့ – ( ငယ်ငယ်က ရုပ်ရှင်ကားတွေထဲကလိုလေ ) သံတိုင်တွေကြားက ကျွန်ထီးတွေရော၊ ကျွန်မတွေရော (အာဖရိကက ကျွန်ဆိုတာမျိုး ပုံစံတွေ ) အဲ့လိုမျိုး ဖမ်း၊ ရောင်းပြီး ကိုယ့်အိမ်ခေါ်သွား။ အိမ်မှာ ကိုယ်မလုပ်ချင်တဲ့ အလုပ်တွေ ခိုင်းမယ်။ လယ်စိုက် ခိုင်းမယ်။ အဝတ်လျော် ခိုင်းမယ်။ အိမ်စေခိုင်းမယ် ။ အဲ့လို ကျွန်ဘဝလည်း မလိုတော့ဘူး။ လာပြီး ဖမ်းစရာ မလိုတော့ ဘူး။ သူတို့က ဗီဇာ ထုတ်ပေးရုံပဲ ရှိတော့တယ်။ ကျနော်တို့က သွားရုံပဲ ။

( လက်ခုပ်တီးသံ )

လက်ခုပ်သံကြားတော့ – အဟက် – ကြောက်လည်း ကြောက်တယ်။ ကျေးဇူးလည်း တင်တယ်။ ဆရာ မောင်မိုးသူ တို့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က စစ်တက္ကသိုလ်မှာ စာပေဟောပြောပွဲ သွားပြောတော့ – တစ်ယောက်မှ ရယ်လည်း မရယ်ဘူးတဲ့။ မဲ့လည်း မမဲ့ဘူးတဲ့။ ခပ်တည်တည် တွေ ထိုင်နေတယ်။ တောင့်တောင့်ကြီးတွေတဲ့။ ဆရာ မောင်မိုးသူက ရယ်စရာ ပြောလည်း မရယ်။ ငိုစရာ ပြောလည်း မငိုတော့ မှ ကျောင်းအုပ်ကြီးက ဆရာမောင်မိုးသူကို “ခဏ ဆရာ။ ခဏ” ဆိုပြီး။ မောင်မိုးသူက ဘေးခဏဖယ်။ ကျောင်းအုပ်ကြီးက စင်ပေါ်တက်ပြီး “ရဲဘော်တို့ ။ ဒါဟာ စာပေ ဟောပြောပွဲ ဖြစ်တယ်။ ရယ်စရာ ရှိရင် ရယ်ပါ။ ငိုစရာရှိရင် ငိုပါ။ ခွင့်ပြုသည်။” တဲ့ ။😀

( လက်ခုပ်တီးသံ )

အဲ့တော့.. တစ်ခါ ကျွန်တော်တို့ နယ်မြေကို လာပြီး နေဖို့ဆိုတာလည်း အရင်တခါလို လာပြီး သိမ်းပိုက်စရာ လိုသေးလား။ မလိုဘူး။ ဘယ်လောက်ထိ နေဖို့ လွယ်လဲ ဆို – မန္တလေးမှာဆို အများကြီးရယ်။ မြို့လယ်ခေါင်မှာကို နေကြတာ။ လာနေတယ် – ဗမာစကားသာ မတတ်တယ်။ ခင်ဗျားတို့ ကျနော်တို့ အဝေးပြေးဂိတ်တွေ ဘာတွေက နေပြည်တော်တို့ ဘာတို့ကို သွားရင် လမ်းမှာ ခဏခဏ ဆင်းပြီး မှတ်ပုံတင် ပြရတယ်။ သူတို့ ဗမာစကား သာ မတတ်တာ ခင်ဗျား။ မှတ်ပုံတင်က အေးဆေးပဲ။ ပြ တယ်။ သူတို့ မှတ်ပုံတင်ကမှ အသစ်။ ကျနော်တို့ မှတ်ပုံတင် ဆို ပြူးပြဲ ကြည့်ရတယ်။ နံပါတ်တွေရော ဘာတွေရော။ ပုံကလည်း လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ရိုက်ထားတဲ့ ပုံ။ ကျနော့် ပုံနဲ့ ကျနော်နဲ့ကို မတူတော့ဘူး ။ ဒါပေတဲ့ ကျနော်ဖြင့် အဲ့မှတ်ပုံတင်လေး ပျောက်မှာ ကြောက်ရတာ။ ကျနော်နဲ့ သိတဲ့ တစ်ယောက် ရှိပါတယ်။ သူ့ဟာလေး ကျနော်အိမ် ကျန်ခဲ့လို့ “ဟေ့ ဟေ့ ခင်ဗျားဟာ ကျန်ခဲ့တယ်” ဆိုတော့။ “ရတယ်၊ ငါ့ဆီမှာ သုံးခုလောက် ရှိတယ်” တဲ့။ ဟက်။

အဲ့တော့ ကျနော် စောစောက ပြောသလို၊ ကျွန်း လိုလို့လည်း ကျနော်တို့ဆီလာပြီး ကိုလိုနီ နယ်မြေဆိုပြီး လာသိမ်းပိုက်စရာ မလိုတော့ဘူး။ ခိုင်းဖို့ ဆိုပြီး ဒီကိုလာ ဖမ်းခေါ်စရာ မလိုတော့ဘူး။ နေဖို့ ဆိုပြီးလည်း အတင်းကျူးကျော် လက်နက်ပြ သိမ်းပိုက်စရာ မလိုတော့ဘူး။ အလိုလို ဖြစ်သွားတယ်။ အဲ့ဒါ ဘာဖြစ်လို့လဲ။ ကျနော် ပြောပါမယ်။

၁၉၉၀ ၊ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဆယ်ယောက် ဆိုပါတော့။ အဲ့ဆယ်ယောက်မှာ ကိုးယောက်က သဘာဝ သယံဇာတကို ထုတ်လုပ်ရောင်း ချတဲ့ ကုမ္ပဏီတွေ၊ ပိုင်ရှင်တွေ ဖြစ်ပါတယ်။ နောက် – ၂၀၀၀ ခုနှစ် ရောက်သွားတော့ ဆယ်ယောက်မှာ တစ်ယောက်ပဲ။ ၂၀၀၀ ခုနှစ် ဆိုတာလဲ လွန်ခဲ့တဲ့ ဆယ်နှစ်ကနော်။ သဘာဝ သယံဇာတကို ရောင်းချပြီး ချမ်းသာတဲ့ ပုဂ္ဂိုလ်က ကမ္ဘာ့အချမ်းသာဆုံး ဆယ်ယောက်မှာ တစ်ယောက်ပဲ ရှိတော့တာ။ ကျန်တဲ့ ကိုးယောက်က အသိပညာ အရင်းအနှီးနဲ့ အချမ်းသာ ဆုံး သူတွေ ဖြစ်သွားတယ်။

အဲ့တော့ အခု ၊ ( နောက်ဆယ်နှစ်အကြာ ) ၂၀၁၀ မနှစ်ကတင် ပြီးခဲ့ပြီ။ ဘယ်လောက်တောင် ပြောင်းသွားပြီလဲ။ သဘာဝ သယံဇာတ ရောင်းလို့ ချမ်းသာတဲ့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းထဲ တစ်ယောက် ရှိတာမှာ – ကျနော်တို့က အခုထိ ရောင်းရတုန်း။

ကျနော်တို့က ပဲစိုက်မယ် ဆိုလဲ – ဟိုဘက်က ဝယ်လက်ရှိမှ။ ဝယ်လက်မရှိရင် မစိုက်ရဲဘူး။ ကြက်သွန်ဆိုလဲ အဲ့လိုပဲ ။ အရာရာပါပဲ။ အကုန်။ ကိုယ်ထုတ်လုပ်တဲ့ ပစ္စည်းတောင်မှ ကိုယ့်လူက ဝယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက် မရှိတော့ဘူး။ ဟိုဘက်က ဝယ်မှ ။ ကျနော်တို့က စိုက်ရဲတယ်။ ကျနော်တို့ သောက်နေရတဲ့ ဒီ ရေသန့်ဗူးက အစ။ ဒီရေသန့်ဗူးက အရင်း – တစ်ရာ ကျရင်၊ ရေက ( ဒီ ရေ က ကျနော်တို့ ဗမာပြည်ကပါ ) ရေက ငါးကျပ်ဖိုး လောက်ပဲ တန်တယ်။ ကျန်တဲ့ ကိုးဆယ့်ငါးကျပ်က အဲ့ဒီ အသိပညာတွေ။

ကျနော်တို့ ဗမာတွေမှာ အဲ့အသိပညာတွေနဲ့ ပတ်သက်လို့ အကုန်၊ အစစ၊ အားနည်းနေတယ်။ ကျနော်တို့က အဲ့ အသိပညာတွေနဲ့ ပတ်သက်လို့ ဘာ Value ( တန်ဖိုး ) ၊ဘာမှ မပေါင်းထည့်နိုင်တော့တာ ကြာသွားပြီ။ ငါး မွေးချင်ရင်လည်း ကျနော်တို့ ငါးမွေးမယ့် အတတ်ပညာ – ထိုင်းက ယူရတယ်။ စပါး စိုက်ချင်တယ် ဆိုလည်း စပါးမျိုးက အစ ၊ ဗီယက်နမ်က ယူရတယ်။ တံတား ဆောက်ချင်တယ် ဆိုရင်လည်း တရုတ် ဆီက ယူရတယ်။ ကျနော်တို့ က ပညာဆိုတဲ့ ( အဲ့ ပစောက်ရယ်၊ ည ရေးချာရယ် ပညာဟာ ) ကျနော်တို့ဆီမှာ တော်တော် နည်းသွားပြီ။ ကျနော်တို့က ပစောက် ရရစ် င -သတ် “ပြင်” ပြီး ၊ ည ရေးချ “ညာ” ၊ ပြင်ပြီး ညာနေတာပဲ ရှိတော့တယ်။

ဘာဖြစ်လို့လဲ ။ ဟောဒီ မိုက်ခရိုဖုန်း၊ ဟောဒီ ပန်းက အစ ၊ ဟောဒီကော်ဇောက အစ – ကျနော်ထင်ပါတယ် .. ကျနော်တို့ တစ်ခုမှ မဖြစ်တော့ဘူး။ ကျနော့ တစ်ကိုယ်လုံး လည်း တစ်ခုမှ မဖြစ်တော့ဘူး။ လူလေးပဲ ကျန်တော့တယ်။ လူလေးတောင် အဖေနဲ့ အမေကို ကျေးဇူး တင်ရသေးတယ်။ အဲ့တော့ ကျနော် ဟိုးတုန်းက ကာတွန်း တစ်ခု ဆွဲပါတယ်။ ကြာပါပြီ။ ဒီခေတ်ကို ကျနော်တို့ ပြောတာတော့ ဟုတ်ပါဘူး။

ကျနော်တို့ သံတုံးကြီး တစ်တုံးကို ချထားတယ်။

အဲ့မှာ တစ်ယောက် တွေးတယ်။ ဘာတွေးလဲ ဆိုတော့ – ( နိုင်ငံခြားသား တစ်ယောက်ပေါ့ဗျာ။ သူက နည်းပညာ နည်းနည်း တတ်တယ်။ ) အဲ့တော့ “သူက ဒီဟာကို ပေါက်ပြား ဆယ်လက်လောက် လုပ်လို့ရမယ်။ အဲ့ဒါဆိုရင် ငါ ငါးရာ မြတ်မယ်။” ဟိုတစ်ယောက်က ကျတော့ ဒီထက် နည်းနည်း မြင့်တယ်။ “ငါ ဒီဟာကို အပ်အချောင်း တစ်သောင်း လုပ်နိုင်မယ်။ အဲ့ဒါဆိုရင် ငါ ငါးသောင်းလောက် မြတ်မယ်။” တစ်ယောက်က ကျတော့ “ဟာ မဟုတ်ဘူး။ ငါ ဒီဟာကို နာရီ အလုံးတစ်ရာ လုပ်နိုင်မယ်။ ဒါဆို ငါ ဆယ်သိန်းလောက် မြတ်မယ်။” တစ်ယောက်က ကျတော့ “ငါ ဒီဟာကို ကွန်ပျူတာတွေ ၊ ဘာတွေ တော်တော်များများမှာသုံးတဲ့ chip ချပ်စ် လေး လုပ်ရောင်းမယ်။ အဲ့ဒါဆိုရင် သိန်းတစ်ရာ မြတ်မယ်။” အဲ့သလို တွေးနေတဲ့ အချိန်မှာ ဗမာ လုပ်တဲ့သူက အဲ့သံတုံးကြီးကို ကြည့်ပြီး တွေးတယ်။
“ဒါကြီးကို ရွှေရည်စိမ်ပြီး ညာရောင်းလိုက်ရင် တော်တော်မြတ်မှာပဲ” တဲ့။

အဲ့တော့ ……
ကျနော်တို့ နိုင်ငံခြားသွား (ဆိုပါစို့ ) ကျနော်တို့ ဗမာလူမျိုးတွေ မှာလည်း တော်တော် မျက်နှာ ငယ်ပါတယ်။ အိမ်နေရင်းတောင် တစ်ခါတစ်လေ ဧည့်စာရင်း လာစစ်မှာ ကြောက်ရတယ်။ တကယ်လည်း ဗမာတွေဟာ မသေရုံ စားနေရတာ။ အရှက်လုံရုံ ဝတ်နေရတာ။ ကျနော်တို့ ဝတ်တဲ့ အဝတ်အစားတွေဟာ ကျန်တဲ့ တရုတ်တို့ အိမ်နီးချင်း နိုင်ငံ တွေက ဟာတွေနဲ့ စာရင် အများကြီး နွမ်းပါး ပါတယ်။ ကျနော်တို့ ဗမာပြည် ထဲမှာလည်း မျက်နှာငယ်တယ်။ နိုင်ငံခြား ရောက်သွားရင်လည်း ၊ အိမ်နီးချင်း နိုင်ငံတွေ ရောက်ရင်ကို မျက်နှာက မွဲကို သွားတာ။ ငယ်တဲ့ အဆင့်မကတော့ဘူး။ လေဆိပ်မှာ ပါတ်စ်ပို့လေး မြင်ရင်ကို “ဖမာ၊ ဖမာ” ဆိုပြီး ဘေးဖယ်ထားတော့တာ။ ဘော်လုံးပွဲတွေ ဘာတွေများ ဟိုတနေ့က ကြည့်လိုက်တယ်။ မျက်နှာကို ထားစရာ မရှိဘူး။ ရှုံးလိုက်တာမှ ခွက်ခွက်ကို လန်ရော။

အဲ့ဒါ …အရှေ့တောင် အာရှမှာ ဗမာ နိုင်ငံဆိုတဲ့ ဟာက အကြီးဆုံးဗျ။ အရှေ့တောင် အာရှ၊ အခု အာဆီယံထဲမှာ ကျနော်တို့ နိုင်ငံက အကြီးဆုံး ။ အင်ဒိုနီးရှားက ကျွန်တော်တို့ထက် ကြီးတယ် ဆိုပေတဲ့- သူက ကျွန်းလေးတွေ ပေါင်းတာ။ ကုန်းမြေ တစ်ဆက်တစ်စပ် ရှိတဲ့ဟာ မှ မြန်မာပြည်က အကြီးဆုံး။ ဒါပေမယ့် ကျနော် အနောက်တိုင်းနိုင်ငံတွေမှာ ပညာသွားသင်ရပါတယ် ။ ဗမာဆိုရင် ဘယ်နားကလဲ မေးတာ။ ဟာ – ဟုတ်ဘူးလေ။ အခုတော့ မြန်မာပေါ့ဗျာ။ စောစောပိုင်းကတော့ B -U – R -M- A ဘားမား ဆိုလဲ။ မသိဘူး။ အိမ်နီးချင်း နိုင်ငံ သာ ပြော။ သိတယ်။ အကုန်သိတယ်။ စင်္ကာပူ – သိတယ်။ စင်္ကာပူ ဆိုတာက ကျနော့ တစ်ကိုယ်လုံးက မြန်မာပြည်ဆိုရင် စင်္ကာပူက ဟောဒီ လက်သည်းခွံ လောက်ပဲ ရှိတာ။ ကျနော်တို့ထက် အဆ – ကိုးရာ့ငါးဆယ် သေးတယ်။ အဲ့ဒီ စင်္ကာပူကို သိတယ်။ ဗမာ မသိဘူး။ ဘင်္ဂလားဒေ့ရှ် သိတယ်။ သီရိ လင်္ကာ သိတယ်။ ဗမာ မသိဘူး။

အဲ့လောက် မသိတော့ဗျာ။ တစ်ခါတစ်ခါတော့လည်း စိတ်က တိုလာရော။ မြန်မာလို့ ပြောလည်း မသိ။ ဗမာလို့ ပြောလည်း မသိ။ မသိဘူး ဆိုတာ အင်္ဂလန်မှာ တုန်းကလည်း မသိဘူး။ အမေရိကား တုန်းကလဲ မသိဘူး။ အဲ့ဒါနဲ့ ကျနော် တစ်ချီကျတော့ – တိုင်းပြည်ဖွံ့ဖြိုးမှုနဲ့ ပတ်သက်တဲ့ ဘာသာရပ်မှာ။ ပရော်ဂျက်တာ ( Projector ) တွေနဲ့ ပေါ့ဗျာ။ ပရော်ဂျက်တာတွေနဲ့ ထိုးပြီး Table ( ဇယား ) တွေ ပြတော့- ဆေးရုံ ကုတင် အချိုးနဲ့ လူနာ အချိုးတို့ ၊ ကျောင်းဆရာ အချိုးနဲ့ ကျောင်းသား အချိုးတို့၊ တယ်လီဖုန်း အရေအတွက်နဲ့ လူဦးရေ အချိုးတို့၊ အမှန်မှန်ကတော့ဗျာ ။ တစ်ချို့ နိုင်ငံမှာ တော်တော်ကြီးကို တိုးတက်လာတော့ ဥပမာ လူနာ ဆယ်ယောက်မှာ ဆိုရင် ဆရာဝန် တစ်ယောက် နှုန်းလောက် ရှိတယ်။ ကျနော်တို့ ဆီမှာဆို လူနာ တစ်ထောင်လောက်မှာ ဆရာဝန် တစ်ယောက် နှုန်းလောက် ရှိတယ်။ အဲ့တော့ အဲ့လို Table မျိုး ဇယားမျိုး ကျတော့ အများကြီး ဖြစ်သွားရော။ ဆိုပါတော့ ။ မွေးပြီးခါစ သေနှုန်းတို့ ဆို ကျနော်တို့က Top။ ငှက်ဖျား အဖြစ်ဆုံး ဆို ကျနော်တို့က Top။ အဲ့တော့…. Projector ထုတ်လိုက်တော့ ကျနော်တို့ ဗမာက ထိပ်ဆုံးကဗျ။ အဲ့တော့ – “ဟေ့ ဟေ့။ အဲ့တာ. အဲ့တာ ဒို့နိုင်ငံပေါ့” ဆိုတော့ .. ဟက် ကျနော်က ငါ မျက်နှာရပြီပေါ့ ဆိုပြီး ပြောလိုက်တာပါ။ ပရော်ဖက်ဆာက ။ ( ဂျာမဏီမကြီးပါ ) ကျနော့နာမည် အရင်းက ဝင်းနိုင်ဆိုတော့ – ဝင်းတဲ့ ။ အဲ့ဒါ ဂုဏ်ယူစရာ မဟုတ်ဘူးတဲ့ ။ ဟီး။

အဲ့တော့ ကျနော် စောနကပြောတဲ့ စင်္ကာပူလို ၊ ကိုယ့်ထက် အဆ ကိုးရာ ငါးဆယ် ငယ်တဲ့ နိုင်ငံလေးက သူတို့ ပေါင်းထည့်လိုက်တဲ့ ( အဲ့ဒါ ( Value-added ) လို့ ခေါ်မယ်။ ) တန်ဖိုးကို ပေါင်းထည့်လိုက်တာ။ စောစောက ဒီရေသန့်ဗူးထဲက ရေကလေ ငါးကျပ် လောက်ပဲ တန်မယ်။ ဒီရေကို ဒီရေသန့်ဗူးနဲ့ မထည့်ဘဲ အုန်းမှုတ်ခွက်နဲ့ ထည့် ရောင်းကြည့်ပါလား။ ဘယ်သူက နှစ်ရာ သုံးရာ ပေးမှာတုန်း။ ဒီထဲမှာ ပေးထားတာက ပိုးတွေ သတ်ထားတဲ့အတွက် ပိုးသတ်တဲ့ စက်တွေရော၊ ဒီ Ultra Violet တို့ဘာတို့ အများကြီးရှိပါတယ်။ အဲ့လို ခေါ်တဲ့ စက်တွေလည်း သူတို့ အကုန်ပို့ထားတာ။ အဲ့ဒီဟာတွေက ( Value added ) ဆိုတဲ့ တန်ဖိုးကို ပေါင်းထည့်လိုက်တာ။ အဲ့တော့ ကျနော်တို့က အလကားကောင် တွေလား။

စင်္ကာပူက ကျနော်တို့ ဗမာလို သမိုင်းရှိတဲ့ နိုင်ငံမဟုတ်ဘူးနော။ ဘာသမိုင်းမှ မရှိဘူး။ ပုံပြင်ပဲ ရှိတာ။ သူတို့ ခြေင်္သေ့ခေါင်းနဲ့ အောက်က ငါးအမြှီးနဲ့ အဲ့ဒါ ပုံပြင် ဒဏ္ဍာရီပဲ ရှိတာ။ ကျနော်တို့လို ကျန်စစ်သားတွေ၊ အနော်ရထာတွေ ရှိတာ မဟုတ်ဘူး။ ပုဂံဘုရားတွေ ရှိတာ မဟုတ်ဘူး။ ရွှေတိဂုံဘုရားတွေ ရှိတာ မဟုတ်ဘူး။ ဒီ မနေ့ တစ်နေ့ကမှ လုပ်ထားတဲ့ အရုပ်ကြီးကို မီးထွန်းပြီး ပြစားထားတာ။ ဒါပေတဲ့ ကျနော်တို့က အဲ့ဒါကို အထင်သေးလို့ မရဘူး။ အလကား သမိုင်းဆိုတာထား ၊ ရေတောင် ဝယ်သောက်ရတဲ့ နိုင်ငံ။ ရေတောင် ဘယ်လောက် ချွေတာ ရလည်းဆို – ရှူရှူးပေါက်ရင် ခလုပ် တစ်မျိုး။ အီအီးပါရင် ခလုပ် တစ်မျိုး ။ လုပ်ထားတယ် ။ ရေချွေတာအောင်လို့။ ရေတောင် ဝယ်သောက် ရတာတင်မကဘူး ။ သဲတောင် ဗမာပြည်က ဝယ်ရတာ။ သူ့နိုင်ငံမှာ သဲတွေဖို့ချင်လို့ မြန်မာပြည်က အများကြီး ဝယ်တယ်။ ကျနော်တို့ ဗမာပြည်ကတော့ ရောင်းတယ် အကုန်။ သဲလည်း ရောင်းတယ်။

ဒါပေမယ့် သူက အရင်းအနှီးတွေ ဘာတွေရောင်းတာ။ ကျနော်တို့က အစိမ်းလိုက် ရောင်းရတာ။ သူတို့က ဒီဟာကိုမှ တန်ဖိုးကို ပြန်ပေါင်း ထည့် လိုက်တော့ တန်ဖိုးက မြင့်သွားတယ်။ ကျနော်တို့ ဟာကို hard power ကို ခေါ်တယ်။ သူတို့က soft power ။ ဥာဏ်ရည်၊ အသိပညာကို သူတို့ပေါင်းထည့်တာ။ အဲ့တော့ ခင်ဗျားတို့ မယုံရင် စင်္ကာပူက လုပ်တဲ့ ပစ္စည်းတစ်ခု။ စင်္ကာပူက လုပ်တဲ့ အင်္ကျီတစ်ထည်ကို ဗမာ လုပ်တဲ့ဟာနဲ့ မယုံရင် ယှဉ် ဝတ်ကြည့်။ ချုပ်ရိုးချုပ်သားရော။ နေရထိုင်ရတာကော တော်တော် သက်သောင့်သက်သာ ဖြစ်တယ်။ ဗမာ ငွေ သုံးသောင်းနဲ့ ရန်ကုန်မှာ ဟိုတယ်တစ်ခုမှာ ခင်ဗျား ငှားပြီး နေကြည့်။ ဗမာငွေ သုံးသောင်းပဲ ကျတဲ့ ဟိုတယ် တစ်ခု စင်္ကာပူမှာ သွားပြီး နေကြည့်။ တအား ကွာတယ်။ ဟိုက အကုန်လုံး ပြည့်စုံအောင်၊ ဘာမှ လိုလေသေး မရှိအောင် စီမံခန့်ခွဲမှုက အစ ။ “ဟေး…..လာခဲ့ဦး ။ လာခဲ့ဦး ဟေ့ကောင်လေး” ဆိုပြီး မနက်က လက်ဖက်ရည်ဆိုင်လို မနည်းအော်နေရတဲ့ အဖြစ်မျိုး မရှိဘူး။ သူမှာ စောစောက ပြောတဲ့ စီမံခန့်ခွဲမှု တို့ ၊ ထိန်းချုပ်မှုတို့၊ အုပ်ချုပ်မှုတို့၊ နည်းပညာတို့ အဲ့ဒါတွေ အကုန် ပေါင်းထည့်ထားတာ။ ဒါ့ကြောင့် လူတကာက လာအလုပ်လုပ်ချင်တာ။ ကျနော်တို့က တန်ဖိုး ပေါင်းထည့်ထားသော နိုင်ငံ- တန်ဖိုးပေါင်း ထည့်ထားသော သူတို့ရဲ့ နည်းပညာ အသိပညာကို ကျနော်တို့ တန်ဖိုးထား ရတော့မှာ။ ကျနော်တို့ ဒီ မီးခလုပ်တွေ ဘာတွေက အစ တရုတ်မိတ်နဲ့ စင်္ကာပူမိတ်နဲ့ မတူဘူး။ ထားပါတော့ ဗမာမိတ်ဆို ပြောမနေနဲ့တော့။ တပ်ပြီးပြီးချင်းပဲ ရှိသေးမယ်။ ခလောက်’ ဆို ကျွမ်းသွားရော တခါတည်း။

လူနဲ့ တိရစ္ဆာန် ဘာကွာသလဲ။ ဆိုပါစို့။ ခင်ဗျားတို့ထဲမှာ ဆင်နဲ့ အားပြိုင်နိုင်တဲ့သူ ရှိလား ။ မရှိလောက်ပါဘူး နော။ ဆင်နဲ့ နဘန်းလုံးနိုင်မယ့် သူ ရှိလား မသိ။ မရှိလောက်ပါဘူး။ မြင်းနဲ့ ပြိုင်ပြေးနိုင်မယ့်သူရော ။ ငါးနဲ့ရော ပြိုင်၊ ရေကူးနိုင်မယ့်သူ ၊ မရှိပါဘူး – ကျနော် သိပါတယ်။ ဒါပေမယ့် လူက အသိဥာဏ် သာတော့ ….ဆင်ကို ကိုယ်မနိုင်တဲ့ဝန် သယ်၊ ခိုင်းစားတယ်။ မြင်းလို မြန်ချင်တော့လည်း မြင်းပေါ် တက်ခွပြီး စီးလိုက်တယ်။ မြင်းက လူပေါ်တက်ခွ စီးလား ။ မရပါဘူး။ လူကပဲ တက်ခွ စီးတာ။ ငါး ကျတော့လဲ အဲ့လို။ ငါးကို စားချင်လို့ဆိုပြီး ငါးနဲ့ အပြိုင် ရေကူး ။ ငါးကို မှီတာနဲ့ စွပ်ခနဲ ဖမ်းတာမျိုး ဟုတ်ပါဘူး။ အသိဥာဏ်ပါပါ ငါးမျှားကြိုးလေးနဲ့ပါ။ နည်းနည်းလေးများ ငါးအကောင်ရေ များလာရင် ပိုက်ကလေးနဲ့ ပစ်ထည့်လိုက်တာ။ အဲ့တော့…. အဲ့လို အသိဥာဏ် သာတော့ ဘာဖြစ်လဲ။ လူက တိရစ္ဆာန်ကို ပြန်ခိုင်းစားတယ်။ ဆင်ကို ကိုယ်မလုပ်နိုင်တာ ခိုင်းတယ်။ မြင်းပေါ်တက်ခွတယ်။ ငါးအသားစားတယ်။

အဲ့တော့ ကျနော် မေးပါမယ်။ လူလူ ချင်းရော။ အသိဥာဏ် နည်းတဲ့သူကို အသိဥာဏ် များတဲ့သူက ခိုင်းစားတယ်။ အသိဥာဏ် နည်းတဲ့သူကို အသိဥာဏ်များတဲ့သူက အသားစားတယ်။ ကောင်မလေး ချောချောလေးများလည်း သွားရှာပြီ။ ပါသွားပေါ့။ အဲ့ဒါ လူသားစားတယ် ခေါ်မယ်။

အဲ့တော့ ကျနော်တို့က မျက်နှာမွဲ၊ မျက်နှာကငယ်၊ မျက်နှာက ထားစရာမရှိ။ အဟက်။ မျက်နှာ ဘယ်ထားရမှန်းကို မသိတာပါ။ ဗီယက်နမ် ကို ရှုံးတဲ့နေ့ကဆို မျက်နှာ ဘယ်ထားပြီး ဝပ်နေရမှန်းကို သိဘူး။ ဟီး။ အဲ့တော့ ပထမ ပိုင်းမှာတော့ တဂိုး – သုည လောက်ဆိုတော့ မဆိုးသေး ဘူး။ ဒုတိယပိုင်းတော့ အေးဆေးပဲ ထင်တာ။ ဘယ်ဟုတ်မလဲ ။ သွားပါလေရော ။

အဲ့တော့ ကြာပါပြီ။ ဟိုးတုန်းက ကာတွန်းတစ်ခု ရေးဖူးတယ်။ ( ဟီး ဆရာ မောင်သာချိုလည်း ပြောပါလိမ့်မယ်။ အော်ပီကျယ် ဆိုတဲ့အကောင်ဟာ ရှိတာ အကုန် မကောင်း မြင်တဲ့ကောင် ဆိုပြီးတော့ ။ မကောင်းမြင်တာ ဟုတ်ပါဘူး ။ ကျနော်က ကောင်းစေချင်တဲ့ စိတ်နဲ့ ပြောတာပါ။😀 ) ဟိုးတုန်းကဆို လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် ကျော်က ပါ။ ပြေးပွဲလေး တစ်ခုကို ရေးဖူးတယ်။ ပြေးပွဲလေးက ကျနော်တို့ ဗမာပေါ့ဗျာ ၊ နှာခေါင်း လုံးလုံးပေါ့။ အိမ်နီးချင်းတွေက နှာခေါင်း ပြားပြားပေါ့။ နှာခေါင်းချွန်ချွန်ပေါ့။ သူတို့က ကျနော်တို့ နောက်မှာဗျ။ နောက်မှာ ဆိုတော့ ကျနော်တို့က အဲ့ ပြေးပွဲမှာ “သူများထက် သာရမယ်” တဲ့။ နှာခေါင်းလုံးလုံး ဗမာက ( ရှေ့ကကောင်ပေါ့ ပြေးပွဲမှာ) ။ တော်လေးကြာတော့ .. ဟိုဘက်ကောင်က ဘေးရောက်လာရော။ “မသာရင် နေပစေ။ ရင်ဘောင်တန်း နိုင်ရမယ်”တဲ့။ တော်လေးကြာတော့… ဘေးကကောင်က ကိုယ့်ကို ကျော်တက်သွားတယ်။ “ဟေ့….ကျော်တက်ရင် တက်ပစေ။ သိပ်မကွာစေရဘူး” တဲ့။ ဟို ပုဂ္ဂိုလ်က အဲ့ ကာတွန်း ဘောင် အပြင်ကို မမြင်ရဘူး ထွက်သွားတော့ .. “ဟေ့….ကွာရင် ကွာပစေ။ ဘိတ်ဆုံး မကျရင် ပြီးရော” တဲ့။ နောက်ဆုံး အလှည့်ကျတော့ ဗျာ။ ပြေးကို မပြေးတော့ဘူး။ မတ်တပ်ရပ်ပြီးတော့မှ စာဖတ်ပရိတ်သတ် ဘက်ကို ကာတွန်းကလှည့်၊ ခါးထောက်ပြီး ပြောလိုက်တယ်။ “ဟေ့… ကိုယ့်ထမင်း ကိုယ်စားတာ။ ဘိတ်ဆုံး ကျတော့ ဘာဖြစ်လဲ” တဲ့။

ဘိတ်ဆုံးကျတော့။ ဘာမှ မဖြစ်ဘူး မထင်နဲ့။ ဘိတ်ဆုံး ကျလို့ရှိရင် မျိုးသုဉ်း သွားတယ်။ ဘိတ်ဆုံးကျလို့ ရှိရင် ဖြည်းဖြည်းနဲ့ ဘိတ်ဆုံး ကျတဲ့ အခါမှာ စောစောက ပြောတဲ့ အသိပညာနဲ့ အခုခေတ်က ခေတ်အလျဉ်က ပြောင်းသွားပြီ။ ပုံသဏ္ဍာန်က ပြောင်းသွားပြီ။ စောစောက ပြောတဲ့ ၁၉၉၀ ခုနှစ်မှာ အချမ်းသာ ဆုံး ဆယ်ယောက်မှာ ကိုးယောက်က အခုလို ရှိသမျှ သယံဇာတ ၊ ရှိသမျှ ပစ္စည်းတွေ ရောင်းချစားတဲ့ ကုမ္ပဏီတွေ ဆိုပေတဲ့။ နောက်ဆယ် နှစ်အကြာ ၂၀၀၀ ခုနှစ်မှာ အဲ့လို အချမ်းသာဆုံး ပုဂ္ဂိုလ်က ဆယ်ယောက်မှာ တစ်ယောက်ပဲ ရှိတော့တယ်။ ကိုးယောက်က အသိပညာကို ပေါင်းထည့် နိုင်သော သူတွေ၊ အသိပညာကို ရောင်းစားနိုင်သော သူတွေ။

အဲ့သဘောမျိုးပဲ။ ကျွန်တော်တို့ သတ္တဝါတွေ ၊ တိရစ္ဆာန်တွေ မျိုးသုဉ်းသွားတယ် ဆိုတာက .. တဖြည်းဖြည်း မိမိဟာ နေစရာ စားစရာ၊ မရှိတော့ဘူး။ ကျုံ့ လာတာ။ ကျွန်တော်တို့ အခုမှာ တစ်ခါတစ်လေ နယ်စပ်က ပိတ်လိုက်တယ် ဆိုရင်ပဲ ဘီစကစ် စားစရာ မရှိတာနဲ့ ။ ပေါင်မုန့် စားစရာ မရှိတာနဲ့။ မျိုးစပါး မရှိတာနဲ့ ။ ကျနော်တို့ တစ်ချို့ . ဟို.. ကြက်က အစ။ ကြက်မျိုးက အစ နိုင်ငံခြားက ဝယ်ရတယ်။ အခုက အကုန် အစစ အရာရာ မှီခိုရတယ်။ ကိုယ်က စိုက်ပြန်တော့လဲ အရင်းရအောင်လို့ ဆို နိုင်ငံခြားက ဝယ်မှ အရင်းရတဲ့ ပုံစံ ဖြစ်နေတယ်။ ပြည်တွင်း ပြန်ရောင်းဖို့ဆိုတာ “မင်းတို့ခေါ်တာလောက်တော့ အလကားပဲ” ဆိုတဲ့ အချင်းချင်း ပြန်ရောင်းချင်စိတ် မရှိလောက်အောင်ကို ကျွန်တော်တို့ တဖြည်းဖြည်း ချွတ်ချုံ ကျလာတယ်။ အဲ့လို အတတ်ပညာနဲ့ ပတ်သက်လို့ အခြေအနေက တော်တော်ဆိုးတယ်။

ဆိုးတယ် ဆိုတာက အချို့ အတတ်ပညာ တွေကတော့လည်း မဆိုးပါဘူး။ ကျနော်တို့က အခု တယ်လီဖုန်းဆိုလဲ …သိတယ် မှုတ်လား။ ကျနော် ဟိုကနေပြီး စီးလာတယ်။ တဝက်လောက် ရောက်တော့။ မမိတော့ဘူး။ ဩော ဒီဘက်နားကျတော့ ပြန်မိတယ်။ “အာာ.. ဆရာ့ဟာ ဘာဖုန်းလဲ” မေးရင်.. “ကျနော့ဟာက GSM” ဆိုတော့ “ဩော.. မဟုတ်ဘူး။ အချို့ မြို့နယ်ကျ ကျနော်တို့ဆီက CDMA မှ ရတယ်။”။..။ “အဲ ဟုတ်တယ်ဗျာ CDMA” ဆိုရင်လည်း “ဆရာ့ဟာက 450 လား 800 လား” ။ ဟား .. ။ဗမာပြည်ကလေ တယ်လီဖုန်း အမျိုး အများဆုံး။ မှတ်စရာ လည်း အများဆုံး။ ဒီ တယ်လီဖုန်းလေးကလေ ဒီနားမှာ မိပြီးရင် ဒီမြို့ကျော်သွားရင် မမိဘူး။ အဲ့ဒါလည်း မှတ်ထားရသေးတယ်။ တော်ကြာ အရေးပေါ်လို့ အိမ်က ဆက်လို့ ရှိရင် အဲ့ကျော်သွားရင် မမိဘူး ဆိုတာ ပြောထားရတယ်။ “ငါ အခုနေထွက်မယ်။ ရန်ကုန်ကနေ ခြောက်နာရီ ထွက်မယ်။ ရှစ်နာရီ နဲ့ ဆယ်နာရီ ကြား မဆက်နဲ့။ အဲ့နာရီကြားဆိုရင် မမိတဲ့ နေရာရောက်မယ်။” အဲ့လို မှတ်ထားရတယ်။ တစ်ခါတစ်လေ ရှိသေးတယ်။ ကျနော့အိမ်မှာ ရှိတာက ဖုန်းတစ်လုံးက ခြင်းဖုန်း။ ကျနော် အပြင်ကို ဆက်စရာရှိရင် ကျနော့မိန်းမက သိတယ်။ ( မိန်းမဆိုတော့ဗျာ။ ပေသီးခေါက်တာပေါ့ ) သူက “ရှင်အပြင်ကို ဆက်မယ်ဆို GSM နဲ့ မဆက်နဲ့။ CDMA နဲ့ ဆက်” “ဘာလို့လဲ” “ဒါက အစိတ်။ ဟိုဟာက ငါးဆယ်။ တစ်မိနစ်ကို” ဟာာ .. မှတ်ရတာလေ အများကြီးပဲ သိလား။ အဟက် ။ ကျနော်တို့ တယ်လီဖုန်းက လေ အမျိုး အများဆုံး။ ခေါ်ဆိုခနဲ့ ပတ်သက်လို့လည်း နိုင်ငံခြားမှာ ဆိုရင် ဒီလို အထိုင်ဖုံး ကြိုးဖုန်းပေါ့လေ။ ကြိုးဖုန်း ယူမှာလား ဟန်းဖုန်း ယူမှာလား ။ ကျန်တဲ့ တံဆိပ်ကတော့ ကိုယ်ကြိုက်တဲ့ တံဆိပ်ကို ဝယ်။ နှစ်မျိုးပဲ မှတ်ရတယ်။ တစ်နိုင်ငံလုံး ဘယ်နေရာ ဆက်ဆက် အတူတူပဲ။

အဲ့ဂလို

ကျနော်တို့ ဆီမှာက တယ်လီဖုန်းကလည်း ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး။ ဆက်ခ ကလည်း ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး။ ဒါပေတဲ့ အမျိုးအစား ကလည်း ကမ္ဘာပေါ်မှာ အများဆုံး။ ဩော် ဗဟုသုတ တော်တော်များတဲ့ နိုင်ငံ။ အဲ့ဒါ နဲ့ ကျနော် ရေးလိုက်သေးတယ်။ လျှပ်စစ်နဲ့ ပတ်သက်လို့ပါ။ အခုတော့ မီးစက်နဲ့လား မသိ။ … ဗမာပြည်မှာ ကျနော်တို့က လျှပ်စစ်မီးဆိုလည်း ပျက်ရတဲ့ အရာ လို့ အောက်မေ့ထားတာ။ ပျက်တယ်တဲ့…..။ ဩော ပျက်သွားရှာတယ် ဆို.. ဘယ်သူမှ အပြစ်မတင်ဘူး။ ကျွန်တော်တို့ စင်္ကာပူမှာ နေတဲ့သူတွေကို မေးကြည့်တော့ ဆယ့်ငါး နှစ်လုံးမှာ မှ တစ်ခါပဲ ပျက်ဖူးတယ် တဲ့။ ဒါတောင် တစ်လ ကြို အကြောင်းကြားပြီးမှ ပျက်တာ။ တစ်လကို မှ ဆက်တိုက် အကြောင်းကြားတာတဲ့ နေ့တိုင်း။ အဲ့ဒီ “ဒီနေ့ ဒီရက်မှာ ကျနော်တို့ရပ်ကွက်ကို မီးပြင်ပေးမည် ဖြစ်ပါသဖြင့် မီးဖြတ်ပါမည်” ဆိုတာမျိုး ကြိုတင် အကြောင်းကြားတယ်။ ပြီးတော့ အဲ့ဒီ အချိန်မှာ တကယ် ဖြတ်တယ်။ နောက် တစ်ပါတ်လုံးလုံး “ယခုလို သည်းခံပေးတဲ့ အတွက် ကျေးဇူးတင်ပါကြောင်း” တစ်ပါတ်လုံး စာပို့ပေးခဲ့တယ်။ အဲ့ဒါမျိုး။

ကျနော်တို့ ဆီကတော့ မီးအားက အဲ့လို မဟုတ်ဘူး။ အဲ့တော့ ကျနော်က ကာတွန်းတစ်ခု ရေးဖူးတယ်။ နိုင်ငံခြားသားကို “ဗဟုသုတ နည်းလိုက်တာကွာ လို့။ မင်းတို့ တော်တော် ဗဟုသုတ နည်းတဲ့ ကောင်တွေ။ Transformer ( ထရန်စဖောင်မာ ) မကြားဖူးဘူး။” ဟုတ်တယ် ။ သူတို့ဆီမှာ အမေရိကားမှာ ထရန်စဖောင်မာ ကြားဖူးဘူး။ ဘာလို့ဆို သူတို့ဆီမှာ မီးအားက အတက်အကျမှ မရှိဘဲ။ အဲ့လို တက်လိုက် ကျလိုက် မရှိဘူးလေ။ မီးအားကို မြှင့်ရတယ်ဆိုတာ သူတို့ မရှိဘူး။ အဲ့တော့ ထရန်စဖောင်မာ မကြားဖူးဘူး။ နောက် ကျနော်တို့က မီးပျက်ရင် အင်ဗာတာ ဆိုတာ ရှိသေးတယ်။ အင်ဗာတာ ဆိုတာ ဘက္ထရီ အိုးကနေပြီး ကျနော်တို့ မီးတွေ ထွန်း၊ တီဗွီတွေ ကြည့်လို့ရ အောင် လုပ်တာ။ အင်ဗာတာလည်း သူတို့ မကြားဖူးဘူး။ နောက်ပြီးတော့ ကျနော်တို့ ဟို ရေခဲသေတ္တာတွေ ဘာတွေနားမှာ ၊ တီဗီတွေ နားမှာ ဆေ့ဖ်ကတ် ဆိုတာ ထားရသေးတယ် ကျနော်တို့ ဆီမှာ။ သူတို့ဆီမှာ တော့ အဲ့ဟာမျိုး မရှိဘူး။ ဆေ့ဖ်ကတ်လည်း မကြားဖူးဘူး။ ကွန်ပျူတာ ဘေးမှာ ယူဘီအတ်စ် ဆိုတာ ထားရသေးတယ်။ အဲ့ဒါလည်း မကြားဖူးဘူး။ “မင်းတို့ကောင်တွေ တော်တော် ဗဟုသုတနည်းတဲ့ ကောင်တွေ” လို့။ ဟက်။ ကျနော် နည်းနည်းတောင် ထပ်ပြောပါသေးတယ်။ “မင်းတို့ မီးစက်တောင် ကောင်းကောင်းမနှိုးတတ်ဘူး။ ဘက္ထရီအိုးထဲတောင် ရေမဖြည့်တတ်ဘူး၊” လို့။ ကျနော်တို့တော့ အကုန်တတ်တယ် ဗျ။

သူများ ဆီမှာ ဆို တယ်လီဖုန်းဆက်မယ်ဆိုရင် ကိုယ့်ဟာကိုယ် တယ်လီဖုန်း ဝယ်ပြီးရင် ပြီးရောဗျာ။ ဘာမှ အကုန် ကြေး အတူတူပဲ။ မှတ်စရာ မလိုဘူး။ ဘယ်နေရာ ရောက်ရောက်။ အိမ်သာထဲရောက်ရောက် ဆက်လို့ရတယ်။ ကျနော်တို့ ဆီမှာတော့ ဆက်လိုက်လေ။ ဒီလိုလေး ဆက်လိုက်ရင်.. “ကိုသာချို…..။ ကြားလား။” “အေး ၊ ကြားတယ်။” “အင်း ၊ အင်း ၊ နေဦး၊ နေဦး။ ခင်ဗျား အဲ့ခေါင်းကိုမရွှေ့နဲ့ နော်။” ခေါင်းကို ဒီလိုလုပ်ပြီး ဒီလို စောင်းလိုက်ရင်ကို မမိတော့ဘူး။ ကိုသာချို ဆိုတာကလည်း ဝန်ခံပါတယ်။ သူတယ်လီဖုန်း ဝယ်ပြီးကာစက။ သူ သူ့မိန်းမ မကြားလို့ ။( ဝယ်ပြီးကာစမှာ ကြွားကလည်း ကြွားချင်။ ဒါပေမယ့် ) ဆက်ရင်း ဆက်ရင်းနဲ့ လမ်းလယ်ခေါင် ရောက်သွားရော။ သူ့အိမ်ရှေ့ လမ်းလယ်ခေါင် ရောက်သွားမှ ကောင်းကောင်း ကြားရတယ်။ ကြားရတဲ့ သတင်းကလည်း “ဟင်။ ငါ့တူမ… ဘာ..။ လင်နောက်လိုက် ပြေးတာ။ ဟုတ်လား။ အေး။… ဘယ်သူမှ မသိစေနဲ့။ အင်း… တစ်ဆွေလုံး တစ်မျိုးလုံး မျက်နှာကို ဓားနဲ့လှီးတဲ့ ကောင်မ။ အေး ဘယ်သူမှ မသိစေနဲ့၊ ရှက်ဖို့ ကောင်းတာကွာ” ဆိုတာ အဲ့ဒါ လမ်းလယ်ခေါင်မှာ အော်နေတာ။

အဲ့တော့… ကျနော်တို့ တစ်ချို့ ပြောပါတယ်။ ဗမာတွေ ..ကျုပ်တို့ ဗမာတွေ ထမင်းမငတ်ဘူးတဲ့။ ကျနော်ကတော့ ပြောတယ်။ ဟုတ်ပါတယ်။ ထမင်းမငတ်ဘူး။ ဟင်းပဲ ငတ်တာ လို့။ ဟင်း ငတ်တယ် ဆိုတာ သိလား။ ခင်ဗျားတို့ ကိုရီးယား ကားတွေ ကြည့်ဖူးလား မသိ။ ကြည့်မှာပါ။ ကျနော်လည်း ကြည့်တာပဲ။ ကိုရီးယားကားက ပိုမရိုက်ထားဘူး။ ရုပ်ရှင်ထဲ မို့လို့ ဆိုပြီးတော့ တခြား ဟို ပေရှည်အောင် လျောက်လုပ်တာ ကတော့ ရုပ်ရှင် ထုံးစံ ဖြစ်လိမ့်မယ်။ ကျန်တဲ့ … ရုပ်ရှင်ရိုက်ခါနီးမှ ကြွပ်ကြွပ်အိတ်တွေ ၊ အမှိုက်တွေ ပြန်လှည်းရတာမျိုး မလုပ်ဘူး။ နကိုထဲက ကို သန့်သန့် ရှင်းရှင်း ဖြစ်နေတာ။ သူတို့ ဆင်းရဲသား ဆိုတာ တယ်လီဖုန်းနဲ့ ကားနဲ့။ သူ့အခန်းလေးနဲ့။ အမယ်။..ငါ့ ကိုရီယား လောက် ဆင်းရဲရင် တော်ပါပြီလို့ ကျွန်တော် အောက်မေ့တာ။ အဲ… သူတို့ ဆင်းရဲသား သာ ပြောတယ်။ စားလိုက်တဲ့ အသားတုံးလေ။ အဲ့မှာ မင်းသမီး တစ်ခါစားတဲ့ အသားတုံး ဟာလေ ။ ကျနော်တို့ တစ်မိသားစုလုံး သုံးရက်လောက် စားလို့ရတယ်။

အာဟာရ မပြည့်ဘူး ကျနော်တို့။ အာဟာရ မပြည့်ရင် သက်တမ်း တိုလာမှာပဲ။ ဥာဏ်ရည် ဖွံ့ဖြိုးမှု ကျလာမှာပဲ။ အဲ့တော့ ထမင်း မငတ်ဘူး။ ဟင်းငတ်တာ။ “လေ” မငတ်ဘူး။ အောက်စီဂျင် ငတ်တာ။ ကျောင်း မငတ်ဘူး။ ကျောင်းတွေက .. အရှေ့တောင်အာရှမှာ တက္ကသိုလ်တောင် အများဆုံး လား မသိဘူး ကျနော်တို့က။ တက္ကသိုလ်တွေကို အများကြီးပဲ။ “ဆိုင်းပုဒ်” တွေ။
အဲ့လို အများကြီးပါ။ ကျနော့် သမီး ဆို ဘွဲ့ရပြီးသွားပါပြီ။ ဘွဲ့ရပြီးကာမှ ကျနော့်သမီးကို – သမီး ။ သမီးတို့ ကျောင်းမှာ စာကြည့်တိုက် ရှိလား လို့။ ( တက္ကသိုလ် ဆိုတာ စာကြည့်တိုက်တို့ Research တို့ အဲ့ဒါတွေနဲ့ လက်ပွန်းတတီး နေရတဲ့ အရပ်လေ။ )“အဖေ။ ဘယ်နားမှန်း မသိခဲ့ဘူး” တဲ့ ။ တက္ကသိုလ်မှာ လေးနှစ် တက်ခဲ့တာ။ ဩော အံ့ဩတယ်။

ကျနော်တို့က အရည်အသွေး ပြည့်ဝသော ဘဝ ။ အဲ့ဒါကို မရခဲ့ဘူး။ မရဘူး။ အဲ့ဒါ ဘာဖြစ်လို့လဲ။ ကျနော်တို့ သူများကို လွှဲချလို့ မရဘူး။ အခု ကျနော် ပြောနေတာတွေသည် … အစက ကျနော်လည်း ခင်ဗျားတို့လို လက်ခုပ်တီးပြီး ၊ ခင်ဗျားတို့လိုပဲ တခြားနေရာမှာ သွား ဒေါသ ဖြစ်နေတာ။

မဟုတ်ဘူး။

နောက်အခု..။ ရွေးကောက်ပွဲတွေ ဘာတွေလည်း ပြီးပါပြီ။ ကျနော်လည်း အသက် ငါးဆယ်ကျော်ပါပြီ။ ကျနော် လူတော်တော်များများ ကြည့်ကြည့်။ ကျနော်တို့ လူ့အဖွဲ့အစည်း ၊ ပြည်သူလူထု။ ….. အဲ ..ဘာလဲ။
( ဟောပြောပွဲ ကာလ ။ မိုးရွာသည် ၊ မိုးခြိမ်းသည်ထင်သည်။ )

မိုးကြိုးပစ်တာ ထင်တယ်။ ဟက်။ တပည့်တော်ကို မပစ်ပါနဲ့။ တပည့်တော် မမှန်တာ အကုန်လုပ်ပါတယ်။ တပည့်တော်ကို မပစ်နဲ့။ ဘာလို့ဆို မမှန်တာ လုပ်တဲ့သူတွေက မှန်ကို မမှန်ဘူး ။ ဟီး။ အဲ့ဒါပေါ့။ ဟိုးတုန်းက ကာတွန်းတစ်ခု ရေးဖူးတယ်ဗျ။ ကျနော် ငယ်ငယ်တုန်းက အမေက “ဟဲ့ကောင်လေး ။ သား။ မကောင်းတာ မလုပ်နဲ့။ မဟုတ်တာ မလုပ်နဲ့။ မိုးကြိုးပစ်ခံရမယ်” တဲ့။ အမေနဲ့ အဖေက။ ….မိုးကြိုးပစ်ခံရမယ် ဆိုတော့ ကျနော် ကြောက်တာပေါ့ဗျာ။ ငယ်ငယ်က ကြောင်အိမ်ထဲက ငါးကြော်တစ်တုံးလောက် ခိုးစားမိလို့ ၊ အဲ့အချိန်များ တော်လေးကြာ မိုးရွာရင် ဘယ်နေရမှန်း မသိဘူး။ အဲ့ဒါတောင် ငါးကြော်လေး တစ်တုံး ခိုးစားတာ။ သိပ်မစားပါဘူး အကောင်းဆုံး အသားလေးပဲ ရွေးစားတာပါ။ အဲ့ဒါတောင် မှ မိုးကြိုးပစ်ခံရမှာ သိပ်ကြောက်တာ။ ကြီးလာတော့ကာ .. မိုးကြိုးက… ပစ်ပါဘူးဗျာ။ ဟို တစ်ချို့ မအေ လုပ်ကျွေးနေတဲ့ ကလေးတွေတို့ ဘာတို့ လယ်ထဲ မှာ သွားနေတဲ့ ကလေးတွေတို့ ( တကယ်သနားစရာပါ ) အဲ့ဒါတွေ သွားမှန်တာတို့ ဘာတို့ သွားတွေ့တယ်။ ဟို တစ်ချို့ မဟုတ်တာ လုပ်တယ်လို့ ကျွန်တော် ထင်တဲ့သူတွေလေ။ အဲ့ဒါတွေ ကျတော့ မမှန်ဘူး။ ဟက်။


အဲ့လို မမှန်တော့ ကျနော် ကာတွန်း ရေးဖြစ်တယ်။ မိုးကြိုးမမှန်တာမှ အခုဆိုရင် မြန်မာပြည်ကို ထိတာ တစ်နှစ်ဆိုရင် အကြိမ် နှစ်ရာလောက် ရှိတယ်တဲ့။ အကြိမ် နှစ်ရာ ဆိုရင်လို့ အင်း…လူကလည်း နှစ်ရာလောက်ဆိုရင် အိုကေတယ်။ အနေတော်လောက်ပဲပေါ့ ။ အဟက် အဟက်။ ကျနော် တွက်တာပါ။

အဲ့လိုနဲ့ ကျနော် ကာတွန်းတစ်ခု ရေးဖူးပါတယ်။ ဝရဇိန် လက်နက်ပေါ့ဗျာ။ မိုးကြိုးသွားကြီးပေါ့။ သိကြားမင်းက မကောင်းတဲ့သူကို ပစ်ဖို့ ဆိုပြီး တိမ်တိုက်ပေါ်ကနေ အောက်ကို ချိန်ပြီးတော့ ပစ်မယ် လုပ်နေတာ။ အမှန်မှန်တော့ ကျနော်တို့ ငယ်ငယ်က ပြောသလိုပေါ့ဗျာ။ မကောင်းတဲ့သူကို မိုးကြိုးပစ်မယ်လို့ ထင်တာကိုးဗျ။ ဒါပေတဲ့ ဘေးက နတ်သမီးက ပြောတယ်။ တစ်လုံးထဲ ပြောပါတယ်။ အောက်ကို ချိန်ပြီးတော့ မိုးကြိုးသွားကြီးနဲ့ အောက်ကို ပစ်မယ် လို့ လုပ်တဲ့ သိကြားမင်းကို ပြောလိုက်တာ..

“လက်လည်း မတည့်ပဲနဲ့” တဲ့။

အဲ့တော့ ကျနော်တို့က ကံတို့၊ သိကြားမင်းတို့၊ ဟိုဟာတို့ သိပ်ကြီးလဲ အားမကိုးပါနဲ့။ ကိုယ့်ကိုယ်ကိုယ် အားကိုးပါဦး။ စောစောက ပြောချင်တဲ့ စကားကို ဆက်ရရင် –
ကျနော်တို့က လူထု၊ လူ့အဖွဲ့အစည်းလို့ ပြောလိုက်တာနဲ့ ကိုယ်ပါ ရောယောင် ပါသွားတယ်။ ကိုယ်လဲ ပါတယ်။ တကယ့် တကယ် လူထုတို့ ပရိသတ်တို့ ဆိုတဲ့ဟာက စကားလုံး အားဖြင့် ကောင်းတယ်။ ဆိုပါတော့ဗျာ။ ဘတ်စ်ကားပေါ်တက်ရင် သူများ တံတောင်နဲ့ တွက်ပြီး ကျော်တက် တဲ့ သူတို့ ။ လက်မှတ်တိုးရင် ကျော်တက်တဲ့ သူတို့။ လစ်ရင် လစ်သလို ကွမ်းတံတွေ ဗြစ်ကနဲ ထွေးတဲ့ သူတို့ ၊ အဲ့လို အကျင့်မကောင်း သော သူတွေ ၊ တစ်ယောက်ချင်း ပေါင်းထားသော သူတွေ ပေါင်းပြီး လူထု ဖြစ်တော့ ဘာလုပ်မှာတုန်း။

အဲ့ဒီ လူထု ဆိုသော ဟာသည် တစ်ယောက်ချင်း ကောင်းရမယ် ဗျ။ လူထု ဆိုသော ဟာသည်၊ လူ့အဖွဲ့အစည်း ဆိုသော ဟာသည် တစ်ယောက်ချင်း ကောင်းရမယ်။ တစ်ယောက်ချင်း အသိပညာ ရှိရမယ်။ လူတွေ အကုန်ပေါင်းလိုက်မှ အသိပညာကြီး ရှိသွားတာ မဟုတ်ဘူး။ လူတစ်ဦးချင်း အသိပညာ ရှိသော လူ့အဖွဲ့အစည်း ကျနော် ဖြစ်စေချင်တယ်။

ဘာလို့လဲဆိုတော့… စောစောက၊ မကြာသေးဘူး။ ရွေးကောက်ပွဲတွေ ဘာတွေလည်း ပြီးသွားပါပြီ။ လူတစ်ဦးချင်းကလေ…. အသိဥာဏ်ရှိရဲ့လား လို့တောင် ကျွန်တော် တစ်ခါတစ်လေ မေးယူရတယ်။ ဘယ်သူတွေ ဘာတွေ လုပ်တယ်တွေ မလိုပါဘူး။ မိမိရဲ့ သိက္ခာ၊ မိမိရဲ့ ဦးနှောက်၊ မိမိရဲ့ သီလကိုတော့ မိမိကိုယ် မိမိ ထိန်းဖို့ လိုတယ်။ “အယ်… သိဝူးလေ..။ သူများလိုပဲ။ ဟင်းး …” အဲဒါမျိုး လူထု မျိုးကိုတော့ ကျနော် မလိုချင်ဘူး။ လူထုဆိုတာ လူတစ်ဦးချင်း ၊ တစ်ဦးချင်း ကောင်းတဲ့သူတွေပေါင်းမှ လူထု ကောင်း ဖြစ်မှာပေါ့။ လူညံ့တွေ ပေါင်းပြီး လူထု ကောင်း ကြီး တော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်တယ်။ အဲ့တော့ ကျနော်တို့က ကံကို လွှဲမချပါနဲ့ ။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: