ဗိုလ်ချုပ်အောင်ဆန်း ရိုင်း-မရိုင်း

(၁၉၄၆)ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက် တွင် ဆရာ ဒဂုန်တာရာ ထုတ်ဝေသည့် တာရာ မဂ္ဂဇင်း အမှတ်(၁) ထွက်လာသည်။ မဂ္ဂဇင်း အသွင်အပြင် နှင့်တကွ အတွေးအရေး တို့၏ စာပေသစ် လက္ခဏာ ကြောင့် တစ်စုံတစ်ရာ ထူးခြားမှုကို သတိပြု မိကြရသည်။ အထူးခြားဆုံးမှာ““လူကိုလေ့လာခြင်း” ကဏ္ဍ ဖွင့်၍ “အောင်ဆန်း သို့မဟုတ် အရိုင်း” ဖြင့် ပွဲဦး ထွက်လိုက်သည့် အတွက် ကန်ရေပြင်တွင် ခဲကြီး တစ်လုံး ကျသည့်အလား လှိုင်းဂယက်များ ထသွား စေခြင်း ဖြစ်သည်။

တစ်တိုင်း တစ်ပြည်လုံးက လေးစားကြည်ညို အချစ်ပိုနေသည့် ပြည်သူ့ အသည်းကျော် ဗိုလ်ချုပ်အောင်ဆန်း ကိုမှ စော်ကား မော်ကား “အရိုင်း” ဆိုရသလား ဟု မခံမရပ်နိုင် သူတွေ ထွက်ပေါ်လာသည်။ သို့ရာတွင် အကောင်းမြင် သမား ဆရာ မောင်ထင်က “အောင်ဆန်းကို အနုပညာ လိုက်စားသူ မျက်စိ နှင့် ကြည့်ထားပုံ မှာ ကြိုက်၏။ တစ်ချက် တစ်ချက်လဲ သူ့ကို နှက်ပေးပါ။ ကျုပ်တို့ ဗမာတွေမှာ အထင်ကြီး ရောဂါ ကပ်ခဲ့သည်မှာ (၆၁) နှစ် ကျော်ပြီ။ ယခုလို Detached ဖြစ်နေသော အမြင်နှင့် ကြည့်နိုင်ပုံ ကို သဘောကျသည်” ဟု အားပေးထားသည်ကို တွေ့ရ၏။

ကာယကံရှင် အစွပ်စွဲခံ ဗိုလ်ချုပ် ကိုယ်တိုင် ကကော ဘယ်လို တုံ့ပြန်သနည်း။ စိတ်တိုတတ်သူ ပီပီ ရှူးရှူးဒိုင်းဒိုင်း ပေါက်ကွဲ ခဲ့လေသလား။ ဒါကို အများကပင် သိချင် နေကြပေလိမ့်မည်၊၊ စိတ်ချ သိရပါမည်။ ဤနေရာ၌ အတိတ် ဖြစ်ရပ် တစ်ခုကို ဦးစွာ တူးဖော်ပြလိုသည်။ တက္ကသိုလ်သမဂ္ဂတွင် သပိတ်မှောက် နှစ်ပတ်လည် ပွဲတစ်ခု ကျင်းပစဉ် ဥက္ကဋ္ဌဟောင်း မစ္စတာရှာရှစ်အား စစ်ကိုင်းဆောင်မှ ကျောင်းသား တစ်ဦးက ပြင်းထန်သည့် စကားလုံး များဖြင့် ဝေဖန် တိုက်ခိုက် ပြောကြားလေရာ ကိုအောင်ဆန်းက (မစ္စတာရာရှစ်) အတွက် ဒေါပွပြီး ထိုသူအား ကြိမ်းမောင်း ရုံမျှမက “ရဲရင်ထွက်” ဟု ချဲလင့် လုပ်ကာ လက်သီးဆုပ်ပြီး ရှေ့တိုး သွားသဖြင့် ဘေးမှ ကျောင်းသားများက ၀ိုင်းဆွဲ ကြရဖူးလေ၏။ ယခု သူ့အလှည့် ရောက်လေပြီ။

ဒဂုန်တာရာ (ကိုဌေးမြိုင်) ရေးထားပုံ ကို ကြည့်ပါ။ “သူ့တွင် သိမ်မွေ့ခြင်း မရှိ။ အလှအပကို သူမမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆ ပေါင်းသင်းရေး တွင် ရှိသော ဧည့်ဝတ် ထုံးစံ၊ ယဉ်ကျေးခြင်း စသည် တို့ကို သူသည် လုံးဝ ဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင် စသော အနုပညာရပ် များကို မလိုက်စား။ သူ့ကိုယ်သူ အတင်း ယဉ်ကျေးအောင် မလုပ်။ သူ၏ နဂို အတိုင်း ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်း ပင် မပြုမပြင်ဘဲ နေ၏။ သူ့တွင် နိုင်ငံရေး ၀ိဉာာဉ်ကား ပြင်းထန် လှချေ၏။ သူသည် နိုင်ငံရေး တစ်ခုတည်း ကိုသာ လုပ်သော လူတစ်ဦး ဖြစ်၏။ သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်း မဟုတ်။ တစ်ခု တည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်း ကိုသာ မဲ၍ လုပ်သော နိုင်ငံရေး သတ္တ၀ါ ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ” စသည်ဖြင့်…။

ဖော်ပြပါ အရိုင်း ဟု စွပ်စွဲ ထားသော “လူကို လေ့လာခြင်း” ဆောင်းပါး ဖတ်အပြီးတွင် ဗိုလ်ချုပ် အောင်ဆန်းက ပြောပုံမှာ “ဌေးမြိုင်ကတော့ ကိုယ့်ကို အရိုင်းလို့ ရေးတယ်။ ကိုယ် ဒီလောက်လဲ မရိုင်းသေး ပါဘူးကွာ” တဲ့။ ဒေါသသံ၊ မာနသံမပါ။ သူ့လေသံ အရ အပေါင်းအသင်းတစ်ယောက်၏ အဆိုးမြင်ခြင်း အတွက် စိတ်မကောင်း ဖြစ်မိရုံမှ လွဲပြီး တုန်လှုပ်ဟန် မတူပေ။

ဤကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဘက် မှ ရှေ့နေလိုက်သူ တစ်ဦး နောက်ပိုင်းတွင် ပေါ်ပေါက်လာသည်။ ဆရာ မောင်ထင် ပင် ဖြစ်၏။ ဗမာ့ အောင်ဆန်း (ပထမပိုင်း) တွင် ဆရာ မောင်ထင်က- “သူသည် အခြေခံ သဘောအားဖြင့် စိတ်ကူးယဉ် သမား ဖြစ်၏။ အောင်ဆန်းကို နိုင်ငံရေး ကြိုးပမ်းမှု အဖြစ်ဖြင့် ပက်ပင်းပါ တွေ့လိုက်ရသူများ အဖို့ သူသည် အရိုင်း ပကတိ နှင့် တူကောင်း တူပေလိမ့်မည်၊၊ ဥပမာ- ဒဂုန်တာရာ ၏ အောင်ဆန်း အရိုင်း သံခိပ်ကို ကြည့်။ ရိုင်းသည် မှာ မှန်ပေလိမ့်မည်။ တိုက်ခြင်း ခိုက်ခြင်း သည် အရိုင်း ဘ၀၏ လုပ်ငန်းစဉ် ဖြစ်၏။ မလွတ်လပ်သေးသော ဘ၀၌ ကျွန်ုပ်တို့ တိုက်ရ ခိုက်ရ ဦးမည်သာ ဖြစ်၏။ ထို တိုက်ခိုက်နေသော အခိုက်အတန့်၌ ကျွန်တော့်အား “လူယဉ်ကျေး”ဟု ထောမနာ ပြုလျှင် ကျွန်တော်သည် ဆဲသည်ထက် နာမည် ဖြစ်၏။ ကျွန်တော် ထင်သည်။ အောင်ဆန်း တိုက်ပွဲဝင်နေစဉ် သူ့အား “လူယဉ်ကျေး” ဟု ကျွန်ုပ်တို့က ခေါ်ဝေါ်လျှင် သူလည်း ဒေါဖောင်းမည် ဖြစ်၏။ သို့သော် သူ၏ ပင်ကိုယ် ပဋိသန္ဓေစိတ်ကို အကဲခတ် ကြည့်လျှင် အနုပညာ၌ မွေ့လျော်လိုသော စိတ်ကူးယဉ်သမား တစ်ယောက် ဖြစ်ကြောင်း တွေ့ရှိကြရ ပေလိမ့်မည်” ဟု ရေးသား ထားသည်ကို တွေ့ရသည်။

ဆရာ မောင်ထင် ပြောသလို အနုပညာ၌ မွေ့လျော်လိုဟန် အပြုအမူ သာဓကများ ရံဖန်ရံခါ သူ့၌ တွေ့ရ၏။ “လှေကလေးကို လှော်မည်” သီချင်းကို ကြိုက်သဖြင့် စိတ်လိုလက်ရ ရှိသည့်အခါ ဆိုညည်းတတ်ကြောင်း သိသူ အတော်များသည်။ ယခု ဖော်ပြလိုသည်မှာ ဘီအိုင်အေခေတ်၌ သမဂ္ဂ ဥက္ကဋ္ဌ ကိုလှမောင်၏ လက်ထပ်ပွဲ ရွှေတောင်ကြား တွင် ကျင်းပခဲ့စဉ်က အကြောင်း ဖြစ်သည်။ လက်ထပ်ပွဲ ပြီးသောအခါ ဧည့်ခန်းဆောင်တွင် စန္ဒရားဆရာ တစ်ဦးက မိတ်ဆွေများအား ဖျော်ဖြေလျက် ရှိ၏။ ထိုအခိုက် ကိုအောင်ဆန်း သည် စန္ဒရားဆရာကို ရပ်စေကာ လူကြား ထဲမှ ကိုဌေးမြိုင်အား ဆွဲခေါ်ပြီး သီချင်း တစ်ပုဒ် ဇွတ်တီးခိုင်းသည် ဆို၏။ သီချင်းမှာ “ကဉ္စန” သီချင်း ဖြစ်သည်။ ကိုအောင်ဆန်းသည် စန္ဒရားကို လက်ထောက်လျက် မရတရ ဖြင့် လိုက်ဆို နေလေသည်။ သီချင်းဆုံးလျှင် လက်ခုပ်တီးကာ နောက်တစ်ပုဒ် တီးခိုင်း ပြန်လေ၏။

ဂျပန်ခေတ် ကပင် ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းသည် အသည်းအသန် ဖျားနေ သဖြင့် တပည့် စစ်ဗိုလ် များက ဆရာဝန်ကြီး ဦးဘသန်းအား လာခေါ်ရာ ဆရာကြီး နှင့် ဆရာမ ဒေါ်ခင်ကြည်တို့ လိုက်သွားပြီး စမ်းသပ် ကြည့်သည့် အခါ အပူရှိန် (၁၀၃) အထိ ရှိနေသည်။ လိုအပ်သည်များ ဆောင်ရွက် ပေးကာ ဆေးရုံသို့ ပြန်လာပြီးနောက် ဗိုလ်ချုပ် အနားတွင် စောင့်ကြပ် ကြည့်ရှုရန် အတွက် ဆရာမ မတင်ထွေးအား အထူး သူနာပြု အဖြစ် ဆရာကြီးက စေလွှတ် လိုက်သည်။ ( ၀ါရင့် ဆရာမကြီး ဒေါ်ခင်ကြည်အား ဘာကြောင့် မလွှတ်သည် မသိပါ။ ) ဖြစ်ချင်တော့ ဆရာမ မတင်ထွေးသည် ငယ်ရွယ်သူ ဖြစ်၍ မျက်နှာထား တည်လွန်းသည့် ဗိုလ်ချုပ်အား ပြုစုပေးရန် မရဲမ၀ံ့ ဖြစ်နေသဖြင့် ညနေ ဆေးရုံသို့ ပြန်ရောက်လျှင် ဗိုလ်ချုပ်အား ဆေးရုံ တင်ပြီး ကုသတာက ပိုကောင်းမည် ဖြစ်ကြောင်း ပြောပြလေရာ ဆရာကြီး ဦးဘသန်းက ဗိုလ်ချုပ် အောင်ဆန်းအား ဘီအိုင်အေ ဆေးရုံကြီးသို့ တင်လိုက်ပါတော့သည်။ ထိုအခါ စိတ်တိုတတ်သူ ဗိုလ်ချုပ်အား စိတ်ရှည်ရှည် ထားပြီး မိခင်စိတ်ဖြင့် ဆရာမ ဒေါ်ခင်ကြည်က တာဝန်ယူ ပြုစု ပေးသည့် အတွက် မကြာမီ ဗိုလ်ချုပ်မှာ နာလန်ထ လာလေသည်။ ဒေါ်ခင်ကြည် နှင့်လည်း ရင်းနှီးလာသည်။ တစ်နေ့ ညဥ့်ဦးယံ ကာလ လကလေး သာနေချိန် ဗိုလ်ချုပ် အောင်ဆန်းသည် ဗိုလ်စင်္ကြာနှင့် အတူ ရောက်လာပြီး ဒေါက်တာ မြင့်ဆွေအား “တယောလေး ယူပြီး လိုက်ခဲ့စမ်းဗျာ။ ဟိုဆရာမ ဒေါ်ခင်ကြည် တို့ဆီ အလည် သွားရအောင်” ပြောပြီး ခေါ်သဖြင့် လိုက်သွား ရသည်။

ဆေးရုံကြီး အပေါ်ဆုံးထပ်ရှိ ဆရာမ ဒေါ်ခင်ကြည်တို့အခန်းသို့ရောက်သော် ဗိုလ်ချုပ်က““ဆရာမဧည့်သည်လာတယ်””ဟု အသံပြုလိုက်၏။ ဗိုလ်ချုပ် အသံကြား သဖြင့် ဒေါ်ခင်ကြီး နှင့် ဆရာမ မတင်ထွေးတို့က အိပ်ခန်းထဲ ၀င်သွားကြပြီး ဒေါ်ခင်ကြည်က “ဗိုလ်ချုပ်တို့ အလည် လာကြသလား။ ထိုင်ကြပါ။ ဧည့်ခန်းထဲက အိုက်တယ်။ ၀ရန်တာ ထွက်ကြရအောင်” ဟု ပြောပြောဆိုဆို စားပွဲတစ်လုံး ဆွဲထုတ်ပြီး နေရာချထား ပေးလိုက်သည်။ လေးဦးသား ထိုင်မိကြလျှင် ဗိုလ်ချုပ်က “ဆရာမ၊ ကျွန်တော်တို့ တစ်တွေဟာ လွတ်လပ်ရေးရဖို့ ကြိုးပမ်းတဲ့ ခရီး တစ်လျှောက်မှာ ဆရာမ တို့လို ကြင်နာယုယ ပြုစုခြင်းကို တစ်ကြိမ် တစ်ခါမှ မခံစားခဲ့ရ ဖူးပါဘူး။ ဒီဆေးရုံ ရောက်မှ အခုလို ပြုစုယုယတဲ့ ဆရာမတို့နဲ့ တွေတော့ စိတ်ထဲမှာ ချမ်းမြေ့ ကြည်နူး မိတယ်ဗျာ။ ကိုင်း ဆရာမ သီချင်း တစ်ပုဒ်လောက် ဆိုစမ်းပါ။ ဒေါက်တာ မြင့်ဆွေက တယော ကိုင်ဗျာ” ဟု ကရားရေသွန် ပြောပါလေသည်။ “အို ဗိုလ်ချုပ်ကလည်း ရှက်စရာကြီး၊ ဘယ်ဆိုတတ် ပါ့မလဲ” “ဆိုသာ ဆိုပါ။ ရှက်စရာ မရှိပါဘူး။ ကျွန်တော်တို့ချည်းပဲ ရှိတာပါ” ဤတွင် ဗိုလ်စင်္ကြာက ကြားဝင်၍ “ခင်ဗျား၊ စိန်ခြူးကြာညောင် ဆိုတတ်သားပဲ” ဟု ထောက်လိုက်ရာ ထိုအချိန်က ကြီးကျယ် ထင်ရှားသည့် ပုဂ္ဂိုလ်ကြီး နှစ်ဦးတို့၏ ခိုင်းစေမှုကို မလွန်ဆန် နိုင်ရှာတော့ပေ။ သီချင်းမှာ ရုပ်ရှင်မင်းသမီး မေရှင် ဆိုခဲ့သော “မယ်ခုမျှော်” ဖြစ်သည်။ ဒေါ်ခင်ကြည်၏ အသံမှာ သာယာ ချိုအေးစွာ ထွက်ပေါ်လာရာ ဗိုလ်ချုပ်၏ နားထဲသို့ ကြည်နူးစွာ စိမ့်ဝင်သွားပုံ ရသည်။ “သိပ်ကောင်းတာပဲဗျာ။ တစ်ခေါက် ထပ်ဆိုပြပါဦး” အထက်ပါ အဖြစ်အပျက် များအရ ဗိုလ်ချုပ် အောင်ဆန်း သည် ခံစားတတ်သည့် နားရှိသူ၊ သန္ဓေပါ အနုပညာ သမား ဖြစ်ကြောင်း သတ်မှတ်နိုင်ရာ၏။

လ အနည်းငယ် ကြာသော် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့ လက်ထပ် ကြပေတော့မည်။ ဆရာဝန်ကြီး ဦးဘသန်း အနေဖြင့် ဒေါ်ခင်ကြည်ကို ဆုံးရှုံးရမှာ နှမြော နေသည်။ ထို့ကြောင့် ဒေါက်တာ မြင့်ဆွေအား“ဆရာတို့ တစ်တွေတော့ ခုအချိန်မှာ ဆေးရုံကြီးအတွက် အင်မတန် လိုအပ်နေတဲ့ ဆရာမ ကောင်း တစ်ယောက် ဆုံးရှုံးရ ဦးတော့မယ်။ ရှင်နည်း ရတဲ့အထဲ အဂ္ဂ လူထွက် ပြန်တာလေ။ ဒါပေမယ့် သူ့ တစ်သက်တာ နောင်ရေးမို့ ဆရာတို့ ခွင့်ပြုရမှာပေါ့” ဟု ပြောပါသည်။ ဆရာကြီးမှာ ဆရာမကောင်း တစ်ဦး လက်လွှတ် ရတော့မည် ဖြစ်၍ မျက်နှာ မကောင်း လှဘဲ ကျန်ရစ်ရှာသည်။ မင်္ဂလာ အခမ်းအနား ကို ဆေးရုံကြီး အရှေ့မြောက် အစွန်ဆုံးရှိ အခန်းကျယ်ကြီး ထဲတွင် အကျအန ပြင်ဆင်ထားလေသည်။ ဒေါက်တာ မြင့်ဆွေ၏ အဆိုအရ ယနေ့ခေတ် စထရင်း ဟိုတယ်၌ မင်္ဂလာ ဧည့်ခံပွဲ အတွက် ခင်းကျင်းထားပုံ နှင့်ပင် အသွင်သဏ္ဌာန် တူနေယောင် တကား။ စင်မြင့်ပေါ်တွင် ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည် တို့အတွက် နှစ်ယောက်ထိုင် ဆိုဖာကြီး တစ်လုံး ခင်းထားပြီး စင်မြင့်၏ ရှေ့နားတွင် စစ်ဗိုလ်ကြီးများ၊ ထင်ရှားသော နိုင်ငံ ခေါင်းဆောင်ကြီးများ အတွက် သီးသန့် နေရာချ ထားလေသည်။ အလယ်ပိုင်း နှင့် အနောက်ပိုင်းမှာ ဆေးရုံ ၀န်ထမ်းများနှင့် ပြင်ပမှ မိတ်ဆွေ သင်္ဂဟများ အတွက် ဖြစ်သည်။ ထိုနေ့မှာ ဆေးရုံ ၀န်ထမ်း အလုပ်သမားများ အဖို့ အပျော်အရွှင်ဆုံး နေ့တစ်နေ့ မဟုတ်ပါလား။ ဗိုလ်ချုပ်တို့ ထိုင်မည့် စင်မြင့်ပေါ်၌ မဟော်ဂနီရောင် ပြောင်လက် နေသည့် စန္ဒရား တစ်လုံးနှင့် ခန်းမကြီး၏ အနောက်ဘက် နံရံ၌လည်း စန္ဒရား တစ်လုံး ပြင်ဆင် ထားသေးသည်။ ဆရာကြီး ဦးဘသန်း၏ အစီအမံ ဖြစ်ပေမည်။

မင်္ဂလာ ပွဲလာ ပရိသတ်များ နေရာယူကြ ပြီးချိန်တွင် ပြည်လှဖေ နှင့် မေရှင် တို့ သီဆိုထားသည့် နာမည်ကျော် “သက်ဝေ” သီချင်းသံ ငြိမ့်ညောင်းစွာ ထွက်ပေါ် လာသည်။ သီဆိုသူကား အခြားမဟုတ်။ ဆရာကြီး ဒေါက်တာ ဘသန်း ကိုယ်တိုင်ပင် ဖြစ်သည်။ သီချင်းဆုံးသော် လက်ခုပ် သြဘာသံများ ခန်းမကြီး တွင် ညံသွားတော့သည်။ ခန်းမ ပြင်ပသို့တိုင် လျှံထွက် လာသည့် သီချင်းသံ နှင့် သြဘာသံများ ရပ်စဲ သွားချိန် အခိုက်အတန့် မှာပဲ ခမ်းနားလှသည့် စစ်ဝတ်စုံကို ၀တ်လျက် ဂျပန် စစ်ဦးထုပ် ကို ဆောင်းထားသည့် သတို့သား ဗိုလ်ချုပ် အောင်ဆန်း သည် သတို့သမီး မခင်ကြည် နှင့် ယှဉ်တွဲကာ လူပျိုရံ၊ အပျိုရံများ ခြံရံလျက် ခန်းမ အ၀တွင် ပေါ်လာပါလေပြီ။ ထိုအခါ ဧည့်ပရိသတ်များ အားလုံး ပြိုင်တူ ထကြပြီး သတို့သား သတို့သမီး တို့အား ကြိုဆို ဂါရ၀ပြု ကြပါသည်။ အခန်းဝတွင် ရပ်လာသည့် သတို့သား နှင့် သတို့သမီး တို့ ခန်းမထဲသို့ ခြေလှမ်း မ၀င်မီ ဆေးရုံမှ ကိုကျော့မောင် နှင့် အခြား တစ်ဦးက ရှေ့မှ ဆီးတဲ့ပြီး ( ကာလသား တို့၏ အပျော်သဘော၊ အစဉ်အလာ သဘော) ရွှေကြိုးဖြင့် တားကြလေရာ၊ ဗိုလ်ချုပ်သည် လျှပ်တစ်ပြက် အတွင်း သူ၏ ညာလက်ဖြင့် ရွှေကြိုးကို ဆောင့်ဆွဲကာ ဘေးသို့ လွှင့်ပစ် လိုက်လေသည်။ ( အရိုင်းပုဒ်မ တပ်လိုသူတို့ အဖို့ ဒါကိုလည်း ချက်ကောင်းတစ်ခုအဖြစ် မှတ်ယူ ပေလိမ့်မည်။)

အဖြစ်အပျက်မှာ လျင်မြန်လွန်းသည့် အတွက် အားလုံး ကြက်သေသေကာ၊ အံ့အားသင့် နေမိကြသော်လည်း ဗိုလ်ချုပ်ကမူ ဘာမျှ မဖြစ်သလိုပင် သတို့သမီး၏ လက်ကို ဆွဲပြီး တည်ကြည်သော မျက်နှာထားနှင့် ဣနြေ္ဒရရ ခြေလှမ်းမှန်မှန် စင်မြင့်ဆီသို့ ဆက်လျှောက်လျက် နေရာယူ လိုက်လေတော့သည်။ ထိုစဉ် ကစ်တီ ဘသန်း (ခ) ဒေါ်ခင်မေသန်း က စန္ဒရား၊ သူ့ဖခင် ဆရာကြီး ဦးဘသန်းက အဆိုဖြင့် “သက်ဝေ”သီချင်း ကို ဒုတိယအကြိမ် သီဆို ဖျော်ဖြေကြ ပြန်လေသည်။ ဗိုလ်ချုပ်မှာ တည်ငြိမ် စွာဖြင့် ရှေ့သို့သာ အာရုံစိုက်ပြီး ကြည့်နေ၏။ ဒေါ်ခင်ကြည် မှာလည်း ငေးမော တွေးတော နေဟန် ဖြင့် တည်ကြည်စွာ ငြိမ်သက် နေ၏။ တကယ့် ပျော်ရမည့် အချိန်တွင် အဘယ်ကြောင့် အပျော်အရွှင်တွေ ခန်းခြောက် သလို ဖြစ်နေပါသနည်း။ တပည့်မ၏ မင်္ဂလာဆောင် တွင် “သက်ဝေ” သီချင်းဖြင့် အားရပါးရ ကိုယ်တိုင် သီဆို ချီးမြှင့် ပေးနေသည့် ဆရာကြီး၏ မျက်နှာ မှာလည်း အဘယ့်ကြောင့် မသာမယာ ရှိနေရ လေသနည်း။ အခြား သူများတော့ မသိ။ ကျွန်တော်ကမူ “သက်ဝေ” ကို တန်းမြင်မိသည်။ အကယ်၍“ချစ်သမျှကို ပတ်ပျိုးဖြင့်” သီဆိုဖျော်ဖြေခဲ့ သော် ရွှေကြိုးတားသူ များနှင့် ပရိသတ်များလည်း ပျော်ကြရ။ သတို့သမီး သတို့သား တို့၏ မျက်နှာများလည်း ရွှင်ပျပျ ရှိနေကြလိမ့်မည် ထင်သည်။

တစ်ခုထပ်၍ ပြောလိုသည်မှာ ဗိုလ်ချုပ်ကား တိုင်းပြည် အတွက် တာဝန် နှင့် ၀တ္တရားအရ တိုက်ခိုက်ရေး သမား ဖြစ်နေရသော်လည်း နှလုံးသားဖြင့် ခံစားတတ်သူ၊ စိတ် ပျော့ပျောင်းသူ ဖြစ်သည်။ ထို့အပြင် ဗိုလ်ချုပ် အောင်ဆန်းသည် “လူအ” တစ်ယောက် မဟုတ်ပါ။ မအသ ဖြင့်လည်း “လွတ်လပ်ရေး” ကို အရ ဆောင်ကြဉ်း ပေးနိုင်ခဲ့သည်ကို သတိပြု မိကြစေလိုပါသည်။ ဆက်လက်၍ သက်ဝေ သီချင်းကို အပြည့်အစုံ ဖော်ပြပေး လိုက်ပါသည်။

သက်ဝေ တေးရေး – မြို့မငြိမ်း သီဆို-

ပြည်လှဖေ၊ မေရှင်

ပြည်လှဖေ- (သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ … မေတ္တာမိုးတွေ သွန်းဖြိုး ရွာစေ အသည်းမှာ စွဲမက် အသက်ကို ပုံတယ်လေ)၂ တစ်ကိုယ်လုံး သိမ်းကျုံး လိုရာသုံး သက်ဝေ အပြုံးမပျက် စိတ်လက် ရှည်ရှည် အချစ် အတွက်ဖြင့် အသက်ပင် သေသေ အသွေး ကိုယူ အသားကို လှူလှူ စိတ်တူတယ် ရယ်ရယ် ပြုံးပြုံး မဒ္ဒီဒေ၀ီ ဝေဿန် ထုံးလို နှလုံးပြုကာ ကြည်ဖြူ မှာတွေ သက်ဝေ အလိုကျ ဆိုသမျှ ကိုယ်ရော စိတ်ပါ လိုက်လျော ရပါမယ် လေ။

သံပြိုင်- (ဓူဝံကြယ် မြေမှာ ခကြွေ ကောင်းကင်မှာ နေလတွေ ကွယ်စေ မြမြင့်မိုရ် ပြိုအက်ကာကြေ သွေကွက်မယ် စိတ်ဝယ်မထွေ)၂ ချစ်တဲ့သူ အမူတုံး လေးက တိမ်စင်လနှယ် အလှကြွယ်ရှာပေ ကြာကြာလေ မရိုးတဲ့အပြင် ဆတပိုး တိုးမယ့် အချစ်တွေ ကမ္ဘာမြေ အသင်္ချေ လဲတောင် မကွဲအောင် တောင်းဆုကို ချွေသက်ဝေ ချစ်မက် မပြေတယ်လေ။

မေရှင် – ခိုင်းတော့ သက်ဝေ အချစ် စမ်းချင်စမ်း မစမ်းချင်နေ။ ထူးတဲ့ ခင်မင်တာတွေ … အသက်ကို စွန့်ရတောင်ပင် မငြိုငြင်ဘူး အသင့်လိုရာစေ။

ပြည်လှဖေ – မခိုင်းရက်ဘူးကွယ်။ ဒီကိုယ့် လည်ဆွဲ ပုလဲသွယ်ရေ ရှေ့က မောင်သာအစဉ် နေ အသက် နဲ့ ထပ်တူ ကြင်မလေ ရင်ကို ခွဲလို့ အသည်းကင်ပါစေ ချစ်သက်ဝေ နှမ စိတ်တိုင်းကျကျ ပျော်သလိုနေ လှသထက်လှ မယ်ဆိုရင် ဆေးဖက်ဝင် ပါလားလို့ မောင့် အသားတွေ မောင့် အသွေးတွေ မောင့် အသည်းတွေ မောင့် နှလုံးတွေ အသုံးပြုပါလေ ကြည်ဖြူပါတယ် လိုရာကိုယူစေ။

(သံပြိုင်ပြန်ကောက်)

လူမော်ဟန်

စာကိုး၊ ရုပ်ပုံလွှာ၊ နိုင်ငံရေး သုခမိန်၊ မှတ်မိသေးတယ် ဂျပန်ခေတ် ဆေးရုံကြီးဝယ်

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: