လပေါ်မှာ ရေရှိသတဲ့

lunar sample 74220

ဂြိုလ်တစ်ခုမှာ သက်ရှိသတ္တဝါ ဖြစ်ပေါ်နိုင်ဖို့ အဓိက အထောက်အပံ့ ဟာ ရေ ဖြစ်ပါတယ်။ ရေ ရဲ့ အရေးပါမှုကို အသိအမှတ် ပြုရင်း အာကာသ တစ်ခွင် လေ့လာရေး လုပ်သမျှမှာ ဒီ ရေ ကဏ္ဍကို အထူးအရေးပေး သုတေသန ပြုတတ်ကြတယ်။ အခုလည်း လပေါ်မှာ ရေမရှိဘူး လို့ သိမှတ် ထားခဲ့ကြပေမယ့် သိပ္ပံပညာရှင်တွေက ဆက် စူးစမ်းနေတာ ကြာပြီ။ မကြာသေးမီက လရဲ့ ကျောက် အပိုင်းအစ လေးတွေထဲမှာ သလင်း ဓာတ်ဖန်တုံး လို ကျောက်ဆိုင်စ လေးတွေထဲမှာ ရေပါဝင်နိုင်တဲ့ အလားအလာ တွေ ရှိကြောင်း တွေ့ခဲ့ရတယ် ဆိုပါတယ်။ လနဲ့ ဆက်နွယ်နေပြီး ချော်ရည်လို ပူပြင်း ရဲ့ ဒြပ်ရည်တစ်မျိုး ရှိတယ်။ အဲ့ဒီ အရည်မှာ ရေ ( H2O ) ပါဝင်နိုင်တဲ့ နှုန်းဟာ နကိုက သိခဲ့တာ ထက် အဆ တစ်ရာ ပိုနေပါတယ်တဲ့။

၁၉၇၂ ခုနှစ် အပိုလို ၁၇ အာကာယာဉ် ကို လပေါ် လွှတ်တင် စဉ်က ကောက်ယူလာတဲ့ ချော်စိုင်ခဲလို ကျောက်တစ်မျိုးကို လေ့လာရင်း ဒီအဖြေကို ရလာ တယ်။ အဲ့ကျောက်ကို lunar sample 74220 လို့ နာမည်ပေးထားတယ်။ တိုက်တေနီယမ် တန်းမြင့် သတ္တုမျိုး ဖြစ်ပြီး အဝါရောင် အကြည် သား မြေစိုင်ခဲ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်များ အဖွဲ့က ion microprobe instrument ( ဒြပ်စင် မူကွဲ လေ့လာရေး ကိရိယာ ) တစ်မျိုး ကို အသုံးပြုခဲ့ပြီး အဲ့မြေစိုင်ခဲ လေးမှာ ရေ ဘယ်လောက် ပါဝင်နိုင်နှုန်း ရှိတယ် ၊ ရေဘယ်လောက် ပါဝင်နေနိုင်တယ် ဆိုတာ စူးစမ်း ကြည့်ကြတယ်။ တကယ်တော့ ဒီမြေစိုင်ခဲလေးဟာ လွန်ခဲ့တဲ့ နှစ် ၃.၇ ဘီလျံ နီးပါး အကြာက လရဲ့ အပေါ်ယံ မျက်နှာပြင်မှာ ပေါက်ကွဲမှု၊ တွန်းတိုက်မှု တစ်ခုခု ဖြစ်ခဲ့ပြီး ပေါ်ပေါက်လာတာ ဖြစ်မယ် လို့ ကောက်ချက် ချခဲ့ကြတယ်။

Science Express ရဲ့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ ၊ ထုတ်ပြန်ချက်မှာ “Giant Impact Theory” နဲ့ ပတ်သက်လို့ မေးခွန်းတွေ တင်ပြထားတယ်။ GIT ဆိုတာ ဂြိုဟ်၊ လများ တွန်းတိုက်မိခြင်း နဲ့ ပတ်သက်လို့ ကြံဆထားတဲ့ သီဝရီပါ။ အဲ့သီဝရီမှာ လ ဘယ်လို ဖြစ်ပေါ်တယ် ဆိုတဲ့အကြောင်းကို ရှင်းထားခဲ့ဖူးပါတယ်။ အကြမ်းဖျဉ်း ပြောရရင် – ကျနော်တို့ အတိတ် သမိုင်း တစ်နေရာမှာ မားစ်ဂြိုဟ် ရဲ့ အရွယ်အစားလောက် ရှိမယ့် အရာတစ်ခုဟာ ကျနော်တို့ ကမ္ဘာကို ဝင်ဆောင့်ခဲ့ဖူးမယ်။ အဲ့တော့ ကမ္ဘာဂြိုဟ် ကနေ မြေသား အလုံးလိုက်၊ ( ဒါမှမဟုတ် ) အစိတ်အပိုင်းလိုက် ကွဲထွက်သွားရင်း ( ဒြပ်ဆွဲအားတို့ရဲ့ သဘော သဘာဝ ကြောင့် ) ကမ္ဘာ့အပြင်ဘက် အရောက်မှာ ဂြိုဟ်ရံ လ အဖြစ် ဖွဲ့တည်လာမယ်။ ကမ္ဘာကနေ ခွဲထွက်လာခဲ့ ရတာကြောင့် Catastorphe ဖြစ်စဉ် လို့ခေါ်မယ့် ( ဘေးထွက် အကျိုး ) ထိခိုက်မှု တစ်စုံတစ်ရာ ဆိုတာ ရှိခဲ့ပါမယ်။ ဥပမာ – ပေါက်ကွဲပြီးမှ ထွက်လာရတာမျိုး၊ အပူစွမ်းအင် တွေ ကုန်မယ်။ အရွေ့စွမ်းအင်တွေ ကုန်မယ်။ စသဖြင့်။ အဲ့လို ရှိခဲ့ရတာမို့ ကမ္ဘာ့ပြင်ပ ရောက်သွားရတဲ့ တစ်ချိန်က ကမ္ဘာ့မြေသား စိုင်ခဲ “လ” မှာ ရေပါဝင်နှုန်း မရှိသလောက်ကို နည်းနေပါလိမ့်မယ် လို့ GIT က ခန့်မှန်းချက် ထုတ်ထားတယ်။ GIT က လ တစ်ခုတည်းကို ပြောနေတာတော့ မဟုတ်ဘူး။ နေအဖွဲ့ အစည်း အတွင်းက အခြား ဂြိုဟ်တွေ၊ ဂြိုလ်ရံလတွေ နဲ့ ပတ်သက်ပြီးလည်း ပြောထားတာတွေ ရှိတယ်။

ဂြိုဟ်တွေရဲ့ မျက်နှာပြင် သဘောသဘာဝ၊ အဲ့ဂြိုဟ် ကမ္ဘာတွေရဲ့ အတွင်းပိုင်းက အပူချိန်မြင့် အရည်ပျော်မှတ် ( Melting point ) ၊ ဂြိုဟ်တိုင်းမှာ ရှိနေကျ ဖြစ်တဲ့ မီးတောင်များရဲ့ တည်နေရာနဲ့ ဖောက်ထွက်လာမှု ပုံစံ၊ – အဲ့ဒါတွေကို လေ့လာပြီ ဆိုရင် “ရေ” က မှတ်ကျောက်တစ်ခုလို အသုံးဝင်လာပြီ တဲ့။ ဒီ စကားကို ပြောခဲ့တဲ့သူက ဝါရှင်တန်မြို့၊ ကာနက်ဂျီ ကောလိပ်က ဘူမိ-ဓာတု ဗေဒသမား အဲရစ်ဟော်ရီ ဖြစ်ပါတယ်။

မီးတောင် ချော်ရည်စ တော်တော်များများနဲ့ မတူတာက – လရဲ့ အတွင်းပိုင်း အရည်ပျော်တဲ့ ပုံဟာ စောနက ပြောခဲ့တဲ့ သလင်းဖန် ကျောက်ကလေးကို ရေတော်တော်များများ မဆုံးရှုံးအောင် ကာကွယ်ထားပေးသတဲ့။ “ဒီ ကျောက်နမူနာလေး တွေက အများကြီး အကူအညီ ရတယ်။ လရဲ့ အတွင်းပိုင်းမှာ ရေပမာဏ ဘယ်လောက် ပါဝင် နေနိုင်မလဲ ဆိုတာကို ကျနော် တို့ သိနိုင်ဖို့က ဒီ ဟာလေးတွေသာ အားအကိုးရဆုံးပဲ။ ဒီ အဝါရောင် သလင်း ကျောက် နမူနာ လေးတွေ ကလည်း အဲ့လရဲ့ အတွင်းပိုင်းက လာတာတွေပါပဲ” လို့ Cleveland ရဲ့ Case Western Reserve တက္ကသိုလ်က သိပ္ပံအသင်းဝင် James Van Orman က ပြောသွားခဲ့တယ်။

စာတမ်းတစ်စောင် ရှိပါတယ်။ “High Pre-Eruptive Water Contents Preserved in Lunar Melt inclusions” လို့ အမည်ပေးထားတယ်။ မြန်မာလို ဆီလျော်သလို ပြန်ကြည့်ရင် “လအတွင်းပိုင်းအရည်ပျော် ဖြစ်စဉ်မှ ရှေးယခင်ကာလ ရေပမာဏ ပါဝင်နိုင်စွမ်း” လို့ ဆိုနိုင်မလားပဲ။ ဒီစာတမ်းကို သိပ္ပံပညာရှင် ငါးယောက် ပူးပေါင်း ရေးကြပါတယ်။ Hauri, Weinreich, Saal, Van Oman နဲ့ Malcolm Rutherford တို့ ဖြစ်ကြပါတယ်။ အားလုံးက Brown တက္ကသိုလ်ကချည်းပဲ။ ဒီစာတမ်းအတွက် နာဆာက ထောက်ပံ့ပေးတယ်။ တိတိကျကျ ပြောရင် ဝါရှင်တန်၊ နာဆာ လကမ္ဘာအဆင့်မြင့် သိပ္ပံ စူးစမ်းလေ့လာရေး စီမံချက် နဲ့ အာကာသ ဓာတုဗေဒ စီမံချက် (NASA’s Lunar Advanced Science and Exploration Research and Cosmochemistry Programs ) တွေက နေ ထောက်ကူပေးပါတယ်။ အလားတူ – ခါလစ်၊ မော့ဖက်က အေမိ သုတေသန ဗဟိုဌာနမှာ တည်ရှိတဲ့ နာဆာ လကမ္ဘာသိပ္ပံ ကောလိပ် ( NASA Lunar Science Institute ( NLSI ) ) ကလည်း ပံ့ပိုးပေးခဲ့တယ် ဆိုပါတယ်။

Ref:
NASA-Funded Scientists Make Lunar Watershed Discovery
Moon’s Interior Wet As Earth’s, Rocks Indicate by Mike Wall

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: