ဆရာနတ်နွယ် အမှတ်တရ

ကဗျာ ဆရာ၊ စာရေးဆရာ များစွာ မွေးထုတ် ပေး ခဲ့သည့် စာရေးဆရာကြီး နတ်နွယ် သည် (၁၁၊ ၅၊ ၂၀၁၁) ရက် နံနက် (၁၁) နာရီက ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၈) ရပ်ကွက် ရှိ နေအိမ် တွင် ကွယ်လွန် သွားခဲ့ပြီ ဖြစ်သည်။ ကွယ်လွန်ချိန် တွင် အသက် (၇၉) နှစ် ရှိပြီ ဖြစ်သည်။ စာရေးဆရာကြီး နတ်နွယ် ၏ ဈာပန အခမ်းအနား ကို ရေဝေး သုသာန် တွင် (၁၃၊၅၊၂၀၁၁) ရက် ညနေ (၄) နာရီ က ပြုလုပ် ခဲ့သည်။ ဆရာကြီး နတ်နွယ်၏ ဈာပန သို့ စာပေ လောကသားများ စုံညီစွာ လိုက်ပါ ပို့ဆောင် ပေးခဲ့သည် ကိုလည်း တွေ့ရသည်။

ဆရာကြီး ကို ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ တွင် အဖ ဦးဘ၀မ်း၊ အမိ ဒေါ်စောလုံ တို့မှ (၁၉၃၃) ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက် တွင် မွေးဖွား သည်။ အမည်ရင်း မှာ လှမြင့် ဖြစ်သည်။ မြစ်ကြီးနားမြို့၊ အထက်တန်း ကျောင်း၊ မန္တလေးမြို့ ဗုဒ္ဓ သာသနာ့ နုဂ္ဂဟ အထက်တန်း ကျောင်းနှင့် ရန်ကုန် တက္ကသိုလ် တို့တွင် ပညာ သင်ကြားခဲ့သည်။ (၁၉၅၁ – ၅၃) ခုနှစ် အထိ အထက် ဗမာ နိုင်ငံ ကလောင်သစ် လူငယ်များ အဖွဲ့ချုပ်၌ အမှုဆောင် အဖြစ် လည်းကောင်း၊ အတွင်းရေးမှူး အဖြစ် လည်းကောင်း တာဝန် ယူခဲ့သည်။ (၁၉၅၅) ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာ အသင်း အမှုဆောင်၊ ( ၁၉၅၉-၆၂ ) ခုနှစ်တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) ဌာနချုပ် အလုပ် အမှုဆောင်၊ (၁၉၆၁-၆၃) ခုနှစ် တွင် စာရေးဆရာ စာပေ ကလပ် အတွင်းရေးမှူး အဖွဲ့ဝင်၊ (၁၉၆၃) ခုနှစ် တွင် ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ တွဲဖက် အတွင်းရေးမှူး အဖြစ် တာဝန်ယူ ခဲ့သည်။ (၁၉၅၄) ခုနှစ် တွင် စုံထောက် မဂ္ဂဇင်း အယ်ဒီတာ၊ (၁၉၆၁) ခုနှစ် တွင် လျှို့ဝှက် သည်းဖို မဂ္ဂဇင်း စတင် တည်ထောင်ပြီး စာတည်း အဖြစ် ဆောင်ရွက် ခဲ့သည်။ (၁၉၆၃) ခုနှစ် တွင် အမျိုးသား သတင်းစာ ၌ ဘာသာပြန် အယ်ဒီတာ၊ (၁၉၆၇) ခုနှစ် တွင် မိုးဝေ ကွယ်လွန်သည် ထိ စုံထောက် မဂ္ဂဇင်း ကို တာဝန်ယူ ခဲ့ပြီး မိုးဝေ ကွယ်လွန်သည့် နောက်ပိုင်း အယ်ဒီတာချုပ် အဖြစ် တာဝန်ယူ ခဲ့သည်။ (၁၉၆၈) ခုနှစ် ဖေဖော်ဝါရီလ တွင် စုံထောက် မဂ္ဂဇင်း ကို မိုးဝေ မဂ္ဂဇင်း အဖြစ် အမည် ပြောင်းပြီး အယ်ဒီတာ အချုပ် အဖြစ် တာဝန်ယူ ခဲ့သည်။ (၁၉၈၉) ခုနှစ် နွယ်နီ မဂ္ဂဇင်း ကို အယ်ဒီတာချုပ် အဖြစ် ဦးစီး ထုတ်ဝေ ခဲ့သည်။ (၁၉၅၀) ပြည့်နှစ် ဇွန်လ (၂၈) ရက် (မြန်မာ သက္ကရာဇ် ၁၃၁၂ ခုနှစ်၊ ပထမ ၀ါဆိုလဆန်း ၁၄ရက်) (Vol.vNo.131) နေ့ထုတ် ဟံသာဝတီ သတင်းစာ မဂ္ဂဇင်း ကဏ္ဍတွင် “ကျောင်းသူမ”ကဗျာဖြင့် စာပေလောက သို့ စတင် ၀င်ရောက် ခဲ့သည်။

ပထမဦးဆုံး ပုံနှိပ် ၀တ္ထုတို မှာ “သေမင်းတမန်” ( ၁၉၅၁ခုနှစ်၊ ကလောင်စုံ မဂ္ဂဇင်း)၊ ပထမဆုံး ပုံနှိပ် ၀တ္ထုရှည် မှာ “သွေးအလူးလူး ဧကရီ” (၁၉၅၁၊ စုံထောက် မဂ္ဂဇင်း) တို့ဖြစ်သည်။ ပထမဆုံး ရေးသားသော လုံးချင်း ၀တ္ထုမှာ “ကမ္ဘာမြေအနှံ့” ဖြစ်ပြီး ပထမဆုံး ပုံနှိပ် ထုတ်ဝေသော ၀တ္ထုမှာ “မိုးထဲလေထဲ” ဖြစ်သည်။ မဂ္ဂဇင်း၊ ဂျာနယ်များ တွင် ဆောင်းပါး၊ ၀တ္ထု၊ ဝေဖန်စာ၊ ခရီးသွား နှင့် ဘာသာပြန် လက်ရာ အမြောက်အမြား ကို ရေးသား ခဲ့သည်။ လုံးချင်း ၀တ္ထု (၁၀၀) ကျော် ရေးသားခဲ့ပြီး လုံးချင်းဝတ္ထု (၂၀) ကျော် ကို ဘာသာပြန်ဆို ခဲ့သည်။ အပြာ (၁၉၅၆)၊ အ၀ါ (၁၉၆၀)၊ တကွေ့တော့ တွေ့ကြဦးမည် (၁၉၆၃)၊ တံခွန်တိုင် မောင်နှမများ (၁၉၇၂)၊ မြန်မာပြည် မြောက်ပိုင်း အတွဲ(၁) (၁၉၆၆)၊ မြန်မာပြည် မြောက်ပိုင်း အတွဲ(၂) (၁၉၆၉) တို့သည် ထင်ရှားသော ပင်ကိုရေး ၀တ္ထုများ ဖြစ်ကြသည်။


ရောမက မိန်းမပျက် (၁၉၆၄) နှင့် စိန်ခေါ်ပွဲ (၁၉၈၇)၊ မိုဗီဒစ် တို့သည် ထင်ရှားသော ဘာသာပြန် ၀တ္ထုများ ဖြစ်ကြပြီး ကာရာမာဇော့ ညီအစ်ကိုများ စာအုပ်ဖြင့် (၂၀၀၂) ခုနှစ် အမျိုးသား စာပေဆု (ဘာသာပြန် – ရသ စာပေဆု) ကို ရရှိခဲ့သည်။ ကလောင်ခွဲများမှာ မောင်မြင့်နောင်၊ ကလောင်သစ် နီနီ၊ မောင်တင်အေး၊ မုကဒင် အေးနီ၊ မြင့်ကေသီ၊ ကျောက်တိုင်၊ မိုးဇော်ဟိန်း၊ မှန်ပြောင်းသစ်၊ စိန်အိုးစည်၊ လှမြင့်၊ ကောင်းမြတ်၊ ဇင်သောင်း၊ မင်းရာကျော်၊ ဘွဲ့ဖြူ၊ပျံလွှား၊ ရွှေစင်၊ မလိခ (မင်းကျော်နှင့် တွဲလျက်) ကောလိယ စသည်တို့ ဖြစ်သည်။ မိုးဇော်ဟိန်း အမည်ဖြင့် လုံးချင်း ၀တ္ထုများ ကို ဘာသာပြန်ဆို ခဲ့သလို စာရေးဆရာ မင်းကျော်နှင့် တွဲ၍ မလိခ ကလောင် အမည်ဖြင့် မြန်မာ ၀တ္ထု အညွှန်း (၆) တွဲ ကို ရေးသား ခဲ့သည်။ ကမ္ဘာ့ ၀တ္ထု အညွှန်းကို (၁၉၉၆) တွင် ရေးသားပြုစု ခဲ့သည်။ (၂၀၁၀) ခုနှစ်၊ မေလ (၁၁)ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် (၁၁) နာရီ (၁၅) မိနစ်တွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်း အမှတ်၂၃၈၊ ၄၈ ရပ်ကွက်၊ မဟာဆွေလမ်း နေအိမ်တွင် ကွယ်လွန် ခဲ့ခြင်း ဖြစ်သည်။

ဆရာကြီး နတ်နွယ်နှင့် ပတ်သက်၍ ဆရာကြီး ၏ တပည့် တစ်ဦး ဖြစ်သူ ဆရာ တင်စိန် (ပထ၀ီဝင်) က ပိတောက်ပွင့်သစ် မဂ္ဂဇင်း (အမှတ်၂၃၊ မတ်လ၊ ၂၀၀၉) “တိမ်တွေနဲ့ စကားပြောနေတဲ့ ဆရာနတ်နွယ်” ဆောင်းပါးတွင် “တိမ်တွေနဲ့ပဲ စကားပြောနေတယ်။ ညနေခင်း ရောက်ရင် အိမ်ရှေ့ ၀ရန်တာ ထွက်တိုင်း ကောင်းကင်ကို ကြည့်ပြီး အိမ်ရှေ့က မြင်နေရတဲ့ ကောင်းကင်က တရွေ့ရွေ့ သွားနေတဲ့ တိမ်တွေကို ကြည့်တယ်။ နောက်တော့ သူတို့နဲ့ စကားပြော ဖြစ်တာပေါ့။ ဆရာနတ်၏ ထူးခြားချက်မှာ တစ်ယောက်ယောက်ကို ခိုင်းလျှင် သားသမီး ဖြစ်စေ၊ တပည့်တပန်း ဖြစ်စေ လေးလေးစားစား နှင့် အကူအညီ တောင်းသည့် ပုံစံမျိုး ဖြစ်သည်။ ငေါက်ငန်း၍ ခိုင်းလေ့ မရှိ” ဟု ဆိုခဲ့သည်။

ဆရာကြီး နတ်နွယ် ၏ တပည့် တစ်ဦး ဖြစ်သူ ဆရာ ထင်အောင်ကျော် က ပိတောက် ပွင့်သစ် မဂ္ဂဇင်း (အမှတ် ၂၃၊ မတ်လ၊ ၂၀၀၉) “ကျွန်တော် သိသော ဆရာနတ်” ဆောင်းပါးတွင်

“ယခုဆို ကျွန်တော် သည် ဆရာနတ် နှင့် ထိတွေ့ ဆက်ဆံ ခဲ့သည်မှာ (၁၈) နှစ် တိုင်ခဲ့ပြီ။ ဆရာ မိသားစုဝင် တစ်ဦး ပမာ ရင်းရင်းနှီးနှီး ရှိခဲ့သည်။ သို့တိုင် ဆရာ့ထံက သူသည် မည်သည့် ဆရာကြီး၏ စာမူအား မည်ကဲ့သို့ တည်းဖြတ် ခဲ့သည်။ မည်သည့် ဆရာကြီး အား မည်သည့် အဆိုင်းမင့် ကို သူက ရွေးချယ် ပေးခဲ့သည် ဆိုခြင်းမျိုး တစ်ခွန်း တစ်ပါဒမှ ပြောဆိုခဲ့ခြင်း မရှိပါ။ တကယ်တော့ ဆရာသည် သူ့ဘာသာ စာဖတ်၊ စာရေးခဲ့သော စာပေသမား တစ်ယောက်သာ ဖြစ်သည် ဟု ကျွန်တော်က မြင်မိသည်။ ဆရာနတ်နှင့် ထိတွေ့ ဆက်ဆံရစဉ် ကာလ တစ်လျှောက် ကျွန်တော် သတိထား မိသည့် တစ်ချက်မှာ ဆရာသည် သူတစ်ပါး အပေါ် ဆရာကြီး လုပ်ခြင်းမျိုး၊ လုံးဝ မရှိခြင်းပင်။ ဘယ်သူ့ကိုမှ သြ၀ါဒ ခြွေခြင်းမျိုး မရှိပါ။ကျွန်တော့်တွင် အခြေအနေ အရ တက်သစ်စ လူငယ်တချို့နှင့် အနီးကပ် ဆက်ဆံ ရတာတွေ ရှိပါသည်။ သူတို့ထဲက တချို့မှာ စာပေနှင့် နီးစပ်မှု သိပ်မရှိ ပါဘဲလျက် သည်နယ် ထဲသို့ ရောက်နေကြ၊ ရောက်ခဲ့ကြ သူများ ဖြစ်သည်။ သူတို့မှာ အခံ ဘ၀ ၀မ်းစာ ဘာမှ မရှိပါ။ ထုတ်ဝေသူ သို့မဟုတ် အယ်ဒီတာ များက သူတို့ သြဇာ နာခံ၍ သို့မဟုတ် နာခံမည် ဟု ထင်၍ အရှင် မွေး နေ့ချင်းကြီး လာကြသူများ ဖြစ်ကြသည်။ ထိုသို့သော သူများသည် သူတကာ ထက် ဘ၀မြင့်သူများ၊ ကိုယ့်ကိုယ်ကိုယ် အခြောက်တိုက် အထင်ကြီး နေသူများ ဖြစ်ကြောင်းကို တွေ့ရသည်။ တကယ်တော့ ဒါကလည်း ဆရာနတ်နှင့် ထိတွေ့ ဆက်ဆံ မိရာမှ တစ်ဆင့် ရရှိလာသော အသိအမြင်ပါ။


“ထို့အတူ ၀ါရင့် အယ်ဒီတာ တစ်ဦး ဖြစ်သည့် အားလျော်စွာ လောကဓံ ကိုလည်း ကြံ့ကြံ့ခံ နိုင်ပုံ ရသည်။ ရှေ့မှာ ကျွန်တော် ပြောခဲ့သလိုပင် ဆရာက လူကိုလည်း ယုံ၊ စာကိုလည်း ယုံမှ စာမူကို ရွေးတတ်ပါသည်။ သူနှင့် သိကျွမ်းသည် ဆိုရုံမျှ နှင့်လည်း နွယ်နီမှာ ထိုပုဂ္ဂိုလ် များ၏ စာမူ မပါရှိတတ်။ သည့်အတွက် အမနာပ ပြောဆိုခြင်း များကိုလည်း နားဝင်ဟန် မရှိချေ။ သို့သော် ဆရာနတ်သည် အယ်ဒီတာ အတတ်ကို တစ်ဖက်ကမ်း ခတ်အောင် တတ်သူများ ထဲတွင် တစ်ယောက် အပါအ၀င် ဟုတော့ ဆိုချင်သည်။ ဘယ်သူ့ကို ဘယ်စာမူ ချပေးရမည် ဆိုသည်ကို သူ ကောင်းကောင်း သိသည်။ ဒမ်မီ ချရာတွင် ဆရာ့ကို မှီသူ ယနေ့ အထိ ကျွန်တော် မတွေ့သေး။ သည်အကြောင်း ကို ဦးတင်စိန် (ပထ၀ီဝင်) နှင့် ကိုသွေးသစ် တို့က ကျွန်တော့် ထက်ပင် ပိုပြော နိုင်လိမ့်မည် ထင်ပါသည်။”ဟု ဆိုသည်။

ဆရာကြီး နတ်နွယ်သည် သူ့၏ စာအုပ်များ တွင် သူ၏ အတွေးအမြင် များကို မျိုးဆက်သစ် လူငယ်များ၊ စာဖတ်ပရိသတ် များအတွက် အတွေးအခေါ် များစွာကို မျိုးစေ့ချ ရှင်သန် စေခဲ့သည်မှာ သူ၏ စာများက အထင်အရှား ဖြစ်သည်။ သူရေးခဲ့သော စာများမှာ အချို့ကို ကောက်နှုတ် တင်ပြ ရလျှင် “တော်လှန် စာပေ အတွေးအမြင်”အရပ်ဒေသ၊ အသွေးအရောင်၊ အမျိုး ဘာသာ၊ အရွယ်အဆင်း နှင့် လိင်ကိုကား ကျွန်ုပ်တို့ ဘာမျှ ပြောရန် မရှိချေ။ သို့သော် လူတန်းစား နှင့် ပတ်သက်လျှင်ကား ကျွန်ုပ်တို့သည် ကျူးကျော် ချယ်လှယ် သူတို့၏ ၀ိညာဉ် မဖြစ်ရ။ အဖိနှိပ်ခံနှင့် တော်လှန် တက်ကြွသော ပြည်သူတို့၏ ၀ိညာဉ်သာ ဖြစ်ရချေ မည်တည်း။

စာရေးဆရာ တစ်ယောက်သည် လောက အလုံးကို မြင်နိုင်ရမည်။ သူ ထက်သန်ရာနှင့် ကျွမ်းကျင်ရာ ရှိမည် ဖြစ်သော်လည်း သူသည် မြင်မြင်သမျှ နှင့် ထိတွေ့ သမျှတွင် အာရုံပြု စိတ်ဝင်စား ရမည်။ ရံခါတွင် သူသည် ကြီးမားသော ဇာတ်အိမ်နှင့် ကြီးမားသော အကြောင်းရပ်များ ကို ရေးဖွဲ့ပေသည်။ ရံခါတွင်ကား သူသည် မဆိုစလောက်သော ဇာတ်အိမ်ဖြင့် သေးငယ်သော အကြောင်းရပ် တစ်ခုကို ခြယ်မှုန်း ပေလိမ့်မည်။ ကဗျာတွင် လောကအမြင် လည်း ရှိရမည်။ အနုပညာလည်း ရှိရမည်။ ကဗျာဆရာသည် လောကအမြင် တွင် အနုပညာကို ဆင်ယင်နိုင်စွမ်း ရှိသူ ဖြစ်ရမည်။

“တော်လှန်စာပေ”

အချို့သော စာရေးဆရာ များက ၄င်းတို့သည် နိုင်ငံရေး သမားများ မဟုတ်ကြောင်း၊ နိုင်ငံရေး ခံယူချက် မရှိကြောင်းဖြင့် ငြင်းဆို တတ်ကြသည်။ ထို့ပြင် နိုင်ငံရေး အသိရှိသော ပြည်သူတို့၏ လှုပ်ရှားမှု ကို ဖော်ပြနေသော စာပေ အဖွဲ့အစည်းများ တွင် တက်ကြွစွာ လုပ်ဆောင်နေသော စာရေးဆရာများ ကို နိုင်ငံရေး ကလောင်များ အဖြစ် ရှုတ်ချလေ့ ရှိပေသည်။ အချို့ကလည်း ၄င်းတို့သည် ပါတီနိုင်ငံရေး ကိုသာ ရွံရှာ မုန်းတီးခြင်း ဖြစ်ကြောင်း အမျိုးသား နိုင်ငံရေး ကိုမူ စိတ်ပါဝင်စားကြောင်း ဖြင့် ပြောဆို တတ်ပေသည်။ ထိုသို့ ပြောဆိုသူများသည် အနုပညာကို အနုပညာ သက်သက် အဖြစ် သိမြင် သူများသာ ဖြစ်ပေသည်။

အနုပညာ သည် ၀ါဒဖြန့်ချိရေး လက်နက် ဖြစ်ကြောင်း၊ တိုက်ပွဲ လက်နက် ဖြစ်ကြောင်း၊ စည်းရုံးရေး လက်နက် ဖြစ်ကြောင်း၊မသိမြင်သူများ ဖြစ်လေသည်။ သို့သော် စာပေ အနုပညာ သက်သက်သာ ဖြစ်ကြောင်း ပြောဆိုသည် ကပင် နိုင်ငံရေးလုပ်ခြင်း၊ အရင်းရှင် လူ့ဘောင်ဟောင်း ဘက်မှ ရပ်တည်ကာ ၀ါဒ ဖြန့်ချိခြင်းပင် ဖြစ်ပေသည်။ သူတို့၏ လုပ်ငန်းသည် စာပေ အနုပညာကို အဖိနှိပ်ခံ ပြည်သူ တို့၏ တိုက်ပွဲ လက်နက် မဖြစ်စေဘဲ အရင်းရှင် လူ့ဘောင်ဟောင်း ၏ ခံတပ် ဖြစ်စေခြင်း ပင်တည်း။

“မြန်မာ ပြည်မြောက်ပိုင်း”

စာရေးဆရာ သည် ဇာတ်ဆောင် တစ်ဦးကို ဖန်တီး ရာတွင် အကယ် ရှိသော လူပုဂ္ဂိုလ် တစ်ဦးကို မူတည်၍ လည်းကောင်း၊ လူနှစ်ဦး သုံးဦး ကို ပေါင်းစပ်၍ လည်းကောင်း၊ လူတန်းစား ၏ သဘော သကန်၊ လူမျိုး၏ သဘောသကန်၊ နေရပ် ဒေသ၏ သဘော သကန်တို့ကို ယူ၍ လည်းကောင်း ဖန်တီး ရာသည်။ ဇာတ်ဆောင် များ၏ လှုပ်ရှား ရုန်းကန်မှု သည် လူတစ်ဦး တစ်ယောက်၏ အဖြစ်အပျက် သော်လည်းကောင်း၊ ကာလဒေသ တစ်ခု၏ အရေးအခင်း သော်လည်းကောင်း၊ သဘောသကန် ယူထားသော အကြောင်းခြင်း တစ်ခုသော် လည်းကောင်း ဖြစ်နိုင်သည်။

“မနေ့တစ်နေ့က ရွာတဲ့မိုး”

ယခုအတိုင်း ဆိုလျှင် ကျွန်တော်တို့သည် ဝေဖန်မှု အတတ်ပညာ ကို လေ့လာ ကြိုးပမ်းကြ ရမည့် နည်းတူ အဝေဖန် ခံနိုင်မှု စိတ်ဓာတ် လည်း မွေးမြူဖို့ အကန့်အသတ် မရှိ အားထုတ် ကြရဦး မည်တည်း။ စသည်ဖြင့် ရေးသား ခဲ့ပေသည်။ ဆရာကြီး နတ်နွယ် ရေးသားပြုစု ထုတ်ဝေခဲ့သော စာအုပ်များမှာ ကာရာမေဇော့ဗ် ညီအစ်ကိုများ (ပ+ဒု) (၂၀၀၂)ခုနှစ်၊ ကုဋေကုဋာ သိန်းသန်း တန်တော့တယ် (၁၉၉၇) ခုနှစ်၊ ကုသိုလ်တပဲ ငရဲတစ်ပိသာ (၁၉၆၉) ခုနှစ်၊ ကေသရာဇာ (၁၉၇၄) ခုနှစ်၊ ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် (၁၉၆၀) ခုနှစ် (Round The World in Eighty Days)၊ ကမ္ဘာမြေ အနှံ့ (၁၉၆၁) ခုနှစ်၊ ကမ္ဘာရန် (၁၉၆၈) ခုနှစ်၊ ကမ္ဘာ့ ၀တ္ထု အညွှန်း (၁၉၉၆) ခုနှစ်၊ ကျွန်မအသက် သပြေခက် (၁၉၇၄) ခုနှစ်၊ ကျားမျက်လုံးနဲ့ ကြောင်မျက်နှာ (၁၉၇၅)ခုနှစ်၊ ကျော်ဇေယျ နှင့် သံကွန်ချာ ခုနစ်ထပ် (၁၉၇၅) ခုနှစ်၊ ကျောက်ဘီလူး (၁၉၆၄) ခုနှစ်၊ ချစ်သူနှင့် တခဏ မုန်းသူနှင့် တစ်ဘ၀ (၁၉၇၃) ခုနှစ်၊ ချစ်သူ ရှိသောမြို့ (၁၉၆၀) ပြည့်နှစ်၊ ချစ်သောကြောင့် (၁၉၅၆) ခုနှစ်၊ ဂါမဏိ (၁၉၇၈) ခုနှစ်၊ ငြမ်း (၁၉၇၈) ခုနှစ်၊ ငွေလကိုမြင် ကြယ်စင် မဟုတ်ဘူး (၁၉၇၈) ခုနှစ် စိတ်ထဲမှာ တကမ္ဘာ (၁၉၇၄) ခုနှစ်၊ စိန်ခေါ်ပွဲ (၁၉၈၇) ခုနှစ်၊ ဇော်မိုးဟိန်း နှင့် နန်းသက်မွန် ကျောက်ရုပ် (၁၉၈၁) ခုနှစ်၊ ဇော်မိုးဟိန်း နှင့် သိန်းလေးဆယ် မာယာ (၁၉၈၂) ခုနှစ်၊ ဇာတ်သမ အလယ် (၁၉၆၁) ခုနှစ်၊ ညီအစ်မ များနှင့် လူစိမ်းများ (၁၉၈၂) ခုနှစ်၊ တကွေ့တော့ တွေ့ကြဦးမယ် (၁၉၆၆) ခုနှစ်၊ တခိုင်နန်းမို့ လွမ်းလဲ့ရည် (၁၉၇၈) ခုနှစ်၊ တဆယ် (၁၀) (နတ်နွယ်၊ မိုးဝေ) (၁၉၆၄) ခုနှစ်၊ တနေ့မဟုတ် တနေ့ (၁၉၆၅) ခုနှစ်၊ တပင်ကို နှစ်ပင် ယှက်တယ် (၁၉၇၄) ခုနှစ်၊ တမင် သက်သက် (၁၉၆၁) ခုနှစ်၊ တ၀ဲလည်လည် (၁၉၆၁) ခုနှစ်၊ တက္ကသိုလ်နှင့် ပြင်ပကမ္ဘာ (၁၉၆၇) ခုနှစ်၊ တဖန်ပြန်၍ မနိုးသော ဝေဒနာ(Comer) (၁၉၈၃) ခုနှစ်၊ တယောက်က မာယာ (၁၉၇၃) ခုနှစ် ၊ တံခွန်တိုင်မောင်နှမများ (၁၉၇၂) ခုနှစ်၊ တိတ်တဆိတ် (၁၉၆၁) ခုနှစ်၊


တိမ်စွယ်မှာ ကွယ်သောနေ့ (၁၉၈၁)ခုနှစ်၊ ဒက်ဇယ်လာ (Dagqelers) (၁၉၈၇) ခုနှစ်၊ ဒဏ္ဍာရီ (၁၉၇၈) ခုနှစ်၊ နေ့ကန့်လန့်ကာ လပ၀ါ (၁၉၇၅) ခုနှစ်၊ နောက်ဆုံး တစ်နေ့ နောက်ဆုံးကမ္ဘာ (၁၉၇၆) ခုနှစ်၊ နန္ဒ၀န်သို့ အပြန် (၁၉၇၂) ခုနှစ်၊ နန်းစံပယ်နှင့် တစ်ယောက်ပြီး တစ်ယောက် (၁၉၇၂) ခုနှစ်၊ နန်းသက်မွန်နှင့် မျက်နှာစိမ်းများ (၁၉၇၃) ခုနှစ်၊ နွဲ့ဝါ (၁၉၇၆) ခုနှစ်၊ နှမထွေး မယ့်ကို လိုလျှင် (၁၉၆၁) ခုနှစ်၊ နှစ်ကြီးသမား (၁၉၅၇) ခုနှစ်၊ နွယ်နီ နိုင်ငံတကာ အဘိဓာန် (၁၉၉၄) ခုနှစ်၊ နွယ်နီ အာရှနှစ်ချုပ် (၁၉၉၄) ခုနှစ်၊ နွယ်နီ အာရှနှစ်ချုပ် (၁၉၉၅) ခုနှစ်၊ ပေါက်ပင်ကစိမ်း ကျေးကစိမ်း (၁၉၇၉) ခုနှစ်၊ ပဉ္စမံအသည်း ပဉ္စလက် အပြုံး (၁၉၇၉) ခုနှစ်၊ ပုဏ္ဏက (၁၉၈၀) ပြည့်နှစ်၊ ပြာပြာညိုရောင် မှိုင်းလဲ့လဲ့ (၁၉၇၅) ခုနှစ်၊ ဘ၀ဟူသည် (My life) (၁၉၉၁) ခုနှစ်၊ ဘယ်ယိမ်းညာနွဲ့ ဘယ်ပြန်နွဲ့ (၁၉၇၇) ခုနှစ်၊ မကွယ်သော နေ့က ကြွေသော ပန်း (၁၉၈၄) ခုနှစ်၊ မနေ့ တစ်နေ့က ရွာတဲ့မိုး၊ မပြီးဆုံး သေးသောည (၁၉၇၅) ခုနှစ်၊ မသန္တာ မသိပါ (၁၉၇၃) ခုနှစ်၊ မီးခိုးမဆုံး မိုးမဆုံး (၁၉၆၇) ခုနှစ်၊ မိုးညဖြူဖြူ (၁၉၆၂) ခုနှစ်၊ မိုးထဲလေထဲ (၁၉၅၄) ခုနှစ်၊ မိုးမြူမစဲ မိုးမည်းမရွာ (၁၉၇၉) ခုနှစ်၊ မိုးမှာစနေ လေမှာရာဟု (၁၉၇၅) ခုနှစ်၊ မောင်နှင့်သာ အတူ (၁၉၆၁) ခုနှစ်၊ မောင်နှင့် သာအတူ ကမ္ဘာမြေအနှံ့ (၁၉၇၃) ခုနှစ်၊ မျက်ဝါးထင်ထင် (၁၉၅၆) ခုနှစ်၊ မုန်းပင်အောက်မှာ ချစ်သူရှာ (၁၉၇၆) ခုနှစ်၊ မျက်တောင်ကော့နဲ့ မျက်ထားညို (၁၉၇၂) ခုနှစ်၊ မျက်နှာမှာ အပြုံး မျက်လုံးမှာ ဒေါသ (၁၉၇၃) ခုနှစ်၊ မြသဇင် (၁၉၆၆) ခုနှစ်၊ မြေအောက်သဇင် (၁၉၅၉) ခုနှစ်၊ မြန်မာပြည် မြောက်ပိုင်း (အတွဲ-၁) (၁၉၆၆) ခုနှစ်၊ မြန်မာပြည် မြောက်ပိုင်း (အတွဲ-၂) (၁၉၆၇) ခုနှစ်၊ မှုခင်း စုံထောက် ကိုယ်တွေ့ မှတ်တမ်း (Diary) (၁၉၆၂) ခုနှစ်၊ ယုဇနမာလာ (၁၉၈၀) ပြည့်နှစ်၊ ရတနာလိုဏ်ဂူ (၁၉၆၀) ပြည့်နှစ်၊ ရာမည (၁၉၇၈) ခုနှစ်၊ ရောမက မိန်းမပျက် (Woman of Rome) (၁၉၆၄) ခုနှစ်၊ ရန်သူတစ်ရာ မိတ်ဆွေ တစ်ယောက် (၁၉၇၃) ခုနှစ်၊ ရှက်စဖွယ် (Shame) (၁၉၆၁) ခုနှစ်၊ ရွှေနှင့် ယိုးမှား ပန်းစကား (၁၉၇၀) ပြည့်နှစ်၊ ရွှေဖလားနှင့် မိုးခါးရေ (၁၉၆၁) ခုနှစ်၊ လကွယ်နေ့ည (၁၉၆၈) ခုနှစ်၊ လေကစား ကြွားတလူလူ ဝေ (၁၉၇၇) ခုနှစ်၊ လင်းအရုဏ်ဦး (၁၉၈၅) ခုနှစ်၊ ၀င်္ကပါ (၁၉၆၃) ခုနှစ်၊ သီတာခုနစ်တန် တောင်စဉ်ခုနစ်ထပ် (၁၉၇၂) ခုနှစ်၊ သစ်တုံးမှန်လျှင် ဆန်လိမ့်မည် (၁၉၈၂) ခုနှစ်၊ သည်ခေတ်နှင့် သည်မောင်နှများ (၁၉၇၂) ခုနှစ်၊ သည်တောင်တန်းမှာ မောင်ထမ်းခေါ်ပါ့မယ် (၁၉၈၃) ခုနှစ်၊ သန္တာကျွန်း (Coral Island) (၁၉၆၀) ပြည့်နှစ်၊ သိင်္ဂီတစ်ဝက် ရွှေတစ်ဝက် (၁၉၇၄) ခုနှစ်၊ သုံးနှစ်သုံးမိုး (Three Years) (၁၉၉၀) ပြည့်နှစ်၊ အကွေ့တထောင်၊ အချစ်လှေလောင်းနဲ့ ခေတ်ရေစီးကြောင်း ဆန်တက်မယ် (ပ-တွဲ) (၁၉၈၉) ခုနှစ်၊ အချစ် လှေလောင်းနဲ့ ခေတ်ရေ စီးကြောင်း ဆန်တက်မယ် (ဒုတွဲ) (၁၉၈၉) ခုနှစ်၊ အနီးအဝေး အနိမ့်အမြင့် (၁၉၆၅) ခုနှစ်၊ အနောက် မိုးကုပ်စက်ဝိုင်း (၁၉၆၀) ပြည့်နှစ်၊ အပျံသင်စ (၁၉၆၀) ပြည့်နှစ်၊ အပြာ (၁၉၅၆) ခုနှစ်၊ အပြာနှင့် အ၀ါ (၁၉၇၁) ခုနှစ်၊ အပြာအ၀ါ (၁၉၆၇) ခုနှစ်၊ အပြင်မှာ ငွေလ ရင်ထဲမှာ နေဆယ်စင်း (၁၉၈၃) ခုနှစ်၊ အဖြူရောင် သစ္စာပန်း တစ်ပွင့် (ပထမတွဲ) (၁၉၈၈) ခုနှစ်၊ အဖြူရောင် သစ္စာပန်း တစ်ပွင့် (ဒုတိယတွဲ) (၁၉၈၈) ခုနှစ်၊ အများနှင့် တစ်ယောက် (Fever) (၁၉၈၃) ခုနှစ်၊ အ၀ါ (၁၉၆၀) ပြည့်နှစ်၊ အရိပ်သုံးပါး နားမလည် (၁၉၈၀) ပြည့်နှစ်၊ အရုပ်နဂါး အရုပ်ကျား (၁၉၇၄) ခုနှစ်၊ အရှေ့စူးစူး အနောက် ယွန်းယွန်း (၁၉၆၉) ခုနှစ်၊ အရှေ့ မိုးကောင်းကင် အမှတ် (၁) (၁၉၆၅) ခုနှစ်(Baltic Skies)၊ အရှေ့ မိုးကောင်းကင် အမှတ်(၂) (၁၉၆၅) ခုနှစ် (Baltic Skies)၊ အလည်လာတဲ့ မိန်းကလေးရယ် (၁၉၇၄) ခုနှစ်၊ အလွမ်း၏ အလွမ်း (၁၉၈၁) ခုနှစ်၊ အဏ္ဏ၀ါပြင်မှာ ထင်သောလ (၁၉၈၁) ခုနှစ်၊ ဣန္ဒာနီလာ သန္တာပုလဲ (၁၉၇၇) ခုနှစ်၊ အုံးအုံးကျွက်ကျွက် (၁၉၆၅) ခုနှစ် တို့ဖြစ်သည်။

ဆရာကြီး နတ်နွယ်၏ မှာကြားချက်မှာ “မိမိတို့ ယုံကြည်ချက်ကို ဆက်လက်ကြိုးစားပါ။ မိမိယုံကြည်ချက် ခိုင်မြဲအောင် ကြိုးစားပါ”ဟူ၍ဖြစ်သည်။

ဆရာနတ် အား နောက်ဆုံး ကန်တော့ပန်း ဆင်လျက်
ဇေယျာမြတ်ခိုင်

Monitor: မေလ ၊ တတိယပတ်၊

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: