ထိုထိုသော နေ့များ

ဒီကနေ့ က အမ တစ်ယောက်ရဲ့ မွေးနေ့။ အမ ဆိုပေတဲ့ အရင်းတော့ မဟုတ်ဘူး။ အမ မရှိတဲ့ ကျနော့ အတွက် တော်တော် ချစ်ရတဲ့ အမ တစ်ယောက်ပဲ ဆိုပါတော့။ ဒါပေတဲ့ ထူးထူးခြားခြား မို့၊ မွေးနေ့ မို့ ဆိုပြီးလဲ ဘာမှ လုပ်ပေးဘူး။ ဘာလို့ ဆို ကျန်တဲ့ နေ့တွေကပဲ မထူးခြား သလိုလို၊ အရေး မပါ သလိုလို။ ( အဓိပ္ပာယ် သက်နေမယ် လို့ ထင်မိတဲ့ စိတ်ကြောင့်ပါပဲ )။

တစ်ယောက်ကတော့ ပြောပါတယ်။ ဒါဟာ အဲ့လူတစ်ယောက် အတွက် သတိတရ ၊ အသိအမှတ် ပြုပေးတယ် ဆိုတာဟာ- ဝမ်းသာ မှု ၊ ပီတိ တစ်ခုခု ကို ဖြစ်စေတာပါပဲ တဲ့။ သူ့စကား အတိအကျတော့ ဟုတ်ပါဘူး။ အဲ့သဘောမျိုး ပြောတယ်။

ဟုတ်ပါလိမ့်မယ်။ “ဝမ်းသာမှု၊ ပီတိ၊” ဆိုတဲ့ စကား။ တွေးမိတာက – အဲ့ဒါ ဖြည့်စွမ်းပေးနိုင်ဖို့ အတွက် – ဒါမှလား။ ဒီမွေးနေ့မှလား။ အခြား တစ်ခုခု လုပ်လို့ မရတော့ဘူးလား။

ပြည်ပရောက်နေတဲ့ အမတစ်ယောက်က လှမ်းပြောတယ်။ ကျနော့အမ အတွက် တစ်ခုခုလေး ဖြစ်အောင်တဲ့။ ဆိုပါစို့၊ အရုပ်လေး တစ်ရုပ် ဝယ်ဖို့ပေါ့။ သူကလည်း အတင်းအကျပ် ဝယ်ပေးစေဖို့ ပြောနေတာ မဟုတ်ပါဘူး။ ကျနော့ အမ အကြောင်း သိသလောက်မှာ – ကျနော့အမကလည်း ( ဆိုပါစို့ – မဂျူး ပေါ့ ) မဂျူးကလည်း “ဒီနေ့ဟာ ငါ့မွေးနေ့လေးပါ၊ ငါ့ကို ဒါလုပ်ပေးပါ” လို့ တောင်းဆိုနေတာ မျိုး မဟုတ်ပါဘူး။ မဂျူးမှာ ဒီလို စိတ်မျိုးလည်း မရှိဘူး။ ဒါပေတဲ့ စောနက ပြောသလို “ပီတိ” အကြောင်းတွေ၊ ပြည်ပက အမ မှာနေတာတွေ ၊ အဲ့ဒါတွေကို – စိတ်ကူး စဉ်းစားပြီး အပြင်ထွက် လာလိုက်တယ်။ အရုပ်ကလေးဝယ်၊ “Happy Birthday,My Sis” လို့ လုပ်၊ သူလည်း ကြည်နူးသွား၊ ကိုယ်လဲ ပျော် သွား။ ထုံးစံက အဲ့ဂလို။

အရင်က မွေးနေ့ ဆိုတာတွေနဲ့ ပတ်သက်လို့ ကိုယ် မျက်မြင် ကြုံတွေ့ ရဖူးတာတွေ အကြောင်း စဉ်းစား မိလာတယ်။ မွေးနေ့ ( ဒါမှမဟုတ် ) တစ်ခု ရောက်လို့ ကိုယ့်ရင်းနှီးရာ လူတွေ မြင်ရင် Facebook တက်မယ်။ ဒါမှမဟုတ် Ning.com ရှိရင် အဲ့ Social Sites ကို တက်မယ်။ Happy Birthday လုပ်မယ်။ စာရေးမယ်။ ပြီးတော့လဲ မေ့သွားမယ်။ ကျနော် ကိုယ့်ဘာသာကိုယ် မေးကြည့်မိပါတယ်။ ငါတို့ တကယ် သတိရသင့်တဲ့ မွေးနေ့တွေက ဘယ်နေ့တွေလဲ။

တကယ် က အနီးစပ်ဆုံး ကျနော့မွေးအဖေ ရဲ့ မွေးနေ့၊ မွေးအမေရဲ့ မွေးနေ့။ ကျနော် မသိပါဘူး။ အဆုံးစွန်ဆုံး ကျနော့ မွေးနေ့လည်း မှတ် မထား မိဘူး။ ( နည်းနည်း လွန်တယ် လို့ ပြောရင် ဆောရီးပါပဲ။ တကယ်ကို မေ့ပါတယ် ။ ဟိုးတုန်းက လူရွှင်တော်ကြီးများ ပြောတာ သတိရတယ်။ မင်း ဘယ်နေ့က မွေးတာလဲ ပြောတော့ ဘေးဘက် ဒေါ်ပုမကြီး – အိမ်မှာ – ဘဲ ပျောက်တဲ့ နေ့က – လို့ ပြန်ဖြေကြသလိုမျိုး ၊ ကျနော်လည်း အဲ့ဂလိုမျိုးပဲ မှတ်ထားခဲ့မိတာ။ )

နိဒါန်း အပျိုးမှာ တင် တော်တော် ရှည်နေပါမယ်။ Gtalk မှာ အသိတစ်ယောက်နဲ့ စကားပြောထားတာကို တင်ပါမယ်။ ဒီ မွေးနေ့ ဆိုတဲ့ အကြောင်းပါပဲ။ ပထမအပိုင်းမှာ ချော် ချော်ပြီး – ဒဿနိက ဆန်ဆန် ပြောကြရင်း ဘေးရောက် သွားတာ ရှိပါမယ်။
အောက်ပါ စာပိုဒ်တွေမှာ me – က ကျနော် ဖြစ်ပြီး AA: – က ကျနော့ အချစ်ဆုံး သူငယ်ချင်း တစ်ယောက် ဖြစ်ပါတယ်။

ပြောသံ ဆိုသံ လေသံ မကြိုက်လို့ ဘဝင်မကျ ခဲ့ပါရင် စိတ်ကြိုက်သာ ပြောခဲ့နိုင်ပါကြောင်း။

ဇေယျ။
……………………………………………………..
me: မွေးနေ့ ဆိုတာနဲ့ ပတ်သက်လို့ ကျနော့ စိတ်ထဲ ရှိတာကို ရှင်းပြရရင် –
အထင်ကရ လူပုဂ္ဂိုလ် ဘာကြီး ဖြစ်နေပါစေ..။ မွေးနေ့ တစ်နေ့က ကိုယ်သေဖို့ တစ်ရက် နီးကပ် လာကြောင်းကိုသာ ဆိုလိုတာ။
အနီးအနားက လူတစ်ယောက်ကို ဂရုစိုက်ပြတဲ့ ရှိုး၊ ပြကွက် ထုံးစံတွေက … အနောက်တိုင်းက လာတာတွေ။
Happy Birthday ပါလို့ .. အပြန်အလှန် နှုတ်ခွန်းဆက်ကြရာကနေ. ဝမ်းသာပီတိကို ဖလှယ်ကြတယ်ပေါ့ – ခင်ဗျား စောနက ပြောသလို ဟုတ်ကောင်း ဟုတ်မယ်။
ဒါပေမယ့် ဒီလူတွေကရော တကယ် သတိတရ ရှိနေရမယ့် လူတွေကို – ( သူ့အချိန်အခါ ) ရောက်ကြတဲ့ အခါ သတိရကြရဲ့လား။

AA: အမှန်တရားဆိုတာ၊ မှန်တယ်လို့ထင်တာတွေဟာ သတ်မှတ်တဲ့လူပေါ် မူတည်တာပဲ။
ကိစ္စရပ်တစ်ခုကို ကိုယ်လက်မခံနိုင်တာနဲ့ ဒါ အရူးတွေ လုပ်ရပ်လို့ ခပ်ဆန်ဆန် မပြောရဘူးး

me: မှန်တယ်လို့ ထင်တာတွေက သတ်မှတ်တဲ့ လူပေါ်ပဲ မူတယ်တယ် ?? အဲ့စကားအတိုင်း ယူဆမယ် ဆိုရင် – ဥပမာ – လိမ်တာကို မှန်တယ်လို့ ကျနော် ယူဆတာနဲ့ပဲ မှန်သွားပြီလား။ လူတစ်ယောက်ကို သတ်ပစ်ရမယ်လို့ ကိုယ့်အမှန်နဲ့ ကိုယ်စဉ်းစားလိုက်တာနဲ့ အဲ့ဒါကြီးက မှန်သွားရောလား။ အဲ့လိုလား။

AA: right ဒါ ခင်ဗျား ကိုယ်ပိုင်အခွင့်အရေးပဲ
ခင်ဗျားက လိမ်တာကို မှန်တယ်..ကြိုက်တယ် ထင်ရင် လိမ်လေ

me: အင်း
ဒါဆို ဒီနေရာမှာ မှားတယ်လို့ အားလုံး ဝိုင်းပြောပိုင်ခွင့် မရှိဘူး
ကျနော် လူတစ်ယောက်ကို သတ်ရင်လည်း မင်းလူသတ်မှု လုပ်တယ် ၊ အပြစ်ရှိတယ်လို့ ပြောပိုင်ခွင့်မရှိဘူး။
သူ့သတ်မှတ်ချက်နဲ့ သူ ကိုယ့်သတ်မှတ်ချက်နဲ့ကိုယ်။ကိုယ့်မှာလည်း သတ်ပိုင်ခွင့် ရှိတယ် …. သူလည်း မသေချင်ရင် ပြေးသာ ပြေး။
အဲ့လိုမဟုတ်လား။

AA: သူတို့ အခွင့်အရေးက သူတို့ဘက်က မှားတယ်လို့ မြင်ရင် မှားတယ်လို့ ပြောမှာပဲ
ခင်ဗျားက သူတို့ ဘာလုပ်ရတယ် ဘာမလုပ်ရဘူး တားပိုင်ခွင့်မရှိဘူးး ။ခင်ဗျား လူတစ်ယောက်ကို သတ်ချင်ရင် သတ်နိုင်တယ် ။ အသတ်ခံမယ့်သူက မသေချင်ရင် ပြေးမှာပဲ။ အဲ သတ်နိုင်သွားပြီဆိုပါစို့။ လူု့လောကမှာ ချမှတ်ထားတဲ့ စည်းမျဉ်းအရ ခင်ဗျား တစ်ခုခုပြန်ခံရမယ်။ အဲဒါလည်း ငါ့ကို ဒီလို လာမလုပ်နဲ့ တားလို့မရဘူးလေ ။ ဒါလည်း အဲ့ လူ့ဘောင်က လူတွေအများစုရဲ့ ဆန္ဒပဲ

me:🙂 အိုကေ ။ ဒါဆိုရင် မှန်တယ်ဆိုတာ တစ်သီး ပုဂ္ဂလ ကိုယ့်အယူအဆပေါ်မှာပဲ အခြေခံပါတယ် ဆိုတဲ့ အချက်ကို အတည် ယူပြီ။ ဆိုပါစို့။
ဗုဒ္ဓရဲ့ သစ္စာလေးပါးတရား ကလည်း ဗုဒ္ဓက မှန်တယ်လို့ ယူဆတဲ့အတွက် သူ့ဟာသူ မှန်တာ။
ခရစ်တော်ရဲ့ အဘ ဘုရားသခင်နဲ့ ကောင်းကင်ဘုံကလည်း သူ့အယူအဆနဲ့ သူမှန်တာ။
မိုဟာမက်ကလည်း သူ့အလ္လာ အရှင်နဲ့ သူ့ဟာသူ မှန်နေတာ။
ကမ္ဘာမှာ အမှန်တရားတွေ အများကြီးပါပဲ ကလား။ လူတစ်ဦး တစ်ယောက်ထဲမှာတင် အခု အမှန်တစ်မျိုး၊ နောက် အမှန် တစ်မျိုး တွေ ဖြစ်ကုန်ကြပါရောလား။

AA: ဒီလိုဟာမျိုးက ခင်ဗျား ယုံကြည်တဲ့ဘက်ကို လိုက်နိုင်ပါတယ်။ ကိုယ့်လူမျိုးနဲ့ ကိုယ် ကိုယ်မှန်တယ်ထင်ရာ ကိုယ်ယုံကြည်ရာကို ကိုယ် လက်ခံကြတယ်.။ ဘယ်အရာကိုမှ လက်မခံပဲ နေလဲ နေလို့ ရတယ်။

me: ဒါက ယုံကြည်မှု အပိုင်း ဖြစ်သွားပြီဗျ ။ ယုံကြည်တာဟာ မှန်တာ မဟုတ်ဘူး။ ကြိုးတစ်ချောင်းကို မြွေလို့ ယုံပြီး ကြောက်နေတဲ့ ကလေးတစ်ယောက် အတွက်
သူ့ကို မင်းမှန်တယ်လို့ .စောနက အဆိုနဲ့တော့ ပြောကောင်းပြောနိုင်မယ်။ ဒါပေမယ့် တကယ် လက်တွေ့က အမှားကြီးပဲ။ အမှားဟာ အမှားပဲ ။ ဒီကောင်လေးရဲ့ စိတ်မှာ အန္တရာယ်မရှိတာကို အန္တရာယ်ရှိတယ်လို့ ထင်မြင်တာ။ ယုံကြည်တာ။ အဲ့ လို ယုံကြည် လိုက်ရုံနဲ့ ကောင်လေး အတွက် အမှန် မဖြစ်သွားနိုင်ဘူး။ ဟုတ်တယ်ဟုတ် ။

ဥပမာ နောက်တစ်ခု – ခင်ဗျားရော ကျနော်ရော ဗုဒ္ဓဘာသာ များ ဖြစ်တဲ့ အတွက် ဗုဒ္ဓဘာသာ တွင်း ဘက်က ပြောရင် – ကျနော်တို့ လူတွေ အတွင်းစိတ်မှာ အတ္တရှိတယ်လို့ ယုံကြည်တယ်။ အဲ့စိတ်နဲ့…. တစ်သံသရာလုံး လည်ပတ်နေကြတယ်။ တကယ်က ဒါဟာ ကျနော်တို့ မှန်နည်း တစ်မျိုးပဲ မဟုတ်လား။

စောနက ပြောတဲ့အတိုင်း ယုံကြည် လိုက်ရင် မှန်ပြီ လို့ ဆိုတာ ဖြစ်တဲ့ အတွက် – ဘုရား ပွင့်စရာ အကြောင်းမရှိတော့ဘူး ။ နကိုထဲက မှန်နေပြီးပြီ မို့လို့။
ဘယ်ဘုရားမှ သစ္စာလေးပါး လာဟော မနေနဲ့။ ရှင်တော် ဂေါတမ ဗုဒ္ဓကို “ခင်ဗျားဘာသာ ခင်ဗျား မှန်တဲ့ သစ္စာလေးပါး ခင်ဗျား ဆီမှာပဲ ထား ။ ကျုပ်တို့ ယုံကြည်တာ ကျုပ်တို့ မှန်တယ်” လို့ ပြောကြမှာလား။

အဲ့တော့ ကျနော်တို့မှာ မှားနေရင် မှားနေကြောင်းတော့ သိရလိမ့်မယ် ။ လူတွေရဲ့ စိတ်ထဲ အပိုစာသားတွေ ရောက်ရောက်လာရင်… အလုပ်တွေ များလာကြတယ်။ လိုရင်း မွေးနေ့ အကြောင်းကို ဆက်ပြောပါမယ်။ အမျိုးဘာသာ သာသနာ အတွက် တကယ်ကို သတိရသင့် ပါတယ် ဆိုတဲ့ – အောက်မေ့သင့်တဲ့ မွေးနေ့မျိုးတွေ ရှိပါတယ်။ အဲ့လို နေ့မျိုးမှာ အားလုံး ထထ ကြွကြွ နိုးကြားကြရဲ့လား။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ မှာ ဘာတွေ ဖြစ်ကြလဲ။ ဗမာ အများစု။ ပုံမှန်ပဲ မဟုတ်လား။ သတိရကြရဲ့လား။

AA: ခင်ဗျားက နိုင်ငံရေးသမားပဲ

me: ( အီ……… ဘာနာမည် မှတောင် တပ်ပြီး မပြောရသေးဘူး😀 ) ဒါကို နိုင်ငံရေးလို့ ဆိုရင် ထားပါတော့။ လိုရင်း ရောက်အောင် – နောက် တစ်ခု ပြောင်း ပြောပါမယ်။ ပြည်ပရောက်တဲ့ မြန်မာတွေကော ပြည်တွင်းက မြန်မာတွေရော “ငါတို့ဟာ ဗုဒ္ဓဘာသာဝင် တွေပါ” လို့ ပြောကြသမျှတွေထဲမှာ ကျနော်တို့ လူဘယ်နှစ်ယောက် ကဆုန်လပြည့်နေ့ကို သတိရကြပါသလဲ။

ဗုဒ္ဓဘာသာပါ ဆိုပြီး …. နိဗ္ဗာန် ကို ဒုံးပျံစီး၊ အမြန် ခရီး နီးပါစေ ဘုရား လို့သာ – ဘုရားစင်ရှေ့ ငုတ်တုတ်ထိုင်တော်မူ၊ ရှုစားတော်မူနေကြတာ ။ ဒါပေတဲ့ ဘယ်သူ ဘယ် နှစ်ယောက် – ကဆုန် လပြည့်နေ့မှာ ထူးထူးခြားခြား နိုးနိုးကြားကြား သတိရကြသလဲ ။ ဗုဒ္ဓ ကိုယ်တိုင် ဖွားတော် မူပါတယ် ဆိုတဲ့ နေ့လေးပါ။ ဗုဒ္ဓဘာသာဝင် ကျနော် တို့ ပြောတတ်တဲ့ “ဒုက္ခက လွတ်ရာ ငြိမ်းရာ အေးချမ်းရာကို ညွှန်ပြပေးတော်မူသွားတဲ့ ဗုဒ္ဓ ရှင်တော် မြတ်ကြီး ဖွားမြင်တော် မူတဲ့နေ့”ပါ။

ဒါပေမယ့် –
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ Valentine Day လောက်မှ စိတ်ကူးထဲ မရှိတာ များပါတယ် ။ April Fool Day လောက် စိတ်ကူးထဲ မရောက်တာ များတယ်။ ကနေ့ နိုင်ငံသိ မီဒီယာ ဆိုဒ်တစ်ခုမှာ ဆို ဧပြီလ ၁ ရက်က April Fool Day ဆိုပြီး တွေ့တယ်။ မြန်မာနိုင်ငံတွင်းက ဆိုဒ်။ ဒါပေမယ့် တကယ်တမ်း မြန်မာ့ နေ့ကြီးတွေ အရောက်မှာ အဲ့မှာ ဘာတွေများ ထူးထူးခြားခြား တင်ရှိလဲလို့။ မတွေ့ပါ ဘူး။ April Fool ဆိုတဲ့ အတိုင်း အဲ့နေ့ ကျမှ ကွက်ပြီး အရူးထ မိသွားတာလဲ ဖြစ်နိုင်တယ်။ ကျနော်တို့ တွေမှာ – အင်္ဂလိပ် နှစ်ကူးရောက်ပြန်ရင်လည်း Happy New Year လို့ ညသန်းခေါင် အော်ဟစ်ကြဖို့ သိကောင်း သိကြမယ်။ ကဆုန်လပြည့်နေ့များ၊ တပေါင်းလပြည့်နေ့များ၊ ဖော်ဖော်ဝါရီ ၁၂၊ ၁၃ ရက်နေ့များ – အဲ့ နေ့များဟာ ထူးမြတ်ကြောင်းပါ လို့ တန်ဖိုးထားသူ ရှားလာပါတယ်။ “သိကား သိ၏ ၊ မမြင်” တော့ တာ ဖြစ်ပါလိမ့်မယ် ။ ရှေ့လမှာ လာပါလိမ့်ဦးမယ် ဇူလိုင် ၁၉။

အဲ့တော့ ကျနော်တို့ ကိုယ့်အကြောင်းကိုယ် ပြောကြရရင် – သင်္ကြန်လို အပျော်အပါး မြင်းကြောဆွဲ ကြဖို့မှာတော့ အုံနဲ့ ကျင်းနဲ့ စိတ်ပါ လက်ပါ ရှိကြပေမယ့် – အဲ့ဒီလို နေ့မျိုးတွေမှာ စိတ်ထဲ မရှိကြတာ ( မရှိကြတော့တာ ) များ နေပါတယ်။ အရေးပါ အရာရောက်သော ပုဂ္ဂိုလ်များ ( ဆိုလိုချင်တာကတော့ လုပ်နိုင်ကိုင်နိုင်မယ့် မီဒီယာများ ) ကလည်း ဘာ အသိမှ မပေးတော့၊ မပြောတော့၊ မဆိုတော့။ မလုပ်တော့။ ရှော့ပင်းမောလ် တက်မယ့် အကြောင်း ၊ ဟန်းဖုန်း အပြောင်းအလဲ အကြောင်း နဲ့၊ ဒါမှမဟုတ် ကျနော်တို့ အခုချိန် တ တီထဲ တီနေတဲ့ အိုင်တီ တွေအကြောင်း – ဒါတွေနဲ့ အာရုံမအား နိုင်အောင် ဖြစ်နေကြတာ များပါတယ်။

အဲ့တော့ ကျနော်တို့ လူငယ်များဟာ အဆုံး စွန်ဆုံး .. ဘာမှ မထူးခြားတဲ့ – ကိုယ့် မွေးနေ့လေးမှာ ကြေးအိုးသောက်မယ် ဆိုတာလောက်တောင် ကဆုန် လပြည့်နေ့ စသည် နေ့ မျိုး တွေက စိတ်ကူးထဲ မရောက်ကြတော့ ဘူး။ ငါ မွေးနေ့မှာ ကာရာအိုကေ ဟစ်မယ် ဆိုတာလောက် စိတ်ကူးထဲ မရှိတော့ဘူး။ လာမယ့် နေ့က ဘယ်ကောင်မလေးရဲ့ မွေးနေ့၊ ဘယ်နေ့က ဘယ်သင်း၊ ဘယ် မင်းသားရဲ့ မွေးနေ့ ဆိုတာလောက် စိတ်ကူး မရှိကြတော့ဘူး ဆိုတာ တွေ့လာရပါတယ်။

အဲ့လို လူတွေကပဲ အရေးအကြောင်းဆို …ဘုရား ဘုရား တ -ကြမှာ ။ အခုလို ပြောတယ်ဟယ်၊ ဘာဖြစ်လဲ ဆိုတဲ့ ကောင်မျိုးတွေ့ရင်… မင်း ဗုဒ္ဓဘာသာ မဟုတ်ဘူးလား၊ နင် ဗုဒ္ဓဘာသာ ၊ ဗမာ မဟုတ်ဘူးလား၊ ရိုင်းလှချည်လား လို့ ဘာသာရေး ကို ၊ လူမျိုးရေးကို – နာမည်၊ တံခေါင်းခေါင်း၊ ထိပ်စီးတပ်ပြီး သူတို့ ကိုယ်တိုင်ပဲ အဲ့ဒါတွေကို တန်ဖိုးထား အလေးပေးနေဟန် ပုံမျိုး- ကက်ကက်လန်အောင် ရန်တွေ့ပြကြမှာ။

တကယ့်တကယ်တမ်း ကျနော်တို့ အားလုံး တက်တက်ကြွကြွ အဲ့ လို နေ့ကြီးတွေမှာ ဂရုစိုက်ခဲ့ကြပါသလား။ မြန်မာ နိုင်ငံ လူ့ဦးရေ ( ပြည်တွင်းပြည်ပ ရှိရှိသမျှ ) နဲ့ ယှဉ်ကြည့်ရင် လက်တစ်ဆုပ်စာ လောက်ကသာ ဂရုတစိုက် တန်ဖိုးထား သတိတရ ရှိနေကြ ပါတော့တယ်။ ဒီလို မြတ်နိုးကြတဲ့ လက်တစ်ဆုပ်စာ ကို သူတို့ လုပ်ကြလိမ့်မယ် ၊ ဒို့ မလို ပါဘူးလို့ လက်ညိုး ထိုးပြရင် ဘယ်သူ မှားလဲ ဘယ်သူမှန်လဲ အရှင်းကြီး စဉ်းစားနိုင်ပါလိမ့်မယ် ။

အဲ့တော့ ကိုယ့် မွေးနေ့ကိုလည်း ကိုယ် သတိ ရသလို၊ ကိုယ့်ချစ်သူ ရည်းစား၊ ( ကိုယ့် အထက်လူကြီး ဘယ်သူ ဘယ်သင်း စသဖြင့် တို့ရဲ့ ) မွေးနေ့ အတွက်ကို ဆိုလည်း အားသွန်ခွန်စိုက် လုပ်ကြသလို၊ တကယ့် မွေးနေ့ ကြီးများ၊ တကယ့် နေ့ကြီးများ ကိုလည်း စိတ်ရောကိုယ်ပါ တက်တက်ကြွကြွ ရှိနေကြဖို့ လိုပါတယ် ။

……………………………………….

မွေးနေ့ ဟူသော ဝေါဟာရဖြင့် စပ်မိစပ်ရာ အတွေးများမှသည် ဇူလိုင်လအတွင်း နေ့တစ်နေ့သို့ –

…………………………………………

အတူတကွ ပြောကြားပေးခဲ့တဲ့ ကျနော့ မိတ်ဆွေ ( AA: ) ကို ကျေးဇူးတင်ပါသည်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: