ဇူလိုင် ၁၉ မှ သင်ခန်းစာ

ကလောင် အမည် “ကိုဆောင်း” ရေးသားခဲ့တာက ပြီးခဲ့တဲ့ မ-ဆ-လ ခေတ်အခါက ဖြစ်ပါလိမ့်မယ်။ ခေတ်၊ စနစ် ( အမည်အားဖြင့် ) မတူတော့ပါဘူး။ ဒါပေတဲ့ အဲ့ဒါကို ခုချိန်မှာ တင်တာက ရှေ့လမှာ ကျရောက်မယ့် ဇူလိုင် ( ၁၉ ) အတွက် နောက်ပို့စ်တွေ တင်ဖို့ ရှိတာမို့ အစပျိုး သဘောသာ ဖြစ်ပါတယ်။ အတွင်း စာသားကို ( မူရင်း စာရေးဆရာကို လေးစားသောအားဖြင့် ) ဘာမှ မပြုမပြင် ထားပါ။ ပါရှိသည့် အတိုင်း တင်ပါတယ်။ ဓာတ်ပုံများ ကိုတော့ မော်နီတာ ( ဗိုလ်ချုပ်အောင်ဆန်း အထူးထုတ် ) ထဲက အတိုင်း ဖြည့်ယူ ပါတယ်။

ဇေယျ
……………………………………….

မြန်မာ တစ် နိုင်ငံလုံး နှင့် မြန်မာ တိုင်းရင်းသား တစ်ရပ်လုံး ၏ ဘ၀ မှတ်တိုင် တွင် ထာဝစဉ် အဓိကရ နေရာယူ နေမည့် “အာဇာနည်နေ့”နှင့် ပတ်သက်၍ အကျဉ်းချုပ် သုံးသပ် လေ့လာချက် တစ်ရပ် ပြုကြမည် ဆိုလျှင်

(၁) အာဇာနည်နေ့ မတိုင်မီ တိုင်းပြည်၏ အထွေထွေ အခြေအနေ
(၂) လုပ်ကြံမှု၏ ရည်ရွယ်ချက်၊
(၃)ပြည်သူလူထု၏ တုံ့ပြန်မှု၊
(၄)အာဇာနည်နေ့မှ ပေးသော သင်ခန်းစာများ ဟူ၍ အပိုင်း လေးပိုင်း ခွဲခြား လေ့လာခြင်း ပြုသင့်ပါသည်။

(၁)အာဇာနည်နေ့ မတိုင်မီ တိုင်းပြည်၏ အထွေထွေ အခြေအနေ

ဒုတိယ ကမ္ဘာ စစ်ပြီး ကာလ ဖြစ်သည့် (၁၉၄၅) ခုနှစ်မှ စ၍ (၁၉၄၇) ခုနှစ် အထိ (၃) နှစ် ကာလကို လေ့လာ သုံးသပ်ရန် လိုအပ် ပေမည်။ (၁၉၄၅) ခု၊ မတ်လ (၂၇) ရက်နေ့ မှစ၍ မြန်မာ တိုင်းရင်းသား အားလုံး တို့သည် ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး (ဖတပလ) အဖွဲ့ဝင်များ၊ ဗမာ့ ကာကွယ်ရေး တပ်မတော် နှင့် မျိုးချစ် ဗမာ့ တပ်မတော်သား များအဖြစ် တစ်စု တစည်းတည်း တိုက်ပွဲ ၀င်၍ ဖက်ဆစ် ဂျပန် များအား တော်လှန် တိုက်ခိုက်၍ မြန်မာနိုင်ငံ၏ မြေပြင်မှ မောင်းနှင် ထုတ်ခဲ့ကြ လေသည်။

(၁၉၄၅) ခုနှစ်တွင် ဗြိတိသျှ တို့သည် စစ်တပ်ကြီး များနှင့် မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည် ၀င်ရောက် လာကြသည်။ သို့သော် တိုင်းရင်းသား အားလုံး အပါအ၀င် တပြည်လုံးက ဗြိတိသျှ တို့၏ စစ်အုပ်ချုပ်ရေး ကို အမြန်ဆုံး ရပ်စဲ ရုပ်သိမ်းရန် တောင်းဆို ကြသည်။ ထို့ကြောင့် (၁၉၄၅) ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့ တွင် ဗြိတိသျှ အပေါင်းပါ များ၏ စစ်အုပ်ချုပ်ရေး မှာ လုံးဝ ရပ်စဲ ခဲ့ရသည်။ သို့သော် ဗြိတိသျှတို့သည် မိမိ တို့နှင့် အတူ ပါလာသော ဆင်းမလား စီမံကိန်းခေါ် စက္ကူဖြူ စာတမ်းအရ မြန်မာနိုင်ငံ အား ဆက်လက် စိုးမိုးရန် ကြိုးစား ကြပြန်သည်။

ယင်းတို့၏ စက္ကူဖြူ အုပ်ချုပ်ရေးကို (၁၉၄၆) ခု၊ ဇွန်လ (၂၆) ရက် နေ့တွင် တိုင်းရင်းသား လူမျိုး ပေါင်းစုံ ပါဝင်သည့် လူပေါင်း တစ်သိန်းကျော် တက်သော လူထု အစည်းအဝေးကြီး မှ ကန့်ကွက် ကြသည်။ ယင်း လှုပ်ရှားမှုနှင့် တဆက်တည်း (၁၉၄၆) ခု၊ စက်တင်ဘာလ အတွင်း တွင် ရဲ အဖွဲ့ဝင်များ အပါအ၀င် အမှုထမ်း ပေါင်းစုံ တို့သည် ပြည်လုံးကျွတ် အထွေထွေ သပိတ်ကြီး မှောက်၍ ပြင်းထန်စွာ လှုပ်ရှား၍ လာကြသည်။


ထို့ကြောင့် ဗြိတိသျှ အစိုးရ သည် ဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ် အား ပြန်ခေါ်၍ ထိုနေရာတွင် တာဝန် ထမ်းဆောင်ရန် မေဂျာ ဂျင်နရယ် ဟူးဘတ်ရန့်စ် အား လွှတ်ရသည်။ ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီ၏ ဖိတ်ခေါ်ချက် အရ (၁၉၄၇) ခုနှစ်၊ ဇန်န၀ါရီလ (၇) ရက်နေ့ တွင် ဗိုလ်ချုပ် အောင်ဆန်းသည် သခင်မြ၊ ဦးတင်ထွဋ် စသည် တို့နှင့် အတူ ဘိလပ်သို့ သွားသည်။

လကျာ် နိုင်ငံရေး လက်ဟောင်းကြီး များကိုလည်း ဖိတ်ကြား ခဲ့လေရာ သခင် ဗစိန်သည် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ လိုက်သွား သော်လည်း ဦးစောမှာ နောက်မှ လိုက်သွားသည်။ ဗြိတိသျှ တို့သည် ပြည်သူလူထု ၏ တခဲနက် တိုက်ပွဲဝင်မှု ကြောင့် မလွှဲသာပဲ လွတ်လပ်ရေး ပေးရတော့မည့် အချိန်၌ပင် တောင်တန်း ဒေသများကို လက်မလွှတ် လိုကြပေ။ ဆက်လက်၍ သိမ်းပိုက် ထားနိုင်ရန် ကြိုးစား ကြသေးသည်။

သို့သော် ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် တိုင်းရင်းသား လူမျိုး ပေါင်းစုံ တို့၏ သွေးစည်း ညီညွတ်မှု ကို တည်ဆောက်၍ (၁၉၄၇) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက် နေ့တွင် ကျင်းပသော ပင်လုံညီလာခံ အစည်းအဝေးကြီးမှ မြန်မာနိုင်ငံ ရှိ တိုင်းရင်းသား လူမျိုးများ သွေးစည်း ညီညွတ်ရေး စာချုပ်ကြီး တစ်ရပ်ကို ချုပ်ဆို လိုက်သည်။

(၁၉၄၇) ခုနှစ်၊ ဇန်န၀ါရီလ (၂၇) ရက် နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီ တို့သည် မြန်မာပြည်အား လွတ်လပ်ရေး ပန်းတိုင်သို့ လမ်းခင်း ပေးသည့် စာချုပ်ကို လက်မှတ် ရေးထိုးကြသည်။ ဦးစောနှင့် သခင်ဗစိန် တို့က အောင်ဆန်း အက်တလီ စာချုပ် အရ မြန်မာပြည် လွတ်လပ်ရေး မရနိုင် ဟု ဆိုကာ လက်မှတ် မထိုးကြပေ။

(၁၉၄၇) ခုနှစ်၊ ဧပြီလ (၉) ရက် နေ့တွင် တိုင်းပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ကျင်းပရာ ပြည်မ ရွေးကောက်ပွဲ များတွင် ကွန်မြူနစ် အတ် (၇) နေရာမှ အပ ကျန် နယ်အားလုံး တွင် ဗိုလ်ချုပ် အောင်ဆန်း ရှေ့ဆောင်သည့် ဖဆပလ အမတ်များ က အပြတ်အသတ် နိုင်ကြလေသည်။ (၁၉၄၇) ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် ကျင်းပသော တိုင်းပြည်ပြု လွှတ်တော် အစည်းအဝေး တွင် ဗိုလ်ချုပ် အောင်ဆန်း သည် လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် မြန်မာနိုင်ငံတော် အတွက် ရေးဆွဲရမည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန် ပြဋ္ဌာန်းချက် (၇) ချက် ပါရှိသည့် အဆိုကို တင်သွင်းရာ ယင်းအဆိုကို ဖဆပလ အမတ်များ အပြင် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း၊ ရခိုင် အမတ် များနှင့် ကွန်မြူနစ် အမတ် တစ်ဦး တို့ကပါ ထောက်ခံကြပြီး ကန့်ကွက်သူ မရှိ အတည်ပြု ခဲ့ကြလေသည်။

(၁၉၄၇) ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့မှာ သမိုင်းမှတ်တိုင် တစ်ခု ဖြစ်သည်။ ထိုနေ့တွင် ဗိုလ်ချုပ် အောင်ဆန်း သည် ရန်ကုန် မြို့တော် ခန်းမ လသာဆောင်မှ နေ၍ ပြည်သူလူထုအား နောက်ဆုံး မိန့်ခွန်း မြွက်ကြားခဲ့ခြင်း ဖြစ်သည်။ ယင်းမိန့်ခွန်းတွင် ဗိုလ်ချုပ် အောင်ဆန်းက-“ဖဆပလ အဖွဲ့ချုပ်က စေတနာကောင်းနဲ့ လွတ်လပ်ရေး ရုပ်လုံး ဖော်လာပြီ။ အဲဒီလို ရုပ်လုံးဖော်လာရာမှာ အကောင်းဆုံး နဲ့ အအေးဆုံး နည်းနဲ့ လုပ်နေတယ်။ နောက်ဆုံး နည်းအေးအေးနဲ့ မရရင် ရတဲ့နည်းနဲ့ လုပ်ရမှာပဲ ဆိုတာ ပြောခဲ့ပြီ။ ဗမာပြည်မှာ လူမျိုး အချင်းချင်း မကွဲဖို့၊ လူငယ်ပိုင်း ဖြစ်သော လက်ဝဲသမား အချင်းချင်း မကွဲဖို့ သတိပေး လိုပါတယ်” ဟု မိန့်ကြား သွားခဲ့သည်။

အထက်တွင် ဖော်ပြခဲ့သော တိုင်းပြည်၏ အခြေအနေ များကို ချုပ်လိုက်ပါမူ

(က) နယ်ချဲ့သမားတို့ လုံးဝ လက်လွှတ် ပေးရတော့မည့် အခြေအနေ၊ နယ်ချဲ့ လက်ပါးစေ ဖောက်ပြန်သော ပုဆိန်ရိုးများသည် လူထု၏ ထောက်ခံမှု လုံးဝ မရရှိဘဲ ပြည်သူလူထုကြီးနှင့် လုံးဝ ကင်းကွာ နေကြသည့် အခြေအနေနှင့် …
(ခ) အခြား တစ်ဖက်တွင်မူ တိုင်းရင်းသား လူမျိုး အားလုံး အပါအ၀င် မြန်မာ တစ်မျိုးသားလုံး သည် ဗိုလ်ချုပ် အောင်ဆန်း ၏ ခေါင်းဆောင်မှု အောက်တွင် မကြုံဖူး လောက်အောင် စည်းလုံး ညီညွတ်သော အင်အားဖြင့် လုံးဝ လွတ်လပ်ရေး အတွက် တက်တက် ကြွကြွ အုံကြွ တိုက်ပွဲဝင် နေကြသည့် အချိန် ဖြစ်လေသည်။


(၂) လုပ်ကြံမှု၏ ရည်ရွယ်ချက်

ဗြိတိသျှ နယ်ချဲ့သမား များသည် မြန်မာနိုင်ငံအား လွတ်လပ်ရေး မပေးလျှင် မဖြစ်တော့သော အခြေအနေကို ရင်ဆိုင် နေချိန်ဝယ် အဓိက အားဖြင့် ခြေလှမ်း နှစ်ခုကို တစ်ပြိုင်တည်း လုပ်ကိုင်လာ ခဲ့ကြလေသည်။ တစ်ခုမှာ လွတ်လပ်ရေး ပေးရန် သဘောတူကြောင်း၊ အေးအေးချမ်းချမ်း အာဏာ လွှဲပေးရန် လိုလားကြောင်း စသည်ဖြင့် စာချုပ်ချုပ်ခြင်း၊ ပြောဆိုခြင်း ပြုရာ အခြားတစ်ခုမှာ မိမိ အာဏာ လွှဲပေးရမည့် လွတ်လပ်ကာစ မြန်မာ အစိုးရသည် နယ်ချဲ့ အလိုကျ နယ်ချဲ့ သြဇာခံမည့် ပုဆိန်ရိုး အစိုးရမျိုး ဖြစ်လာစေရန် နည်းအမျိုးမျိုး နှင့် ကြိုးစားခြင်း ဖြစ်လေသည်။

ဒုတိယ လုပ်ငန်း အတွက် ကြိုးပမ်း လုပ်ကိုင် ရာ၌ နယ်ချဲ့သမားသည် တိုင်းရင်းသား လူမျိုးများနှင့် မြန်မာများ အတွင်း လူမျိုးရေး၊ နိုင်ငံရေး အရ ကွဲပြားအောင် နည်း အမျိုးမျိုးဖြင့် ပြုလုပ်ကြသည်။ နယ်ချဲ့၏ သွေးခွဲမှု ကို ပင်လုံ ညီလာခံမှ ချေမှုန်း ပစ်လိုက် ခဲ့ပေသည်။ တိုင်းရင်းသား လူမျိုးများ နှင့် သွေးကွဲ အောင်လည်း လုပ်၍မရ။ ထိုအချိန်က စည်းရုံးမှု အင်အား အကြီးဆုံး ဖြစ်သော ဖဆပလ အဖွဲ့ သာမကဘဲ လက်ဝဲ နိုင်ငံရေး ထဲမှ ကွန်မြူနစ် အဖွဲ့၏ ထောက်ခံမှု ကိုပါ ရရှိနေသော ဗိုလ်ချုပ် အောင်ဆန်း ၏ ခေါင်းဆောင်မှု ကို ဖယ်ရှားရန် အတွက် နယ်ချဲ့သမား သည် လက်ျာ နိုင်ငံရေး လက်ဟောင်းကြီးများ နှင့် ပူးပေါင်း ကြံစည်မှုများ ပြုလုပ်ခဲ့လေသည်။

(၁၉၄၇) ခုနှစ်၊ ဇူလိုင် လဆန်းရက် ထဲတွင် ဗြိတိသျှ စစ်ဗိုလ်များ အုပ်ချုပ်နေသော စစ်ပစ္စည်း ထောက်ပံ့ရေး တပ်မှ ဘရင်းဂန်း (၂၀၀) နှင့် ကျည်ဆန်များ ပျောက်ဆုံးသွားသည်။ အခြားနည်းနှင့် ဖယ်ရှား၍ မရတော့သော ဗိုလ်ချုပ် အောင်ဆန်း အား နိုင်ငံရေး ရန်သူများက လုပ်ကြံ ကြလိမ့်မည် စသည့် သတင်း ပေါ်ထွက် လာလေသည်။

သို့သော် ပြည်သူလူထု အား အကြွင်းမဲ့ ယုံကြည်သော ဗိုလ်ချုပ်အောင်ဆန်း သည် အထက်ပါ သတင်းများကို ဂရုမစိုက် ခဲ့ပေ။ အခြား ဖဆပလ ခေါင်းဆောင်များ သည်လည်း လုံလောက်သည့် ကာကွယ် စီမံမှုများကို မပြုလုပ် ခဲ့ကြပေ။ ဗိုလ်ချုပ် အောင်ဆန်းသည် မိမိကိုယ် မိမိ ယုံကြည်မှု ရှိသူတို့၏ ဓမ္မတာ အတိုင်း ရန်သူ၏ ခြေလှမ်းကို အထင်သေး လျှော့တွက်ခြင်း ဖြစ်ခဲ့ရပေသည်။

ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ် တို့အား နယ်ချဲ့ လက်ပါးစေတို့က လုပ်ကြံ သတ်ဖြတ် ပစ်လိုက်ကြ၏။ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း အမှူးပြုသော အစိုးရ အဖွဲ့ဝင် များကို လုပ်ကြံ ပြီးနောက် မိမိတို့ ဖြန့်ထားသော လက်နက် များဖြင့် နယ် အချို့တွင် လှုပ်ရှား ဆူပူကာ ဖဆပလ အဖွဲ့ကြီးက တိုင်းပြည်၏ အခြေအနေကို ငြိမ်ဝပ်အောင် မထိန်းသိမ်း နိုင်၍ ယင်းတို့၏ လက်ဝယ်သို့ အာဏာ လွှဲပြောင်း ပေးရသည် ဆိုသည့် အခြေအနေရောက်အောင် ပြုလုပ်ရန် ဖြစ်သည်။

နယ်ချဲ့ လုပ်ကြံမှု၏ အဓိက ရည်ရွယ်ချက် မှာ နည်းအမျိုးမျိုးနှင့် ဖြိုခွဲ၍ မရခဲ့သော မြန်မာနိုင်ငံမှ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ လွတ်လပ်ရေး အုံကြွမှုကြီး ကို ချိုးနှိမ်ရန် ဖြစ်လေသည်။


(၃) ပြည်သူလူထု၏ တုံ့ပြန်မှု

နယ်ချဲ့တို့၏ အကြံအစည် သည် မအောင်မြင်ခဲ့ပေ။ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး ပါဝင်သည့် လွတ်လပ်ရေး လှုပ်ရှားမှုသည် ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံရသော်လည်း အရှိန်သေ၍ မသွားခဲ့ပေ။ ဆထက် ထမ်းပိုး ပို၍သာ ပြင်းထန် လာခဲ့ပေသည်။ လူသတ်ဝါဒ ရှုတ်ချ ပွဲကြီးများကို တစ်ပြည်လုံး တွင် အနှံ့အပြား ပြုလုပ်ကြပြီး နယ်ချဲ့နှင့် နယ်ချဲ့ လက်ပါးစေများကို ဖွင့်ချကြသည်။

ဗိုလ်ချုပ် အောင်ဆန်း လမ်းကြောင်း ပေးထားသော လုံးဝလွတ်လပ်ရေး တိုက်ပွဲလမ်း အတိုင်း လိုက်ခဲ့ကြ လေသည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့်အတူ လုပ်ကြံ သတ်ဖြတ်ခြင်း ခံရသည့် အထဲတွင် ရှမ်း အမျိုးသား ခေါင်းဆောင် မိုင်းပွန် စော်ဘွားကြီး နှင့် ကရင် အမျိုးသား ခေါင်းဆောင် မန်းဘခိုင် တို့ ပါဝင် ကြလေရာ လုပ်ကြံမှု နောက်ပိုင်းမှ လွတ်လပ်ရေး ကြေညာသည့် (၁၉၄၈) ခုနှစ်၊ နှစ်ဦးပိုင်း အတွင်း၌ တိုင်းရင်းသား လူမျိုး အားလုံး သည် တသွေး တသားတည်း ဆက်လက် ရပ်တည် တိုက်ပွဲဝင် ခဲ့ကြလေသည်။

(၁၉၄၆ – ၁၉၄၇) ခုနှစ် အတွင်း မြန်မာ တစ်မျိုးသားလုံး ဗိုလ်ချုပ် အောင်ဆန်း၏ ခေါင်းဆောင်မှု အောက်တွင် မကြုံစဖူး စည်းလုံး ညီညွတ်ခဲ့သော အရှိန်သည် လုပ်ကြံမှု နောက်ပိုင်းတွင် ပြိုမကျခဲ့ပဲ ပိုမို ပြင်းထန် လာ၍သာ (၁၉၄၈)ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့တွင် လွတ်လပ်ရေး ကြေညာ နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

အာဇာနည် ဗိုလ်ချုပ် အောင်ဆန်း၏ ရှေ့ဆောင်မှု၊ အသက်စွန့် ကြိုးပမ်းမှု ကြောင့် ကိုလိုနီ ဘ၀မှ လွတ်မြောက်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ ဟူသည့် မြန်မာနိုင်ငံ၏ တော်လှန်ရေး ပထမအဆင့် ကို တိုင်းရင်းသား ပြည်သူ လူထုသည် အောင်မြင်စွာ ကျော်ဖြတ် လာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

(၄) အာဇာနည်နေ့ မှ ပေးသော သင်ခန်းစာများ

(၁၉၄၈) ခုနှစ်မှ သည် (၁၉၆၂) ခုနှစ်အတွင်း မြန်မာနိုင်ငံ ၏ တော်လှန်ရေးသည် ပထမအဆင့် ဖြစ်သော အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ အဆင့်မှ ဒုတိယ အဆင့် ဖြစ်သော ဆိုရှယ်လစ် လူမှုတော်လှန်ရေး အဆင့်သို့ မတက်လှမ်း နိုင်ခဲ့ပဲ ရှိခဲ့ရလေသည်။ သို့ကြောင့် ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်သော တော်လှန်ရေး ကောင်စီသည် ယင်း ဓနရှင် လမ်းကြောင်းအား တားဆီး ရပ်ဆိုင်းကာ ဗိုလ်ချုပ် အောင်ဆန်း၏ လမ်းညွှန်မှု ဖြစ်သော ဆိုရှယ်လစ် လောက တည်ဆောက်ရေး လမ်းကြောင်းကို ယခုအခါ မဖြစ်မနေ ကြိုးပမ်းနေခြင်း ဖြစ်ပေသည်။

အာဇာနည်နေ့မှ ပေးအပ်သော အကြီးဆုံး သင်ခန်းစာ (၂) ရပ်မှာ

(က)နယ်ချဲ့သမား များကို လည်းကောင်း၊ ဖောက်ပြန်ရေး သမားများ ပုဆိန်ရိုး များကို လည်းကောင်း မည်သည့်အခါမှ အထင် မသေးနှင့်၊ လျှော့မတွက်နှင့်၊ တော်လှန်ရေး သတိရှိမှုကို အစဉ်သဖြင့် ရှိစေရန်

(ခ)တဆင့်ပြီး တဆင့် မှန်ကန်စွာ ချီတက်ရမည့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး လမ်းကြောင်းကို မပြောင်းလွဲစေနှင့်၊ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေး လမ်းကြောင်းကို အစဉ်ထိန်းသိမ်းကြ ဟူ၍ဖြစ်ပေသည်။

ကိုဆောင်း

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: