စိတ်ကူး နှင့် လက်တွေ့

၁။ ယခုရက်ပိုင်း အွန်လိုင်းတွင် ရှဲ ဖြစ်ကြသော လင့်ခ် နှစ်ခု ရှိနေကြသည်။ ဦးတေဇ အင်တာဗျူး (http://www.mizzimaburmese.com/interview/7683-2011-06-07-05-03-50.html) နှင့် ဦးသန်းထွဋ်အောင် ပြောကြားချက် ( http://first-11.com/index.php?option=com_content&view=article&id=8808&catid=102&Itemid=177 ) တို့ ဖြစ်ပါသည်။ ဖေ့ဘုတ်ခ် ပေါ်တွင် ဆိုလျှင် အချို့က ကိုးကားချက် အမျိုးမျိုး ၊ ထင်မြင်ချက် အမျိုးမျိုး ရေးကြ၊ ဆွေးနွေးကြသည် ကို တွေ့ရသည်။

ဆရာ့ဆရာများ ၏ ဆွေးနွေးခန်းများကို တအံ့တဩ ကြည့်ရင်း တွေးရင်း – ထုံးစံ အတိုင်း – ရှေးယခင်က အရေးအသား တစ်ခုကို သတိရသည်။

အထူးသဖြင့် ဗိုလ်ချုပ် ပြောသည့် တိုတိုနှင့် လိုရင်း စကား –

“ဒါပေမယ့် လက်တွေ့က အရေးကြီးတယ်။ သာမာန် လူတွေရဲ့ အကျိုးတရား နဲ့ ကိုက်ညီတဲ့ လက်တွေ့ လုပ်ငန်းကိုသာ ကျုပ်တို့ ဦးစား ပေးရဖို့ ရှိပါတယ် ။”

မြန်မာနိုင်ငံ လွတ်လပ်ရေးရလျှင် ပြန်လည်ထူထောင်ရေး မည်သို့ ပြုကြမည်ကို ဆွေးနွေးဟောပြောရာ၌ မိန့်ကြားသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ စကား တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ယင်းနှင့် အထက်ဖော်ပြပါ လင့်ခ်နှစ်ခု တို့ကို ယှဉ်တွဲ စဉ်းစားမိသော အခါ ×××။

……………………………………..

၂။ ယင်း ဆောင်းပါးထဲမှာပင် ဒုတိယ သတိပြုမိသည့် စာပိုဒ်ငယ်လေး တစ်ပိုဒ် ရှိသေးသည်။ ယနေ့ခေတ် အစိုးရ ရုံးဌာနများ၊ ပုဂ္ဂလိက ရုံးဌာနများ ( အချို့/ တော်တော်များများ ) တို့တွင် “ရုံးတွင်း လုပ်နည်းလုပ်ဟန်၊ ရုံးထုံးစံ” ( ၎င်းတို့ ပြောနေကျ စကားအတိုင်းဆိုလျှင် “Procedure ( ပရိုစီဂျာ ) အတိုင်းလုပ်သည်” ) ဆိုခြင်း များ မကြာခဏ ကြားရသည်။ ရုံးတွင်း တံဆိပ်ကပ်၊ ကြော်ငြာကပ် သည့် စည်းကမ်းများလည်း အများအပြား မွစိ – တက်လျက် ရှိကြသည်။ ဟိုဟာ ဖြစ်လျှင် ဟိုကြေး ဒဏ်တပ်မည်။ သည်ဟာ ဖြစ်လျှင် သည်ကြေး ဒဏ်တပ်မည် ဆိုသည်များ တွေ့မိ ၊ ကြားမိနေရပါသည်။ စည်းကမ်း သေဝပ်၍ ငြိမ်ဝပ် ပိပြား သော အလုပ်သမား၊ ဝန်ထမ်းကောင်းများ ဖြစ်လာကြစေရန် စိတ် စေတနာကောင်းများ ထားရှိနေကြခြင်း ဖြစ်နိုင်သည်။

( အလျဉ်းသင့်၍ အနည်းငယ် ဆိုရလျှင် ဝန်ထမ်း အလုပ်သမားများ အတွက် ဒဏ်ကြေး ဟု သတ်မှတ်လျှင် ဆုကြေးလည်း ရှိရသည်။ ဆုကြေး မရှိဘဲ ဒဏ်ကြေး သာ တပ်ထားသော စည်းကမ်းသည် စည်းကမ်း မဟုတ်တော့။ ခြောက်လှန့်သော စည်းကမ်းများ၊ မကျေနပ်ချက်များ ပေါက်ဖွားလာစေသော စည်းကမ်းများမှ လွဲ၍ အခြားမရှိ။ ဝန်ထမ်းတို့ ဟူသည် ယင်းသို့ ဒဏ်ကြေး တပ်မှ ကြောက်လန့်၍ စည်းကမ်းသေဝပ် ကြမည်ဟု အထင်ရှိလျှင် ယင်းအထင်သည် သေးသိမ်သော အထင်အမြင် သာ ဖြစ်ချိမ့်မည်။ မကျေနပ်မှုများ ၊ ကြောက်ရွံ့မှုများနှင့် လည်ပတ်နေသော လုပ်ငန်းစဉ်၏ တိုးတက်နှုန်းကို စဉ်းစားကြည့်ရပေမည်။

ပြောသည်က ရှိသေးသည်။ “ငါတို့က ဤသို့ စည်းကမ်းမျိုး မကပ်ချင်၊ မတတ်သာ၍ ကပ်နေရသည်။ စည်းကမ်းမရှိ၍ ကပ်နေရသည်” ဟု ဆိုကြသည်။ သို့အကြောင်း ကြောင့် ဟု ဆိုလျှင် ယင်းသို့ ဒဏ်ကြေး ဟူ၍ ကပ်မည့် အစား “ဆုကြေး” ဟူ၍ အဘယ်ကြောင့် မကပ် ကြသနည်း။ သည်ဟာ မလုပ်လျှင် သည်ကြေးဖြတ်မည် – ဟူသော စည်းကမ်း အစား – သည်ဟာကို ကျေပွန်လျှင် သည်မျှ ဆုကြေး ချီးမြှင့်မည် – ဆိုသော စည်းကမ်း ထုတ်ရှိထားပါက လုပ်ရကိုင်ရသော ဝန်ထမ်းတို့ အားတက်သရော အပြိုင်အဆိုင် မကြိုးစားဘဲ နေမည် မဟုတ်ချေ။

သို့သော် ယခုကာလ မြင်တွေ့ရ သည်များတွင် ဆုကြေး ဟူ၍ မရှိချေ။ ဒဏ်ကြေး ( တနည်း အားဖြင့် ခြောက်လုံး ) များဖြင့်သာ – အပြင်ပန်း စည်းကမ်း သေဝပ်နေရသလိုလို နှင့် အတွင်းတွင် ပုပ်ဟောင် လှိုက်စားနေသော ကျီးအာသီး လုပ်ငန်းစဉ်များ လည်ပတ်လျက် ရှိနေကြသည်။ —— စကားချပ် )

ဤဆောင်းပါးတွင် ပါဝင်သော အောက်ပါ စာပိုဒ်ငယ်သည် ယင်းတို့အတွက် စဉ်းစားစရာ ဖြစ်ပါသည်။

“ဂျပန်ခေတ်၌ အတွင်းဝန် ရုံးတွင် အလုပ်လုပ်ခဲ့ဖူးသူ တို့က မကြာခဏ အတွင်းဝန် ရုံး လုပ်ထုံး ( Secretariat Procedure ) ဆိုသည်ကို ပြောလေ့ပြောထ ရှိကြသည်။ ထိုသူတို့တွင် အချို့သည် လုပ်ထုံး လုပ်နည်း ရုံးထုံးစံ တို့ကို သူတပါးအား ရစ်ပတ် ချည်နှောင်၍ လူမလှုပ်နိုင်အောင် ခြေမန်းကွင်း စွပ်သလို စွပ်ပေး တတ်ကြသည်။ လူက မလှုပ် နိုင်သောအခါ အလုပ်လည်း ဘာမျှ မဖြစ်ပါ။ ထို့ကြောင့် လုပ်သမျှမှာ ရေ ဖြစ်ရသည်သာ များပေသည်။ ဤသဘောတရား တို့ကို ဗိုလ်ချုပ် နားလည်သည်။ ထို့ကြောင့် ရုံးလုပ်ထုံး လုပ်နည်း ဆိုသည်မှာ လုပ်ငန်း တွင်အောင် တီထွင်ခြင်း ဖြစ်ပါသည်။ သို့သော် ၎င်း ရုံးထုံးစံ များသည် လုပ်ငန်း တွင်ကျယ်မှုကို နှောင့်ယှက်နေပါလျှင် ပယ်ရပါမည် ဟု ပြောဆိုခဲ့လေသည်။ ထိုအချိန်က စ၍ ကြိုးနီ စနစ် ဆိုသော စကားကို အရာရှိ အရာခံ လောကထဲတွင် အတော် များများ ပြောလာကြသည်။”

……………………………………………

ယင်းသို့ တွေးမိစရာများ သည့်ထက်မက ပေးစွမ်းနိုင်ခဲ့သော ဆောင်းပါးမှာ – လွန်ခဲ့သော နှစ်လေးဆယ်၊ ငါးဆယ် ဝန်းကျင်က ဆရာ မောင်ထင် ရေးသားခဲ့သည့် “ဗိုလ်ချုပ်၏ စိတ်ကူးနှင့် လက်တွေ့” ဟူသော ဆောင်းပါး ဖြစ်ပါသည်။ ဆောင်းပါး အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ် သည်။

…………………………………………….

ဗိုလ်ချုပ် – စိတ်ကူးနှင့် လက်တွေ့

ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဖြစ်သည် ။ လွတ်လပ်ရေး ဗိမာန်ကို တည်ဆောက်ပေးသူ ဟု ဆိုလိုသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေး ဗိမာန်ကို တည်ဆောက်ပေးရုံမျှသာ ပေးခဲ့သည် မဟုတ်။ ထိုဗိမာန်ကြီး အဓွန့်ရှည်စွာ တည်မြဲစေရန် အလို့ငှာ အနာဂတ်ကို မြှော်၍ လူမှုရေး၊ စီးပွားရေး စနစ်တို့ကို ပါ ချမှတ်ပေးခဲ့သူ ဖြစ်သည်။

တရံရော အခါက ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်း ၏ ဆိုရန်တိုဗီလာ စီမံကိန်း ဟု မကြာခဏ ပြောခဲ့ကြ ဆိုခဲ့ကြသည်။ ထိုစီမံကိန်း ၏ အစဉ်ကို လိုက်၍ လေးနှစ် စီမံကိန်း၊ ငါးနှစ်စီမံကိန်း စသည်တို့ကိုလည်း ချမှတ်ခဲ့ကြ ပါ၏။ သို့ရာတွင် ကိုယ်ထိ လက်ရောက် ဆောင်ရွက် ကြသော အခါ စီမံကိန်း၏ ရည်ရွယ်ချက်က တစ်ခြား၊ မိမိ လုပ်ချင်ရာ က တစ်ခြားနှင့်မို့ ငါးသိုင်းများ ဟင်းဟုန် ဖြစ်ကုန် ကြရသည် သာမက နောက်ဆုံး၌ ဝိဝါဒ အမျိုးမျိုး ပေါ်ပေါက်၍ ပြည်ထောင်စု တည်း ဟူသော အစုအပေါင်း ကြီးမှာ အစိတ်စိတ် အမွှာမွှာ ဖြစ်ရတော့ မည် သို့ ရှိခဲ့ လေသည်။

ယင်း အဖြစ်အပျက်ကို ကောင်းစွာ ဆင်ခြင်၍ ယခု အခါ ရည်မှန်းချက် တို့ကို အခိုင်အမာ ချမှတ်ပြီးလျှင် စီးပွားရေး၊ လူမှုရေး တို့ကို ပြန်လည် ထူထောင်လျက် ရှိနေပေရာ ဗိုလ်ချုပ်၏ အမြော်အမြင်တို့သည် ကျွန်ုပ်တို့ ၏ လုပ်ပုံလုပ်နည်း များ စနစ်ကျအောင် လမ်းညွှန်လိမ့်မည် ဟု ယုံကြည် ပါသည်။

၁၉၄၇ နှစ် ဇွန်လ ၆ ရက်နေ့ တွင် ယခု ပြည်လမ်း စာပေ ဗိမာန် တည်ရာ ဆိုရန်တိုဗီလာ အဆောက်အဦ၌ ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရ အရာရှိများနှင့် အရာရှိမဟုတ်သူ လူထု ခေါင်းဆောင်များကို ဖိတ်ကြား၍ မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေး အတွက် အစည်းအဝေးကြီး တစ်ခုကို ဦးဆောင်ပြီးလျှင် ကျင်းပခဲ့လေသည်။ ထို အစည်းအဝေး ကြီးကို ခေါ်ရခြင်း အကြောင်းမှာ လွတ်လပ်စ မြန်မာနိုင်ငံကို နှစ်နှစ်တာ ကာလ အတွင်း မူလ အခြေအနေသို့ ပြန်ရောက်လေအောင် နိမ့်ကျသော စီးပွားရေး အခြေအနေကို မည်သို့ မြှင့်တင်ရမည် ဆိုသော ပြဿနာ ကို စဉ်းစားကြဖို့ ဖြစ်သည်။ ယင်းပြဿနာကို စဉ်းစားရာ၌ ရှေးဦးစွာ ( ၁ ) မြန်မာနိုင်ငံ စီးပွားရေး အခြေအနေကို တိတိကျကျ သိရှိ ရလေအောင် စာရင်းအင်း အချက်အလက်များ ရှာဖွေ ပေးရန်။ ( ၂ ) ထို အချက်အလက်များကို မှီ၍ အကြံဥာဏ်ပေးသော စီးပွားရေး စီမံကိန်း များကို ရေးဆွဲရန်။ ( ၃ ) စီမံကိန်းများတွင် သုံးစွဲဖို့ရာ ဘဏ္ဍာငွေကြေး ရှာဖွေရန်။ ( ၄ ) စီမံကိန်း ဖြစ်မြောက် စေဖို့ရာ နည်းလမ်းများကို ရှာဖွေရန်။ ( ၅ ) ထိုထိုသော စီမံကိန်းများကို စုပေါင်း စစ်ဆေး ညှိနှိုင်း၍ အတည်ပြု ဆုံးဖြတ်ရန် ဆိုင်ရာ ဆိုင်ရာ အဖွဲ့များ ဖွဲ့စည်းကြမည် ဟု သဘောတူ ကြလေသည်။

ဗိုလ်ချုပ်အား သူ၏ ကျောင်းနေဘက် သူငယ်ချင်းများက အတွေးသမား အငေးသမား ဟုသာ ယူဆခဲ့ကြသည်။ သို့ရာတွင် ဗိုလ်ချုပ်သည် ၁၉၄၀ ပြည့်နှစ် မှ စ၍ မြန်မာနိုင်ငံ လွတ်လပ်ရေးကို ရည်စူး၍ တော်လှန်ရေး လုပ်ငန်းကြီးကို တီထွင် ဆောင်ရွက် လာခဲ့ရာ ဗိုလ်ချုပ်၏ အတွေ့အကြုံ တို့သည် ဗိုလ်ချုပ်အား လက်တွေ့ သမားကြီး ဖြစ်အောင် ဖန်တီး ခဲ့လေပြီ။ ထို့ကြောင့် ထိုနေ့ ထိုရက်က နှစ်နှစ် စီမံကိန်း ကြီး အတွက် စိတ်အား ထက်သန် စွာဖြင့် စကား အချီးများကို ပြောဆိုနေသော ဗိုလ်ချုပ် သည် လက်တွေ့ သမားကြီး ဖြစ်၍ နေချေပြီ။

ကျွန်တော် ယခု သတိရသမျှ ပြန်၍ တွေးကြည့်လိုက်သော အခါ အစည်းအဝေး စရန် လူစုံပြီ ဆိုသည်နှင့် တပြိုင်နက် ဂျပန် ခေတ်အတွင်းက အခက် အခဲ မျိုးစုံကို ကြုံတွေ့ခဲ့ဖူးသော အရာရှိ ကြီးငယ် အပေါင်း တို့မှာ ခဲမှန်ဖူးသော စာသူငယ် ကဲ့သို့ ရှိကြလေရာ နောက်ထပ် တွေ့ကြုံ ရမည့် အခက်အခဲများကို မည်သို့ ခုန်ပျံ ကျော်လွှား နိုင်ပါမည် နည်း ဟု တွေးတော နေကြပုံ ရပါသည်။ ခါချဉ် ကောင် မာန်ကြီး၍ တောင်ကြီး ဖြိုမည့်ကြံ ခါးက မသန် ဟူသော စကားကို လက်သုံး စကားပြု၍ ပြောဆို နေကြသည်။

ဂျပန် ခေတ် အတွင်း ဗိုလ်ချုပ်နှင့် အတူ ဆက်ဆံ၍ အလုပ်လုပ် ခဲ့ကြသူ အရာရှိကြီး များသည် ဗိုလ်ချုပ်၏ လုပ်ရည် ကိုင်ရည်ကို များစွာ လေးစား ကြသည်။ သို့သော် အချို့ အချို့မှာမူကား ဂျပန် ခေတ် အတွင်းက ဗိုလ်ချုပ် လုပ်ပုံ ကိုင်ပုံ ကို ကိုယ်တွေ့ တွေ့ရသူများ မဟုတ်ချေ။ အချို့ကား ဂျပန်ခေတ် အတွင်း ဆင်းမလား မြို့၌သာ နေထိုင် ခဲ့ကြသည် ဖြစ်ရာ မြန်မာ့ ဒုက္ခ ဟူသည်ကို တစ်ဆင့် စကားသာ ကြားဖူး ကြသည်။ ဂျပန်ခေတ် ၌ ကျွန်တော်တို့ ဆင်းဆင်းရဲရဲ ငတ်ငတ် ပြတ်ပြတ် နှင့် အန္တရာယ် အသွယ်သွယ် အကြားတွင် စွန့်စွန့်စားစား လုပ်ခဲ့ရပုံကို သူတို့သည် ဒန္တာရီ စကား ကဲ့သို့သာ အောက်မေ့ နေကြပါလိမ့်မည်။ အချို့ကလည်း ဗိုလ်ချုပ်သည် သူတို့ မျက်စိ အောက်၌သာ ကြီးပြင်းလာသူ ဖြစ်၍ ရုတ်တရက် အားဖြင့် အထင်မကြီး နိုင်ကြပါ။ ဤအခြင်းအရာ များကို ထောင့်ကြားမှ နေ၍ အကဲခတ် နေရသူ သဲထိတ် ဖိုလှိုက် ရုပ်ရှင်ဇာတ်လမ်း တစ်ခုကို ကြည့်နေရသူ ကဲ့သို့ ဤ တစ်ခန်း ပြီးလျှင် နောက်တစ်ခန်း မည်သို့ လာလိမ့်မည်ကို တထင့်ထင့် နှင့် စောင့်မြှောင်နေ ရပါသည်။ သို့သော် ယေဘုယျ ပရိသတ်မှာကား ဗိုလ်ချုပ် အပေါ် မြှော်လင့်အားကိုး လျက် ရှိကြမည်မှာ အမှန်ပင်။

ဗိုလ်ချုပ်က ရှေးဦး မိန့်ခွန်းကို ပြောကြား လိုက်သော အခါ၌ မူကား အရာရှိ ကြီးငယ် မရွေး တို့သည် လှုပ်လှုပ် ရွရွ နှင့် စိတ်အား တက်ကြွ လာသော အမူအရာကို ပြလာ ကြပါသည်။ စောစော ပိုင်းက သို့လော သို့လော ဖြစ်နေသော စိတ်တို့သည် လွင့်ပါး သွားခဲ့ဟန် တူပါသည်။ ကျွန်တော်လည်း ခင်မင်သူ အရာရှိ ကြီးငယ် တို့အား ချဉ်းကပ်၍ သူတို့ ၏ သဘောထားကို မေးမြန်း မိသည်။ လောကွတ် စကားပင် မပြောတတ်သူ တစ်ဦးက သူ၏ ပကတိ တည်ငြိမ်သော အမူအရာဖြင့် “ကျုပ်တို့ဟာ ဗိုလ်ချုပ်ရဲ့ အမြော်အမြင်တွေကို အထင် သေးစရာလို့ သဘော မထားနိုင် ပါဘူး။ ဗိုလ်ချုပ်ဟာ ငယ်ပင် ငယ်သော်လည်း အတွေ့ အကြုံက ကျုပ်တို့ထက် စုံတယ်။ ဒါ့ကြောင့် သူ့ကို လက်တွေ့ သမား တစ်ဦး ရယ်လို့ ဆိုပြီး လေးစားပါတယ်။ သူ့လို ပုဂ္ဂိုလ် မျိုးကို ရှေ့က ထားပြီး လုပ်ရရင် ကျုပ်တို့ လုပ်အား ရှိပါတယ်” ဟု ပြောပါသည်။ အစ ပထမက စိတ်အား လျော့တော့မည် ကဲ့သို့ ဖြစ်နေကြသော အမှု ဆောင် တာဝန် ရှိသူ ပုဂ္ဂိုလ် များသည် စိတ်အား ထက်သန်သော အမူ အရာဖြင့် လန်းဆန်း လာကြပါသည်။ ဖျတ်ဖျတ် လတ်လတ် ရှိလာကြ ပါသည်။

သို့သော် ဗိုလ်ချုပ် ပြောစကား ထဲတွင် ထိုသို့သော အရာရှိ ကြီးငယ်တို့အား မြှောက်ထိုး ပင့်ကော် နှင့် ပြောသွားသည့် စကားမျိုး မပါပါ။ မည်သူ အား မည်သို့ ချီးမြှင့်မည် ဆိုသော ဘဝင် လေဟပ်စေမည့် စကားများလည်း မပါပါ။ ဗိုလ်ချုပ် နိဒါန်း ချီသော စကားမှာ လွတ်လပ်ရေး ရပြီးလျှင် ခေတ္တ အနားယူ ဦးမည်ဟု စိတ်ကူးထားသူ များကို ပင် လျှင် အနားမယူ ကြပါနှင့် ဦး ၊ လုပ်စရာ ရှိသည်တို့ကို လုပ်ကြပါဦး၊ ခွင့်စာ တင်ထား မိသော် ထိုခွင့်စာ များကို နုတ်သိမ်းပေးကြ ပါဦး၊ ယခု အချိန်ဟာ သေရေး ရှင်ရေး ကဲ့သို့ အရေးကြီး နေပါသည် ဟူသော ဖုတ်ပူ မီးတိုက် စကားမျိုးသာ ဖြစ်သည်။

သို့သော် သူတို့ အထူး သဘောကျ မိသော စကားများစွာ ပါပါသည်။ ဗိုလ်ချုပ်က ပါရဂူ တို့နှင့် စပ်လျဉ်း ၍ “ပါရဂူ ဆိုတိုင်း ဘယ်တော့မှ မမှား နိုင်ဘူး လို့ မထင်ပါနဲ့။ ပါရဂူ ဆိုတာလဲ ကျုပ်တို့လို လူတွေ ပါပဲ။ ကျုပ်တို့ ကြည့်ရမှာက သာမာန် လူတွေရဲ့ အခြေအနေ ကို ကြည့်ရမှာ ဖြစ်ပါတယ်။ ပါရဂူ တို့ရဲ့ ထင်မြင်ချက်ကို လေးစား ရပါတယ်။ သာမာန် လူတွေ ဆိုတာကလဲ သူတို့ရဲ့ ထင်မြင်ချက်ကို အများကြီး အထင်ကြီး ကြပါတယ်။ ဒါပေမယ့် လက်တွေ့က အရေးကြီးတယ်။ သာမာန် လူတွေရဲ့ အကျိုးတရား နဲ့ ကိုက်ညီတဲ့ လက်တွေ့ လုပ်ငန်းကိုသာ ကျုပ်တို့ ဦးစား ပေးရဖို့ ရှိပါတယ်” စသဖြင့် အဓိပ္ပာယ် ရှိသော စကားတို့ကို ပြောကြား ပါသည်။

ထို့နောက် စာရင်း အင်းများ ကောက်ရန် ကိစ္စ ၌လည်း စာရင်းအင်း ၌ တွေ့ရှိချက်တိုင်းသည် လက်တွေ့နှင့် ညီညွတ်ချင် မှ ညီညွတ်ပါသည်။ စာရင်း အင်း ဆိုသည်မှာ များသော အားဖြင့် ပျမ်းမျှကြေး ကို ရှာလေ့ ရှိသည်။ ပျမ်းမျှကြေး အားဖြင့် စာရင်း မှန်ပင် မှန်မည် ဖြစ်သော်လည်း လက်တွေ့ ၌ မူကား ပျမ်းမျှကြေး ထဲတွင် ပါနေသည့် အတိုင်း ဖြစ်ချင်မှ ဖြစ်တတ်သည် ဆိုသော အချက်ကိုလည်း ပြောဆို သွားလေသည်။

ကျွန်တော်၏ အတွေ့အကြုံမှာ ဗြိတိသျှ ခေတ်၌ စိုက်ပျိုးရေး ပါရဂူ တို့သည် ခရစ်နှစ် ၁၈၉၀ လောက်မှ စ၍ တောင်သူ လယ်သမား ဘဝ အခြေအနေ တိုးတက် စေဖို့ရာ ကြံဆ ကြသည့် သဘောတရား အမျိုးမျိုး တို့ကို စာရင်း အင်း ဇယား များ၌ လည်းကောင်း၊ အစီရင် ခံစာ များ၌ လည်းကောင်း၊ စာရွက် စာတမ်း များ၌ လည်းကောင်း၊ ကျမ်းကြီး ကျမ်းခိုင် များ၌ လည်းကောင်း ရေးသား တင်ပြခဲ့ကြပါသည်။ ထို ပုဂ္ဂိုလ်တို့၏ စေတနာ အရင်းခံကို ကျွန်တော် ယုံမှား သံသယ မဖြစ်မိပါ။ သို့သော် ထိုသို့ သော ပါရဂူတို့ ပေးသွားကြသည့် အကြံအစည် တို့မှာ အင်္ဂလိပ် ပြေးသော ၁၉၄၂ ခုနှစ် အထိ လက်တွေ့အားဖြင့် အကောင်အထည် မပေါ်ခဲ့ပါ။

ထိုခေတ်က နိုင်ငံခြား အရင်းရှင် မြေရှင်တို့၏ အတိုက်အခံ အင်အား ကြောင့် ပါရဂူတို့၏ အကြံ မအောင်သည်လည်း ရှိပေမည်။ သို့သော် တောင်သူ လယ်သမားတို့ သက်သာ ချောင်ချိရေး အတွက် ပါရဂူ တို့ စီစဉ်ခဲ့သော အမတော် ကြေး အက်ဥပဒေ ၏ သဘောသွား တို့မှာ ကျွန်တော်တို့ ကဲ့သို့ လက်တွေ့ ဆောင်ရွက် ပေးနေရသော မှုထမ်းရာ ထမ်းတို့ အဖို့ ရည်ရွယ်ရင်း ရောက်အောင် ဘာမျှ လုပ်၍ မရသည်ကို ကိုယ်တွေ့ တွေ့ခဲ့ ရပါသည်။ ထို့ကြောင့် ပါရဂူတို့ ကြံဆတိုင်း လုပ်၍ ကိုင်၍ ရပြီဟု မဆိုနိုင်သည် ကို ကျွန်တော် ကောင်းစွာ နားလည် ခဲ့ရပါသည်။

အရာရှိ ပိုင်းတွင် မိမိ လုပ်ငန်းကို မိမိ နားလည် ကြသော ပုဂ္ဂိုလ်တို့ များစွာ ရှိသည်။ ထို ပုဂ္ဂိုလ် တို့သည်လည်း ပါရဂူတို့၏ အကြံဥာဏ် ဆိုသည်မှာ တုတ်ပြီးဆေး၊ ဓားပြီးဆေး ကဲ့သို့ အရေးကျ လျှင် ထိပ်ကွဲ ခေါင်းပြဲ တတ်သော သဘောကို ကောင်းစွာ ရိပ်စား မိကြပါသည်။ ထို့ကြောင့် ထို ပုဂ္ဂိုလ်တို့က ဗိုလ်ချုပ် ၏ အဆိုကို အလွန် သဘောကျ ကြပါသည်။

သို့သော် ဗိုလ်ချုပ်သည် ပါရဂူတို့ကို ပြက်ရယ် ပြုနေသည်လည်း မဟုတ်ပါ။ ရှုတ်ချနေသည်လည်း မဟုတ်ပါ။ ဖယ်ထုတ် နေသည်လည်း မဟုတ်ပါ ။ တကယ့် အခြေအနေကို ပြဆိုသော စာရင်း အင်းနှင့် တကွ အကြောင်း ခြင်းရာ များကို ဗိုလ်ချုပ်သည် မထီလေးစား မပြုတတ်ပါ။ တတ်သိ နားလည်သော ပုဂ္ဂိုလ်တို့၏ အကြံဥာဏ်ကို ဗိုလ်ချုပ်သည် ဖယ်ရှားလေ့ မရှိပါ။ ဗိုလ်ချုပ် ပြောဆိုနေသည်မှာ သဘောတရား နှင့် လက်တွေ့ ကိုက်ပါစေ ဟူသော သဘော အဓိပ္ပာယ် ဖြစ်ပါသည်။

အစိုးရ အရာရှိ ဆိုသည်မှာ အောက်သက် ကျေသူလည်း ရှိပါသည်။ မကျေသူ လည်း ရှိပါသည်။ အချို့ အောက်သက် ကျေသူတို့သည် သဘောတရား ရေးရာကို ခြုံ၍ မကြည့်တတ်ပါ။ သစ်တောကို ကျွမ်းကျင်သည် ဆိုသော်လည်း သစ်ပင် တစ်ပင် စီကို သာလျှင် မြင်တတ် ကြသည်။ သစ်ပင် အပေါင်း အစုတည်း ဟူသော အဖြစ်သနစ်ကို မမြင် တတ်ကြချေ။ အချို့ အောက်သက် မကျေသူတို့ ကား ကံအားလျော်စွာ ရာထူးကြီး တို့ကို ရရှိ နေကြပါ သော်လည်း အုပ်ချုပ်ရေး သဘော တရား အဆီ အနှစ်တို့ကို နားလည် ကြသူများ မဟုတ်ပါ။

ဤကဲ့သို့ အထွေထွေ အထူးထူးသော သဘော ရှိသည့် အရာရှိ လောကတွင် ရုံးတွင်းစာ အမှတ် ဖြင့်သာ စက္ကူပေါ်တွင် အမိန့်ချ၍ စီမံကိန်း ထုတ်တတ် ကြသော သူတို့လည်း ရှိသည်။ ထိုပုဂ္ဂိုလ် တို့သည် သူ့ထံ တက်လာသော အစီရင်ခံစာ များကို ကြည့်၍ အားလုံး လုပ်ငန်း ချောမောစွာ အောင်မြင် နေပြီ ဟုသာ ယူဆ တတ်ပါသည်။ ဤကား သဘောတရား နှင့် လက်တွေ့ကို ဟပ်၍ မကြည့်တတ်ခြင်း သာဓက တစ်ရပ်ပင် ဖြစ်သည်။ ယင်း သဘာဝတို့ကို ဗိုလ်ချုပ်သည် ကောင်းစွာ ရိပ်စား နားလည်ပါသည်။ ထို့ကြောင့် အချို့က ဗိုလ်ချုပ်အား ကပ်၍ မရဘူး ဟု ပြောကြသည်။

ဗိုလ်ချုပ်သည် ပုဂ္ဂလ ဓိဋ္ဌာန်ကို မကြည့်ဘဲ ၊ ဓမ္မဓိဋ္ဌာန် ကိုသာ ကြည့်တတ်သည်။ လုပ်ငန်း နေရာ မကျလျှင် ဗိုလ်ချုပ်အား မည်သို့မျှ ကျလောက်အောင် နှူးသော်လည်း မရနိုင်ချေ။ ဤသည်ကို ရည်၍ ထိုသို့ ဆိုကြခြင်း ဖြစ်သည်။ အလုပ်ကို မှန်မှန်ကန်ကန် ရိုးရိုး တန်းတန်း လုပ်တတ်သူ တို့ကား ထိုအကြောင်း ကြောင့်ပင် ဗိုလ်ချုပ်ကို ကြည်ညိုကြလေသည်။

ဂျပန်ခေတ်၌ အတွင်းဝန် ရုံးတွင် အလုပ်လုပ်ခဲ့ဖူးသူ တို့က မကြာခဏ အတွင်းဝန် ရုံး လုပ်ထုံး ( Secretariat Procedure ) ဆိုသည်ကို ပြောလေ့ပြောထ ရှိကြသည်။ ထိုသူတို့တွင် အချို့သည် လုပ်ထုံး လုပ်နည်း ရုံးထုံးစံ တို့ကို သူတပါးအား ရစ်ပတ် ချည်နှောင်၍ လူမလှုပ်နိုင်အောင် ခြေမန်းကွင်း စွပ်သလို စွပ်ပေး တတ်ကြသည်။ လူက မလှုပ် နိုင်သောအခါ အလုပ်လည်း ဘာမျှ မဖြစ်ပါ။ ထို့ကြောင့် လုပ်သမျှမှာ ရေ ဖြစ်ရသည်သာ များပေသည်။ ဤသဘောတရား တို့ကို ဗိုလ်ချုပ် နားလည်သည်။ ထို့ကြောင့် ရုံးလုပ်ထုံး လုပ်နည်း ဆိုသည်မှာ လုပ်ငန်း တွင်အောင် တီထွင်ခြင်း ဖြစ်ပါသည်။ သို့သော် ၎င်း ရုံးထုံးစံ များသည် လုပ်ငန်း တွင်ကျယ်မှုကို နှောင့်ယှက်နေပါလျှင် ပယ်ရပါမည် ဟု ပြောဆိုခဲ့လေသည်။ ထိုအချိန်က စ၍ ကြိုးနီ စနစ် ဆိုသော စကားကို အရာရှိ အရာခံ လောကထဲတွင် အတော် များများ ပြောလာကြသည်။

ဗိုလ်ချုပ်သည် လုပ်ငန်း လောဘ မကြီး ဖို့ရာလည်း ပြောဆိုခဲ့သည်။ ကျွန်ုပ်တို့ အလုပ်လုပ်ရာ၌ တစ်ဆင့်ပြီး တစ်ဆင့် လုပ်သွား ကြရပေလိမ့်မည်။ စိတ်အား ထက်သန် ပါသည် ဆို၍ လောဘ တကြီး လုပ်လျှင် တွင်ကျယ် နိုင်မည် မဟုတ်ချေ။ ကျွန်ုပ်တို့ စီမံသော ကိစ္စ မှန်သမျှ သည် လက်တွေ့နှင့် ညီ၍ အလုပ်လုပ်ရာ ၌လည်း လွယ်ကူရ ပေလိမ့်မည်။ တစ်ခါ တစ်ရံ ကျွန်ုပ်တို့သည် ရှေ့သို့ တစ်လှမ်း မက နှစ်လှမ်းသုံးလှမ်း တိုး၍ ချီတက် ရပေမည်။ သို့သော် ယင်းသို့ ခြေလှမ်း များများ လှမ်းတိုင်း လှမ်းတိုင်း ခြေလှမ်း တစ်လှမ်းမှ လဲမကျ ရလေအောင် မြေပေါ်၌ အခိုင်အမာ စိုက်ထူထားသော ခြေလှမ်းမျိုး ဖြစ်ရပေလိမ့်မည်။ ဤကဲ့သို့သော စကားကိုလည်း ဗိုလ်ချုပ် ပြောခဲ့သည်။ ဗိုလ်ချုပ် ပြောစကားကို မှီး၍ နှစ်နှစ် စီမံကိန်း နိဒါန်းတွင် ဤသို့ ဆိုထားသည်။

“ဤစီမံကိန်းသည် ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီး ဖြိုမည့်ကြံ၊ ခါးကမသန် ဆိုသလို လောဘကြီး စိတ်ကူးယဉ်ပြီး ရေးဆွဲထားသော စီမံကိန်း မဟုတ်၊ မြန်မာပြည်၌ ရှိသော လူအင်အား ၊ မြေ၊ လယ်ယာ၊ သတ္တု ပစ္စည်း အင်အား တို့ကို သူ့အိုးနှင့် သူ့ဆန် ၊ တန်ရုံနှိုင်းချိန်ပြီး ရေးဆွဲထားသည်။ လွတ်လပ်ရေး ရပြီးနောက် ၂ နှစ်အတွင်းတွင် အကျိုး ဖြစ်ထွန်းနိုင်သမျှ ဖြစ်ထွန်း စေမည့် အပြင် နောင် အရှည် လူမွဲများ ကောင်းစားဖို့ မြန်မာပြည်၏ စီးပွားရေး အခြေအနေကို အမြန်ဆုံး ပြောင်းလဲ ပစ်ရန်လည်း ကြံရွယ်ထားသည်။ ထို့ပြင် မြန်မာပြည် စီးပွားရေး အတွက် စီမံကိန်း များကို တစ်ခုမကျန် အားလုံး ထည့်သွင်း ပြီး စေ့စေ့စပ်စပ် အပြီးသတ်ထားသည် ဟုလည်း မဆိုသာပေ။ ကြွင်းကျန်ချက်များ အများပင် ရှိပါသေးသည်။ ဤကြွင်းကျန်ချက် များမှာ ပြဆိုခဲ့သော လူအင်အား ပစ္စည်း အင်အား ချို့တဲ့ခြင်း နှင့် မြန်မာနိုင်ငံ စီးပွားရေး နှင့် ပတ်သက်သော အကြောင်းအရာများ၊ အချက်အလက်များကို ဂဃနဏ ရှာဖွေ စုံစမ်းသော သုတေသန လုပ်ငန်းများကို ယခုမှ စ၍ လုပ်ကိုင်ရသောကြောင့် ဖြစ်သည်။ ဤ သုတေသန လုပ်ငန်းများ ကျကျ နန ပြီးဆုံး နိုင်ရန် လုပ်ဖို့ အချိန် အတော် ကြာပေဦးမည်။ သို့သော် လွတ်လပ်သော မြန်မာနိုင်ငံကြီးသည် အားကြိုးမာန်တက် နှင့် လက်ထိ လက်ရောက် လုပ်ဖို့ အားခဲနေစဉ် ဤမျှလောက် အချိန် ကြာကြာကြီး မစောင့်နိုင်။ လက်ရှိလူ၊ ပစ္စည်း၊ ပညာအင်အား များနှင့် ဖြစ်နိုင်သမျှ ဖြစ်အောင် လောလောဆယ် လုပ်မည်”

( မူအတိုင်း )

ထိုကဲ့သို့ နိဒါန်းတွင် သန္နိဋ္ဌာန် ချမှတ်ခဲ့သည့် အတိုင်း ဗိုလ်ချုပ် ကွယ်လွန်ခဲ့သည့် တိုင်အောင် ကျန် ခေါင်းဆောင် ပုဂ္ဂိုလ်တို့က အဖွဲ့ ပေါင်း ငါးဖွဲ့ ဖွဲ့၍ ၁၉၄၇ ခု နိုဝင်ဘာလ တွင် စီးပွားတိုးတက်ရေး စီမံကိန်ကို စတင် ရေးဆွဲလေသည်။ အချော ရေးဆွဲ ပြီးသော စီမံကိန်းကို အစိုးရ အဖွဲ့က ဒီဇင်ဘာလ အတွင်းတွင် သဘောတူညီ ခဲ့လေသည်။

အဆိုပါ ၂ နှစ် စီမံကိန်းတွင် လယ်ယာ စိုက်ပျိုးရေး ကို အဓိက ထား၍ စက်မှု လက်မှု ထူထောင်ရေးကို ရှေ့ရှုခဲ့သည်။ ယနေ့ ကျွန်တော်တို့ တောင်သူလယ်သမား အလုပ်သမား အခြေခံ လူထုကြီးကို ဦးတည်၍ စီမံကိန်း ထုတ်ကာ လုပ်ဆောင်နေကြသည်မှာ ဗိုလ်ချုပ်၏ အမြော်အမြင်အတိုင်း လိုက်နာ လုပ်ဆောင် နေကြခြင်း ဖြစ်သည်။ ယနေ့ အဖို့၌ ကျွန်ုပ်တို့သည် လက်တွေ့ ဗဟုသုတ များ တိုးပွားလျက် ရှိပြီ။ ဗိုလ်ချုပ် ကြိုတင် တွက်ဆ ထားသော အခက်အခဲ ဟူသမျှ တို့ကို ကျွန်ုပ်တို့က မြင်အောင် ရှု၍ မြန်မာတို့၏ ဒိဋ္ဌ ဓမ္မ အခြေအနေတို့ကို သိရှိနားလည် အောင် ကြိုးစား ဆောင်ရွက်ကာ ‘လက်တွေ့’ အတိုင်း လုပ်ဆောင် သွားကြမည် ဆိုလျှင် ရက်တိုတို နှင့် လိုရာခရီးသို့ ရောက်ဖို့သာ ရှိပေလိမ့်မည်။ အကယ်၍ အထစ်အငေါ့ များ ရှိနေသည် ဆိုပါလျှင် ဗိုလ်ချုပ်၏ အတွေးအခေါ် တို့နှင့် ညှိနှိုင်း၍ ထို ထစ်ငေါ့နေသော အကြောင်းအရာတို့ကို ဖယ်ရှားကြရဖို့ ရှိသည်။

ထို့ကြောင့် ဗိုလ်ချုပ်တို့ ကျဆုံးသော အထိမ်းအမှတ် ဖြစ်သည့် ဤအာဇာနည် နေ့တွင် ဗိုလ်ချုပ်၏ စိတ်ဓာတ်သည် ပြည်ထောင်စု မြန်မာနိုင်ငံကြီး၏ ကြီးပွားတိုးတက် ကြောင်းကို ရည်စူး၍ လုပ်ဆောင်နေကြသော တောင်သူလယ်သမား အလုပ်သမား လူထုကြီးနှင့်တကွ မကွဲမပြား တစ်သားတည်း ရှိသော အမျိုးကောင်းသားတို့ အပေါ်၌ ပြန့်နှံ့၍ တည်ပါစေသတည်း ဟု ဆုတောင်းလိုက်ပါ သတည်း။

မောင်ထင်

မြဝတီ မဂ္ဂဇင်း၊ ဇူလိုင်လ ၊ ၁၉၆၇ ခုနှစ်။

………………………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: