ဟိုအကိုကြီးရဲ့ မခင်နှင်းဆီ

တကယ်ဆို မခင်နှင်းဆီ နှင့် ကျနော် မတွေ့ဖြစ်သည်မှာ တော်တော် ကြာပြီ။ အတိအကျ ဆိုရလျှင် ဆယ်စုနှစ် ပြည့်ပြီ ဟု ဆိုရမည်။ လူချင်း မတွေ့ရသော်လည်း သတင်းတွေ ကြားနေရပါသည်။ ဤသည်ကပင် တော်လှပြီ။ အရင်လို လှတုန်းပဲလား မသိ။

ကနဦး အစက မခင်နှင်းဆီတို့ မိသားစု စီးပွားရေး အခြေအနေမှာ အသင့်အတင့် ကောင်းသည်။ ပြေပြေလည်လည် ရှိသည်။ အချမ်းသာကြီး မဟုတ်သော်လည်း နယ်တစ်ဝိုက်တွင် သူရို့ မိသားစု နှင့် မကင်းရာ မကင်းကြောင်းများ ရှိကြသည်။ ကြွေးမြီ လက်ငှား ချထားပေးနိုင်သည်။ မခင် နှင်းဆီ တို့ ဖခင် ကွယ်လွန်ပြီးသည့် နောက်ပိုင်း အိမ်၏ အရေးအရာ မှန်သမျှကို ဦးလေး ဖြစ်သူက ဦးစီးခဲ့သည်။ သို့သော် အဦးစီး အကွပ်ကဲ ညံ့သည် ဟုပင် ဆိုရမည် ထင်သည်။ အစီးအပွားလည်း တဖြည်းဖြည်း ယုတ်လျော့သွားခဲ့သည်။ စကားမစပ် – ထိုအချိန်က မခင်နှင်းဆီသည် အပျိုဖော်ဝင်စ – တော်တော်လှပါသည်။ ယခုတော့ မသိ။

ဖခင်ကြီး ရှိစဉ်က မခင်နှင်းဆီကို ရွှေလိုဥ ၊ ဖူးဖူးမှုတ် ထားကြသည်။ ပညာရေးကိုလည်း လိုလေသေးမရှိ အားပေးသည်။ သူကလည်း ကြိုးစားပါသည်။ တစ်ဆွေလုံး တစ်မျိုးလုံးမှာလည်း သည်တစ်ယောက်က ထွန်းထွန်းတောက်တောက် ရှိသည်မို့ မျှော်မှန်းချက် ကြီးခဲ့ကြသည်။ ဦးလေး ဖြစ်သူ ကွပ်ကဲ တာဝန်ယူသည့် နောက်ပိုင်းတော့ မခင်နှင်းဆီ၏ နောင်ရေး အရောင် မှိန်သွားသည်။ “လင်ကောင်းသားကောင်း ရလျှင် ပြီးသည်။ အဓိကက သားကောင်းမိခင် ဖြစ်ဖို့ နှင့် စီးပွားရေး တောင့်တင်းဖို့သာ လိုအပ်သည်” ဟူသော ဦးလေး ဖြစ်သူ၏ မူဝါဒ ကြောင့် အရင်တစ်ချိန် မခင်နှင်းဆီ တို့ ဖူးဖူးမှုတ်ခံရသမျှ ကြမ္မာဆိုး မုန်တိုင်း စမွှေသည် ဟုပင် ဆိုရမည်။ မိသားစုဝင် ဘယ်သူမှလည်း ဘာမှ မပြောရဲကြ။ ပြောမည် ဆိုမည် ဆိုလျှင်လည်း လူမညီကြ။ ခြေစလက်စ ရှိသူ ၊ မကျေမနပ် ရှိကြမည့်သူများမှာ ဦးလေး ဖြစ်သူ၏ ပါးနပ်မှုကြောင့် တစ်ဖက်လှည့်နှင့် မြို့ရောက်ကုန်ကြသည်။ ( မှတ်ချက် – အချို့ကလည်း မြို့တက် ချင်သောကြောင့် ယင်းတစ်ဖက်လှည့်ကို အသုံးချ၍ တက်လာသူများလည်း ရှိပါသည်။ ) မည်သို့ ရှိစေကာမူ မခင်နှင်းဆီမှာ ဦးလေး ဖြစ်သူ၏ အောက်၌ ပြားပြား ဝပ် ကျန်နေဆဲ။ နကိုရည်အလှ ပျက်နေပြီလား ၊ လှနေဆဲပဲလား မသိ။

ပသို့ဆိုစေ မခင်နှင်းဆီကို ကျနော် စိတ်ဝင်စားသည်။ ကျနော်တွင်သာ မက တော်တော်များများလည်း စိတ်ဝင်စားကြပါလိမ့်မည်။ သို့သော် စိတ်ဝင်စားခြင်း ၊ မြတ်နိုး ခြင်းသည် ပိုင်ဆိုင်ခြင်း မဟုတ်ပေ။ ကျနော်တို့ ရင်ထဲရှိသည်က – ပန်းကလေးကဲ့သို့ လှနေသည်ကိုသာ ကြည့်ချင်သည်။ ပန်းကလေးလို ညှိုးနေမည်ကိုလည်း စိုးရိမ်သည်။ အားလုံး၏ နှုတ်ဖျားမှလည်း ပန်းတပွင့်တမျှ လှစေချင်ဟုသာ ပြောကြလိမ့်မည်။

စင်စစ် မခင်နှင်းဆီကို “ကျနော်တို့ မခင်နှင်းဆီ” ဟု အမည်တပ်လိုပါသည်။ သို့သော် လွှမ်းမိုးကတော့ ဤသို့ နိဂုံးချုပ်၍ ဆိုခဲ့ဖူးသည်။

“ဟို အကိုကြီးရဲ့ မခင်နှင်းဆီ”

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: