ဗမာ့အောင်ဆန်း ( ၄ )

ဗမာ့အောင်ဆန်း ( ၃ ) မှ အဆက်

ဗိုလ်ချုပ်တို့ ဇနီး မောင်နှံ သည် အိမ်ထောင် ရေး သုခကို ချစ်ခင် ကြင်နာစွာ ရှိကြခြင်း သည်ပင်လျှင် လွတ်လပ်ရေး ကြိုးပမ်းမှု အတွက် အထောက် အပံ့ ဖြစ်စေသည် ကို ဇနီး မောင်နှံနှစ် ဦးအား တွေ့လိုက် ရသည့် ခဏ၌ ပင်လျှင် ကျွန်တော် အကဲဖြတ် မိပါသည်။

ဒေါ်ခင်ကြည်သည် မီးဖိုချောင်ကို ပိုင်သည်။ ဗိုလ်ချုပ်သည် လွတ်လပ်ရေး ကြိုးပမ်းမှု အလုပ်ခွင် ကို ပိုင်သည်။ သို့ သော် ဒေါ်ခင်ကြည် သည် ဗိုလ်ချုပ်၏ အလုပ်ခွင်နှင့် ဆိုင်သည်။ ဗိုလ်ချုပ်လည်း ဒေါ်ခင်ကြည်၏ မီးဖိုချောင်နှင့် ဆိုင်သည်။ သို့ရာတွင် သူတို့ ဇနီး မောင်နှံကား မိမိတို့ ဆိုင်သာ ဆိုင်သော်လည်း မပိုင်သော အရေးတွင် ၀င်၍ မစွက်ကြချေ။ ခေါင်းဆောင်ကောင်း ဖြစ်ထိုက်သော အင်္ဂါရပ်တွင် ဤအချက်သည် သာမည ဖြစ်လျက်နှင့် အရေး အကြီးဆုံးသော အချက် ဖြစ်သည်။ ဤအချက်ကို မပိုင်သော ခေါင်းဆောင် တို့သည် တစ်ဦးပြီး တစ်ဦး ကျဆုံးလျက် ရှိသည်ကို မျက်မှောက် ရာဇ၀င်က သက်သေ ခံနေသည်။

ရန်ကုန်သို့ ကျွန်တော် ရောက်စတွင် ဗိုလ်ချုပ် တို့ ဇနီးမောင်နှံ သတင်းကို ထောက်ကြည့်သည်။ သူတို့နှစ်ဦး အကဲကို ခတ်ကြည့်ပြီး ကျေနပ်သော အဖြေ ထွက်လာသည် တွင်မှ ကျွန်တော်လည်း နှစ်သက် လာသည်။ သို့နှင့် မောင်သိန်းလှကို ရန်ကုန်၌ တအောင့်လောက် တွေ့ရသောအခါ “ဟေ့ ဒေါ်ခင်ကြည် ကတော့ မင်းလို မဟုတ်ဘူး”ဟု ကျွန်တော်က ပြောမိသည်။“ဟေ့ သူကသူ ငါက ငါကွ”ဟု ဆိုကာ မောင်သိန်းလှ သည် သူတစ်ပါး ထံမှ အနိုင်ကျင့်၍ စီးလာသော မော်တော်ကားဖြင့် ဗိုလ်ချုပ်တို့ အိမ်ဘက်သို့ ထွက်သွား လေတော့သည်။

ကျွန်တော်သည် ရန်ကုန် ရောက်လာ သည်မှ သုံးလမျှ မကတော့ပြီ။ သို့ရာတွင် အလုပ်က ပူပြင်း လှသောကြောင့် ဗိုလ်ချုပ်နှင့် မဆုံစည်း နိုင်ပါ။ ဆုံစည်းရန် အကြောင်းလည်း ဘာမျှ မရှိသေးပါ။ ဆုံစည်းမည့် ဆုံစည်း ပြန်တော့ ဗိုလ်ချုပ်သည် ကျွန်တော့်အား နှုတ်ဆက် တော့မည့်ပုံ ကဲ့သို့ တအောင့်လောက် တွေ၍ ရပ်ကြည့်ပြီးနောက် ရှုသိုးသိုးနှင့် လှည့်ထွက် သွားပါသည်။

“လက်တိုဂျင် အမိနို့နှင့် မခြား” ဟူသော ကြော်ငြာ စကား ကဲ့သို့ သခင်နု၏ စွပ်ကျယ်သည် ဒေါ်မြရီ၏ ဇာဘော်ဒီနှင့် မခြားချေ။ ဒေါ်မြရီ၏ ဇာဘော်ဒီ နောက်ကျောဝယ် တက်တင်း ထိုးထာသော ဇာပေါက်များ ရှိသည်။ သခင်နု၏ စွပ်ကျယ်အင်္ကျီ နောက်ကျော ၌လည်း တက်တင်း မထိုးဘဲနှင့် သယံဇာတ ပေါက်နေသော ဇာပေါက်များ ရှိလေသည်။ စင်စစ် သခင်နု၏ ဇာပေါက်များ သည် ဒေါ်မြရီ၏ ဇာပေါက်များထက် မြိုင်ပါပေသည်။ ကျွန်တော်သည် ကုက္ကိုင်းလမ်းရှိ သခင်နု နေသော အိမ်နောက်ဖေးဝယ် ရခိုင်ပြည် တော်လှန်ရေး ခေါင်းဆောင် ဦးညိုထွန်း (ယခင်က ပြန်ကြားရေးဝန်ကြီး ယခု ရေဒီယိုပြင်ဆရာ) ၏ တဲကို အမွေခံယူကာ တစ်ဦးနှင့် တစ်ဦး သဘာဝချင်း မတူသော ဦးဉာဏ နှင့် ကိုမျိုးမင်းတို့ကို အဖော်ပြုကာ နေ့အချိန်တွင် နေ၍ ညအချိန်တွင် ဗုံးခိုကျင်း ထဲ၌ အိပ်ခဲ့ ရပါသည်။

ကျွန်တော်တို့ သုံးဦးသားမှာ ဒေါ်မြရီအား မှီခိုကာ ဧည့်သည်နေ ဧည့်သည်စား ဖြစ်၍ များစွာ သက်သောင့် သက်သာ ရှိလှပေသည်။ အချိန်တန်ပြီလား ဆိုလျှင် ဒေါ်မြရီ၏ တကျော်ကျော် ခေါ်သံကို နာခံကာ ထမင်းစားခန်း ထဲသို့ သုံးဦးသား စီတန်း လျှောက်ခဲ့ပါသည်။ သို့သော်ဒေါ်မြရီ၏ ထမင်းစားပွဲကို တစ်ခါဖူးမျှ သပိတ် မမှောက်ခဲ့။ ဤမျှလောက် ကျေးဇူးသစ္စာ စောင့်သိ ရိုသေ ခဲ့ကြပါသည်။ထိုစဉ်က သခင်ဗဟိန်း နှင့် သူ၏ ဇနီး မခင်ကြီး တို့သည် သခင်နု တို့နှင့် အတူနေပါသည်။

တစ်နေ့ သောအခါ ဦးညာဏ၊ ကိုမျိုးမင်းနှင့် ကျွန်တော်တို့ ထမင်းစားရန် ဟန်ပြင် နေစဉ် သခင်နုသည် သွားချောင် တိုက်ရင်း ကျွန်တော်တို့နှင့် စကားပြောပါသည်။ ထိုအခါ သခင်ဗဟိန်းသည် အထုပ်ငယ် တစ်ခုကို ချိုင်းကြားထဲ ညှပ်ကာ ထမင်းစားခန်း ထဲသို့ဝင်လာပါသည်။ သခင်ဗဟိန်း၌ ချိုပြုံးသော မျက်နှာအစဉ် ရှိသည်။ ထိုနေ့က သူ၏ မျက်နှာ ချိုပြုံးပုံမှာ မိန်းမကြောင့် မာန်ဖီနေသော တာနော ဘီလူးကိုပင် အရည်ပျော် စေနိုင်၏။ သို့သော်သခင်နု၏ မျက်နှာထား တင်းနေသည် ကို ကျွန်တော် သတိထားမိလိုက်ပါသည်။ “ကိုကြီးနု စွပ်ကျယ် အင်္ကျီကို ချွတ် ပါတော့ဗျာ”ဟု သခင် ဗဟိန်းက ခရီး ရောက်မဆိုက် ဆိုလိုက်သည်။ မီးဖိုချောင် ဘက်မှ ပဲပြုတ် ပန်းကန်ကို ကိုင်ရင်း ၀င်လာသူ ဒေါ်မြရီက “အမလေးတော် ရှိတာ ၀တ်တာ ဘာလုပ်ဖို့ ချွတ်ရမှာတုန်း” ဟု အော်ပြောပါသည်။ “စွပ်ကျယ် အင်္ကျီတွေ ပေါလွန်းလို့ဗျာ”ဟု သခင်ဗဟိန်းက ပြုံးချိုစွာ ပြန်၍ ပြောပါသည်။ “ရှင်တို့သာ ပေါတာ ပါတော်” ဟု ဒေါ်မြရီ က တော်သံ ကို တောသံ နှင့် ရော၍ ငေါ့ လိုက်လေသည်။

“သြော် မမရီ တို့က ဒါကြောင့်ခက်တာ။ ဘယ်နှထည် လိုချင်သလဲ”“အောင်မယ် ခုမှ လောကွတ် မချော်ပါနဲ့။ မောင်တို့ ရှိလျက်နဲ့ ကျုပ်လင်မှာ စွပ်ကျယ် ဇာပေါက်ပဲ ၀တ်နေရတယ်”၊ ““ကျွန်တော်တို့ ရှိလို့ ဟောဒီလို စွပ်ကျယ်တွေ ၀တ်ရတာ ပေါ့ဗျာ”ဟု ဆိုကာ သခင်ဗဟိန်းက တယော တံဆိပ် စွပ်ကျယ် သုံးလေးထည်ကို အထုပ်ထဲမှ ဖြေ၍ ဒေါ်မြရီ လက်ထဲသို့ ထည့်ပါသည်။ ဤအချိန် တွင် သခင်နုကား ရေချိုးခန်း ထဲသို့ ၀င်လေပြီ။ ဒေါ်မြရီသည် အံ့အား သင့်သော ကျေနပ်သော၊ ပီတိ ရောင် လွှမ်းသော၊ ကျေးဇူးတင်သော မျက်နှာထားဖြင့် သခင်ဗဟိန်း ပေးသော စွပ်ကျယ် အင်္ကျီ တို့ကို ဖြန့်ကာ စစ်ဆေး ကြည့်ရှုရင်း “ဘယ်ကရတာလဲ”ဟု သခင်ဗဟိန်းကို မေးလေသည်။

“ကိုကြီးနုက ဗိုလ်ချုပ်ကို စိတ်ကောက်ပြီး စကား မပြောလို့ ဗိုလ်ချုပ်က ချော့တဲ့။ စွပ်ကျယ် အင်္ကျီ မမရီ ယူထားပြီး ကိုကြီးနုကို ဆင်ပေးလိုက်ပါဗျာ”၊“အောင်မယ် ဆရာ ဒီလောက်နဲ့ ချော့လို့ မပျော့ဘူး။ မောင်ရေ၊ တစ်ဒါဇင်မှ တစ်ဒါဇင် မှ”

ဗိုလ်ချုပ်နှင့် သခင်နုတို့ ဘယ်အခါ၊ ဘယ်နေရာမှာ၊ ဘယ်လို စကားပြော အပေါက် မတည့်သည် ကို ကျွန်တော် မသိ၊ ဗိုလ်ချုပ်က သခင်နုကို ချော့သော ပဏာမ အခန်းမှာအထက်ပါ အတိုင်းပင်၊ အစ်ကိုကြီးကို ညီက ပြန်ချော့ သလို။

ထိုနေ့ မနက်စာ ထမင်းကို သခင် ဗဟိန်းနှင့် ကျွန်တော်တို့ သုံးဦးသား အတူစားကြရာတွင် ညနေဘက်၌ ဗိုလ်ချုပ်က သခင်နုထံ အလည် လာမည်ဟု ကျွန်တော် ကြားသိ ရလေသည်။ ထိုနေ့ ညနေက နေမင်းသည် ခပ်သုတ်သုတ် ၀င်သည့်ထင့်။

သခင်နု၏ အိမ်ခေါင်းရင်း ဘက်ရှိ မြက်ခင်းပေါ်တွင် နေရောင် ကောင်းစွာ မကျပါ။ ဆောင်းဦး ပေါက်မို့ ဓမ္မတာအတိုင်း နေ၀င်စောသည် ဖြစ်တန်ရာ၏။ သို့ရာတွင် မဟာမိတ် တို့၏ ဗုံးကျဲ လေယာဉ်ပျံ များမှာ ညနေ အချိန်တွင် မှန်မှန်ကြီး သောင်းကျန်းစ ပြုနေ ပြီဖြစ်၍ ကျွန်တော်၏စိတ်ထဲတွင် နေ ခပ်သုတ်သုတ် ၀င်သည်ဟု အစွဲအလမ်း ရှိမိပါသည်။

ကျွန်တော်သည် ကိုညိုထွန်း၏ တဲထဲ၌ တစ်ဦးတည်း ရှိနေပါသည်။ ဦးညာဏမှာ အနီးတွင် မရှိပါ။ ကိုမျိုးမင်းကား ဗဟန်းဘက်သို့ သွားနေပါသည်။ ထိုသို့ တစ်ဦးတည်း ရှိနေစဉ် အိမ်ရှေ့မှ မော်တော်ကားသံ ကြားရသည်။ ဦးစွာ ပထမ သခင်မြ ရောက်လာပါသည်။ နောက်မကြာမီပင် ဗိုလ်လက်ျာ လာပါသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ရောက်လာပါသည်။

မြက်ခင်းပေါ်တွင် ကုလားထိုင်များ စီထားပါသည်။ တစ်ဦးပြီး တစ်ဦး ကုလားထိုင်ရှိရာသို့ လာ၍ ထိုင်ကြသည်။

သူတို့တွေ့ကြ ဆုံကြ ဆွေးနွေးကြသည်မှာ ရိုးရိုး ကိစ္စချည်း မဟုတ်ပါ။ တိုင်းပြည်တွင် ဂျပန် ဆန့်ကျင်ရေး စိတ်ဓာတ်များ ပြင်းပြနေချိန်ဝယ် ခေါင်းဆောင် လုပ်သူတို့မှာ တိုးတိုး တိတ်တိတ် ကြိတ်၍ ဆွေးနွေးကြရခြင်း ဖြစ်ပါသည်။ ထိုဆွေးနွေးပွဲ၌ သခင် ဗဟိန်းသည်ပင်လျှင် ခပ်လှမ်းလှမ်း မှ နေပါသည်။ ထို့ကြောင့် သခင် ဗဟိန်းနှင့် အတူတူ တစေ့တစောင်း မျှသာ အကဲခတ် လိုက် ရပါသည်။

ထိုနေ့ ညနေက ဗိုလ်ချုပ် တစ်ဦးတည်း လိုလိုပင် စကား ဖောင်လောက်အောင် ပြောနေပါသည်။ သခင်နုကား ဗိုလ်ချုပ် ပြောသည်ကို ဂရုမထားသကဲ့သို့ ခပ်တည်တည် နေသည်။ သို့သော် ဗိုလ်ချုပ်က ခြေဟန် လက်ဟန် နှင့် လည်းကောင်း၊ ခေါင်းငဲ့၍ လည်းကောင်း၊ ဟဲဟဲ ဟဲဟဲ ဟု အသံထွက်အောင် ရယ်၍ လည်းကောင်း၊ စကားပြော လိုက်သည့် အခါ သခင်နုသည် ဝင်၍ မတောဘဲ မနေနိုင်ပါ။ ၎င်းတို့ နှစ်ဦးသား အချီ အချ ပြောစဉ် သခင်မြက ဝင်၍ ထောက်တတ်ပါသည်။ ဗိုလ်လက်ျကား တစ်စုံတစ်ခုကို သွေးအေးအေး နှင့် စဉ်းစားသော အမူအရာဖြင့် အင်း လိုက်နေပါသည်။ ကျွန်တော့်အဖို့ကား စာတမ်း လည်း မထိုး အသံလည်း မထွက်သော ရုပ်ရှင် ကား တစ်ကားကို ကြည့်နေရဘိသကဲ့သို့ ။

ဆက်ရန်

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: