စိတ်နှင့် ရုပ် ပြဿနာ အကြောင်း

စိတ် ဟူသည်မှာ အင်မတန် လျှင်မြန်သည် ဟု ပြောကြသည်။ မည်မျှ လျှင်မြန်သနည်း ။
နောက်တစ်ခု စိတ်ကို ကိုယ်မှ ခွာ၍ ထားနိုင်သည်ဟု ဆိုကြသည်။ မည်သို့ ခွာထားကြသနည်း။

ယင်းသို့ စိတ်အကြောင်းကို စဉ်းစားသည့် အခါ – စိတ်ကို စိတ်က ပြန်ကြည့်ရသောကြောင့်လား မပြောတတ်။ ပတ်လည် ချာလည် ရိုက်နေပါသည်။ မျက်လုံးသည် မိမိ ကိုယ်ကိုယ် မိမိ ပြန်မမြင်သကဲ့သို့ စိတ်ကလည်း စိတ်ကို ပြန်မမြင်ခြင်းလား ။ တွေးမိသည်။ ကိုယ် ဥာဏ်မမှီ၍ ဖြစ်ပါလိမ့်မည်။ ကမ္မဋ္ဌာန်းတိုက် ၊ တရားစခန်း သွားရောက် ကြားနာ၊ ကျင့်ကြံ ကြသူများကတော့ ပြောတတ်ကြသည်။ စိတ် က စိတ်ကို ပြန်ကြည့်ရသည်မှာ အပြောလွယ်သလောက် ခက်သည် ဟု ဆိုသည်။ တကယ် ခက်သည်လား ကျနော် ကြိုးစားကြည့်ခဲ့ဖူးသည်။ ထားတော့ ။ ဤသည်က ကျနော် ပြောချင်သော အကြောင်း မဟုတ်။

စိတ်သည် တကယ် ရှိမရှိ။ စိတ်သည် ရုပ်မှ ဖြစ်သလား။ စိတ်ကြောင့် ရုပ်ဖြစ်သလား- ဟူသော အကြောင်းကိုသာ ပြောလိုသည်။ စိတ် သည် ကျနော်တို့ ခန္ဓာကိုယ်မှ သီးခြားဖြစ် ပါသလား။ ကျနော်တို့ ဗုဒ္ဓဘာသာတွင် “ဖဿ ပစ္စယာ ဝေဒနာ” ဟု ဆိုထားသောကြောင့် ထိတွေ့မှု ရှိ၍ ခံစားသိရှိရမှု ဝေဒနာ ရှိသည်ဟု နားလည်ထား သိထားရသည်။ ( တနည်း ) “ကြားဖူးနားဝ” ရှိထားရသည်။ သို့သော် အဘိဓမ္မာအရ ဝေဒနာသည် စိတ်မဟုတ်သေး။ ကျနော် ဤနေရာတွင် ပြောသော စိတ်ဟူသည် “ဝိညာဏ ပစ္စယာ နာမရူပံ” ဟူသော ပုဒ်မှ ရုပ်နှင့် နာမ် ဟု ခွဲခြားရာတွင် ပါရှိသည့် နာမ် သဘောကို ဆိုလိုခြင်း ဖြစ်ပါသည်။

ရုပ်နှင့် နာမ် ပြဿနာသည် ရှေးအတီတေ ကာလကတည်းက စ၍ ယနေ့အထိ အရှေ့တိုင်းတွင်ရော အနောက်တိုင်း တွင်ပါ တော်တော် ဂြိုလ်မွှေသော ပြဿနာ ဖြစ်သည်။ သင်္ချာနည်း အရ အကြမ်းဖျဉ်း ခွဲခြား ထားရှိသော အခါ အပိုင်း သုံးပိုင်း ရရှိသည်။ ယင်း အပိုင်းများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ ( အကြမ်းဖျဉ်းဟု ဆိုထားပါသည်။ မပြည့်စုံပါ။ လိုနေပါမည်။ )

၁။ “လောကတွင် ရုပ်ချည်းသာ ရှိသည်။”

ဤအယူသည် နာမ်ကို ၊ စိတ်ကို ပစ်ပယ်ခြင်း မဟုတ်ပေ။ ထိုအယူရှိသူများကို စိတ်ရှိသလား ဟုမေးလျှင် ရှိသည်ဟုသာ ဖြေပေးကြလိမ့်မည်။ သို့သော် စိတ်ဟူသည် ရုပ်မှ ကင်း၍ မရှိ။ ရုပ်မှ ပေါက်ဖွားလာသော မီးညွန့်မီးပေါက်မျိုး သာ ဖြစ်သည် ဟု ဆိုသည်။ အများအားဖြင့် ကနေ့ခေတ် သိပ္ပံတွင် အာရုံကြော ဆိုင်ရာ သိပ္ပံသမားများသည် ယင်းအယူကို အခြေခံထား၍ လေ့လာကြသည်။

၂။ “လောကတွင် နာမ်ချည်းသာ ရှိသည်။”

ဤအယူသည်လည်း ရုပ်ကို ပစ်ပယ်ခြင်း မဟုတ်ပေ။ ရုပ်ပိုင်းသဘာဝ မှန်သမျှကို သိမြင်ကြသည်မှာ နာမ်သာ ဖြစ်၍ ယင်း စိတ်သည်/နာမ်သည်သာ အစစ်အမှန် ဖြစ်ကြောင်း ပြဆိုလိုရင်း ဖြစ်သည်။ ဤ သိနိုင်သော စိတ်မှ မရှိလျှင် အဘယ်ရုပ်များ အဘယ်သို့ ရှိနေပါစေ- မသိနိုင်၊ မမြင်နိုင်၊ ထို့ပြင် အသိပညာ အစုအပေါင်းဖြင့် လက်ရှိ စမ်းသပ်နိုင်သော ရုပ် နယ်ပယ်ကို လွန်၍ စိတ်သည် ဖြန့်ကျက်နိုင်သည် ဟု ယူဆကြသည်။ ပလေတို ဝါဒတွင် Idea သည် မြင့်မြတ်သော ဘုံဌာန အဖြစ်ကို မှတ်ယူထားသည် ရှိပါသည်။ နောက်ပိုင်း ယင်းအယူကဲ့သို့ရှိသည်က ဥပမာအားဖြင့် ဆိုလျှင် ဂျော့ ဘာကလေ ဖြစ်သည်။

၃။ “လောကတွင် ရုပ်နှင့် နာမ် ပူးတွဲ တည်ရှိသည်။”

ဤအယူတွင်မူ အများ လက်ခံကြသည်။ ထိုသို့ အများ လက်ခံသည့် အလျောက်လည်း အယူကွဲများ အများအပြား ရှိသည်။ အနောက်တိုင်း ဒဿနိက ဖခင်ကြီးဟု သမုတ်ကြသော ဒေးကား ( Descarte ) က ရုပ်နှင့် နာမ်တို့သည် တွဲလျက်တည်ရှိသည် ဟု ဆိုကောင်းဆိုထားသော်လည်း အဘယ်ကဲ့သို့ တွဲလျက် ရှိသနည်း ဟူသော မေးခွန်းအတွက်မူ ဖြေကြားထားပုံမှာ ဤသို့ ဖြစ်သည်။

ရုပ်နှင့် နာမ်တို့သည် အလွန် အချိန်မှန်သော နာရီ နှစ်လုံး ကဲ့သို့ ဖြစ်သည်။ တစ်လုံးနှင့် တစ်လုံး တစ်သီး တခြားစီ ဖြစ်သော်လည်း တူမျှသော အချိန်ကို ပြနေသကဲ့သို့ ရုပ်နှင့် နာမ်တို့သည် အမျိုးအစား မတူ တကွဲတပြား စီ ဖြစ်သော်လည်း အတူတကွ အလုပ်လုပ်ကြသည် ဆို၏။

ထိုရုပ်နှင့် နာမ်တို့ မည်သို့ ဖြစ်ပေါ်လာကြောင်း အမေးရှိသော နောက်ဆုံးတွင် “ဘုရားသခင် ဖန်ဆင်းခြင်း ဖြစ်သည်” ဆိုသော အယူသို့ ရောက်တော့သည်။

Nietzsche

( အလျဉ်းသင့်၍ ပြောရလျှင် ဒဿနိကဗေဒ သမိုင်း၌ ယင်း ဘုရားသခင် – ( အရှေ့တိုင်း – အထူးသဖြင့် အိန္ဒိယ တွင် – ဗြဟ္မာ၊ အတ္တမ အယူအဆ ) တို့သည် အစဉ်အဆက် အရိပ် ပမာ ကပ်တွယ်လျက်ရှိပါသည်။ ယနေ့ထက်တိုင်ပင် ဖြစ်သည်။

နစ်ရှေး (Friedrich Wilhelm Nietzsche) [ဆရာမြင့်သန်းက နစ်ရှ ဟု အသံဖလှယ်သည် ထင်သည်။] ၏ အတွေးအခေါ် တို့တွင် ယင်းအယူအဆကို မြင်ပြင်းကပ်၍ ထင်သည်။ “God is dead. Our human’s alone!!!” ဟု ကြွေးကြော် မြည်တမ်းခဲ့ဖူးသည်။ အရွဲ့တိုက်၍ ပဲလား၊ အကယ်ပင် ယူဆ၍ ပဲလား မပြောတတ်။ ဘုရားသခင် သေပြီ။ ငါတို့ လူသားများသာ အထီးတည်း ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။
ယင်းသို့ အယူအဆ အပြောင်းအလဲများ ၊ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများ ရှိလာသည့် အလျောက် အတွေးအခေါ် စနစ်များလည်း တစ်ခုပြီး တစ်ခု – စင်ပြိုင် ( သို့မဟုတ် ) တစ်ခုကို တစ်ခု ချေဖျက်၍ ပေါ်ပေါက်လာကြသည် ချည်း ဖြစ်သည်။ ယင်းတို့အနက်မှ ဘယ်ဟာသည် အမှန်ဖြစ်သည်။ ဘယ်ဟာသည် အမှားဖြစ်သည် ဆိုသည်မှာ တိုင်းတာသော စံနှုန်းတော့ လိုအပ်ပါမည်။ ထိုစံနှုန်းမှာ ငြိမ်းချမ်းမှု ဖြစ်သည်။ မိမိ၏ အတွင်း အဇ္ဈတ္တ ၊ တပါးသူ၏ အတွင်း အဇ္ဈတ္တ ဤနှစ်ဖြာစလုံးတွင် အေးချမ်းမှု ရှိနေနိုင်သော အတွေးအခေါ်၊ အယူအဆ အကျင့်အကြံမှသာလျှင် လက်ခံယူနိုင်လိမ့်မည် ဟု ကျနော် ယူဆပါသည်။ )

စကားစ ပြန်ဆက်လျှင် အချို့ကလည်း စိတ်ဆိုသည်မှာ ရုပ်နှင့် တွဲဖက်လျက် တည်သော်လည်း သီးခြား ဖြစ်သည်ဟု ဆိုသည်။ စိတ်ကို ( သူတို့ အခေါ် ဝိညာဉ် ကို ) လွှင့်၍ ရသည် ။ ခန္ဓာကိုယ်မှ ကင်း၍ ထွက်သွားနိုင်သည်။ သာဓကများပင် ရှိကြပါသည်။ ယေဘုယျ အားဖြင့် အိန္ဒိယ နှင့် တရုတ်တို့မှ လာသည်။ တစ်ခါက မိတ်ဆွေတစ်ယောက်နှင့် ပြောဖူးသည်။ စိတ်သည် အလွန်လျှင်မြန်သည် ဆို၍ ယင်း စိတ်က ဘယ်လို မြန်ခြင်း မျိုး နည်း ဟု မေးသော အခါ – ၎င်းက “ရန်ကုန်မှာနေရင်း – မန္တလေးကို တွေးကြည့်ပါ။ ချက်ချင်းတွေး၍ ရသည် ။ လန်ဒန်ကို တွေးမလား၊ နယူးဒေလီကို တွေးမလား ။ တွေး၍ ရသည်။ အဲ့သလောက်မြန်သည်” ဟု ဆိုသည်။ ကျနော် လက်မခံလိုသော ကြောင့် စောဒက တက်ပါသည်။ “လူက ဤနေရာတွင်ပင် ထိုင်၍ တွေးကြည့်ရင်း စိတ်က အဲ့ကို ရောက်သွားသည်ဟု ဆိုလိုခြင်း ဖြစ်လိမ့်မည်။ ကျနော့်အနေဖြင့် ယင်းသို့ မထင်။ စိတ်အတွင်း မှတ်ဥာဏ်တွင် ပုံဖော်ယူခြင်းသာ ဖြစ်သည်။ လူတစ်ယောက်မှာ မိမိ တွေ့ကြုံဖူးသော အတွေ့အကြုံ မြင်ကွင်းများကို ပေါင်းစပ်၍ စိတ်ကူးကြည့်ခြင်းသာ ဖြစ်သည်။ ဥပမာ – နေပြည်တော်တွင် ဗုံးပေါက်သည် ဆို၍ ကြားသည်နှင့် စိတ်က ယင်းဗုံးပေါက်ရာနေရာကို ကားယားခွထိုင်၍ မရောက်သွားနိုင်။ စိတ်ကူးဖြင့် မြင်ယောင်ကြည့်ခြင်းသာ ဖြစ်မည်။ စိတ်ကို ယင်းသို့ လျှင်မြန်ခြင်းမျိုးဖြင့် ပြောလျှင် ရယ်ဖွယ်သာ ဖြစ်နေလိမ့်မည်။” ဟု ဆိုခဲ့ဖူးသည်။

ကျနော် တွေးကြည့်သည်များမှာ မှားကောင်းမှားနေနိုင်ပါသည်။ ထင်သည့်အတိုင်းသာ ပြောကြည့်ခြင်း၊ ချရေးခြင်း ဖြစ်သည်။ ယခု ကျနော့ ဆရာကို ပြောရန် ဖိတ်ခေါ်ထားပါသည်။ မကျေလည်ပါက ကျနော့ဆရာနှင့်သာ ဆက်ရှင်းကြပါကုန်။😀

ဇေယျ။
………………………………………
အောက်ပါ စာပိုဒ်တို့သည် ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း ( ဒဿနိက ဗေဒ ) ၏ ကျွန်တော်နားလည်သော အရှေ့တိုင်းအတွေးအခေါ် (စာမျက်နှာ ၂၁၀ – ၂၁၅ ) မှ ဖြစ်ပါသည်။ ကျနော် ဆိုခဲ့သည်များထက်၊ ဆရာ့ဆရာများ ရှင်းလင်းသည်က ပိုမို သင့်လျော်မည် ထင်သောကြောင့် ကောက်နှုတ် တင်ရှိပါသည်။
………………………………………

အချို့က ဗုဒ္ဓဘာသာသည် သိပ္ပံနည်းကျ၏ ဟု ဆိုကြ၏။ ထို့ကြောင့် ဗုဒ္ဓဘာသာသည် မှန်သည်ဟု ဆိုကြပြန်၏။ ဤအဆို ပြုချက်နှစ်ရပ်ကို ပေါင်းစပ် လိုက်သော် ဗုဒ္ဓဘာသာသည် သိပ္ပံ နည်းကျ သောကြောင့် မှန်သည် ဟု အဓိပ္ပာယ် ကောက်ရ မလို ဖြစ်နေ၏။ ဤသို့ အဓိပ္ပာယ် ကောက်ယူသော် ဗုဒ္ဓဘာသာ ၏ မှန်ခြင်းမှာ သိပ္ပံပညာ အပေါ်၌ တည်နေသလို ဖြစ်နေ၏။ အကယ်၍ ဗုဒ္ဓဘာသာ အယူအဆ တစ်ခုသည် လက်ရှိ သိပ္ပံပညာ ၏ အယူအဆ တစ်ခုနှင့် ကိုက်ညီခြင်း မရှိငြား အံ့၊ ဤအယူအဆအား မှန်သည် ပြောရန် ခက်လာပေလိမ့်မည်။

ဤသို့ ဖြစ်လာနိုင်ရန်လည်း အလား အလာ ရှိ၏။ အဘယ်ကြောင့် ဆိုသော် သိပ္ပံပညာ နှင့် ဗုဒ္ဓဘာသာတို့၌ မတူသော အချက်များ ရှိနေသောကြောင့် ဖြစ်၏။ ဤအချက်များ အနက် အခြေခံ ကျသော အချက် နှစ်ရပ်မှာ သိပ္ပံပညာသည် ရုပ်လောကကို ဦးစားပေး၍ လေ့လာသော ပညာ ဖြစ်၍ ဗုဒ္ဓဘာသာသည် စိတ်လောကကို ဦးစားပေး၍ လေ့လာသော အယူအဆ ကြောင့် ဖြစ်သည်။ ဒုတိယ အခြေခံကျသော အချက်မှာ သိပ္ပံပညာသည် ဖြစ်ပျက်နေသည်များ ( အင်္ဂလိပ် အခေါ် the IS ) ကိုသာ ဦးစားပေး၍ ဗုဒ္ဓဘာသာသည် ဖြစ်ပျက်နေသည်များ ကို လေ့လာ၍ ဖြစ်သင့်သည်များ ( အင်္ဂလိပ် အခေါ် the OUGHT ) ကို ဦးစားပေး လေ့လာသော အယူအဆ ကြောင့် ဖြစ်သည်။ ထို့ကြောင့် သိပ္ပံပညာနှင့် ဗုဒ္ဓဘာသာ အယူအဆတို့မှာ မတူကြပါ။ ဗုဒ္ဓဘာသာ အယူအဆ၏ မှန်ကန်ခြင်းမှာ သိပ္ပံပညာအား တည်မှီ၍ မှန်စရာ မလိုပါ။ ဗုဒ္ဓဘာသာ အယူအဆ၌ အမှားအမှန်ကို အဆုံးအဖြတ် ပေးရန် သူ့နှုန်းစံ နှင့် သူ ရှိပါသည်။ ထိုနှုန်းစံမှာ “လက်တွေ့ဖြင့်စစ်ဆေးကြည့်ခြင်း” ( Practice ) ဖြစ်ပါသည်။

ဤတွင် အချို့က ဗုဒ္ဓဘာသာကလည်း လက်တွေ့လုပ်ရမှ မှန်သည်ဟု ဆိုသည်။ သိပ္ပံပညာကလည်း မည်သည့် အချက်အလက် ကို မဆို လက်တွေ့ စမ်းသပ်ခြင်း ဖြင့်သာ အမှားအမှန်ကို ဆုံးဖြတ်ရမည်ဟု ဆို၏။ ထို့ကြောင့် ဗုဒ္ဓဘာသာသည် သိပ္ပံနည်းကျသည်ဟု ဆိုကောင်း ဆိုကြ ပေလိမ့်မည်။ ဤသို့ဆိုပါက တစ်စိတ် တစ်ဒေသ အားဖြင့်သာ မှန်ပါ၏။ လုံးဝမှန်သည်ဟု မပြောနိုင်ပါ။

အဘယ်ကြောင့်ဆိုသော် သိပ္ပံပညာ၌ လက်တွေ့စမ်းသပ်၍ ရသည်ဆိုရာတွင် ဖြစ်နေသော အဖြစ်အပျက်များ ( the IS ) နှင့်သာ သက်ဆိုင်၍သိပ္ပံပညာ၌ ဖြစ်သင့်သည် ( the OUGHT ) နှင့် ပတ်သက်သည်များကို ပြောနိုင်စွမ်း မရှိပါ။ ဗုဒ္ဓ အယူအဆ၌မူ လက်တွေ့စမ်းသပ်၍ ရသည် ဆိုရာ၌ အဖြစ် အပျက် အနေဖြင့်သာ လက်တွေ့စမ်းသပ်၍ ရသည်မဟုတ်၊ ဖြစ်သင့်သည် သဘောအနေဖြင့်လည်း လက်တွေ့ လုပ်ကိုင်၍ ရသည်ဟု ဆိုလိုရင်း ဖြစ်သည်။

သိပ္ပံပညာရှင်များ အနေဖြင့် စိတ်သည် ဦးနှောက်၏ လှုပ်ရှားမှု တစ်ရပ် ဖြစ်သည်။ ထို့ကြောင့် စိတ်ကို အခြေခံ၍ ရှင်းလင်းပြနိုင်သမျှကို ဦးနှောက်အား အခြေခံ၍ ရှင်းလင်းပြနိုင်သည်ဟု ဆိုကြသည်။ ဤသို့ ဆိုခြင်း အပေါ် သိပ္ပံပညာရှင် များ အနေဖြင့် မည်သို့သော ခံစားချက်များ ရှိသည်ကို မသိပါ။ သို့သော် ဗုဒ္ဓဘာသာ တစ်ဦး အနေဖြင့်မူ လွန်စွာ တုန်လှုပ်မှုကို ခံစားရမည် ဖြစ်ပေ၏။ Max Muller ဆိုသော ပုဂ္ဂိုလ်ကြီးက ဓမ္မပဒ မှ စာပိုဒ် တစ်ပိုဒ်ကို အင်္ဂလိပ် လို ပြန်ဆိုရာတွင် ဤသို့ ရေးသားထား၏။

All that we are is the result of what we have thought: it is founded on our thoughts, it is made up of our thought..

( ကျွန်ုပ်တို့ ဖြစ်နေသမျှ အားလုံးသည် တွေးခေါ်ခြင်း၏ ရလာဒ်များ ဖြစ်၏ ။ ယင်းတို့သည် တွေးခေါ်ခြင်း အပေါ် အခြေခံနေသည်။ ယင်းတို့အား တွေးခေါ်ခြင်းဖြင့် တည်ဆောက်ထားသည်။ )

မြန်မာ ပိဋကတ် အသင်းကြီးက ထုတ်ဝေသော ဓမ္မပါဒ ကျမ်း၌မူ ဤစာပိုဒ်အား အောက်ပါ အတိုင်း ဖော်ပြထား၏ –

All mental phenomena have mind as their forerunner, they have mind as their chief; they are mind made.

( စိတ်ပိုင်းဆိုင်ရာ အားလုံးအတွက် စိတ်သည် ရှေ့တော်ပြေး ဖြစ်သည်။ ယင်းတို့၏ အကြီးအကဲသည်လည်း စိတ်ဖြစ်သည်။ ယင်းတို့ကိုလည်း စိတ်ဖြင့် တည်ဆောက်ထားသည်။ )

ဤ ဓမ္မပဒ ပါ စာပိုဒ်အား အင်္ဂလိပ်လို ပြန်ဆိုရာတွင် စာသား များ အနေဖြင့် ခြားနားမှု ရှိသော်လည်း အနှစ်သာရ အားဖြင့်မူ ခြားနားမှု မရှိသလောက် ဖြစ်ပါသည်။ ပြန်ဆိုမှု နှစ်ရပ် စလုံး ကပင် စိတ်၏ အရေးပါပုံ၊ စိတ်၏ ဦးဆောင်မှု ပေးပုံ တို့ကို ဖော်ပြကြသည်။

အိန္ဒိယ ရုပ်ဝါဒီများ ဖြစ်ကြသော ချရဝါက များကမူ စိတ်ရှိသည် ကို မငြင်းပါ။ သို့သော် ကွမ်းယာ မှ ကွမ်းသွေး ဖြစ်လာဘိသကဲ့သို့ ရုပ်မှသာ စိတ်ပေါက်ဖွား လာသည်ဟု ဆိုခြင်း ဖြစ်ပါသည်။ ခေတ်သစ် ဦးနှောက်အား လေ့လာသူ များကလည်း စိတ်ကို မငြင်းပါ။ သို့သော် စိတ် ဆိုသည် ဦးနှောက်၏ လှုပ် ရှားမှု တစ်မျိုး ဟု မှတ်ယူ ထားဟန် တူသည်။ ထို့ကြောင့် ကျွန်တော်တို့က “စိတ်ဆိုတာ ရှိသလား” ဟု မေးလျှင် သူတို့က “စိတ်ဆိုတာ ရှိသည်” ဟု ဖြေမည် ဖြစ်ပါသည်။

စင်စစ် ကျွန်တော်တို့ အနေဖြင့် ရုပ်ဝါဒီများ အား မေးရမည့် မေးခွန်းမှာ စိတ်က ဦးဆောင်ပါသလား ဟု မေးရမည် ဖြစ်ပါသည်။ ဤတွင်လည်း သူတို့က စိတ်က ဦးဆောင်ပါသည်ဟု ဖြေကောင်း ဖြေကြမည် ဖြစ်သည်။ ဥပမာ – ရေသောက်ချင်၍ ရေသောက်သော အခါ ရေသောက်ချင်သော ဆန္ဒက ဦးဆောင်၍ ရေသောက်ခြင်း ဖြစ်သည်။ သို့သော် သူတို့ ဆက်လက် ပြောနိုင်သည်မှာ ‘ရေသောက်ချင်သောစိတ်’ ကြောင့် ရေသောက်သည် မှန်သော်လည်း ရေသောက် ချင်သော စိတ်ကို ဖန်တီးသော အကြောင်းတရားမှာ ခန္ဓာကိုယ် ဖြစ်သည် ဟူ၍ ဖြစ်၏။ ဤသို့ ဆိုလျှင် အရာရာသည် နောက်ဆုံး၌ ရုပ်ကသာ အကြောင်း ပြုသည်။ ဦးဆောင်သည်။

ဤသို့ ဆိုပါက ကျွန်တော်တို့ ဓမ္မဒပ ကျမ်းထဲတွင် တွေ့ရသည်နှင့် ဆန့်ကျင် သလို ဖြစ်နေ၏။ ဓမ္မပဒ အလိုအားဖြင့် သက်ရှိ သတ္တဝါ အားလုံး၌ ဦးဆောင် ဦးရွက် ပြုလုပ်နေသည်မှာ စိတ် ဟု ဆို၏။ ဤတွင် ဓမ္မပဒ ပါ အယူအဆ ၏ မှန်ပုံကို နှစ်မျိုး ပြ၍ ရ၏။

တစ်မျိုးမှာ ဓမ္မ ပဒ သည် ရှင်တော်မြတ် ဘုရား ဟောကြားတော် မူခဲ့သော တရားတော် ဖြစ်သည်။ ထို့ကြောင့် ဓမ္မ ပဒ ၌ ပါရှိသော အယူအဆကို လက်ခံမည် ဟူ၍ ဖြစ်၏။ ဤသို့ဆိုသော် ဗုဒ္ဓ ဘာသာဝင် အားလုံးအနေဖြင့် လက်ခံခြင်းကို ပြုကြမည် ဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင် မဟုတ်သော သူများ အဖို့မူ ဘဝင်ကျ ကြမည် မဟုတ်ပေ။

အခြားတစ်နည်းမှာ ဗုဒ္ဓဘာသာဝင် များရော ဗုဒ္ဓ ဘာသာဝင် မဟုတ်သူများ ကပါ လက်ခံနိုင်သော ဆင်ခြင်ခြင်း အခြေခံ၍ ရှင်တော်မြတ်ဘုရား ဟောကြား တော်မူသည့် အတိုင်း ဥာဏ်မီသလောက် တင်ပြခြင်း ဖြစ်သည်။

ထို့ကြောင့် ချရဝါက ဆရာကြီး ဘရဟပတ္တီရော – မျက်နှာဖြူ ပါမောက္ခကြီး တို့နှင့် ပါ ဆွေးနွေးရာတွင် သူတို့သည် ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြသောကြောင့် ကျွန်တော်သည် ဒုတိယ နည်းဖြစ်သော ဆင်ခြင်ခြင်း နည်းအားဖြင့် သာ သတ္တဝါတို့ ( အထူးသဖြင့် လူသားတို့ ) ၌ စိတ်ကသာ ဦးဆောင်ကြောင်း ရှင်းပြရတော့၏။ ထို့ကြောင့် ကျွန်တော်သည် ချာရဝါက ဆရာကြီး ဘရဟပတ္တီ ကိုရော မျက်နှာဖြူ ပါမောက္ခကြီးကိုပါ မေးခွန်းတစ်ခု ကို မေးလိုက်ပါ၏။ ထိုမေးခွန်းမှာ –

“လျှပ်စစ်စွမ်းအင် ဆိုတာ သိပါသလား” ဟူသော မေးခွန်း ဖြစ်၏။ ဤမေးခွန်းကို မေးသော အခါ မျက်နှာဖြူ ပါမောက္ခကြီးကမူ “လျှပ်စစ်အားဆိုတာ လူတိုင်း သိတာပဲ ဦးခင်မောင်ဝင်း ။ မေးစရာ မလိုပါဘူး” ဟု ခပ်ပြတ်ပြတ် ပြောပါသည်။ ရှင်တော်ဗုဒ္ဓ မပွင့်မီက သက်ရှိထင်ရှား ရှိခဲ့သော ချာရဝါက ဆရာကြီး ဘရဟပတ္တီကမူ “လျှပ်စစ်အားဆိုတာ ဘာလဲ” ဟု မေးပါ၏။

ထိုအခါ မျက်နှာဖြူ ပါမောက္ခကြီးက “ဆရာကြီး၊ လျှပ်စစ်အား ဆိုတာ မီးထွန်းလို့လည်း ရတယ်။ စက်တွေမောင်းလို့လည်း ရတယ်။ ဒီစွမ်းအားကို နေရာတကာ လောက်နီးနီး သုံးလို့ ရတယ်။ ဒါက ဆရာကြီးတို့ခေတ်မှာ မပေါ်သေးဘူး။ ဆရာ ကြီးတို့ ခေတ် ပြီးတဲ့နောက် နှစ်ပေါင်း နှစ်ထောင့် ငါးရာ ကျော်လာတဲ့ ကျွန်တော်တို့ သိပ္ပံ ခေတ်မှာမှ ရှိလာတာ” ဟု ရှင်းပြသော အခါ ချာရဝါက ဆရာကြီး ဘရဟပတ္တီ၏ မျက်နှာမှာ ရွှင်လန်းလာပြီး “ငါမွေးတာဟာ နှစ်ပေါင်း နှစ်ထောင့်ငါးရာလောက် စောနေတယ်။ ငါသာ မင်းတို့ ပြောနေကြတဲ့ နှစ်ဆယ်ရာစု၊ နှစ်ဆယ့် တစ်ရာစုမှသာ မွေးရင် ငါ့ ချာရဝါက ရုပ်ဝါဒဟာ ကမ္ဘာ့ဒဿန ဗေဒ လောကကို လွှမ်းသွားနိုင်တယ်” ဟု ကြုံးဝါးလိုက်ရာ မျက်နှာဖြူ ပါမောက္ခကြီးက ဆရာကြီး ဘရဟပတ္တီအား “ဆရာကြီး၊ သိပ်ဝမ်းမသာနဲ့ဦး၊ ဦးခင်မောင်ဝင်းမှာ လှည့်ကွက် တစ်ခုခုတော့ ရှိမှာပဲ” ဟု ပြောလိုက်ပါ၏။

ထိုအခါ ကျွန်တော်က မျက်နှာဖြူ ပါမောက္ခကြီးအား ဤသို့မေးလိုက်၏။-

“ပါမောက္ခကြီးကို ကျွန်တော် ဝါယာ နှစ်ချောင်းပြမယ်။ တစ်ချောင်းက လျှပ်စစ် အား ရှိတယ်။ ကျန်တစ်ချောင်းက လျှပ်စစ်အား မရှိဘူး။ ဒီဝါယာ နှစ်ချောင်း အနက် တစ်ချောင်းကို ကိုင်ပါ ဆိုရင် ပါမောက္ခကြီး ကိုင်ဝံ့ပါ့မလား” ဟု မေးသော အခါ ပါမောက္ခကြီးက “ဝါယာ စမ်းသပ်တဲ့ ကိရိယာ ရှိတာပဲ။ ဒီကိရိယာကို စစ်ပြီး လျှပ်စစ်အား ရှိနေတဲ့ ဝါယာကို မကိုင်ဘဲ မရှိတာကို ကိုင်မှာပေါ့” ဟု ဖြေပါသည်။ ကျွန်တော်က “အဲ့ဒီ စမ်းသပ်တဲ့ ကိရိယာ မရှိဘူး ဆိုရင်ကော” ဟု ပြောသော အခါ ပါမောက္ခကြီး က “အဲ့ဒီလို စမ်းသပ်တဲ့ ကိရိယာ ကို မသုံးရဘူး ဆိုရင် ဘယ်ကိုင်ဝံ့မှာလဲ။ လျှပ်စစ် ရှိတဲ့ကြိုးကို ကိုင်မိရင် သေမှာပေါ့” ဟု ဖြေပါသည်။

ထိုအခါ ချာရဝါက ဆရာကြီး ဘရဟပတ္တီက “လျှပ်စစ်အား ပါတဲ့ဟာကို ကိုင်မိရင် သေသလား” ဟုမေးရာ မျက်နှာဖြူ ပါမောက္ခကြီးက “ဟုတ်တယ် ဆရာကြီး လျှပ်စစ်အား ပါတဲ့ ကြိုးကို ကိုင်မိရင် သေတယ်” ဟု ဖြေပါသည်။ ထိုအခါ ဆရာကြီးက “ဒီလျှပ်စစ်အားဟာ ကြိုးထဲမှာ ရှိရင် မြင်ရမှာပေါ့” ဟု စောဒက တက်ရာ မျက်နှာဖြူ ပါမောက္ခကြီးက “လျှပ်စစ်အားကို မမြင်ရဘူး ဆရာကြီး။ သူစမ်းသပ်တဲ့ ကိရိယာနဲ့ ထိကြည့်မှသာ သူရှိမရှိသိရတာ” ဟု ဖြေပါသည်။

ထိုအခါ ချာရဝါက ဆရာကြီး ဘရဟပတ္တီက ကျွန်တော့်ကို ကြည့်လိုက်၊ မျက်နှာဖြူ ပါမောက္ခကြီးကို ကြည့်လိုက်နှင့် “မောင်ခင်မောင်ဝင်း – တို့ကို မိသွားပြီ ထင်တယ်။” ဟု မှတ်ချက် ပြုလိုက်ပါသည်။ စင်စစ် ချာရဝါက ဆရာကြီး ဘရဟ ပတ္တီသည် မျက်နှာဖြူ ပါမောက္ခကြီးထက် နှစ်ပေါင်း နှစ်ထောင့် ငါးရာကျော် စော၍ မွေးသော်လည်း မျက်နှာဖြူ ပါမောက္ခကြီးထက် ဥာဏ်ထက်မြက်ဟန် ရှိ၏။

ထိုအခါ မျက်နှာဖြူ ပါမောက္ခကြီးက “ဦးခင်မောင်ဝင်း၊ ကျွန်တော်တို့ကို ဘယ်လို မိသွားတာလဲ” ဟု မေးလိုက်သောအခါ ချာရဝါက ဆရာကြီး ဘရဟပတ္တီက “သူပြောချင်တာက ဒီလို ပါမောက္ခကြီးရဲ့၊ လျှပ်စစ်အားနဲ့ ပတ်သက်လာရင် တို့မြင်ရတာက ကြိုးပဲ၊ လျှပ်စစ်အား ကို မမြင်ရဘူး။ ပြီးတော့ လျှပ်စစ်အားဟာ ကြိုးက ဖြစ်လာတာ မဟုတ်ဘူး။ သူ့ဟာသူ ရှိနေတာ ။ ဒီအတိုင်းပဲ စိတ်ဟာ ရုပ်က ဖြစ်လာတာ မဟုတ်ဘူး။ သူဟာသူ ရှိနေတာ။ ဒါပေမယ့် လျှပ်စစ်အားကို ကြိုးထဲမှာ ရှိနေပေမယ့်လည်း မြင်ရတာ မဟုတ်သလို၊ စိတ်ဟာလည်း ရုပ်နဲ့ ရှိနေပေမယ့် မမြင်ရဘူး။ ရုပ်ကိုသာ မြင်ရတာ” ဟု ပြော၍ ကျွန်တော့်ဘက်သို့ လှည့်ကာ “ဟုတ်လား။ ခင်မောင်ဝင်း” ဟု မေးပါသည်။

ထိုအခါ ကျွန်တော်က “ဆရာကြီး အလွန် ဥာဏ်ထက်မြက်ပါတယ်။ ကျွန်တော် ပြောချင်တာက ဆရာကြီး ပြောတဲ့အတိုင်းပါပဲ။ စိတ်ဟာ ခန္ဓာကိုယ်နဲ့ သို့မဟုတ် ဦးနှောက် နဲ့ တွဲရှိနေတယ်။ ဒါပေမယ့် သူ့ကို မမြင်ရဘူး။ လျှပ်စစ်အား ရှိတဲ့ ဝါယာကြိုးဟာ လျှပ်စစ်အားကို မမြင်ရဘဲ အလုပ်လုပ်သလို စိတ် ဟာလည်း မမြင်ရဘဲနဲ့ အလုပ်လုပ် နေတယ်။ စိတ်ဟာ သူ အလုပ်လုပ်နေတာကို စေတနာနဲ့ အကောင်အထည် ဖော်ပြတဲ့ အပြုအမူတွေမှာ တွေ့နေရတယ်။ စေတနာ ကောင်း ရှိတဲ့ လူတွေဟာ သူ့ကောင်းကျိုးရော၊ သတ္တဝါတွေရဲ့ ကောင်းကျိုးကိုပါ ပြုကြတယ်။ ဒါကြောင့် သူတို့လည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြသလို သတ္တဝါ တွေလည်း ကိုယ်စိတ် နှစ်ဖြာ ချမ်းသာ ကြတယ်။ စေတနာဆိုး ရှိတဲ့ လူတွေဟာ သတ္တဝါတွေရဲ့ ဆိုးကျိုးကို ဖန်တီးကြတယ်။ ဒါကြောင့် သူတို့လည်း စိတ်ဆင်းရဲ ကြတယ်။ သတ္တဝါတွေလည်း စိတ်ဆင်းရဲကြရတယ်။ ဒါကြောင့် ရှင်တော်မြတ် ဘုရားက ဓမ္မပါဒထဲမှာ ဒီလို ဟောကြားတော်မူခဲ့ပါတယ်။-

“If a man speaks or acts with an evil thought, pain follow him, as the wheel follows the foot of the ox that draws the carriage. If a man speaks or acts with a pure thought, happiness follows him, like a shadow that never leaves him.

“အကယ်၍ လူတစ်ယောက်သည် မကောင်းသော စိတ်ထားဖြင့် အရာရာကို ပြုငြားအံ့။ ထိုသို့ ပြုမူခြင်းကြောင့် မကောင်းသော ခံစားမှု အကျိုးရလာဒ်များသည် သူ၏ နောက်သို့ လှည်ဘီးသည် နွားခြေရာ နောက် တကောက်ကောက် လိုက်ဘိသကဲ့သို့ လိုက်နေပေလိမ့်မည်။ အကယ်၍ လူတစ်ယောက်သည် ကောင်းသော စိတ်ထားဖြင့် အရာရာကို ပြုငြားအံ့။ ထိုသို့ ပြုမူခြင်းကြောင့် ကောင်းမြတ်သော ခံစားမှု အကျိုးရလာဒ်များသည် လူတစ်ယောက်၏ အရိပ်သည် ယင်းလူနှင့် ထပ်ကြပ်မကွာ ရှိနေဘိသကဲ့သို့ သူနှင့် ထပ်ကြပ်မကွာ ရှိနေပေလိမ့်မည်။”

ဟု ပြောလိုက်သော အခါ —

ချာရဝါက ဆရာကြီး ဘရဟပတ္တီက သူ လူဖြစ်လာသည်မှာ စောသွားကြောင်း ၊ ရှင်တော်ဗုဒ္ဓ ပွင့်တော်မူသော ကာလ၌ သာ သူမွေးဖွားခွင့် ရပါက သူသည်လည်း ဗုဒ္ဓ၏ သာဝက တစ်ဦး ဖြစ်ကောင်း ဖြစ်လာနိုင်သည်ဟု ရိုးသားစွာ အမိန့်ရှိပါသည်။ ထိုသို့ အမိန့်ရှိလိုက် သောအခါ ကျွန်တော်နှင့် အယူအဆချင်း မတူသော်လည်း ချာရဝါက ဆရာကြီး ဘရဟပတ္တီ အပေါ် ကျွန်တော်သည် ချစ်ခင် လေးစားသော စိတ်များ ပွားများ မိပါသည်။။

ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း ( ဒဿန ဗေဒ )

ကျွန်တော်နားလည်သော အရှေ့တိုင်းအတွေးအခေါ် ( စာမျက်နှာ ၂၁၀ – ၂၁၅ )

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: