သင်္ချာကို သင်ရာတွင်

သခ်ာၤဆိုတာဘာလဲ ။ ဘယ်စာအုပ်က ဘယ်လို ညွှန်းပါတယ်ဆိုတာထက် အထက်တန်းကျောင်း သင်္ချာမှာ ကျနော်တို့ ဘာတွေ သင်ရလဲ ။ ဒီမေးခွန်းက စသင့်မယ် ထင်ပါတယ်။ ( သင်္ချာကို ကျက်ရမယ်ဆိုပြီး သင်တဲ့ ကျောင်းအများစုတော့ ရှိနေတယ် ။ အဲ့ဒါကို ဖယ်ထားရင်) နိုင်ငံတကာ သတ်မှတ်ထားတဲ့ အထက်တန်း သင်္ချာပညာမှာ အီကွေးရှင်း ဖြေရှင်းဖို့နဲ့ ကိန်းဂဏန်း မေးခွန်း တွေ ဖြေရှင်းဖို့ပဲ အာရုံစိုက်ခဲ့တယ်။ ကောလိပ် သင်္ချာ အဆင့်တက်လာတော့ အဲ့မေးခွန်းတွေထဲက အပြောင်းအလဲ၊ Variables တွေရဲ့ အကြောင်းကို မူတည်ထားတယ်။ ဆိုလိုတာက ကိန်းဂဏန်းတွေတင် မကတော့ဘူး။ အစုတွေ၊ ဆက်သွယ်ချက်တွေ၊ အခြား သင်္ချာ စိတ်ကူးထည်တွေ ကို အာရုံထား လာတယ်။

ဘယ်လို ပဲ ဖြစ်နေနေ အထက်တန်း ရော၊ ကောလိပ် တက္ကသိုလ်မှာပါ သင်္ချာ ဆိုတာနဲ့ ပတ်သက်လို့ သင်ကြားရပြီ ဆိုရင် နောက်ကွယ်မှာ အရေးပါတဲ့ တစ်ခု ရှိပါတယ်။ အဲ့ဒါက ဆင်ခြင်မှု၊ အထူးသဖြင့် ပြောရင် ထုတ်ယူ ကောက်ယူဆင်ခြင်မှု လို့ခေါ်မလားပဲ။ Deductive Reasoning လို့ ဘိုလို ခေါ်ပါမယ်။ ( ဒါပေတဲ့ အဲ့ဒါကို ထုတ်ယူ ဆင်ခြင်တယ်လို့ ပညာရေးဌာန အစိုးရထုတ် ယုတ္တိဗေဒ စာအုပ်တွေမှာ မပြန်ထားဘူး။ )

စတိတ်ကျောင်း ၊ တန်းကျောင်း အဆင့် သင်္ချာမှာ ကျနော်တို့ကို ညီမျှခြင်း တစ်ခု ချပေးမယ် ဆိုပါတော့ ။ အဲ့ညီမျှခြင်းမှာ မသိကိန်း တစ်ခု ပါမယ် ဆိုရင် ( ဥပမာ – x ) အဲ့ မသိကိန်း x ကို ရှာနိုင်ဖို့က ပေးထားတဲ့ ညီမျှခြင်းရယ် ။ နောက်ထပ်လိုအပ်မယ့် အချက်အလက် တစ်ချို့ ရယ် ( တစ်ခါတစ်လေ အဲ့အချက်အလက် တွေတောင် ပါချင်မှ ပါမယ် ) ကို အသုံးပြုပြီး ဆင်ခြင် ယူရတယ်။ တန်းမြင့် သင်္ချာသမား ဖြစ်လာရင်လည်း အဲ့အတိုင်းပဲ ။ သင်္ချာ ပြဿနာ ပုစ္ဆာတွေ အတွက် သူတို့ရဲ့ နောက်ဆုံးရလာဒ် အဖြေ ရယူနိုင်ဖို့ ဆင်ခြင်ယူမှုကိုပဲ အသုံးပြုရတယ်။

ဆိုလိုတာကတော့ သင်္ချာရဲ့ အဓိက မဏ္ဍိုင်က ဆင်ခြင်ယူမှုပါ။ ဒါပေတဲ့ လက်ရှိကျောင်းတွေမှာ အလွတ်ကျက်တွေ များနေတယ်။ သင်္ချာကို အဖြေရလိုမှု တစ်ခုထဲ အတွက်ပဲ သုံးနေတယ်။ ဒါကလည်း အတိအကျတော့ မဟုတ်သေးဘူး။ စာမေးပွဲမှာ ဒီမေးခွန်းအတွက် ဒီအဖြေကို ပေးပါ – ( မှားလည်း မမှားပါဘဲ-) အခြားဖြေမိရင် ကြက်ခြေခတ် ပစ်တာမျိုးတွေ တွေ့နေရပါတယ်။ သင်္ချာမေးခွန်းတွေမှာ ရှိတာက – ဒီလိုမျိုးဖြေပါ။ ဟိုလိုမျိုး ဖြေပါ။လို့ လမ်းကြောင်းပြ မေးတတ်ပါတယ်။ အဲ့လို မေးတာမျိုး မဟုတ်ဘဲ အဖြေရဖို့အတွက်ပဲ မေးမယ့် မေးခွန်းတွေ အတွက် ကျောင်းသားက ဘယ်လို ပုံစံ ဖြစ်နေပစေ၊ ဘယ်နည်းကို သုံးသုံး စိတ်ကြိုက် ဖြေခွင့်ရှိပါတယ်။ မေးခွန်းမှာလည်း ဘာလမ်းကြောင်း ပြ မှ မပါပါဘဲလျက် – ဆရာသင်ပေးတဲ့ အတိုင်း မဖြေလို့ ကျောင်းသားကို အမှားပေးတာမျိုး။ အဲ့လိုမျိုးက သချာင်္ပညာမှာ မရှိသင့်ဘူး လို့ ထင်တယ်။ ဒါက သင်္ချာကို အသုံးချဖို့ ဆိုတဲ့ စိတ်ဓာတ် သွင်းတာ မဟုတ်ဘူး။ ကလေးတွေရဲ့ သင်္ချာ ဥာဏ်ရည်နဲ့ ကလေးရဲ့ ဥာဏ်ရည် ဖွံဖြိုးမှု လမ်းကြောင်းကို သတ်ပစ်တာ။

နောက်တစ်ခုက ကျောင်းသားတွေဟာ သင်္ချာမှာ သုံးတဲ့ တချို့ ညီမျှခြင်း တွေကို အလွတ်ကျက်နေရတယ်။ အဲ့ဒီ အလွတ်ကျက်ရတာက တန်းကျောင်း တစ်ခုတည်း မဟုတ်ပါဘူး။ ကျနော့ မျက်မြင်ရော ၊ ကိုယ်တွေ့ပါ ပြောရင် တက္ကသိုလ်တွေ အထိပဲ။ ( ညံ့တဲ့ တက္ကသိုလ်၊ ညံ့တဲ့ ဆရာ၊ဆရာမ မျိုးနဲ့ ကြုံခဲ့ရလို့လားတော့ မသိ )

တကယ့်တကယ်တမ်းက သင်္ချာမှာ ကျက်စရာ ဘာတစ်ခုမှ မရှိပါဘူး။ အလွန်ဆုံး ရှိနိုင်တာက သင်္ချာညီမျှခြင်း တစ်ခု တွေ့ရင်၊ ကိုယ်လဲ မသိသေးတဲ့ အသစ်တစ်ခုဆိုရင် ဘာကို ဆိုလိုတာလဲ နားလည်အောင် ကြည့်ဖို့။ ဆင်ခြင်ဖို့ပါ။ အဲ့ဒါပဲ လိုအပ်ပါတယ်။ တစ်ချို့ကတော့ ပြောတတ်တယ်။ “ပုစ္ဆာ တစ်ခုမှာ သုံးရမယ့် ညီမျှခြင်းကို သိရင်ရပြီ။ အဲ့ဒါဆို အဖြေတွက်လို့ ရပြီ” တဲ့။ အဲ့လိုမျိုး အသုံးချ အတွက် လုပ်မယ် ဆိုရင်လည်း အဲ့ဒါ Pure Mathematics မဟုတ်ပါဘူး။ Applied Maths အသုံးချမှုပိုင်းကို ဆိုလိုပါကြောင်း နားလည် ပါးရိုက် လုပ်ပြီး ပြောကောင်း ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒါကလည်း တကယ့် Application အစစ်အမှန် မဟုတ်ပြန်ဘူး။ အဲ့ပုစ္ဆာ တွက်ပြီးရင် ပြီးသွားပြီ။ အဲ့လူအတွက် သင်္ချာနဲ့ ပတ်သက်လို့ ဘာမှ မကျန်ခဲ့ဘူး။ သူ့လိုမျိုးက လက်ရှိ ကွန်ပျူတာတွေမှာ Program တစ်ခု ဆွဲပြီး တွက်ရင်အောင် လူမလိုဘဲ အဖြေရပါတယ်။ သင်္ချာနဲ့ပတ်သက်လို့ သိမြင်မှု၊ နားလည်မှု၊ ဆင်ခြင်မှု ဘာမှမရှိဘူး။ အဖြေမှာတင် ဂိတ်ဆုံးတယ်။ အခု မြန်မာနိုင်ငံ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တန်း သင်္ချာတွေမှာ သင်္ချာရဲ့ အနှစ်သာရလို့ ခေါ်တဲ့ အဲ့ဒီ ဆင်ခြင်ယူမှု သဘော က မထင်ရှားဘူး။ ငုပ်နေပါတယ်။

ကျနော်တို့ ပညာရေး တိုးတက်ဖို့ ဆိုရင် ဘာသာရပ် အသီးသီးမှာ ရှိတဲ့ အဲ့လို ငုပ်နေတဲ့ အနှစ်သာရတွေကို ကိုယ်စီ ကိုယ်စီ ဖော်နိုင်ဖို့ လိုပါတယ်။ အထက်တန်းကျောင်းတွေ တက္ကသိုလ်တွေ ( အများစု – ရှိနေပါတယ်။ ) အဲ့ဒီတွေမှာ သင်္ချာကို Reasoning အပေါ်မှာထက် By Heart တွေ များနေတယ် ထင်တယ်။ ဆင်ခြင်ယူမှု သဘောကိုတောင် ကောင်းကောင်း မပြပေးနိုင်ရင် အဲ့ဒီ Reasoning ရဲ့ နောက်ကွယ်က – ( တန်းမြင့်သင်္ချာထဲမှာ အထင်အရှား ရှိတဲ့ ) Mathematical Beauty ဆိုတာ သိနိုင်ဖို့ ဝေလာဝေး -တွေ ဖြစ်ကုန်ပါလိမ့်မယ်။

စင်စစ် ပေါက်ရောက်ပြီး၊ ကျင်လည်ပြီးသား တန်းမြင့် သင်္ချာသမားတွေ ( တစ်နည်း ) Pure Mathematicians တွေဟာ သူတို့ရဲ့ ဘာသာရပ်ကို အခြား သိပ္ပံနယ်က ဘာသာရပ် သမား တွေထက် ပိုရူးသွပ်တယ်။ ပိုပြီး တွယ်တာတယ်။ အာရုံ၊ ဈာန် – ပိုပြီး ဝင်စားကြတယ်။ ဘာလို့ပါလဲ ။

နားလည်သလို ရှင်းရရင်-

Reason ကနေ ထွက်လာတဲ့ သင်္ချာ စိတ်ကူးထည် ( Mathematical Pattern ) တွေမှာ တစ်သီးတခြား စစ်မှန်နေတဲ့ သဘောလေး ( Reality ) ရှိပါတယ်။ ပြောလေ့ရှိတဲ့ စကားနဲ့ဆိုရင် သင်္ချာမှာ The end in itself ( မိမိအတွင်းမှာတင် အဖြေရှိတယ်၊ အဆုံးသတ်ရှိတယ်။ ) ။ အခြားဘာသာရပ်တွေမှာ ကမှ ပြင်ပ လောကကို၊ စစ်တမ်းတွေကို၊ လက်တွေ့စမ်းသပ်ချက်တွေကို မှီခိုနေရသေးတယ်။ သင်္ချာမှာက မိမိ ဦးနှောက်ဥာဏ်အတွင်း ဆင်ခြင်သမှု ပြုတဲ့ အတွင်းမှာတင် အဖြေရှိပါတယ်။ အဲ့ဒါကို သူတို့က ( အချို့က ) အလှတရား ( Beauty ) အဖြစ် ခံယူမိထားကြတယ်လို့ ဆိုတယ်။

အဲ့တော့ သူတို့ မြင်တဲ့ သင်္ချာရဲ့ အလှတရားကို အသာထားဦး –

လက်ရှိ အနှစ်သာရ အားဖြင့် နားလည် နေရပါမယ်ဆိုတဲ့ ဆင်ခြင်မှု ( Reason ) သဘောကို တောင် သင်္ချာ ဘာသာရပ်တွေမှာ ပိုင်ပိုင်နိုင်နိုင် ထည့်သွင်း မသင်ကြားနိုင်တာ တွေ့ရတဲ့ အတွက် – အငယ်တန်း၊ အလယ်တန်း၊ အထက်တန်း ဆရာများ – ကလေးတွေကို စာသင်ကြား ပေးကြရာမှာ – မိမိတို့ရဲ့ ဆိုင်ရာ ဘာသာရပ်ကို ချစ်တတ်အောင်၊ မြတ်နိုးတတ်အောင်၊ အဆုံးစွန်ဆုံး – ကိုယ်သင်ရတဲ့ ဘာသာရပ်ရဲ့ အနှစ်သာရဟာ ဘာဆိုတာ နားလည်အောင် သင်ပေးစေလိုပါကြောင်း ပြောချင်ပါတယ်။

မှတ်ချက်။

  • မိတ်ဆွေတစ်ယောက်က သူ့သားသမီးတွေရဲ့ ကျောင်းသင်္ချာ သင်ကြားမှု အခြေအနေကို ညည်းတွားလာတာရယ်။ အခြားဘာသာရပ်တွေထက် ကျနော်လည်း သင်္ချာပိုင်းကိုပဲ သိတဲ့အတွက်ရယ် – တန်းကျောင်းပညာရေးမှာ လိုအပ်နေတာလေး ကို ဒီဘာသာရပ်နဲ့ နွယ်ပြီး ပြောရပါတယ်။
  • မြန်မာစာကို ရေးရာ၊ ပြောရာမှာ အင်္ဂလိပ်စာလုံးတွေ ကြားညှပ်ပြီး သုံးရတာ မကြိုက်ပါ။ ဒါပေတဲ့ အခု ပို့စ်မှာ ထည့်သွင်း ထားတာ တော်တော်များများပါနေပါတယ်။ အဲ့ဒါမသုံးပြန်ရင်လည်း လိုရင်းကို မပေါ်လွင်လောက်ဘူး ထင်တဲ့အတွက်။

About zayya
Just Be. That's Enough! Shared words with Silence.

One Response to သင်္ချာကို သင်ရာတွင်

  1. GTU online says:

    စာတွေ အတွက် ကျေးဇူးတင်ပါတယ်.. နည်းပညာတက္ကသိုလ်က ကျောင်းသားတွေ အတွက် ပြန်လည်ဝေမျှချင်ပါတယ် … စာအားလုံးကို credit ပေးပါ့မယ်ခင်ဗျ..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: