TCB ( ရှေးတရုတ်တို့ဝါဒ-အကြမ်းမျဉ်း )

ဟိန္ဒူဘာသာရေးတွင် “ဘုရားသခင်နှင့် ၎င်း၏နာမတော်သည် ဧက၊ တစ်သဘောတည်း၊ တစ်ခုတည်း” ဟု ဆိုသည်။ တာအိုဘာသာတွင်မူ “သတ်မှတ်ခေါ်ဝေါ်နိုင်သော အမည်နာမသည် အမည်နာမ စစ်စစ် မဟုတ်” ဟု ဆိုပြန်သည်။ အဘယ်ဟာ မှန်ပါသနည်း။

ဒဏ္ဍာရီ အရ ဖူရှီ ( Fu Shi ) သည် တရုတ် မဟာအင်ပါယာ ဘုရင်ကြီး (ဝါ) ဧကရာဇ် သုံးပါးတွင် ပထမဆုံး သမိုင်းဝင် ဧကရာဇ် ဖြစ်သည်။ ( ကျနော့စိတ်ထင် – ကျနော်တို့ မြန်မာအများ ကြားသိဖူးကြသော မဟာသမ္မတမင်းတို့က ၎င်းထက် ပိုစောမည်။ ဟုတ်မဟုတ်တော့ မသိ။ ) ခရစ်တော်မပေါ်မီ နှစ်သုံးထောင် အစောပိုင်းက တရုတ်ပြည်လုံးကို စိုးမိုး အုပ်စိုးခဲ့သူ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဖူရှီသည် တရုတ်ရှေးဟောင်းကျမ်းတစ်ဆူ ဖြစ်သော I-Ching ယီကျင်း ( သင်္ခါရကျမ်း/ပြောင်းလဲခြင်း သဘောတရား ကျမ်း ) ပါ တြိမူဟ ရှစ်ခုတို့ကို ဖော်ထုတ်ရှင်းလင်းခဲ့သူလည်း ဖြစ်သည်။ အချို့က ယင်းတို့သည် တရုတ်တို့၏ အရုပ်ဆန်သော လက်ရေးစကားလုံးတို့၏ အခြေခံလည်း ဖြစ်သည်ဟု ဆိုကြပါသည်။

လက်ရှိ တရုတ်တို့၏ ပင်မ ဒဿန ရေစီးကြောင်း နှစ်ခုမှာ တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒ တို့ ဖြစ်ပြီး ၎င်းဝါဒတို့သည် ဖူရှီ ၏ အစဉ်အလာမှ ဆင်းသက်လာကြခြင်းသာ ဖြစ်သည်ဟု အယူရှိကြသည်။ ခရစ်တော် မပေါ်မီ ခြောက်ရာစုမှ စတင်၍ ၎င်းဝါဒနှစ်ဆူ ကွဲပြားသွားခဲ့ပြီး တာအိုဝါဒ၏ ဖခင် – လောက်ဇူ ( BC 604-531 ) ၊ ကွန်ဖြူးရှပ် ဝါဒ – ဖခင် ကွန်ဖြူးရှပ် ( BC 551-479 ) ဟူ၍ အမှတ်အသားရှိသည်။

တရုတ်တို့၏ ဘာသာရေး အတွင်းမှ တတိယ ရေစီးကြောင်းမှာ ဗုဒ္ဓဘာသာ ဖြစ်ပြီး အစဉ်အလာ အိန္ဒိယမှ ဆင်းသက်သည်။ အိန္ဒိယ ဗုဒ္ဓဘာသာ မထေရ်များ A.D ပထမ ရာစုတွင် တရုတ်ပြည်သို့ စတင်ဝင်ရောက် သာသနာပြုသည်။ ယင်း အိန္ဒိယ ဘုန်းတော်ကြီးများ၏ ကြွင်းကျန်ရစ်သော ပြောစကားများ အရ တရုတ်လူမျိုးတို့သည် အစောပိုင်း ကာလ ကတည်းက အိန္ဒိယသို့ ဘုရားဖူးအဖြစ်၊ ( သို့မဟုတ် ) ကုန်သည်အဖြစ် ရောက်ရှိလာကြပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို တရုတ်ပြည်သို့ သယ်ဆောင်သွားကြသည်ဟု ဆိုသည်။ ထိုကာလမှစ၍ တရုတ်ပြည်တွင် ပင်မ ဘာသာရေး ကြီး သုံးခု ဖြစ်လာခဲ့သည်။ ခေတ်နှင့် အညီ ဆီလျော်အောင် ပေါင်းစပ်၍ ကျင့်သုံး လက်ခံကြသည်ကိုလည်း တွေ့မြင်ကြရသည်။

စင်စစ် အမျိုးအမည် မတူညီသော ဘာသာတို့ကို ပေါင်းစပ်ရန်မှာ မလွယ်ကူပေ။ ဘာသာတစ်ခုမှ ကွဲပြားသွားဖို့ရာသာ လွယ်ကူသည်။ သို့သော် တရုတ်တို့ ၏ ဘာသာကြီး သုံးခု ဖြစ်သော တာအိုဝါဒ၊ ကွန်ဖြူးရှပ်ဝါဒ၊ ဗုဒ္ဓဝါဒတို့သည် တခုနှင့် တစ်ခု ကူးလူးယှက်နွယ်နေကြသည်။ အနီးစပ်ဆုံးမှာ တာအိုဝါဒနှင့် ကွန်ဖြူးရှပ် ဝါဒတို့ ဖြစ်ပြီး ခေတ်စကား နှင့် ဆိုလျှင် Shamanism ဟု အမည်တပ်ကြသည်။ Shamanism သည် သဘာဝကို ပဓာနပြုသော ဝါဒ ဖြစ်သည်။ သဘာဝ တရားကိုသာ လေ့လာ၍ သဘာဝ အတိုင်း ကျင့်သုံးနေထိုင်ခြင်းကို ( အကြမ်းနည်းအားဖြင့် ) အသားပေးသည်ဟု ဆိုနိုင်သည်။ မျက်မှောက်ခေတ် ဘာသာ အယူဝါဒ အမျိုးမျိုး ရှိကြသည့် အနက် လူတစ်ယောက်သည် တစ်ချိန်တည်းတွင် ခရစ်ယာန်ဘာသာဝင်လည်း ဖြစ်၊ မွတ်ဆလင် ဘာသာဝင်လည်း ဖြစ်၍ မရပေ။ သို့သော် အရှေ့တိုင်းသား ( ဥပမာ – ဂျပန်တွင် ) လူတစ်ယောက်သည် တစ်ချိန်တည်း၌ ဗုဒ္ဓဘာသာဝင်လည်း ဖြစ်နိုင်သကဲ့သို့ ရှင်တို ဘာသာဝင်လည်း ဖြစ်နိုင်သည်။ တိဘက်တွင်လည်း အကြင်လူတစ်ယောက်သည် ဗုဒ္ဓဘာသာဝင်လည်း ဖြစ်နိုင်သကဲ့သို့ ဘျွန်ပိုဘာသာဝင် တစ်ယောက် လည်း ဖြစ်နိုင်သည်။ ထိုသို့ဖြစ်၍ အနောက်တိုင်းတွင်လည်း မရှိဟု မဆိုလို။ ဥပမာ အမေရိက မြောက်ပိုင်းတွင် ရှိသော သူတစ်ယောက်သည် ရိုးရာ- နေအက ကို မစွန့်လွှတ်သော ခရစ်ယာန် ဘာသာဝင်တစ်ယောက် ဖြစ်နိုင်သေးသည်။

စကားစ ပြန်ဆက်ပါမည်။ ဖူရှီ အစဉ်အလာတွင် တစ်ကြောင်းတည်း ဖြစ်ထွန်းလာပါလျက်နှင့် တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒ ဟူ၍ အဘယ်ကြောင့် နှစ်မျိုးနှစ်စား ကွဲပြားသွားရသနည်း ဟု မေးရန်ရှိပါသည်။ ယင်းအဖြေကို ကွန်ဖြူးရှပ်ကပင် ပြန်ဖြေပေးထားသည်။ ကွန်ဖြူးရှပ်နှင့် လောက်ဇူတို့ ပညာရှိ နှစ်ဦး ဆုံကြသောအခါ ကွန်ဖြူးရှပ်က ဤသို့ ပြောခဲ့သည်။
“ကျွန်ုပ်၏ လှေကားထက်မှ အမြင့်ဆုံးသော အပိုင်းသည် အသင့်လှေကား၏ အနိမ့်ဆုံးသော အပိုင်းသာ ဖြစ်သည်”
တစ်နည်းဆိုရလျှင် ကွန်ဖြူးရှပ်ဝါဒသည် ဗဟိဒ္ဓလောကကို ပုံဖော်၍ တာအိုဝါဒသည် အဇ္ဈတ္တလောကကို ပုံဖော်သည်။

ကွန်ဖြူးရှပ်ဝါဒသည် ယဉ်ကျေးမှုဓလေ့၊ ထုံးတမ်း၊ ကျင့်ဝတ်သိက္ခာ၊ စောင့်ထိန်းမှု၊ စောင့်ရှောက်မှု၊ ရိုသေမှု၊ အစိုးရကောင်း ( မိမိကိုယ်ကိုယ် အစိုးရခြင်း၊ မြို့ရွာကို အစိုးရခြင်း၊ နိုင်ငံကို အစိုးရခြင်း စသည် ) တို့ကို ပုံဖော်လမ်းညွှန်သည်။ တာအိုဝါဒသည် အဇ္ဈတ္တအတွင်း၏ ကြည်လင်မှု၊ ရှင်းသန့်မှု၊ ရိုးရှင်းမှု၊ အေးချမ်းမှုကို လမ်းညွှန်သည်။

ထိုဝါဒနှစ်ခုကြားတွင် ဗုဒ္ဓဝါဒ ရောက်ရှိလာသောအခါ အေးငြိမ်းရာနှင့် မေတ္တာတရားကို ပဓာနပြုသည်ဟု ယုံကြည်သော ဘာသာတရားတစ်ခု အဖြစ် တရုတ်နိုင်ငံ အဝှမ်း ပျံ့နှံ့သွားခဲ့သည် ဆိုပါသည်။ ဗုဒ္ဓဘာသာသည် နိဗ္ဗာန ( ဆင်းရဲဒုက္ခအပေါင်းမှ လွတ်ငြိမ်းရာ ) ကို ညွှန်သော ဘာသာတရား ဖြစ်သည်။ ကျနော်တို့ ထေရဝါဒဗုဒ္ဓဘာသာဝင် အများ ( စိန္တာမယ အားဖြင့် သိရှိသော ) “၁။ ဒုက္ခသည် ရှိ၏။ ၂။ ဒုက္ခဖြစ်ကြောင်းတရားသည် ရှိ၏။ ၃။ ဒုက္ခမှလွတ်ကြောင်း လမ်းသည် ရှိ၏။ ၄။ဒုက္ခမှ လွတ်ရာငြိမ်းရာသည် ရှိ၏” ဟူသော သစ္စာလေးပါးတရားတော်မြတ်နှင့် ယှဉ်တွဲ စဉ်းစားနိုင်ပါလိမ့်မည်။

………………………………………………

  • Taoism = တာအိုဝါဒဟု ငယ်စဉ်က အစိုးရထုတ် ဖတ်စာများတွင် ရေးသားသည်ကို မှတ်မိပါသည်။ ဆရာ သက်လုံကဲ့သို့ မြန်မာစာရေးဆရာများ နှင့် အခြား အင်္ဂလိပ် ဘာသာပြန်စာအုပ်အများတွင် “တောက်” အင်္ဂလိပ်အသံထွက် – Dao ဟု ဆိုသည်။ တာအိုဝါဒ၏ မူရင်းကျမ်းသည် ကမ္ဘာ့ဒဿနိက စာပေနယ်တွင် အသေးငယ်ဆုံးနှင့် ဘာသာပြန်ဆိုမှု အများဆုံး ကျမ်းစာအုပ် ဖြစ်ခဲ့သည်။ Tao Teh Ching ဟု အမည်ရှိပြီး အကြမ်းအားဖြင့် “တာအို၊နှင့် ကျင့်စဉ်တော်ကျမ်း” ဟု နားလည်နိုင်ပါမည်။
  • Confucius = ကွန်ဖြူးရှပ်ဟုသာ အလွယ်ခေါ်ပါသည်။ ကွန်ဖူဇူ ဟုလည်း ခေါ်ကြသည်။ နောက်ဆုံးအသံထွက် “ဇူ” မှာ ဇူ နှင့် ဇီ ကြား အသံ ထွက်ကြောင်း မှတ်သားရဖူးသည်။
  • Lao Tzu = အချို့က လာအိုဇူ ဟု ဆိုကြသည်။ Tao ကို တာအိုဟု ထွက်သကဲ့သို့ Lao ကို လာအိုဟု ထွက်ခြင်းသာ ဖြစ်ပါလိမ့်မည်။ အသံထွက်လေ့ရှိသည်က လောက်ဇူ သာ ဖြစ်သည်။ Lao Tzu သည် အမည်ရင်းမဟုတ်။ ၎င်း၏ အဓိပ္ပာယ်မှာ ဒဿနဆရာကြီး၊ အဘိုးကြီး၊ ပညာရှိကြီး ဟုသာ အဓိပ္ပာယ်ထွက်ကြောင်း ဘာသာပြန်ကျမ်း တော်တော်များများတွင် ပြဆိုထားသည်။

Lao Tzu နှင့် တာအိုဝါဒ အကြောင်းအရာကို ဤသို့ အကျဉ်းမျှဖြင့် မည်သို့မှ မပြည့်စုံနိုင်ပါကြောင်း။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: