အရှင်-သနားနေသလော-မူးနေသလော


သူသည် ကျွန်တော့်အတွက် တစ်ပွင့်တည်းသော စကားပြောတတ်သည့် ပန်းကလေး ဖြစ်ပါသည်။ နှင်းခဲ နှင်းဆိုင် တို့ကဲ့သို့ ဖြူလွှနေသော ပွင့်ဖတ်များ ဖြင့် ဖွဲ့တည်ထားသည်။ စိမ်းမြသော ရွက်ကြမ်းတို့ဖြင့် ခြံရံ၍ ပျား၊လိပ်ပြာတို့ ဝတ်ရည်ကူးရန် ဆွဲဆောင် နေဟန် ရှိသည်။ သို့သော် ကျွန်တော် ကိုယ်၌က ယိမ်းထိုး လှုပ်ရှားနေပါသည်။

မိတ်ဆွေ ။ ဒေါင်ချာဆိုင်း နေအောင် အရက်သောက်ဖူးပါသလား။ ဒါမှမဟုတ် တွေဝေ ပေါ့ပါးနေအောင် ဘိန်း သုံးဖူးပါသလား။ ဘိန်း၊ အရက်၊ ( သို့မဟုတ် ) မူးယစ်ဆေး တစ်ခုခု ( သို့မဟုတ် ) လူငယ်များ ပြောလေ့ရှိသည့် အချစ်လည်း ဖြစ်နိုင်သည်။ ယင်း တစ်ခုခုကို သုံး၍ ညအမှောင်မကျ တကျမှာ လမ်းလျောက် ကြည့်ဖူးပါသလား။

ယင်းအချိန်တွင် ဘဝ သံသရာနှင့် တူသော အတွေ့အကြုံမျိုးကို ရလိမ့်မည်ဟု ကြားဖူးပါသည်။

ဆရာပါရဂူ တစ်ခါက ပြောခဲ့ဖူးသည့် ဇာတ်လမ်းတစ်ပုဒ်ရှိသည်။ မုလ္လာနဆရုဒင် ဆိုသည့် လူတစ်ယောက် ညဘက် အိမ်ပြန်လာသည်။ အရက်သောက်ထားသည် ဖြစ်၍ သိုင်းကွက်နင်းပြီး လာသည်။ လက်ထဲက သော့နှင့် သော့ခလောက်ကို ဖွင့်သည်။ သို့သော် လက်က တုန်ရီ လှုပ်ရှားနေသည့် အတွက် သော့ခလောက်အပေါက်ထဲ သော့က မဝင်။ ယင်းအချိန်တွင် ပုလိပ်တစ်ယောက်က တံခါးဝတွင် ရပ်ပြီး အချိန်အတန်ကြာသည် အထိ ကြည့်နေသည်။ တော်လေးကြာသောအခါ ပုလိပ်က-

“နဆရုဒင်၊ ကျုပ် ကူညီပေးရမလား၊ သော့ပေး၊ ကျုပ်ဖွင့်ပေးမယ်” ဟု ပြောသည်။ နဆရုဒင်က-

“သော့က အရေးမကြီးဘူး၊ လှုပ်နေတဲ့ အိမ်ကို ခင်ဗျား တစ်ဆိတ်လောက် မလှုပ်အောင် ကိုင်ပေးပါ၊ ကျုပ်ကိုယ်တိုင် သော့ခလောက် အပေါက်ထဲ ဝင်အောင် သော့ထည့်လို့ ရပါတယ်” ဟု ပြန်ပြောသည်။

ဤပုံပမာနှင့် အလားတူပင် ၊ မိမိဘာသာ လှုပ်ခတ်နေသော ကျွန်တော်၏ စိတ် မီးညွှန့်ကလေးကို ကြည့်၍ “လေတိုက်သောကြောင့်သာ လှုပ်ခတ်နေရသည်” ဟု အပြစ်ဖို့တတ်သော အတွေးသည် နဆရုဒင်အိမ်လှုပ်နေသကဲ့သို့သာ ဖြစ်ပါလိမ့်မည်။

ကျွန်တော်တို့၏ စိတ်နှလုံးသည် စကားပြောတတ်သော အကြင် ပန်းကလေးများကြောင့် လှုပ်ရှားယိမ်းထိုးနေခြင်းလော။ စားသောက်နေကျ စားခွက်ကို အာသာငမ်းငမ်း တွယ်တာစိတ်ဖြင့် လှုပ်ခတ် တွေဝေ နေခြင်းလော။ သင်္ခါရလောက ကိုယ်၌က ဖောက်ပြန်ပြောင်းလဲ နေသောကြောင့် ကျနော်တို့ အဇ္ဈတ္တသည်လည်း လိုက်ပါ တုန်လှုပ်နေရခြင်းလော ဆိုသည်ကို မတွေးတတ်ပါပြီ။

ထိုအခါ အိန္ဒိယ ကဗျာကဝိ ရာဗိန္ဒရာ နတ်တဂိုး ၏ ကဗျာကို သတိရသည်။ တဂိုးသည် သူ၏ နောက်ဆုံးနေ့များတွင် ကဗျာများ ရေးစပ်ခဲ့ပေသေးသည်။ ယင်းတို့အနက် တစ်ပုဒ်ကို ဆီလျော်သလို ပြန်ကြည့်ပါမည်။ ဤကဗျာသည် ပြဿနာများ ဖြစ်ပေါ်လာစေနိုင်သည်ဟု ဆရာ ပါ- က ဆိုခဲ့သည်။ ( ဆရာ ပါရဂူ၏ သနန္တနဓမ္မ ၊ စာမျက်နှာ ၁-၂ ကိုလည်း ကြည့်နိုင်ပါသည်။ )

“အို အရှင်သူမြတ်

ခေတ်တိုင်း ခေတ်တိုင်း၌

ဤမျှ သနားကြင်နာဖွယ် ကောင်းသော လူ့လောကသို့

အသင်သည် တမန်များ စေလွှတ်တော်မူခဲ့၏။

ယင်းတမန်တို့သည် လောကတစ်ခွင်လှည့်လည်၍

အရာရာကို သည်းခံကြဟု ကြွေးကြော်ကြ၏။

အားလုံးကို ချစ်ကြ၊ ခင်ကြဟု ဆော်ဩကြ၏။

မိမိတို့ အတွင်းသန္တာန်ထဲမှ ဒေါသတည်းဟူသော အဆိပ်သီးကို ဖျက်ဆီးပစ်ကြ ဟု တိုက်တွန်းကြကုန်၏။

ယင်းတမန်များသည်

ပူဇော်အပ်၊ ပူဇော်ထိုက်သော ပုဂ္ဂိုလ်များပါ ပေတကား။

မမေ့အပ်သော အရှင်များပါပေတကား။

သို့သော် ယခုကဲ့သို့ အမင်္ဂလာအခါမျိုးတို့တွင်

အရှင်တို့၏ နောက်ကွယ်၊ တံခါးအပြင်ဘက်မှသာ

လက်အုပ်ချီ ၊ ဦးညွှတ်ရုံမျှဖြင့်

အချည်းနှီး၊ ပြုနေကြသည်။

ကျွန်ုပ် တွေ့မြင်နေရသည်မှာ-

အကြမ်းဖက်မှုများသည် လည်းကောင်း၊

ကလိမ်ကျမှုများသည် လည်းကောင်း၊

မျက်နှာပြောင်တိုက်မှုများသည် လည်းကောင်း၊

ညဥ့်၏ အမှောင်ကို အကာအကွယ်ပြု၍

အဖော်မဲ့သူတို့အား ထိုးသတ်လျက်ရှိကြကုန်၏။

ကျွန်ုပ်သည် ဤသို့ တွေ့မြင်ခဲ့ရသည်။

အင်အားကြီးမားသူတို့၏ ပြစ်မှုကြီးများအား

တုံ့ပြန်မှု မပြုလုပ်နိုင်ကြခြင်းကိုလည်းကောင်း၊

တရားမျှတမှု၏ အသံသည် အရှိန်အဝါကင်းမဲ့လျက်-

ဆိတ်ငြိမ်ရာ၌ ငိုကြွေးနေရခြင်းကိုလည်းကောင်း၊

မြင်တွေ့ခဲ့ရပေသည်။

နုနယ်ပျိုမြစ်ဆဲ ရှိသည့် အကလေးငယ်တို့

လမ်းများပေါ်တွင် အရူးများပမာ အော်ဟစ် ပြေးလွှားနေကြသည်။

ကျွန်ုပ်သည် ထိုသို့လျှင် တွေ့မြင်ခဲ့ရသည်။

သည်ကနေ့မူ ကျွန်ုပ်၏ အသံတိတ်ပြီ။

ပလွေသံသည်လည်း အိပ်စက်သွားလေပြီ။

လကွယ်နေ့ညဥ့်ယံ အကျဉ်းတိုက်ထဲမှ

အကျွန်ုပ်၏ ဘဝကို

ဒုက္ခတည်းဟူသော အိပ်မက်ဖြင့် ခြယ်မှုန်းမြင်မက်လိုက်မိသည်။

ထို့ကြောင့်ပင်

အကျွန်ုပ်၏ မျက်ဝန်းအစုံ၌

မျက်ရည်များ ပြည့်လျှမ်းလျက်

အရှင့်ကို အကျွန်ုပ် မေးလိုပါသည်။

အရှင့်၏ အသက်သွေးကို အဆိပ်ဖြည့်နေကြကုန်သော၊

အရှင့်၏ အလင်းကို မှေးမှိန်စေသောငှာ ပြုပြင်နေကြကုန်သော

အကြင်လူများကို

အရှင် သည်းခံနေပါသလော၊

အရှင် – သနားကြင်နာမှု ဖြစ်နေပါသလော”

တဂိုး၏ ကဗျာတွင် ယင်းသို့ မေးခွန်းသာ ထားခဲ့သည်။ ကဗျာရှင် တဂိုးကို – အရှင်သူမြတ် အဘယ်သို့များ ဖြေခဲ့ပါသနည်း။ သိချင်မိသည်။ သို့မဟုတ် ယင်းအရှင်သူမြတ်သည်လည်း ကျွန်တော်တို့ကဲ့သို့ပင် မူးနေပါသလော – တွေးရင်း တွေးရင်း ချာချာလည်လျက်၊ ကျွန်တော်၏ စကားပြောတတ်သော ပန်းကလေး ဆီသို့သာ သိုင်းကွက်နင်းလာမိပါတော့သည်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: