xXx: Prose

သူက အဝေးကလာတယ်။ နာမည်တပ်ပြောရင်တော့ – နက်ဖြန်ပေါင်း များစွာကို မျှော်လင့်နေတဲ့သူ လို့ ခေါ်ရမယ်။ နက်ဖြန်… နက်ဖြန်…. ပြီးတော့ ….၊ မနက်ဖြန်..။ သူ့ရည်ရွယ်ချက်ဟာ မနက်ဖြန်ပေါင်းများစွာကို ပိုင်ဆိုင်ချင်သူ ဖြစ်ပါတယ်။

ဒါပေတဲ့ ( သိကြတဲ့အတိုင်း ) တကယ့်တကယ် မနက်ဖြန်က ရောက်မလာခဲ့ဘူးရယ်။ အဲ့တော့လည်း သူလုပ်ရမယ့် အလုပ်က နာကျည်းမှုတွေနဲ့ ခေါင်းငုံ့ပြီး အံခဲထားမယ်။ နှုတ်ခမ်းက မကြာခဏ ကိုက်ရလွန်းလို့ သွေးစွန်းနေမယ်။ ကနေ့၊ ယနေ့၊ ဒီနေ့ စသည် ပစ္စုပ္ပန်ပေါင်း အမြောက်အမြားကို ရွံမုန်း တွန်းလှန်နေမယ်။ မှုန်ကုပ်နေတဲ့ မျက်မှောင်နဲ့ ဒေါသကြောင့် ရှိသင့်တာထက် အိုမင်းလာနေတဲ့ သူ့ဟန်ပန်။ အဲ့ဒါကပဲ သူ့ရဲ့ သရုပ်သကန် ဖြစ်လာပါတယ်။

လက်ပိုက်တာဟာ လိမ္မာတာ မဟုတ်ဘူး၊ မိုက်လို့ စိန်ခေါ်တာ။ အဲ့ဒီ အတွေးအခေါ်တွေနဲ့ ခြေလှမ်းတွေ လှမ်းနေမယ်။ လျောက်လို့ ရသရွေ့ လျောက်နေမိမယ်။ ခြေဝတ် တန်ဆာ မပါတဲ့ သူ့ခြေဗလာမှာ ခြစ်ရာ၊ပွန်းရာတွေနဲ့ ရောင်ကိုင်းပြီးသာ နေတော့မယ်။ “နက်ဖြန်ဆီသို့” လို့ ကမ္ဗည်းထိုးထားတဲ့ သူ့ရင်ဘတ် အရေပြားက လေတိုက်စားလို့ အရောင်မှိန်လာမယ်။ တဖြည်းဖြည်းပါးလွှာလာမယ်။

ဒါပေတဲ့လည်း…သူမျှော်လင့်နေတဲ့ နက်ဖြန်ဆိုတာ ဘယ်တော့မှ မရောက်လာခဲ့ဘူးရယ်။ သူ့ခြေလှမ်းတွေ ဘယ်အချိန်မှာ ရပ်သွားမလဲ။ ဘယ်နားမှာ ပြီးသွားမလဲ။ ရည်မှန်းထားတဲ့ အရာအတွက် ဘယ်မှန်းမသိတဲ့ တစ်နေရာကို မဆုတ်မနစ်၊ မတွန့်မရွံ့၊ သွားနေဦးမယ်။ သူ ဘယ်လိုပဲ သွားသွား၊ မနက်ဖြန်တွေက တကယ်မရောက်လာခဲ့ဘူးလို့ ဆိုပါတယ်။

တစ်ကြိမ်တော့ သူ့ကိုယ်သူ မေးခွန်းထုတ်မိခဲ့တယ်။ “မနက်ဖြန် ဆိုတာ တကယ်ရှိသလား” ။ ခေတ္တ၊ ရပ်တန့်။ တဖွားဖွားကျနေတဲ့ မိုးစက်ပွင့်တွေလဲ လေအလွှာပေါ်မှာ ခေတ္တရပ်တန့်။ ဒဏ်ရာနဲ့ နာကျင်စိတ်တွေလည်း တခဏ ရပ်တန့်။ အချိန်တွေ ရပ်၊ စက္ကန့်တွေရပ်၊ နှလုံးခုန်သံတွေ ရပ်။ ဒါပေတဲ့….။ ဒါဟာ တွေဝေတာပဲ၊ မိုက်မဲတာပဲ၊ သံသယပွားတာပဲ။ ခပ်နာနာ ရေရွတ်။ ချက်ချင်း ခေါင်းထဲက ထုတ်ပစ်လိုက်တယ်။ စိမ်းမြနေတဲ့ မြက်ခင်းစိမ်း တစ်ခု အပေါ် တံတွေးတစ်ချက် ထွေးပစ်လိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် ရွံရှာမုန်းတီးတဲ့ စိတ်တွေ အဲ့တံတွေးထဲ ရောပြွန်းပြီး ပါသွားမယ်။ အဲ့နေ့က နှုတ်ခမ်းကိုက်ထားမိတဲ့ ဒဏ်ရာ နည်းနည်း ပိုကြီးသွားခဲ့ဖူးတယ်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: