ရင်ကိုလွမ်း၍ ညှိုးမိပါသည်

အဖေ့အသံကို မကြားရတာ ဒီကနေ့ဆို တစ်နှစ်ပြည့်ပါပြီ။ အဖေရော၊ အမေရော၊ ကျနော့ ညီမနဲ့ ညီလေးရော – ဒီလူ လေးဦးအပေါ် ကျနော် သတိတရလွမ်းဆွတ်စိတ် ရှိပါလျက်ကနဲ့ အဆက်အသွယ် မပြု ၊ထားခဲ့တာ တစ်နှစ်ဆိုတဲ့ ကာလ မြန်မြန် ဆန်ဆန် ကျော်ဖြတ်၊ ရောက်လာခဲ့ပြီ။

ပြီးခဲ့တဲ့ တစ်နှစ်၊ ဒီအချိန်မှာ ကားပေါ်တက်လို့ လက်ပြရင်း “သား ပြန်လာနော်” လို့ ပြောခဲ့တဲ့ အမေ့အသံကို ကျနော် ကြားယောင်နေဆဲ။ နောက်တစ်နေ့ ဖုန်းဆက်တော့ “မင်းဘယ်မှာလဲ ၊ အဲ့မှာပဲ နေနေ၊ အဖေတို့ လာခေါ်မယ်၊ ဘယ်မှာလဲ ပြော သား” လို့ စိုးရိမ်တကြီး မေးခဲ့တဲ့၊ တုန်ရီနေတဲ့ အဖေ့ အသံ ကျနော် ကြားယောင်နေဆဲ။

“ကိုကြီးက ဘယ်တော့မှ ပြန်လာတော့ဘူးလား” လို့ ငိုရှုံ့ရှုံ့လေး ပြောနေတဲ့ ကျနော့ညီမလေး အသံ။ “အကို နောက်နေတာကိုး” လို့ ရယ်ကျဲကျဲလေး လုပ်ပြီး စိုးရိမ်နေတဲ့ မျက်လုံးလေးနဲ့ မေးခဲ့တဲ့ ကျနော့ညီလေး။ ဒါတွေ အားလုံး၊ ဒီအသံတွေ အားလုံး ဆိတ်သုဉ်းထားခဲ့တာ ဒီကနေ့ တစ်နှစ်ပြည့်ပြီ။

တကယ်လို့များ ဒီတစ်နှစ်ကျော်တဲ့ နောက်ကာလ တစ်ချိန်ချိန် ပေါ့။ အဖေ၊ အမေတို့ကို ပြန်များ တွေ့ခဲ့ရင်- မင်းနေနိုင်ရန်ကောကွာ – လို့ ဂရုဏာဒေါသော ၊ မျက်ရည်စို့စို့နဲ့ ပြောနေမလား။ တကယ်ရော အဖေနဲ့ အမေ့ကို တွေ့ဖြစ်ပါဦးမလား။

ကျနော်ကရော ကျနော့အကျင့်တွေကို ပြင်ပြီးပြီလား။ ကျနော့်ဘာသာ မိသားစု ဆိုတဲ့ အေးမြရိပ်က ပြစ်ဒဏ်တွေနဲ့ ထွက်လာလို့၊ အခု ပြင်ပမှာ တစ်ဦးတည်း အဆက်အသွယ် မပြု၊ နေရင်း – အဖေနဲ့ အမေတို့နဲ့ ဒီဖြူစင်တဲ့ မိသားစုလေးနဲ့ ဘယ်လိုမှ မအပ်စပ် နိုင်တဲ့ အကျင့်ဆိုးတစ်ခုကို ကျနော် ကြိုးစားပြင်ဆင် နေခဲ့တာ၊ အခု တစ်နှစ်တာ အချိန်ကို ရောက်ပြီ။ ကျနော် အပြည့်အဝ ပြင်ပြီးနိုင်ခဲ့ရဲ့လား။

“ငါ့သားဆိုရင် – မှန်တာကို မှန်တဲ့အတိုင်း ရင်ဆိုင်နိုင်ရမယ်” ဆိုတဲ့ စကားတစ်ခွန်း အတွက် ကျနော့်ကိုယ်ကျနော် တစ်နှစ် ကျင့်သားရအောင် ကျင့်ခဲ့ပြီးပါပြီ။ ဒါပေတဲ့ သေချာရဲ့လား၊ သေချာပြီလား။ အမေတို့ အဖေတို့ဆီ ပြန်လျောက်လာခဲ့ရင် ကျနော့ခြေလှမ်းတွေမှာ လုံးဝ ဖြူစင်သွားပြီလား။ ရှင်းသန့်ပြီး ဖြူစင်နေတဲ့ အဖေ့ အိမ်ရိပ်ကို ကျနော် သန့်သန့်ရှင်းရှင်း ပြန်နင်းနိုင်ပြီလား။ ကျနော် ကိုယ့်ကိုယ်ကိုယ် မသေချာသေးဘူး အမေ။

ခွဲလာခါနီး မျက်ရည်တွေ စို့နေတဲ့ အမေ့မျက်နှာကြည့်ပြီး ပြောခဲ့တဲ့ ကျနော့စကား၊။ ကျနော့ကတိ။ ကျနော် ပုံဖော်နေဆဲ။ ပြည့်စုံအောင် မိမိကိုယ်ကိုယ် မွေးယူနေဆဲပါ အမေ။ အရင်က ကြောက်စိတ်တွေနဲ့ နေထိုင်ခဲ့တဲ့ ကျနော် – ဘာကိုမှ မကြောက်မရွံ့ နေထိုင်နိုင်ခဲ့ပြီ ဆိုတာတော့ ကျိန်းသေပါတယ်။ ဒါပေတဲ့ ကျနော့်အကျင့်ဆိုးတွေက ဒီတစ်ခုတည်းမှ မဟုတ်ပဲရယ်။ မရိုးဖြောင့်တတ်ခဲ့တဲ့ ကျနော့်ကို ပြင်ပ လောကဓံက ရိုးဖြောင့်သွားအောင် ထုထောင်းလိမ့်မယ်။ ဖြစ်လိုရာ ဖြစ်စေတော့ -လို့ ကိုယ့်ခန္ဓာကို ကိုယ် ပေယာလကန် ပြုရင်း “ရိုးသားမှု” ဆိုတာကို ကျနော် ရှာဖွေနေခဲ့တာ တစ်နှစ်တာ အချိန်က တော်တော်များများ ဖြည့်ဆည်းပေးခဲ့ပြီးပါပြီ။ စိတ်ချလက်ချ ဖြူစင်ပြီဆိုတဲ့ ခဏကို ဘယ်တော့များ ရောက်လာမလဲ။

အခုလောလောဆယ် ဒီနေ့အတွက်တော့ အိမ် -ဆိုတဲ့ နေရာလေးကို လွမ်းတယ်။

ကျနော့အိပ်ရာနဲ့ ကျနော့စာအုပ်စင်ကို နေ့တိုင်းမြင်နေရမယ့် အမေ၊ နေ့တိုင်းများ မျက်ရည်စို့နေမလား။ ကျောင်းတက်ရင် ကိုကြီးလိုက်ပို့ရမှာ- လို့ ပြောတဲ့ ကျနော့ညီမလေးကရော.. တစ်ယောက်တည်း ကျောင်းသွားနေရပြီလား။ မိဘနဲ့ မောင်နှမတွေအပေါ် အမြဲအလိုက်သိတတ်တဲ့ ငါ့ညီလေး – မင်းကရော အကိုသင်ပေးခဲ့တဲ့ တယောလက်ကွက်တွေ ပြန်စမ်းကြည့်နေပြီလား။

အဖေ၊ အမေ၊ မိသားစု၊ အသိုက်အမြုံ၊ အိမ်၊ အေးမြခိုလှုံရာ၊ မေတ္တာ – ဆိုတဲ့ စကားလုံး ဝေါဟာရတ္ထ တွေနဲ့ ကျနော် ဝေးခဲ့တာ အခု တစ်နှစ်ပြည့်ပြီ အမေ။ တစ်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လို့ ၊ ဖြူစင်ပြီဆိုတဲ့ အခါ ကျနော် အပြေးလာခဲ့ပါ့မယ်။ အဖေ ပြောနေတတ်တဲ့ ဆိုဆုံးမစကား ၊ အဖေ့ခြေကို ဖက်ပြီး ကျနော် တစ်ဝကြီး နားထောင်နေဦးမယ်။


About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: