ကာလာမသုတ်တော် နှင့် ဝေဖန်ရေး

အောက်ပါစာကို Facebook ရှိ note စာမျက်နှာ တစ်ခုမှ ရယူထားပါတယ်။ မူရင်းရေးသားသူက ဘုန်းတော်ကြီးတစ်ပါးထင်ပါတယ်။ Mahar Manapim လို့ အမည်ပေးထားတာ တွေ့ရပြီး၊ ဤစာနဲ့ မှတ်တမ်းတင်အပ်ပါတယ် ဗျ။ ( မူရင်းတွေ့ရသည့်အတိုင်း စာလုံးပေါင်းသတ်ပုံ၊ အဖြတ်၊ အရပ်ပါ မချန်၊ ယင်းအတိုင်း ကူးယူထားပါတယ်။ )

………………………………………………………………………………

ကာလာမသုတ်တော် နှင့် ဝေဘန်ရေး

ဗုဒ္ဓဘုရားရှင်အပေါ်ကို စော်ကားပြောဆိုထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို အင်တာနက်မှာဖတ်မိပြီး ဒီဆောင်းပါးလေး ရေးချင်စိတ်ဖြစ်သွားတာနဲ့ ရေးဖြစ်သွားတယ်။ ပြန်လည်ပြီးတိုက်ခိုက်ပြောဆိုဖို့ရာ မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ စွတ်စွဲပြောဆိုသူရဲ့ စကားလုံးတွေက ကြမ်းတမ်းပြီးတော့ တစ်ခုမှလည်း မမှန်ကန်လို့ပါ။ ဗုဒ္ဓဘာသာတွေဘက်ကလည်း ပြန်လည်တိုက်ခိုက်ပြောဆိုတာတွေ ရှိပါတယ်။ အဲဒီလိုတွေ အပြန်အလှန် ပြောဆိုနေကြရင်ဖြင့် ဘယ်တော့မှလည်း အဖြေမှန်ကို ရမှာမဟုတ်ပါဘူး။ အဓိက ငြင်းခုန်နေကြတာကတော့ ငရဲ ရှိမရှိဆိုတာနဲ့ နိဗ္ဗာန်ရှိမရှိဆိုတာတွေပါပဲ။ ငရဲဆိုတာ ဗုဒ္ဓဘာသာတွေရဲ့ မရောက်ချင်ဆုံးသော နေရာတစ်နေရာ ဖြစ်သလို ထို့အတူပဲ နိဗ္ဗာန်ဆိုတာဟာလည်း ဗုဒ္ဓဘာသာတိုင်းရဲ့ ပန်းတိုင်ပါပဲ။ လူတစ်ဦးတစ်ယောက်ရဲ့ အသက်လောက်ယုံထားတဲ့ ယုံကြည်ချက်ကို တစ်ခြားတစ်ယောက်ကပုတ်ခတ်ပြောဆိုခွင့် မရှိပါဘူး။ ဒါဟာ ဘယ်ဘာသာရယ်မှ မဟုတ်ဘဲ ဘာသာအားလုံးရဲ့ ဥပဒေသပါ။ လောကမှာ မြတ်စွာဘုရား ပွင့်တော်မူလာတာဟာ ရည်ရွယ်ချက်သုံးပါး ရှိပါတယ်။ ဗုဒ္ဓဘာသာတွေ သိပြီးသားဖြစ်ပေမယ့် နားမလည်သေးတဲ့ သူတွေ အတွက် ရှင်းပြချင်ပါတယ်။ ဒီရည်ရွယ်ချက်တွေနဲ့ ဆက်စပ်ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေကို စာရေးသူလည်း ဟိုတုန်းက သိပ်နားမလည် မရှင်းလင်းခဲ့ပါဘူး။ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဟောကြားရှင်းလင်းပြသည့် တရားတော်ကို နာကြားပြီးကတည်းက သဘောတော်တော်ကျသွားပါတယ်၊ ဘုရားအပေါ်ကို ယုံကြည် ကြည်ညိုတဲ့စိတ်လည်း ပိုပိုပြီး ဖြစ်ပေါ်လာခဲ့ပါတယ်။ ရည်ရွယ်ချက်သုံးပါးက (၁) အတ္တ (၂) ဟိတ (၃) သုခ တို့ပါပဲ၊ အတ္တ ဆိုတာ အကျိုးများဖို့ ဟိတ ဆိုတာ အစည်းအပွားဖြစ်ထွန်းဖို့နဲ့ သုခဆိုတာ ချမ်းသာဖို့လို့ အဓိပ္ပါယ်ရပါတယ်။ လူတွေရဲ့ အကျိုးစည်းပွားအတွက်ဆိုတာ လူများစုအတွက်ပါ၊ ပါဠိလိုတော့ ဗဟုဇနဟိတ ဗဟုဇနသုခလို့ပါပါတယ်။ အကုန်လုံးတော့လည်း မတတ်နိုင်ပါဘူး။ ဒီနေရာမှာ ဘုရားရှင်ပွင့်လာတာနဲ့ လူတွေစည်းပွားဖြစ်သွားပါပြီလား လူတွေချမ်းသာသွားပါပြီလား မေးစရာရှိလာပါတယ်၊ မေးလည်းမေးပါ။ ဗုဒ္ဓ၀ါဒကိုက ၀ိဘဇ္ဇ၀ါဒ ဝေဘန်စီစစ်ခံတဲ့ဝါဒဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ လူအများစု ဘာလို့ဆင်းရဲသလဲ၊ မေးပါ-မေးလည်းမေးနေကြပါတယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ထိုမေးခွန်းတွေရဲ့ အဖြေအတွက် ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ကုသမှုမှာအင်မတန် ကျွမ်းကျင်တော်မူတဲ့ ဆေးပါရဂူတစ်ယောက်နဲ့ ဥပမာပေးတော်မူခဲ့ပါတယ်။ ဆေးပါရဂူတစ်ယောက်ဟာ သူ့ထံကို လူနာလာမကုချင်ရင်ဖြင့်လည်း နေပါ။ နေလို့ရပါတယ်၊ လာကုလှည့်ပါလို့ မပြောပါဘူး။ သူ့ကို ယုံလို့ လာပြီးဆေးကုတဲ့ လူတွေကတော့ဖြင့် သူ့စကားကို သေသေချာချာ နားထောင်ရပါမယ်။ ဒီအစားအစာကို မစားနဲ့လို့ သူကပြောရင် မစားဘဲ နေရမှာပါ။ ဒီနေ့မှ ရေချိုးဆိုရင် ထိုနေ့ကျမှ ရေချိုးရပါမယ်။ စသည်စသည်ဖြင့် သူ့စကားကို သေချာနားထောင် ရမှာပါ။ နားထောင်ရဲ့သားနဲ့မှ ရောဂါမပျောက်ရင်ဖြင့် ဆေးဆရာရဲ့ တာဝန်ပါပဲ။ ကိုယ်ကတော့ဖြင့် ဆေးဆရာရဲ့ စကားကို နားထောင်ချင်တဲ့ စကားကိုကြ နားထောင်လိုက်မယ်-ကိုယ်မကင်းနိုင်တဲ့ အရာကိုတော့ နားမထောင်ဘဲနေမယ်ဆိုရင်တော့ ရောဂါမပျောက်ခဲ့ရင် ဆေးဆရာနဲ့ မဆိုင်တော့ပါဘူး။

ဆိုတော့ဖြင့် ဗုဒ္ဓဘာသာအများစုကကော ဆေးဆရာနဲ့တူတဲ့ မြတ်စွာဘုရားရှင်ရဲ့စကားကို သေချာနားထောင်နေပါရဲ့လား၊ ဘုရားရှင်က ကြီးပွားဖို့ရန်ဟောထားသောတရားတော်တွေ များစွာရှိပါတယ်၊ လူတွေသေချာလိုက်နာ ကျင့်သုံးကြပါရဲ့လား၊ ပြန်လည်မေးရပါလိမ့်မယ်။ လူတွေရဲ့ စည်းပွားချမ်းသာကိုမဆိုထားနဲ့ ကျန်းမာရေးအခြေခံဖြစ်တဲ့ လက်သည်း ခြေသည်း ရှည်လာရင် လှီးဖြတ်ဖို့ရန်ဆိုတဲ့ သေးသေးမွှားမွှားကိစ္စကလေးကိုပင် ဘုရားရှင်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ဟောခဲ့ပြီးသားပါ။ ကျန်းမာရေးကောင်းဖို့ ဘယ်လိုနေထိုင်ရမယ် စည်းပွားကို ဘယ်လိုရှာရမယ် စသည်ဖြင့် ဘုရားရှင်ဟောတော်မူခဲ့ပြီးသားပါ။ လူတွေအကုန်လိုက်နာကြပါရဲ့လား။ လိုက်နာကျင့်သုံးမှုတော့ မပြုလုပ်ဘဲ မချမ်းသာတော့မှ ဗုဒ္ဓဘာသာကြောင့်ဆိုတဲ့ အရာကတော့ တော်တော်လေး ပညာရှိမဆန်တဲ့ စကားပဲလို့ ဆိုရမှာပါ။

နောက်တစ်ခုက ဘုရားရှင် ပွင့်တော်မူလာခြင်းကြောင့် လူတွေ ဘာအကျိုးများရသလဲလို့ မေးလာခဲ့ရင် (ဗုဒ္ဓ ဘာသာ မဟုတ်တဲ့ ပုဂ္ဂိုလ်များက) ဖြေစရာက လွယ်လွယ်ကူကူလေးပဲ ရှိပါတယ်။ ဘုရားရှင်ပွင့်တော်မူလာခြင်းကြောင့် လူတွေမှာ ပညာအလင်းလို့ ခေါ်တဲ့ ဉာဏ်စက္ခုပေါ်လာရပါတယ်၊ ပြောရရင် အသိဉာဏ်ကျယ်လာကြပါတယ်။ ဥပမာ ဘုရားသာမပွင့်ခဲ့ လူတွေဟာ ဘယ်လောက်ထိ လောကကြီးအကြောင်းကိုသိကြမလဲ၊ ဒီလောကကြီးမှာ သက်ရှိဆိုလို့ လူရယ် တိရစ္ဆာန်ရယ်လောက်ပဲ ရှိတယ်လို့ သိကြမှာပါ။ ဘုရားရှင်ပွင့်တော်မူလာလို့ ထိုသက်ရှိတွေ အပြင် ငရဲဘုံတွေ နတ်ပြည်တွေ ဗြဟ္မာတွေ ရှိသေးတယ်ဆိုတာကို သိလာရပါတယ်။ နောက် ဆင်းဆင်းရဲရဲဖြင့် အသက်ရှင်ရတဲ့ ပြိတ္တာဆိုတဲ့ သတ္တ၀ါတွေ ရှိသေးတယ်ဆိုတာကို သိလာရပါတယ်-ဒါဟာ အသိဉာဏ်ကျယ်လာတာပါပဲ။ ဒီနေရာမှာ ငရဲစတာတွေကို ဘုရားရှင်က မရှိတာတွေကို ဟောထားတယ် ခြောက်ပြီး မြှောက်ပြီး ဟောထားတယ်လို့ ပြန်လည် မေးမယ်ဆိုရင် မေးလို့ရပါတယ်၊ မေးလည်း မေးစေချင်ပါတယ်။ ဒီနေရာမှာ ဘုရားရှင်ဖြစ်တော်မူလာတဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရမည်ဖြစ်ပါတယ်.။

ထိုသမိုင်းကတော့ ကမ္ဘာကလည်း ရှေးဟောင်းအထောက်အထား တွေအရ အတည်ပြုလက်ခံထားတဲ့ အရာပါ၊ ဂေါတမ ဘုရားရှင်ဟာ အမျိုးကိုက လောကရဲ့စည်းစိမ်မှာ အမြင့်ဆုံးဖြစ်တဲ့ မင်းမျိုးကနေ တောထွက်လာတဲ့ အိမ်ရှေ့စံအမျိုးကောင်းသားပါ။ ရှင်ဘုရင် သေချာပေါက် ဖြစ်လာမဲ့သူပါ။ ရာသီအလိုက်နေလို့ရတဲ့ ထီးနန်းသုံးဆောင်ရှိပါတယ်၊ စည်းစိမ်တွေ လိုက်လံပြောဆိုမယ်ဆိုရင်တော့ မဆုံးပါဘူး.၊ အဓိကကတော့ သူဟာ ဘုရင်ဖြစ်တော့မယ့်သူပါ။ ထိုလောကစည်းစိမ်ဥစ္စာတွေကို စွန့်ပစ်ခဲ့ပြီးတောထွက်တော် မူလာတာပဲ ဖြစ်ပါတယ်၊ ကိုယ့်အတွက်ဖြစ်လာမဲ့ အဆုံးအစွန်သော အကျိုးအမြတ်တွေကို လုံးလုံး လျားလျား စွန့်ခဲ့တာပါ၊ သေချာစဉ်းစားကြည့်ရင် စိတ်ဝင်စားစရာကောင်းလှပါတယ်. အဲဒါလောက် ကိုယ့်အကျိုးစွန့်ခဲ့သူက နောက်ထပ်များ ဘာလိုချင်သေးလို့ တစ်စုံတစ်ရာ ညာပြီးပြောဦးမှာလဲ၊ လောကမှာ ညာတယ်ဆိုတာ အကြောင်းအမျိုးမျိုးရှိတတ်ကြပေမဲ့ မူလအကြောင်းကတော့ အကျိုးလိုလို့ ညာကြတာပါပဲ။ ဟိုမှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက တစ်ကယ့်စည်းစိမ်တွေကို စွန့်ခဲ့ပြီးကာမှ ဘာတွေများ နောက်ထပ်လိုဦးမှာမို့ ညာရဦးမှာပါလဲ။ စာရေးသူက ဗုဒ္ဓဘာသာမို့ ဘုရားရှင်ဘက်က ကြည်ညိုစိတ်နဲ့ရေးနေတာမဟုတ်ပါဘူး..။ စဉ်းစားလည်း စဉ်းစားကြပါ။ တွေးတွေးဆဆလည်းယူကြပါ။ ဘုရားရှင်တောထွက်တော်မူတုန်းကတော့ အရာအားလုံးကို သိတဲ့ ဉာဏ်ကို ရဖို့ဆိုတဲ့ ကိုယ့်အကျိုးနဲ့ တောထွက်ခဲ့တာတော့ မှန်တယ်၊ မှန်ပါတယ်။ ဒါပေမဲ့လည်း ဒီတရားတော်တွေက အဲဒီဉာဏ်ကို ရပြီးမှ ဟောထားတာတွေပါ။ စဉ်းစားကြမယ်ဆိုရင် လောကဘက်ကကြည့်ရင်လည်း ရှင်ဘုရင်ဖြစ်မဲ့သူ- ဓမ္မဘက်က ကြည့်မယ်ဆိုရင်လည်း အရာအားလုံးကို သိတဲ့ ဉာဏ်ကိုရဖို့ ခြောက်နှစ်လုံးလုံး တရားကျင့်ခဲ့သူ- ဆိုတော့ဖြင့် နောက်ထပ်များ ဘာလိုသေးသလဲ။ ထမင်းအကြမ်း ဟင်းအကြမ်းလေးတွေ ရဖို့လောက်ကိုများ ဘုရားက ညာဦးမှာပါလား.။ ဇေတ၀န်တို့ ပုပ္ဗာရုံတို့ဆိုတဲ့ ကျောင်းကလေးတွေ ရဖို့လောက်များဘုရားက ညာဦးမှာတဲ့လား..။

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ ရှင်းပြချက်များ ဒီနေရာမှ အလွန်ကောင်းလှပါတယ်။ စာရေးသူကတော့ ကိုယ့်ဉာဏ်မှီသလောက်လေးနဲ့ပဲ စာဖတ် သူများကို တင်ပြနေတာပါ၊ ပြည့်ပြည့်စုံစုံ နားလည်ချင်ရင်ဖြင့် ဆရာတော်ကြီးရဲ့ အခွေတွေ ၀ယ်ယူပြီး နားထောင်ကြပါလို့ တိုက်တွန်းလိုပါတယ်။ ဘုရားရှင်က ငရဲဆိုတာကို မရှိဘဲနဲ့များ ဘာလို့ ဘာရည်ရွယ်ချက်နဲ့ ရှိတယ်ပြောမလဲ. တစ်ကယ့် ဘာသာရေးခေါင်းဆောင် ဖြစ်လာမဲ့သူက မဟုတ်တာကို အဟုတ်လုပ်ပြီး အချည်းအနှီး ဘာအတွက်ပြောနေမှာလဲ။ မရှိတာကို ရှိတယ်လို့ပြောလို့ကော ဘာအကျိုးရှိမှာမို့ပါလဲ။ နိဗ္ဗာန်ဆိုတာလည်း ထို့အတူပါပဲ။

ဘာပဲဖြစ်ဖြစ်မျက်စိမှိတ်ဟုံရမယ်ဆိုတာမျိုးတွေ ဗုဒ္ဓဘာသာမှာမရှိပါဘူး..။ ဒါကိုဘုရားရှင်က အသေအချာ မိန့်တော်မူခဲ့ပါတယ်၊ အခါတပါးမှာ မြတ်စွာဘုရား ကေသမုတ္တိမည်သော ကာလာမ နိဂုံးရွာမှာ ကာလာမမျိုးတို့ကို ဘာသာရေးနဲ့ ပတ်သက်ပြီး စီစစ်ဝေဖန်ဖို့ကို လမ်းညွှန်ချက် ဆယ်ချက် ပေးတော်မူခဲ့ပါတယ်။ ထိုလမ်းညွှန်ချက် ဆယ်ချက်က အောက်မှာပါတဲ့ အတိုင်းပဲ ဖြစ်ပါတယ်။

၁။ တစ်ဆင့်စကားကြားယုံမျှဖြင့် မှန်ပြီဟုလက်မခံကြလေနဲ့။

၂။ ရိုးရာအစဉ်အလာဖြစ်သည့်အတွက်ကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။

၃။ ကောလာဟာလ ဖြစ်နေတဲ့အတွက်ကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။

၎။ ကိုယ့်၏ကျမ်းစာနှင့် ကိုက်ညီနေသည့်အတွက်ကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။

၅။ စိတ်ကူးနှင့် မှန်းဆပြီးတော့လည်း မှန်ပြီဟုလက်မခံကြလေနဲ့။

၆။ အချက်အလက်အချို့ကို ကောက်ချက်ကြနိုင်ယုံမျှဖြင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။

၇။ အကြောင်းအကျိုး တည့်သည်ဟု ဆင်ခြင်နိုင်ယုံမျှဖြင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။

၈။ ကိုယ်တိုင်ကြိုတင် ထင်မြင်ယူဆထားသော အချက်အလက်နှင့် ကိုက်ညီသောကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။

၉။ တစ်စုံတစ်ရာကို လက်ခံသင့်သည်ဟု ထင်ရုံမျှဖြင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။

၁၀။ ဟောပြောသောသူသည် မိမိက ရိုသေလေးစားထိုက်သူ ဖြစ်သည့်အတွက်ကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။ တို့ပဲ ဖြစ်ပါတယ်။

ငါ့ဘာသာမို့ မှန်တယ်ဆိုတဲ့ အပြောမျိုးကို ဘုရားက ဘယ်နေရာမှာမှ မဟောခဲ့ပါဘူး။ ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဖို့သာ တိုက်တွန်းတော်မူခဲ့ပါတယ်။ အံ့သြစရာအင်မတန်ကောင်းလှတဲ့ ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။ ၀င်ပြီးလေ့လာကြပါ။ သို့သော် တိတိကျကျတော့ လေ့လာပါ။ ဟိုလူ ဒီလူရေးထားတဲ့ စာလေးတွေကို မဖတ်ဘဲ ဘုရားရှင်ဟောတဲ့ ပါဠိတော်များကို အဓိပ္ပါယ် ကျကျနန နားလည်အောင် လေ့လာစေချင်ပါတယ်၊ တစ်ချို့က ကိုယ့်ဘုရားရှင်ကို အလွန်ကြည်ညိုစိတ်နဲ့ အလွန်အကြူး ချီးကျူးပူဇော်ဂုဏ်ပြုထားတာတွေ ရှိတတ်ပါတယ်..။ ဒါဟာ ဘာသာတိုင်းလိုလိုပါပဲ။ ထိုစာတွေကို ဖတ်ပြီး ဝေဖန်မနေဘဲနဲ့ တိုက်ရိုက်ဘုရားဟောတွေကို ၀င်ဖတ်ကြည့်ပါ။ သိပ္ပံနဲ့လည်း အလွန်ကိုက်ညီပါတယ်။ ရုပ်ကို ခွဲခြမ်းတာတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းက ဘုရားက အရာအားလုံးကို သိတဲ့ဉာဏ်နဲ့ ဟောခဲ့ ပြောခဲ့ပြီးသားပါပဲ။ သိပ်မကြာတတ်သေးခင်ကမှ သိပ္ပံပညာရှင်တွေက ခွဲခြမ်းနိုင်တာပါ. ၊ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ နိုင်ငံတွေက ဆင်းရဲတော့ ကျယ်ကျယ်ပြန့်ပြန့် မဖြန့်နိုင်လို့သာ ရှေးကျတဲ့ ဘုရားရှင်ရဲ့ ဟောပြောချက်တွေကို လူတွေက မသိခဲ့ကြရတာပါ။ သို့ဆိုလျှင်ဖြင့် တစ်ချို့သောသူတို့က ပြောကြပါလိမ့်မည်။ သူတို့က လက်တွေ့ဆန်တယ် ။ ဗုဒ္ဓဘုရားက လက်တွေ့ဟုတ်လို့လားလို့ မေးကြမယ်ဆိုရင်ဖြင့်— ဆရာတော်ဘုရားကြီး ပြန်မေးသွားပုံလေးနဲ့ပဲ ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက် ချင်ပါတယ်..။ ဆရာတော်ဘုရားကြီးက လက်တွေ့ဝါဒီသမားတွေကို ဒီလိုမေးခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လက်တွေ့ဆိုတာတွေကို အမောင်တို့က ဘယ်တုန်းကများ သွားလက်တွေ့လိုက်တာတုန်း.. ဘုရားရှင်ရဲ့ စကားတော်တွေက လက်တွေ့မဟုတ်ဘူးလို့ ဆိုရအောင် အမောင်တို့က ဘယ်တုန်းကများ လာပြီး လက်တွေ့မဟုတ်လိုက်တာတုန်း.. ဆိုတဲ့စကားလေးပါပဲ။

…………………………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: