Life is bitter, isn’t it?


http://www.4shared.com/embed/320132560/d9299f3b

ဘဝ၊ လူနေမှု၊ အသက်ရှင်နေထိုင်နေရတာတွေဟာ ခါးသီးပါသလား။

ဒီမေးခွန်းကို ဖြေဖို့ သဘာဝ တစ်ရပ်ကို ကိုးကားကြည့်ပါမယ်။ ကျနော်တို့ သိပ္ပံမှာ သိကြတဲ့ တစ်ခုက လကမ္ဘာရဲ့ တစ်ဖက်ခြမ်းဟာ အမြဲတမ်း မဲမှောင်နေတယ်။ အေးခဲနေတယ်။ လရဲ့ အမှောင်ကမ္ဘာခြမ်းဟာ အမြဲခါးသက်နေမယ်လို့ ကဗျာဆရာအချို့က ဖွဲ့ဆို တတ်ကြတယ်။

လရဲ့အမှောင်တစ်ဘက်ခြမ်းမှာလို လူသားတို့ရဲ့ အမှောင်တစ်ဘက်ခြမ်း ၊ အမှောင်ကမ္ဘာကရော- ရှိနေသလား။ အမြဲမဲမှောင်နေမှာလား။ အမြဲ ခါးသီးနေမှာလား။ ကျနော်တို့ ဘဝကိုယ်စီမှာ အမှောင်ရိပ်မည်းကြီးတွေ ကိုယ်စီ ရှိနေပါတယ်။ အဲ့ဒီ အမှောင် ရိပ်မည်းကို ဒုက္ခလို့ ခေါ်ကြမလား။ အဲ့ဒီ အမှောင်ရိပ်မည်း ရှိမရှိကိုရော ကျနော်တို့ သိနိုင်ကြပါ့မလား။

ဒီအတွေးတွေနဲ့ Will Gray ရဲ့ The Dark Side of Ourselves ကို ဖတ်ကြည့်မိတယ်။

ကျနော်တို့ ငြင်းပယ်ချင်တဲ့၊ ကျနော်တို့ ပုန်းကွယ်ချင်တဲ့၊ ကျနော်တို့ ကျော်ဖြတ်ချင်တဲ့ ကျနော်တို့ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဟာ အဲ့ဒီ အမှောင်ကမ္ဘာခြမ်း ဖြစ်ပါတယ်။

လူရှိရင် အရိပ်ရှိမယ်။ ဘဝရှိရင် အမှောင်ရှိတယ် ။ ရိုးအီနေတဲ့ ဝါကျတွေ စီကာပတ်ကုံး ရေးဖွဲ့ကြပေမယ့် ရွံ့မုန်းတဲ့ စိတ်ကို ဖြေဖျောက်မရကြတာ ကိုယ်စီမှာ ရှိတတ်ကြပါတယ်။ အောင့်အည်း သည်းခံတဲ့ စိတ်နဲ့ ကိုယ်စီ ဖြေသိမ့်လိုက်ကြတာလည်း ရှိတယ်။ ဘာပဲ ပြောပါစေ.. အရိပ်မည်းဟာ ကျနော်တို့ ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း အားလုံးလက်ခံနိုင်ပါလိမ့်မယ်။

ဆိုးသွမ်းတယ်-လိမ္မာတယ်-ယုတ်မာတယ်-ရက်စက်တယ်-ညစ်ညမ်းတယ်-ဖြူစင်တယ်-မေတ္တာရှိတယ်-မုန်းတယ် စတဲ့ ကြိယာပုဒ်တွေ ဝိဝါဒ ကွဲပြားကြမယ်။ အဲ့အထဲမှာ အမှောင်ကမ္ဘာခြမ်း တည်ရှိနေပါတယ်။ လူသားတိုင်း ဖြူဖြူစင်စင် မွေးဖွားလာနိုင်မှာ မဟုတ်ပေမယ့် လူသားတိုင်းနီးပါးကို သင်ကြားခဲ့ကြမှာက မဆိုးသွမ်းနဲ့-မယုတ်မာနဲ့-မရက်စက်နဲ့-မညစ်ညမ်းနဲ့ ( တစ်နည်းအားဖြင့် ဆိုရင် အမှောင်ကမ္ဘာခြမ်းကို လက်မခံပါနဲ့ ) ဆိုတဲ့ စကားတွေ ပါပဲ။

ကျနော်တို့မှာ နားမလည်နိုင်ကြတာက ငယ်ရွယ်စဉ်ကလေးဘဝမှာ အဖြူထည်သား လိုချင်ရက်နဲ့ ( တစ်နည်း ) ရှိနေရက်နဲ့ ဘဝရဲ့ မာန်တွေတင်းလာကြတဲ့ နှစ်ဆယ်ကျော် အစိတ် ၊ သုံးဆယ်မှာ လူမှု ဆက်ဆံရေးအရ၊ စီးပွားရေး အရ အမှောင်ထုတွေ ပိုပိုပြီး ကြီးစိုးလာတတ်ကြတယ်။ အဲ့ဒါ ဘာလို့ပါလဲ။ ဘယ်သူ ဘယ်လို အမှန်ကို ပြောနေသလဲ မယုံရဲ ၊ မယုံဝံ့လောက်အောင် ကြောက်စိတ်တွေ ဝင်လာမယ်။ မုသားသုံးတတ်သူတွေ၊ ဟန်ဆောင် ပြုံးတတ်သူတွေကို ရွံ့တတ်လာမယ်။ တစ်ဖက်မှာ ကိုယ်ကိုယ်တိုင်လည်း အဲ့ဒါတွေကို သုံးတတ်လာမယ်။

အဲ့လိုနဲ့ အရွယ်တိုင်လာတဲ့အခါ အမှောင်ကမ္ဘာဟာ ကျနော်တို့ ဘဝကို ခါးခါးသီးသီး ကြီးစိုးလို့ လာပါတယ်။ ဘယ်လိုမှ ခွဲခွာပစ်လို့ မရတဲ့ အစိတ်အပိုင်းလား။ ရွေးကောက်ရင်း တစ်စစီ ပစ်ပယ်နေရမယ့် အစိတ်အပိုင်းတွေလား။ ပစ်ပယ်လို့ကော ရမှာလား။

သေသေချာချာ လေ့လာကြည့်ရင် – နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးရာ အပါအဝင် ကျနော်တို့ အပေါ် ကြီးစိုးနေတဲ့ အမှောင်ကမ္ဘာခြမ်းဟာ Powerlessness ( စွမ်းအားမဲ့ခြင်း၊ တစ်နည်းအားဖြင့် စိတ်ပျက်အားလျော့ခြင်း ) ပဲလို့ ကောက်ချက်ချရပါမယ်။ တွယ်ကပ်နေတဲ့ အမှောင်ကမ္ဘာကို စိတ်အား၊ မာန်အား၊ ဥာဏ်အား အလင်းနဲ့သာ ခြေဖျက်ပစ်နိုင်မယ်။ ဘဝတစ်သက်တာလုံး တွယ်ကပ်နေမယ့်၊ ကြုံတွေ့နေရမယ့် ခါးသီးမှုကို တစ်ခဏချင်းတော့ ခြေဖျက်ဖို့ ခက်မယ်။ အမှောင်ကို ရွံမုန်းတဲ့စိတ်နဲ့ ညင်ညင်သာသာ ကိုင်တွယ် တတ်ဖို့တော့ လိုပါမယ်။

အချို့တွေမှာတော့ အမှောင်ကမ္ဘာကို ခါးသီး ကြောက်လန့်တဲ့ စိတ်ဟာ အသုံးချခံတစ်ခု အဖြစ်ရောက်သွားတာလည်း ရှိတယ်။ ကမ္ဘာသိမယ့် တစ်ဦးနဲ့ ပြောရရင် အဒေါ့ဖ်ဟစ်တလာ ဟာ ဥပမာပေးလို့ အကောင်းဆုံး လူတစ်ယောက် ပါ။ သူ့ရဲ့ ငယ်ဘဝ ခါးသီးစိတ်၊ လူမျိုးရေး မုန်းတီးစိတ်ကို ဥာဏ်အားအပြည့်နဲ့ လက်တွေ့အကောင်အထည် ဖော်သွားခဲ့သူ၊ အမှောင်ကမ္ဘာကို ပစ်ပယ်ဖို့ထက် မှီခိုဖက်တွယ်ပြီး ဘဝကို ရှင်သန်သွားခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ အဆုံးသတ် မကောင်းခဲ့ပေမယ့် သူ့လုပ်ရပ်က ခါးသီးမှုအပေါ် ပုံဖော်နိုင်ဖို့ တစ်ခုတည်း ရည်ရွယ်သွားခဲ့တယ်။

ကျနော်တို့ ဘဝဟာ ခါးသီးသလား။ ဒါမှမဟုတ် ခါးသီးရတဲ့ တစ်ဖက်ခြမ်းကိုပဲ တွေးပူ စိုးရွံ့နေမိလို့လား။ — ဒီမေးခွန်းတွေနဲ့ အတူ – အခု ဟစ်တလာလို ခါးသီးမှုကို ခြေဖျက်ပစ်မလား၊ မြိုသိပ်သိမ်းဆည်းထားမလား ဆိုတာ မိမိကိုယ်တိုင်ပဲ ဆုံးဖြတ်ရမယ့် ဘဝလမ်းကြောင်းတွေပါ။

ကျနော်တို့ ငယ်စဉ်အချိန်က ကိုယ့်အရိပ်နဲ့ ကိုယ် ဆော့ကစားကြတယ်။ နည်းနည်း အရွယ်ရောက်လာတော့ သူတစ်ပါးရဲ့ အရိပ်အောက်မှာ ကြည့်ရင်း လှောင်ပြောင်ကစား ရယ်မောကြတယ်။ သက်လတ်ပိုင်းရောက်တော့ သူ့အရိပ်ကိုယ့်အရိပ် နှိုင်းယှဉ်လာတယ်။ စဉ်းစားဥာဏ်နဲ့ ဘဝကံ ကြုံရဖန်များလာတဲ့အခါ အရိပ်ကို ရွံ့ရှာမုန်းတီးလာတယ်။

တကယ်တော့ အမှောင်ရိပ်ဟာ ဒုက္ခ မဟုတ်ဘူး။ မိစ္ဆာကောင်လည်း မဟုတ်ဘူး။ ဘဝဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ်။ ဘောလုံးတစ်လုံးကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်တော့ လင်းနေတဲ့ ဘက်အခြမ်း ပေါ်လာသလို တစ်ဖက်မှာ မှောင်တဲ့ တစ်ဖက်ခြမ်းလည်း ရှိနေမယ်။ ဆိုလိုတာက နေရိပ်ရဖို့အတွက် နေပူက စောင့်သင့် စောင့်နေရပါမယ်။ ဘဝရဲ့ စတင်ရာကတည်းက ခါးသီးမှုကင်းစင် ခဲ့ပါတယ်ဆိုတဲ့ သူမှာတောင် တွေးပူမှု၊ စိုးရွံ့မှု၊ အလိုမကျမှုဆိုတဲ့ ရင်ဆိုင်ဖြေရှင်းစရာတွေရှိနေဆဲ။

ဒါကိုမှ ဘဝဟာ ဘောလုံးတစ်လုံးမှ မဟုတ်ဘဲလို့ စောဒက တက်မယ်ဆိုရင် တက်တဲ့သူရဲ့ စိတ်ကို ပြန်ကြည့်နိုင်ဖို့ပဲ တိုက်တွန်းရပါမယ်။ Powerfulness ရှိရင် အမှောင်ဆိုတာကလည်း/ ခါးသီးမှု ဆိုတာကလည်း ကိုယ့်ရဲ့ အသုံးချခံ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်သွားပါတော့တယ်။

……………………………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: