လူစီးယာဉ်

လမ်းထိပ် ပလက်ဖောင်းပေါ် ထွက်လာခဲ့တော့ မြင်ကွင်းတွေ စုံသွားတယ်။ တစ်ဝီဝီ သွားနေတဲ့ ကားတွေက တစ်ခုခုကို စိုးရိမ်တကြီး ကြောင့်ကြ နေကြသလိုလို။ လူတွေကလည်း တစ်နေရာမှာ တစ်ခုခု ဖြစ်တော့မယ့် မျှော်လင့်ချက် မျက်နှာထားမျိုးနဲ့ ဥဒဟို။ သာမာန်နေ့တွေ သာမာန်လို ပေမယ့် ဒီကနေ့တော့ ကျနော် တွေးကြည့်မိတယ်။ ဘာဖြစ်နေကြလို့ပါလိမ့်။

ကျနော်နားမလည်။

အနောက်နိုင်ငံမှာ စစ်အာဏာရှင် ကဒါဖီကို ဖမ်းမိမယ် မမိဘူး၊ သတ်ပစ်မယ်၊ မသတ်ဘူး အငြင်းပွားနေရချိန် – အိမ်က အိုးမှာ ဆန်ရှိသေးတယ် မရှိတော့ဘူး တွေးပူရတဲ့သူတွေ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ နျူလက်နက် ထိန်းသိမ်း ကန့်သတ်ရေး အပြင်းအထန် ဆွေးနွေးနေရချိန်မှာ ဂတ်စ်ဖိုးနဲ့ နေ့တွက် မကိုက်လို့ အိမ်ပေါက်ဝမှာ ခေါင်းငိုက်စိုက် ဖြစ်နေရမယ့်သူတွေလည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။

ဟိုတစ်လောက ငယ်သူငယ်ချင်း တစ်ယောက်နဲ့ မထင်မှတ်ဘဲ လမ်းမှာဆုံတယ်။ အမှတ်တမဲ့ တွေ့ရတာမို့ ဝမ်းသာအယ်လဲ ။ တစ်ယောက် အကြောင်း တစ်ယောက်မေးဖြေစ်တယ် ။ မထိုင်ဖြစ်တာ ကြာခဲ့တဲ့ လဘက်ရည်ဆိုင် ၊ သူနဲ့ အတူသွားထိုင်ဖြစ်တယ်။ ရှေးဟောင်းနှောင်းဖြစ်၊ သာကြောင်းမာကြောင်း၊ ဟိုအကြောင်း၊ ဒီအကြောင်းတွေပေါ့။ မင်းအခု ဘာလုပ်နေလဲကွ လို့ ကျနော်မေးမိတော့ သူ့မျက်နှာထားက နည်းနည်းငြိမ်သွားတယ်။- ငါက အိမ်ထောင်နဲ့ ကလေးနဲ့ကွတဲ့။ ရယ်မောနေတဲ့ စကားသံတွေ တုန့်ရပ်။ ငှဲ့နေတဲ့ ရေနွေးကရား က အပူငွေ့တွေလည်း လောလောလတ်လတ် အေးစက်သွားမယ် ( ထင်ပါတယ် ) ။ စကားဝိုင်းက မဆိုစလောက်ကလေး ရပ်သွားတယ်။ ရပ်သွားတဲ့ စကားစကို ကျနော်ကပဲ တခဏချင်း ပြန်ဆက်လိုက်ပါတယ်။

“အိုင်းစတိုင်းရဲ့ အလင်းသီအိုရီကို ခြေဖျက်သွားပြီတဲ့။ ပြီးခဲ့တဲ့ နှစ်ပါတ်လောက်က သတင်းထွက်လာတာ တွေ့တယ်။ ကွာဆာတွေ၊ ပြီးတော့ နျူထရီနို ဒြပ်မှုန်တွေရဲ့ စီးကြောင်းကို တွက်ချက်ထွက်လာတဲ့ အဖြေလို့ ပါတယ်။ တော်တော်များများကလည်း ငြင်းပယ်မရအောင် လက်ခံထားပြီး ဘီတဲ့။ အဲ့အတိုင်းသာဆို Relativitiy ကို ဘယ်လို ပြန်စကြမလဲ။ အိုင်းစတိုင်းခေတ်က လှုပ်ခတ်သွားပြီး အခုမှ အနည်ထိုင်ကာစ ရူပဗေဒ သီအိုရီ အသစ်တွေကရော ဘယ်လိုအစပြန်ဆွဲကြမလဲ။ ပြီးခဲ့တဲ့ ခုနှစ်နှစ်လောက်ကလို စာသင်ခန်းထဲမှာသာဆို ပြောလို့ကောင်းလိုက်မယ့် ဖြစ်ခြင်း ၊ ငါ့သယ်ရင်း”

တွေတွေလေးလေးနဲ့ ငေးသွားတဲ့ သူ့နှုတ်ခမ်းတွေ တုန့်ဆိုင်းဆိုင်း လှုပ်ခတ်သွားကြတယ်။ “အခုက ဘဝနဲ့ ဆိုင်လာပြီကိုး သူငယ်ချင်းရာ” တဲ့ ။ သူ့မျက်ဝန်းတွေက သူ့သားလေးနဲ့ သူ့မိန်းမရှိရာ အိမ်ဘက်ကို လှမ်းမျှော်ကြည့်နေသလိုလို။ အိုင်းစတိုင်းရဲ့ သီအိုရီထက် လကုန်ရင် ရောက်လာမယ့် မီတာခ ဘေလ် အတွက် ကြောင့်ကြစိုက်နေရသလိုလို။

ဒီလူ၊ ဒီသူငယ်ချင်းပါပဲ _ “ပညာရပ်တစ်ခုအပေါ် ဘဝ မြုပ်နှံလိုက်တာဟာ ဘဝမှာ အမြင့်မားဆုံး ရည်မှန်းချက်၊ ဒါမှမဟုတ်ရင် သတ္တိအရှိဆုံး စွန့်စားချက် ဖြစ်တယ်။ ငါအဲ့လိုနေဖို့ ဆုံးဖြတ်လိုက်ပြီကွ” လို့ — ယခင် သိပ်မဝေးလှတဲ့ နှစ်အပိုင်းအခြားက ကျနော့ကို ပြောခဲ့ဖူးတဲ့စကား ။

အဲ့အချိန်အဲ့အခါက သူရော ကျနော်ရော နှစ်ဦးစလုံး မတူညီတဲ့ ပညာရပ်ကိုယ်စီ အပေါ် စိတ်ရောကိုယ်ပါ နှစ် ခဲ့ကြတယ်။ ဘာသာရပ်ချင်း မတူပေမယ့် တစ်ပူးတစ်တွဲတွဲ ဆွေးနွေးခဲ့ကြတယ်။ ငြင်းခုံခဲ့ကြတယ်။ ကိုယ်စီ ကိုယ်စီ Abnormal ရူးသွပ်ခဲ့ကြတယ်လို့ပဲ ဆိုပါစို့ရယ်။ အဲ့ဒီ အချိန်က “ပညာဟာ ဘဝပဲ ၊ ဘဝဟာ ပညာပဲ” လို့ ပြိုင်တူ ကြွေးကြော်ခဲ့ကြဖူးတယ်။

ဘာကိုမှ မကြောက်မရွံ့ခဲ့၊ စာအုပ်တွေ၊ အယူအဆတွေကြား အတူတူ နပန်းလုံးခဲ့ကြတယ်။ အဲ့အချိန်က လဘက်ရည်ဆိုင်မှာ၊ ကျောင်းကန်တင်းမှာ၊ ကျောင်းစာကြည့်တိုက်မှာ၊ ကျောင်း/ အိမ် လမ်းတွေပေါ်မှာ ကျနော်တို့ မျက်ဝန်းထဲ မြင်မြင်နေသမျှဟာ ..ကျနော့အတွက် သင်္ချာ အီကွေးရှင်းတွေ ဖြစ်သလို၊ သူ့အတွက် ရူပဗေဒ သီအိုရီတွေချည်း ဖြစ်နေခဲ့ကြတယ်။ ပြေလည်နေကြတဲ့ ဘဝ၊ မိသားစုတွေချည်း မဟုတ်ကြပေမယ့် ကျောင်းကားခကို စာအုပ်ဝယ်ပစ်ကြတယ်။ ကျောင်းနဲ့ အိမ် သုံးမိုင်ခရီးကို ခြေကျင်တက်ခဲ့ကြတယ်။ ရှေ့ကို ၊ နောက်ကို၊ ဘဝကို ၊ ရှေ့တစ်နာရီစာ၊ နောက်တစ်နာရီစာ ဘာဆိုဘာမှ မပူပန်ခဲ့ကြတဲ့ အဖြစ်ဟာ တက္ကသိုလ်ကျောင်းသား ဘဝ ပြီးဆုံးသွားကြတဲ့ အထိ ဖြစ်ပါတယ်။

အခု သူလည်း … ဒီလမ်းပေါ်က တဝီဝီသွားနေတဲ့ ကားတွေလို တစ်စုံတစ်ခုကို စိုးရိမ်တကြီး ကြောင့်ကြနေတယ်။ ကျနော် မသိတဲ့ တစ်နေရာရာက တစ်ခုခု ကို မျှော်လင့်စိုးရိမ် နေတယ်။
အဲ့တစ်ခုခုဟာ သူပြောသလို “ဒါက ဘဝနဲ့ ဆိုင်လာပြီကိုး” ဆိုတဲ့ အရာများလား။ ဒါမှ မဟုတ် အခြားအရာလား။
“ အဲ ဇေယျ၊ ငါ့ကောင်ကြီး။ ငါ့သားလေးကျောင်းကြိုနောက်ကျနေပြီပဲ၊ စကားပြောလို့ ကောင်းပြီး မေ့နေတယ် သယ်ရင်းရေ။ မင်းနဲ့ထပ်တွေ့ချင်သေးတယ်။ တစ်နေ့ ဆုံကြရအောင်။ အခု ဘိုင့် ကွာ”

ကျနော် ပြန်နှုတ်ဆက်ဖို့ အသံအိုးထဲက လေ အချို့ ဆန်တက်လာပါလိမ့်မယ်။ ဒါပေတဲ့ ဘာ လျာခင်ကိုမှ မထိ၊ ဘယ် ဌာန်၊ကရိုဏ်းမှ မတွန်းတိုက်သွား။ ဘာမှ မပြောလိုက်တော့။
သူနဲ့ ကျနော် ပြန်တွေ့ကြဖို့မှ မရှိတော့ဘဲရယ်။ ကဗျာဆရာ မောင်ချောနွယ်ရဲ့ စကားလေးတစ်ခွန်း ။ “လမ်းချင်းတူရင် လူချင်းတွေ့ကြမယ်” တဲ့။ သူနဲ့ ကျနော် ပြန်တွေ့ကြပါ့မလား။

ညီမျှခြင်း ( Equation ) တွေ ချ၊ လောဂျစ်တွေ (Logic)၊ ဆင်ခြင်ကောက်ယူ အမှားတွေ ( Fallacy ) ၊ ရလာဒ်အဖြေ ( Conclusion ) တွေနဲ့ ရှုတ်ရှက်ခတ်ရင်း ကျနော် ငှဲ့ထားတဲ့ ရေနွေးခွက် အေးစက် ကျန်နေရစ်ခဲ့တယ်။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: