အမတဂုဏ်

လမ်းညွှန်သမှု၊ ( ဝါ ) ထောက်ပံ့ တွန်းအား ပြုတတ်ကြသူတွေကို ဆရာ ( ဆာရာ၊ အရိပ် ) လို့ ခေါ်ဆိုကြမြဲပဲ လို့ ဆိုရင် ကျနော် ငယ်စဉ် တန်းကျောင်း ဘဝ၊ သင်္ချာကို မြတ်နိုးစ ပြုချိန်မှာ ထောက်ပံ့အားပေးခဲ့ကြတဲ့ ဆရာ လွဏ်းမောင် ( မြားနတ်မောင် )၊ W.W.Sawyer ၊ G.H.Hardy ၊ B.Russell တို့ဟာ ကျနော့ဆရာ ( ကျနော့အေးရိပ် ) များ ဖြစ်ကြပါလိမ့်မယ်။ ( စာအုပ်စာတမ်းများမှ ဖြစ်၍ မြင်ဆရာများဟု ခေါ်မည်လား မပြောတတ် )

အထူးသဖြင့် အဆင့်မြင့်သင်္ချာတန်းကို နကန်းတစ်လုံး မသိသေးတဲ့ အဲ့အချိန်က သင်္ချာပညာရှင်များရဲ့ စိတ်ထားနဲ့ ဈာန်ဝင်စားမှု၊ စရိုက်တွေကို လေးစား အားကျလာအောင် ထောက်ပံ့ပေးသူက ဆရာလွဏ်းမောင် ဖြစ်ပါတယ်။ မြှားနတ်မောင် မဂ္ဂဇင်းကို ကိုင်တွယ်ရင်း လစဉ် လစဉ် သင်္ချာ ဗဟုသုတနဲ့ ပဟေဠိ ဝှက်စာတွေ တင်ထုတ်ပေးနေကျပါ။ လစဉ်လတိုင်း ဆရာ့ဆောင်းပါးတွေကို ကျနော်တို့ မပျက်မကွက် စောင့်ဖတ်ခဲ့ကြတယ်။ ဆရာ့စာတွေကို ဖင်တပြန် ခေါင်းတပြန် ဖွတ်ဖွတ်ညက်ညက် ကြေသည်အထိ ပဲဆိုပါတော့။ အဲ့ဒီဆောင်းပါးတွေကနေ တစ်ဆင့် သင်္ချာပညာရပ်အပေါ် တန်ဖိုးထားတဲ့ ဆရာ့စိတ်ထားကို မြင်ခဲ့ကြရတယ်။

သိပ်မကြာသေးမီမှာ ဆရာဆုံးပါးသွားခဲ့တဲ့နောက် ဆရာ နဲ့တူမယ့် နောက်တစ်ယောက် မရှိခဲ့တာ ကြောင့်လား မသိ – မြှားနတ်မောင် မဂ္ဂဇင်းရဲ့ လစဉ်သင်္ချာကဏ္ဍလေး လည်း ရပ်တန့်သွားခဲ့တယ်။ ကျနော့အနေနဲ့ ဆရာ့ကို နှမြောတသ ဦးညွှတ်ရင်း သူထားခဲ့တဲ့ လမ်းကို ဆက်လျောက်လာခဲ့တယ်။ ကနေ့ထိတိုင် လျောက်နေဆဲပါ။ တောင်ကမ်းပါးယံကို ခွေပတ် လိမ်ကောက် ဖောက်ထားတဲ့လမ်း၊ တစ်ခါတစ်ရံ လမ်းပျောက်လို့ မိမိခွန်အားနဲ့ မိမိ ထွင်းဖောက်သွားရတဲ့လမ်း။ ဒီလမ်းတွေရဲ့ အဆုံးသတ်ပန်းတိုင်ဟာ ဘာဖြစ်မလဲ ။ အဆုံးသတ် ဆိုတာကော ရှိရဲ့လား ။ အဲ့ဒါကို ကျနော် မသိပါဘူး။ ဒီပို့စ်မှာ ပြောချင်တဲ့အကြောင်းအရာလည်း မဟုတ်ဘူး။

ဒီနေရာမှာ ပြောချင်တာက – ဘယ်သူမှ မပါဘဲ ဘယ်အား ဘယ်မာန်တွေနဲ့ ဆက်လျောက်ခဲ့ ပါသလဲ ဆိုတဲ့ မေးခွန်းကို ဆင်ခြင်ကြည့်ဖို့သာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ဆရာရဲ့ စာပိုဒ်ငယ်လေး တစ်ခု ဖြစ်တဲ့ “အချစ်စစ် ဟူသည်” ဆိုတာကို “အမတဂုဏ်” အနေနဲ့ ကျနော် ပြန်ရေးတယ်။

………………………………….

ပလေတိုရဲ့ ကျမ်းပေါင်း သုံးဆယ်ကျော်ထဲမှာ စာပွဲသဘင် လို့ အဓိပ္ပာယ်ရတဲ့ ( SYMPOSIUM ) ကျမ်း ဆိုတာ ရှိပါတယ်။ “အချစ်၊ မေတ္တာ” ရဲ့ သဘောသဘာဝကို ယုတ္တိဗေဒ ရှုထောင်နဲ့ တင်ပြထားတယ်။ ဆရာဇော်ဂျီရေးတဲ့ “ပလေးတိုး နိဒါန်း” ထဲမှာ – အဲ့ဒီကျမ်းရဲ့ အချို့ အစိတ်အပိုင်းတွေကို ကောက်နှုတ်ပြန်ဆိုထားတာ ရှိပါတယ်။ ဆရာဇော်ဂျီရဲ့ စာအုပ်မှာတော့ “ဆော့ခရတ္တိရဲ့ မေတ္တာဘွဲ့” လို့ အမည် ပေးထားတယ်။

အဲ့ကျမ်းမှာ ဆော့ခရတ္တိက အဓိပ္ပာယ် အချို့ ဖွင့်ဆိုရာကနေ နိဒါန်းပျိုးပါတယ်။ ကျနော်တို့ အခုသာမာန် သုံးစွဲနေကြတဲ့ အတ္တနောမတိ အသိ ၊ သတ်မှတ်ချက်တွေ နဲ့တော့ ပုံစံ ကွဲပြား နေမယ်။ သူ ဖွင့်ဆိုပြခဲ့တာက –

၁။ လူ – အသိပညာမရှိသူ
၂။ နတ်ဒေဝါ – အသိပညာ ပြည့်စုံသူ
၃။ ဝိဇ္ဇာဓိုရ် – အသိပညာ မရှိသူလည်း မဟုတ်၊ အသိပညာ ပြည့်စုံသူလည်း မဟုတ်၊ အသိပညာကို ရှာဖွေသူ။

ပါတဲ့။

အဲ့ဒါတွေ အပြီးမှာတော့ အဆိုတစ်ခုကို တင်ပြတယ်။

– အချစ်စိတ် ဆိုတာ အမတ(တစ်နည်း) မြဲမြံတဲ့၊ မသေတဲ့ ဂုဏ် ကို လိုချင်တဲ့စိတ် ဖြစ်တယ် – တဲ့။

ဒီအဆိုကို ဟုတ်မဟုတ်၊ ကောက်ချက်ဆွဲထုတ်ရင်း ထောက်ခံချက် – သာဓကတွေ သုံးပါသေးတယ်။

– သက်ရှိသတ္တဝါတွေဟာ အမတဂုဏ်ကို လိုချင်ကြတဲ့ အတွက် အိမ်ထောင်သားမွေး အမှု ပြုကြတယ်။ “အသစ်ပွားခြင်း” အားဖြင့် မျိုးဆက်တွေ ထားခဲ့ကြတယ်။ မိမိ အသွေးအသား က ပေါက်ဖွားလာတဲ့ “ကာယိက” သားသမီးတွေကို ဆက်ကာ ဆက်ကာ ထားပေးသွား နိုင်ပြီး မျိုးဆက် မပြတ်တာကြောင့် အမတဂုဏ် ကို ရတယ်လို့ ယူဆကြတယ်။ မေထုန် အမှု ပြုလိုစိတ် လို အနိမ့်ဆုံး စိတ်အခြေအနေ ကစပြီး – ငါ့အဖေ၊ ငါ့အမေ၊ ငါ့သား၊ ငါ့သမီး၊ ငါ့ဆွေမျိုး၊ ငါ့မျိုးဆက်၊ ငါ့နိုင်ငံ ဆိုတဲ့ စဉ်ကာဆက်ကာ မြင့်တက်လာတဲ့ စိတ်တွေအထိ အကျုံးဝင်တယ်။

What do we love ?

– ဒါတင်မကသေးဘူး။ နောက်တစ်ခုက အချို့သူတွေဟာ “မနသိက” သားသမီးတွေလို့ ခေါ်နိုင်မယ့် စိတ်ပိုင်းဆိုင်ရာ အားထုတ်မှု ( စာပေ၊ ဂီတ၊ အနုပညာ ) စတာတွေကိုလည်း နှစ်သက်တယ်။ ဝတ္ထု၊ ကဗျာ၊ ဂီတ ဖန်တီးတယ်။ ဖန်ဆင်းတယ်။ ပုံဖော် အသက်သွင်းတယ်။ ဒါဟာလည်း မိမိရဲ့ အသိဥာဏ်၊ခံစားချက် ကိုယ်ပွားကို တည်တံ့အောင် မွေးမြူထားရှိရင်း အမတဂုဏ်ကို ရယူကြတယ် လို့ ဆိုပါတယ်။

လူတွေ အဲ့ဒီလို ပြုကြတာတွေဟာ အမတဂုဏ်ကို လိုချင်တာကြောင့်ပဲလား။ အခြား ပစ္စက္ခ ခံစားချက်၊ အတ္တ၊ တဏှာ၊ ဥပါဒါန်တွေ မပါတော့ ဘူးလား ။ ကျနော် စိတ်ကူးနဲ့ မေးခဲ့ပါတယ်။

ဆော့ခရတ္တိက ဆက်ပြောတယ်။ – အထက်မှာ ဆိုခဲ့တဲ့ ကာယိက အားဖြင့်ရော၊ မနသိက အားဖြင့်ပါ အမတဂုဏ်ကို လိုချင်တဲ့စိတ်ဟာ ( တစ်နည်း ) အချစ်ဟာ အစစ်အမှန် မဟုတ်ဘူး ။ ဒီနည်းတွေနဲ့ အသစ်ပွားခြင်းဟာ သာမာန် တန်ခိုး စွမ်းအားကိုသာ မွေးမြူခြင်း ဖြစ်ပါတယ်။ ( နှစ်ခုစလုံး အတုအယောင်သာ ဖြစ်တယ်လို့ မငြင်းခဲ့ဘူး ) ။အမတကို ရရှိမယ့် စင်စစ် နည်းလမ်း အမှန်တော့ မဟုတ်သေးဘူး၊ အချစ်စစ်ကို ရရှိမယ့် လမ်းတော့ မဟုတ်သေးဘူးလို့ ဆိုတယ်။

သူကပဲ သူယူဆတဲ့ အဖြေကို ဖြေထားခဲ့ပါတယ်။

အချစ်စစ် အချစ်မှန်ကို ရအောင် ကြိုးပမ်းအားထုတ်သူဟာ စကြဝဠာ လောကအတွင်းမှာ မဖောက်မပြန်တဲ့ ပကတိ တင့်တယ်ဖြူစင်မှုမျိုး ရအောင် ပညာမျက်စိနဲ့ ရှာတတ်ရပါမယ်။ ရှာဖွေရပါလိမ့်မယ်။ ဒီလို အသိပညာ ကို ချစ်မြတ်နိုးတဲ့ အချစ်စိတ်မျိုးကသာ လူတို့ရဲ့ ကိုးကွယ် အားထားရာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအချစ်စိတ်မျိုးဟာ လူတစ်ဦးတစ်ယောက်ကနေ လူ့အဖွဲ့အစည်းတစ်ခု၊ တစ်နိုင်ငံ ၊ တစ်ကမ္ဘာလုံး စသည်ဖြင့် တိုးတက်ကြဖို့ရာ မောင်းနှင်ပေးတဲ့ လောင်စာအား ဖြစ်လိမ့်မယ်လို့ မှန်းဆကြပါတယ်။

အဲ့ဒီ SYMPOSIUM ကျမ်းမှာ ဆော့ခရတ္တိဟာ အဲ့ဒီ ချစ်မေတ္တာရယူနည်းကို သူကိုယ်တိုင်လည်း ကျင့်သုံးသလို၊ အခြားသူတွေကိုလည်း ကျင့်သုံးဖို့ တိုက်တွန်းခဲ့တယ်။
ဆရာ လွဏ်းမောင်က ဒီလို အမတဂုဏ်ကို မက်မောမြတ်နိုး သွားကြသူတွေထဲမှာ ( တစ်နည်း ) ဒီလို အချစ်ကို ရှာဖွေရာမှာ သင်္ချာပညာရှင်များလည်း ပါဝင်ကြောင်း ၊ သေးလ် ၊ ပိုက်သာဂိုရ၊ နယူတန်၊ လိုက်ဗနစ်၊ အိုင်းစတိုင်း၊ ဘာထရန်ရပ်ဆယ်၊ စတီဗင်ဟောကင်း အစရှိသူတွေကို အချစ်စစ် သမားကြီးများ ( လူမက၊ နတ်မကျ ဝိဇ္ဇာဓိုရ်ကြီးများ ) လို့ သတ်မှတ်လိုကြောင်း ပြောလိုဟန် တူတယ်။

ကိုယ်လိုရာ ကိုယ်ဆွဲတယ်လို့ စာရှုသူတို့ ( သချာင်္ပညာမှာ အထူးအားဖြင့် မကျင်လည် မဝင်စား ဖူးသူ အများက ) ထင်ကောင်း ထင်နိုင်ပါမယ်။ ထင်မယ်ဆိုလည်း ထင်ရော့။

အမတဂုဏ်ကို မြတ်နိုးကြသူတွေမှာ သင်္ချာသမားတွေ ပါဝင်တာတော့ အမှန်ပါ ။ လူ့အသိဥာဏ် ဆင်ခြင်တုံတရား ကနေ တစ်ဆင့် မပြောင်းလဲနိုင်ပါဘူး ဆိုတဲ့ ဆင်ခြင်သိ တွေ၊ ညီမျှခြင်းတွေ ၊ တစ်နည်း သီအိုရီတွေ အတွက် စိတ်နဲ့ ဘဝကို နှစ်ထားကြပါတယ်။ အမြဲမပြတ် ဖောက်ပြန်နေတဲ့ ဒီလောကဓာတ် တစ်ခွင်လုံးရဲ့ နောက်ကွယ်မှာ – ထာဝရ မှန်ကန်နေမယ် သဘာဝ လျို့ဝှက်ချက် ကြီး တစ်ခုလုံး ရှိနေမယ်လို့ ရှုမြင်၊ ယုံကြည်ထားကြတယ်။ အဲ့ဒီအပေါ်မှာ သူတို့ရဲ့ အတ္တ၊ သူတို့ရဲ့ စိတ်၊ မာန်တွေ နှစ်မြုပ် မျောပါ သွားတယ်။ အဲ့တော့ သူတို့ဘဝကို တရစပ် မောင်းနှင်နေတဲ့ အင်အားက မဖောက်ပြန်မှု “အမတ”ကို ပညာဥာဏ်နဲ့/ဆင်ခြင်ဥာဏ်နဲ့ သိနားလည်ချင်စိတ် ( သိမြင်လိုတဲ့ စိတ်ဆန္ဒ ) ပဲလို့ ယူဆနိုင်မလား။ ရူးနှမ်းတဲ့ အတွေးအခေါ်ပဲလို့ ဆိုကြမလား။

ဘယ်သူတွေ ဘယ်လိုပဲ ဆိုစေ၊ အဲ့ဒါဟာ ကျနော်တို့လိုလားတဲ့ အချစ်စစ် ဖြစ်ပါတယ်။ ။

………………………………………………

ဆရာဇော်ဂျီရဲ့ ပလေတိုနိဒါန်းကို PDF လုပ်ပြီးသား ရှာမတွေ့၊ Plato – Symposium ( English language ) ကိုတော့ ကျနော် Upload ဆိုဒ်နှစ်ခုမှာ တင်ပေးထားပါတယ် ။

Plato-Symphosium

Hotfile –Download Here
Filesonic – Download Here

Pythagoras - Isaac Newton

Bertrand Russel

Stephen Hawking - Albert Einstein

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: