အကျဉ်းကျနေသူ

ပီဘိ သီတင်းကျွတ်လျှင် ပွဲတော်ကျင်းပကြမည် ဖြစ်ပါသည်။ ယင်းပွဲတော် ဟု ဆိုရာတွင် မီးထွန်းပွဲတော်ကို ကျင်းပကြမည်ဟု မည်သည့်ကာလက မည်သို့ ပုံမျိုးနှင့် စတင်ခဲ့ကြပါသနည်း။ မည်သည်ကို ရည်ရွယ်၍ မည်သို့ ရည်ညွှန်း ပြုလုပ်ခဲ့ကြပါသနည်း။ ဤသို့ ဖန်တရာတေနေသည့် မေးခွန်းဟောင်းများကို ကျမ်းဂန်တတ် ဆရာများက ကျမ်းဂန် အရ ဖြေဆိုကြမည် ဖြစ်သလို၊ သမိုင်း၊ စာပေ စသည် ဆိုင်ရာပညာရှင်များက ဆိုင်ရာဘာသာရပ်အလိုက် ဖြေဆိုကြမည်။ တူကောင်းလည်း တူမည် ။ တူချင်မှလည်း တူမည်။

နေ့လည်က အလုပ်အတွင်းမှ ညီအစ်ကို တစ်ယောက်နှင့် စကားစမြည် ပြောဖြစ်သည်။ သီတင်းကျွတ်ကာလအတွင်း မီးထွန်းကြခြင်း အကြောင်း၊ ဆီမီးပူဇော်ကြခြင်းအကြောင်း၊ လူကြီးမိဘ ကန်တော့ရခြင်းအကြောင်းမှသည် ဗျောက်အိုး ဖောက်ခြင်း အကြောင်း အထိ ပါသည်။ ၎င်းက မန္တလေးသား ဖြစ်၍ မန္တလေးတွင် သီတင်းကျွတ်ကာလ ပွဲတော်မည်သို့ ကျင်းပကြကြောင်း ပြောပြသည်။ မန္တလေးမှာ အခုအချိန်ထိ တစ်ဘဝလုံး ပေါင်းမှ ဆယ်နာရီပြည့်အောင် မနေခဲ့ရဘူးသော ကျနော်က နားထောင်ရသည်။ ဆိုင်ကယ် တဝီဝီနှင့် ရှုပ်ယှက်ခတ်နေသော မန္တလေး လမ်းမများကို မြင်ယောင်ကြည့်သည်။ ( စိတ်ကူးဖြင့် မြင်ယောင် ကြည့်ရာတွင်ပင် ယင်းလမ်းမများပေါ်ရှိ လူများ၏ မျက်နှာမှာ မြန်မာထက် တရုတ်ခပ်ဆင်ဆင် တွေက ပိုများနေသယောင်ယောင် ရှိသည်။😀 )

မန္တလေးမြို့ကို ဂငယ်ကွေ့ ဝန်းရံထားသော ပုသိမ်ကြီးဟူသည့် ၎င်းနေထိုင်ရာ အရပ်အကြောင်းမှသည် ဆီမီး၊ မီးပုံးဆွဲခြင်း၊ ယင်းမှသည် ဗျောက်နှင့် မီးရှူးမီးပန်းအကြောင်း အထိ။ ဤ -ဗျောက်- နေရာကို ရောက်သောအခါ သူက သူ၏ ထင်မြင်ချက်ကို ရှင်းသည်။ မိန်းမပျိုကလေး တွေ လည်း ဆိုင်ကယ် စီးနင်းသွားလာနေကြသော မန္တလေးတွင် ရွှတ်တတ်၊ နောက်တတ်၍ မသိသားဆိုးရွားသော လူငယ် ( သို့မဟုတ် ) လူပြောင်များက ဗျောက်အိုးစသည်ကို တိုက်အထပ်ပေါ်မှ ပစ်ချ တတ်ကြောင်း၊ လမ်းသွားလမ်းလာများ၊ အထူးသဖြင့် မိန်းမပျိုလေးများ များစွာ အနှောင့်အယှက်ဖြစ်ရကြောင်း၊ ယင်းအတွက်လည်း နောင်အခါ ဆိုင်ရာတို့က ယင်းဗျောက်အိုး ဖောက်ခြင်းတို့ကို တားမြစ် ရကြောင်း စသည် အရှည်သဖြင့် ပြောသည်။

ထို့နောက် ဆက်၍ မန္တလေးမြို့တွင် မီးရှူးမီးပန်း ၊ ဗျောက် စသည် ရောင်းချသည့် ဒိုင်ကြီး တစ်ခု ရှိကြောင်း၊ ယင်းသည့်အချိန်ကာလက သီတင်းကျွတ် ရာသီအတွင်း ရောင်းချရသည့် တန်ဖိုးမှာ ယင်းကာလ တန်ဖိုးအားဖြင့်ပင် သိန်းလေးဆယ်နီးနီး ရှိကြောင်း ဆိုသည်။ ဟုတ် မဟုတ်တော့ မသိ။ ကျနော် ဤနေရာ၌ ပြောလိုသော အကြောင်းမှာလည်း ယင်းအချက်အလက်များ အကြောင်း မဟုတ်ပေ။ ယင်းအကြောင်းများမှ ဆက်၍ လာသော စကားများ ကိုသာ တွေးကြည့်လို၍ ဖြစ်သည်။

သူက ဆက်ပြောသည်။ “ခင်ဗျား စဉ်းစားကြည့် ။ဒီမီးရှူးမီးပန်း ဗျောက် ဆိုတာတွေက မြန်မာလုပ်တွေမဟုတ်၊ တရုတ်မိတ် တွေ။ မြန်မာက မြန်မာပီပီ ဆီမီးထွန်း၊ ဘုရားပူဇော်၊ လူကြီးမိဘ ကန်တော့ စသည် ကိုယ့်ယဉ်ကျေးမှုအတိုင်း ရှိနေတာ ဘာပြောစရာမှ မလိုပေမယ့်၊ အခုလို အခြားလည်း အနှောင့်အယှက်ဖြစ်ရသေး၊ ငွေလည်း ကုန်ရသေး အဲ့ဒီ ဘာမဟုတ်တာတွေအတွက် ငွေတွေ တိုင်းတပါးကို အလကား ရောက်ရတာ၊ ကုန်ရတာတွေဟာ နှမြောစရာ မကောင်းလား။ …”

အခြားဆက်၍ ပြောသေးသော်လည်း ဤစကားကို ဤနေရာတွင်ရပ်၍ ကျနော် တွေးကြည့်မိသည်။ ဗြောင်း၊ဗြောင်း အသံကြားရုံဖြင့် တဝေးဝေး တဝါးဝါး ပျော်ရွှင်ခဲ့ကြဖူးသော ကျနော်တို့ ကလေးငယ်ဘဝ၊ လိုလိုချင်ချင်ဖြင့် အမေမိဘကို ပူဆာမိခဲ့ကြသော ဖြစ်ရပ်များ၊ ယင်းတို့ဖြင့် ကျနော်တို့ ပျော်မြူး ကစားနေချိန်မှာ ကျနော်တို့ ပျော်နေသည်ကို ကြည့်၍ ပြုံးစစ ကြည်နူးနေကြသော ကျနော်တို့ မိဘများမျက်နှာ စသည် ပုံရိပ်များက ကျနော့် အတွေးထဲ ဝင်လာကြပါသည်။

စောနက ပြောပြနေသော အစ်ကို၏ စကားတွင် ယုတ္တိအမြင်များ၊ လူမျိုးရေး အရိပ်များ၊ လက်ရှိ နိုင်ငံရေး ဆေးရောင်များ၊ ၎င်း၏ ဘဝစိတ်စရိုက်များ အနည်းငယ် ရောစပ် ပါရှိနေမည် ထင်သည်။ ယင်းတို့ကို ကျနော့်အတွေးထဲမှ ခဏဖယ်ထုတ်ပစ်လိုက်သည်။ မီးရှူး မီးပန်း ယမ်းဖောက်ခြင်းသည် အလကားသာ ဖြစ်သည် ဆိုခြင်းအကြောင်းနှင့် တိုင်းတပါးသို့ မိမိနိုင်ငံငွေကြေး အလကား ရောက်ရခြင်းအကြောင်း ဒီနှစ်ချက်ကို ဇကာတင် ကြည့်သည်။

မီးရှးမီးပန်း၊ ယမ်း၊ ဗျောက် ဖောက်ပစ်လိုက်ခြင်းသည် ပိုက်ဆံကို မီးရှို့လိုက်ခြင်းသာ ဖြစ်သည်ဟု ဆိုလျှင် ဆေးလိပ်သောက်နေကြသူများကို မည်သို့ ဆိုမည်နည်း။ မီးရှူးမီးပန်း ဆိုသည်ထက် ပစ္စည်းတစ်ခုဟု ပြောင်းလဲ ဆိုကြပါစို့။ လူတစ်ယောက် ပစ္စည်းတစ်ခုကို ငွေကြေးနှင့်လဲလှယ် ဝယ်ယူရာတွင် ဘဝအတွက် အသုံးကျ၍ ဝယ်ခြင်း၊ လိုချင်တပ်မက်၍ ဝယ်ခြင်း၊ ပျော်ရွှင်မှု ရမည်မျှော်လင့်၍ ဝယ်ခြင်း စသည် အမျိုးမျိုး ရှိကြသည်။ ကျနော်တို့ ငယ်စဉ်စိတ်ခံစားချက်များနှင့် ယှဉ်ထိုးကြည့်သော အခါ မီးရှူးစသည် ပစ္စည်းတို့ကို ဝယ်ယူခြင်းမှာ/ ဝယ်ယူလိုခြင်း မှာ ကလေးငယ် ဘာဝ အရ ပျော်ရွှင်မှုကို လိုလားခြင်းကြောင့် ဖြစ်သည်။ အလကား တော့ မဟုတ်။မိဘစသည် လူကြီးများကလည်း ဖြည့်ဆည်းပေးချင်သော စိတ်စေတနာ၊ ဖြည့်စွမ်းပေးလိုသော မေတ္တာဖြင့် နှိုင်းစက်၍ မိမိကလေးငယ်၏ အာသာ ကိုလည်းကောင်း၊ ၎င်းတို့ကိုယ်တိုင်၏ စိတ်ဆန္ဒကိုလည်းကောင်း နှစ်သိမ့်ရန် ငွေကြေးကို အသုံးပြုကြသည်။ ဤသည်မှာရော အလဟဿ တော့ မဟုတ်နိုင်ပေ။

ဒါ့အပြင် ရှိသေးသည်။ အထက်ပါ မိတ်ဆွေ၏ စကားအတိုင်း အလဟဿ ဖြစ်ခြင်းကြောင့် မဝယ်ကြမသုံးကြပါနှင့် ဆိုလျှင် ယခုခေတ်၌ မီးရှူး ၊မီးပန်းမှ မဟုတ်ပေ။ အခြား မဝယ်သင့် မဝယ်အပ်သော အရာများ တော်တော်များများ တွေ့ကြရမည် ဖြစ်သည်။ အဝတ်ချင်း တူပါလျက် အရောင်အသွေး မတူ၍ ဈေးပိုကြီးသော အခြား အဝတ်အစားကိုမှ အဘယ်ကြောင့် ဝယ်ချင်ကြသနည်း။ ကားချင်း တူပါလျက် နံပါတ် မတူသောကြာင့် ဈေးပိုများရပါသော ကားကိုမှ အဘယ်ကြောင့် ဝယ်ကြရသနည်း။ စကားပြောရခြင်း တူပါလျက်၊ ( မသုံးရလည်း ဘာမှ မဖြစ်ပါဘဲလျက် ) ဤမော်ဒယ် ဖုန်းမျိုးထက် ဟိုမော်ဒယ်လ်ဖုန်းမျိုးကိုမှ အဘယ်ကြောင့် လိုလိုလားလား ရှိကြသနည်း။ နောက်ဆုံး – ဖိနပ် ဆိုသည် ချင်း တူပါလျက်နှင့် ဤဖိနပ်မျိုး ထက် ဒီဇိုင်းလေး အနည်းငယ်ပြင်ထားသော ဟိုနိုင်ငံထုတ် ဖိနပ်ကိုမှ ဈေးကြီးကြီးပေး ဝယ်ယူကြသနည်း ။ မိမိနိုင်ငံတွင်း ပိုက်ဆံ – တရုတ်မဟုတ်သော အခြားနိုင်ငံသို့ ရောက်ခြင်း တစ်မျိုးလည်း ဖြစ်သလို တနည်း ဆိုရလျင်လည်း ယင်းပစ္စည်းတို့မှာ လူကြီးကြိုက် ဗျောက်အိုးများလည်း ဖြစ်နိုင်သည်။

ထိုအစားအသောက်၊ အသုံးအဆောင် စသည် ဝယ်စရာ ဟူသည်တို့မှာ ဤနိုင်ငံသို့ တရုတ်တစ်ခုတည်းမှ ဝင်ရောက်လာကြသည် မဟုတ်၊ အခြားအခြားမှ အများအပြား ရှိကြသည်။ မီးရှူးမီးပန်းကို အလဟဿ ဖြစ်ရသည် ဟု ဆိုကြကြေးဆိုလျှင် ယင်းတို့သည်လည်း အလဟဿ တွေချည်းသာဟု မြင်ရပေတော့မည်။ ဤသည်မှာ ခေတ်အရ မဖြစ်နိုင်။

ယင်းအတွက် – အထက်ပါ မိတ်ဆွေနှင့် ပြောဆိုခဲ့ပြီးသော “အလဟဿ” ဟူသည်များ၊ ခံစားချက်များ၊ အမြင်များ စုပေါင်းကြည့်ပါလျှင် ယင်းပုဂ္ဂိုလ်ပြောကြားနေခြင်း၌ နိုင်ငံရေးဘောင်၊ စီးပွားရေးဘောင်၊ ၎င်းဖြတ်သန်းရာ အမြင်ဘောင်၊ စသည် ဘောင်အမျိုးမျိုးကွပ်၍ ပြောခြင်း ဖြစ်နေပေမည်။ အလားတူ ကျနော် တွေးကြည့်နေမိသည်မှာလည်း ကျနော် ဖြတ်သန်းခဲ့သော လူမှုအနေအထား၊ ကျနော် လတ်တလောရှိနေသော စိတ်ခံစားချက်၊ ခံယူချက် စသည် ဘောင်တံတိုင်းတို့ ကွပ်၍ တွေးတော ငြင်းပယ်နေခြင်းသာ ဖြစ်ကြသည်။

ဆိုလိုသည်မှာ —-

ကျနော်တို့ လူအများသည် မိမိ အတွေးအိမ်လေးနှင့် မိမိ နေထိုင်နေကြသူများသာ ဖြစ်သည်။ ဤအတွေး အိမ်ကလေးကို ငယ်စဉ်မှ စ၍ တစ်ထစ်ချင်း တစ်ရစ်ချင်း ဆောက်ခဲ့ကြသူများ၊ ဤဘဝကို မိမိ အတ္တမဖြင့် သန်ရာ သန်ရာ မျှော်မှန်း ဖွဲ့တည်လာကြသူများသာ ဖြစ်ကြသည်။ ယင်းကာလ ကြားတွင် ပြန်တွေးကြည့်ပါက – မိမိဘဝတွင် ပျော်ရွှင်မှု ရမည် ထင်၍ ၊ မိမိဘဝအတွက် အသုံးကျမည် ထင်၍ ၊ တန်ဖိုး တစ်စုံတစ်ရာကို မျှော်မှန်း၍ ကိစ္စရပ်ကိုယ်စီကို လုပ်ခဲ့ကြသူချည်းသာ ဖြစ်သည်။ စီးပွားရေး စကားလုံး ယူသုံး၍ ဆိုပါက အမြတ်ရမည် မျှော်လင့်၍ အရင်းထုတ်ခဲ့ကြသူများ ဖြစ်ပါသည်။

ကျနော်တို့ လက်ရှိ အချိန်ကာလအထိ နေထိုင်ဖြတ်သန်းခဲ့ရာတွင် ကျနော်တို့ တည်ဆောက်ခဲ့သော မိမိတို့ ဘဝအတွေးအိမ်လေး၌ အလဟဿ/အလကား ဖြစ်နေသည် ဆိုသော အက်ကြောင်းများ၊ ဒဏ်ရာများ၊ အမှိုက်များမှာ တစ်ခု မက များစွာ ရှိသည်။ အဆုံးသတ်၊ ရလာဒ် ၊ အဖြေ နှင့် နဖူးတွေ့ ဒူးတွေ့ တွေ့လာကြပြီး တကယ် စင်စစ် အရှုံးများစွာကိုလည်း ကောင်း၊ အမှားအယွင်းပေါင်း များစွာကို လည်းကောင်း ရင်ဆိုင် လာရသောအခါ မိမိ စိုက်ထုတ်ခဲ့သည့် အရင်းများ အလဟဿ ဖြစ်ကုန်သည်ကို တွေ့ကြရသည်။

ယင်း အချက်ကို သာမာန်သမားရိုးကျ ဖြတ်သန်းနေသော ကာလ၌ သိကောင်းမှ သိပါမည် ။ သို့သော် မိမိကိုယ်ကိုယ် ယခုခဏမဆိုင်းပင် ဤလူ့ဘဝ ဇာတ်သိမ်းရတော့မည်- သေတော့မည် ဟု တွေးကြည့်ပါက ( နက်နက်နဲနဲ တကယ့်တကယ် တွေးကြည့်လျှင် ) အပြည့်အဝမဟုတ်တောင် ၊ ရေးရေးမျှတော့ မြင်နိုင်ပါမည်။

ကွယ်လွန်သွားရှာပြီ ဖြစ်သော ဆရာပါရဂူက ဥပမာလေးတစ်ခု ပေးဖူးသည်။ ကလေးငယ်တစ်ယောက် အုတ်ပုံကြားတွင် ဆော့ကစားနေသည်။ ကစားနေပုံမှာ သူ၏ ရှေ့နောက်ဝဲယာတွင် အုပ်ချပ်ကလေးများ တစ်ချပ်ပြီး တစ်ချပ် ထပ်၍ စီ၍ ကစားနေခြင်း ဖြစ်သည်။ ယင်းသို့ တစ်ဆင့်ပြီး တစ်ဆင့် ထပ်လာရင်း ပတ်ပတ်လည် အုပ်ချပ်များမြင့်တက်၍ မိမိ တစ်ရပ်စာအမြင့်ပြည့်လာသော အခါမှ တစ်ခု သတိမူမိသည်။ ယင်းအုတ်ချပ်များ အတွင်းမှ မထွက်တတ်ခြင်း ။ လှောင်ပိတ်နေသလို ခံစားလာရခြင်း။ ထို့နောက် ကြောက်လာသည်။ “အဖေကယ်ပါ၊ အမေကယ်ပါ” အော်ငိုတော့သည်။ ယင်းအတိုင်းပင် ကျနော်တို့ လူသားအများစု၌လည်း မိမိတို့ ဘဝအိမ်ကို အုတ်ချပ်များစီ၍ ကစားကြည့်မိနေကြသည်။ မရည်ရွယ်သော်လည်း မိမိကိုယ်ကိုယ် ပိတ်လှောင်နေမိကြသည်ဟု ဆရာက ဆိုသည်။

ယခုကာလတွင် ဒုတိယအကြိမ် ထုတ်ပြန်လာသော သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြောင့် အကျဉ်းအတွင်းရှိသူများရော ၊ ပြင်ပက ဆိုင်ရာ မိသားစုများရော၊ ကြားရသူ ပြည်သူအများပါ ပျော်ရွှင်ကြ၊ ကြည်နူးကြ။ အချို့တော်တော်များများတွင်လည်း မည်သူလွတ်ပါစေဟု မျှော်လင့် နေကြသူများ ရှိကြပါသည်။ ရန်သူမျိုးငါးပါးအားဖြင့် တည်ဆောက်ထားသော ရုပ်ဝတ္ထု ၊အကျဉ်းထောင်မှလွတ်လာခြင်း ဆိုသောအားဖြင့် ရရှိလာသော လွတ်မြောက်မှု အရသာသည် ပီဘိ နှစ်သက် လိုလားစဖွယ်ဖြစ် သည်။ အလားတူ၊ အခြားတစ်ပါးသူ တည်ဆောက်သော ရုပ်ဝတ္ထု – ထောင် – မဟုတ်သော်ငြားလည်း မိမိ ဘာသာ မိမိ တည်ဆောက် နေသော မိမိဘဝ ခန္ဓာအိမ်ကို ( ဝါ ) မိမိ အတွေးစဉ် ထောင် ကို အများစုက အဘယ်ကြောင့် မလွတ်မြောက်လိုကြပါနည်း။ အဘယ်အကြောင်းကြောင့် မတွန်းဖယ်ကြပါသနည်း။ မဖောက်ထွက်ကြပါသနည်း။ ယင်းသို့ ရှိရမည် အစား ၊ ဆောက်၍ ဆောက်နေမှန်း မသိ၊ အဘယ်ကြောင့် ထပ်ဆင့်ထပ်ဆင့် လှောင်ပိတ် ခံနေကြပါသနည်း ။ ဤမေးခွန်းများသည် စာရှုသူများကို မေးနေခြင်း မဟုတ်။ တွေးတောနေမိသူ ကျနော့်ဘာသာ မိမိကိုယ်ကိုယ် ပြန်မေးနေခြင်းသာ ဖြစ်ပါသည်။

ကဗျာဆရာကြီး ရာဗင်ဒြာနတ်တဂိုးက သူ့အကြောင်းကိုသူ တစ်ခါက ရေးဖူးသည်။ ဂီတဉ္စလီ ဟူသည့် ၎င်း၏ နာမည်ကျော် ကဗျာရှည်ကို ရေးစပ်နေစဉ်က ပဒမာမြစ်အတွင်း လှေတစ်စင်းအပေါ်တွင် ထိုင်နေသည်။ ဂီတသံစဉ်ထဲတွင် တစ်ညလုံး နစ်မျောသည်။ ယင်းဂီတကို ခံစား နားဆင်ရင်း မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ဖယောင်းတိုင်မီးနှင့် ယင်းလှေဝမ်း၊ အခန်းထဲတွင်ထိုင်၍ ကဗျာရေးနေပါသည်။ တစ်ချိန်တွင် အမှတ်မဲ့ ဖယောင်းတိုင်မီးကို မှုတ်ပစ်လိုက်မိသည်။ ယင်းသို့ မှုတ်ပစ်လိုက်သည်နှင့် တစ်ပြိုင်နက် လှေဝမ်းဗိုက်၊အခန်းတွင်းသို့ အပြင်မှ လရောင်ဝင်လာသည်။ ကဗျာဆရာကြီး အံ့အားတကြီး ဖြစ်သွားရပါသည်။ လရောင်ကိုလည်းကောင်း၊ ဤညအခါသည် လသာသော ညတစ်ည ဖြစ်သည် ဆိုသည်ကိုလည်းကောင်း သတိမထားမိခဲ့။ သူ အခုရေးနေခဲ့သော ကဗျာတွင်း စာပိုဒ်မှာ လရောင်ရွှန်းမြနေခြင်း အကြောင်းဖြစ်သည် ။ သို့သော် ဖယောင်းတိုင်မီးမှိန်မှိန်ဖြင့်သာ ရေးနေခဲ့ခြင်း ဖြစ်သောကြောင့် လရောင်ရှိနေကြောင်း သူသတိမထားမိ။ ဤမှိတ်တုတ်မှိတ်တုတ် ဖယောင်းတိုင်မီးကို မှုတ်လိုက်မိခြင်းကြောင့်သာ လရောင်ကို မြင်ရ၍ လရောင်ဖြင့် လင်းနေရခြင်း ဖြစ်သည်။

ထိုညတွင်ပင် ကဗျာဆရာကြီး တဂိုးက သူ့ဒိုင်ယာရီ စာအုပ်ထဲ၌ စာတစ်ကြောင်းရေးမှတ်ထားခဲ့သည်။ “ယနေ့ ထူးခြားသော အတွေ့အကြုံကို သိရှိလိုက်ရသည်။ အတွင်းသန္တာန်၌ မာန်မာန ဆီမီး တောက်နေသမျှ ကာလပတ်လုံး ‘ပရမတ္တမ’ အေးမြသော လရောင်သည် ဝင်မလာနိုင်။ ရွှန်းလဲ့သော လရောင်ကို သတိမမူမိနိုင်။” ဟူ၏။

ကျနော်တို့ အားလုံး၊ ဆီမီးရောင်ဖြင့် လင်းမည်လား၊ လရောင်ဖြင့် လင်းကြမည်လား ၊ ဤအမေးဖြင့်ပင် ဤစာကို အဆုံးသတ်ပါသည်။

………………………………

ဆရာပါ ထံသို့ စိတ်မှန်းဖြင့် ကန်တော့ရင်း – လပြည့်အကြိုည တွေးမိတွေးရာများသာ။

……………………………….

https://zayya.wordpress.com/

http://zayyablogger.blogspot.com/

……………………………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: