သေခြင်း = နိဂုံး : J. Krishnamurti

Jiddu Krishnamurti

အမေး ။ ။ ဆရာ့ရဲ့ ပြောစကားတွေမှာ သေခြင်းတရားကို annihilation ( ချုပ်ငြိမ်းခြင်း၊ အပြည့်အဝပြိုပျက်သွားခြင်း ) လို့ ပြောသွားပါတယ်။ ဒါ့အပြင် သေဆုံးပြီးနောက်မှာ အချိန်ကာလမဲ့ ဖြစ်တည်မှု လို့ ဆိုရမယ့် ထာဝရတည်မြဲမှု ရှိနေတယ်လို့လဲ ပြောပြန်ပါတယ်။ လူတစ်ယောက်က အဲ့လို အခြေအနေမှာ နေထိုင်နိုင်ပါ့မလား။

ခရစ်ရှန။ ။ annihilation ( ချုပ်ငြိမ်းခြင်း၊ အပြည့်အဝ ပြိုပျက်သွားခြင်း ) ဆိုတဲ့ ဝေါဟာရကို ကျနော် မသုံးခဲ့ပါဘူး။ သေခြင်းတရားဟာ အဆုံးသတ် တစ်ခုဖြစ်တယ်လို့ပဲ ပြောခဲ့တာပါ။ ကပ်ငြိမှု ပါနေတဲ့ အဆုံးသတ်မျိုးပါ။ ကပ်ငြိမှု ရှိနေတဲ့ ၊ ဆက်နွယ်မှု ရှိနေတဲ့ အရာတစ်ခု အဆုံးသတ်သွား တဲ့ အခါ အသစ်တစ်ခုကို အပြည့်အဝ ပြန်လည် ဖြစ်တည်လာပါတယ်။ ဆိုပါစို့ရယ် – တစ်ဦးတစ်ယောက်က သူ့ဘဝမှာ ဒေါသတွေ၊ လောဘတွေ၊ လိုချင်တက်မက်မှုတွေနဲ့ ကပ်ငြိ ရှင်သန်လာခဲ့ပြီးတဲ့ နောက် အဆုံး ကို ရောက်သွားတဲ့ အခါ အသစ်တစ်ခု အပြည့်အဝ ပြန်ဖြစ်တယ်။ တစ်ဦးတစ်ယောက်ကတော့ သူတော်စင် လမ်းကြောင်းကို လိုက်မယ်။ ကျင့်ကြံပွားများ အားထုတ်မယ်။ အဓိပ္ပာယ်မဲ့မှု တွေကို သဘောပေါက် သိမြင်ရင်း အဆုံးသတ် ရောက်သွားတဲ့ အခါ ဘာဖြစ်သွားမလဲ။ အသုံးမကျပဲ သယ်ဆောင်လာခဲ့ရတဲ့ ခန္ဓာဝန်ထုပ်ကြီးကနေ အပြည့်အဝ လွတ်မြောက်မှု ရသ ရှိနေပါမယ်။ ဒါ့ကြောင့် သေခြင်းတရားဟာ တွယ်ငြိမှုပါတဲ့ အဆုံးသတ် ဖြစ်ပါတယ်။

ဒါဆို သက်ရှိရှင်သန်နေချိန်မှာ သေခြင်းတရားဟာ ဘာလဲ? အများအားဖြင့် သေခြင်းတရားဟာ ရှင်သန်နေထိုင်ခြင်းရဲ့ ဆန့်ကျင်ဘက်လို့ တွေးထင် ကြတယ်။ သေခြင်းတရားဟာ ဘဝရဲ့ အဆုံးသတ်လို့ ဆိုရင် အဲ့အဆုံးသတ်က ဘယ်တော့လဲ။ နောက်ဆယ်နှစ်လား၊ နှစ်ငါးဆယ်လား၊ ဒါမှမဟုတ် မနက်ဖြန်လား။ ခင်ဗျားက နောက်ဆယ်နှစ်ကျော်လည်း နေရဦးမှာပါလို့ တွေးမယ် ဆိုရင် အဲ့အတွေးဟာ ထင်ယောင်ထင်မှား၊ ဒါမှမဟုတ် ခင်ဗျားရဲ့ ဆန္ဒ၊ အရှိန်အဟုန် တစ်ခုသာ ဖြစ်ပါတယ်။ လူတစ်ယောက်က ဘယ်လို ရှင်သန်နေထိုင်မယ် ဆိုတာကို နားမလည်သေး၊ မသိမြင်သေးသရွေ့ သေခြင်းတရားကို ဘယ်လို ရင်ဆိုင်မယ် ဆိုတာလည်း မသိနိုင်ဘူး။ ဘာလို့ဆို သေခြင်းတရားဟာ ရှင်သန်နေထိုင်မှုနဲ့ ဆန့်ကျင်ဘက် မဟုတ်လို့ပါ။

အဲ့တော့ သေခြင်းတရားကို ဘယ်လိုရင်ဆိုင်မလဲ၊ ထာဝရဖြစ်တည်မှု ဆိုတာဘာလဲ၊ ထာဝရဖြစ်တည်မှုမှာ လူတစ်ဦးတစ်ယောက် တကယ် နေထိုင်နိုင်သလား ….ဆိုတဲ့ မေးခွန်းထက် ပိုအရေးပါလာမယ့် မေးခွန်းတစ်ရပ် ပေါ်မလာပေဘူးလား။ အဲ့မေးခွန်းက – လူတစ်ယောက် ဘဝကို ဘယ်လို ရင်ဆိုင်မလဲ ( တနည်း ) ဘယ်လို ရှင်သန်နေထိုင်မလဲ ဆိုတာပါပဲ။ ရှင်သန်နေထိုင်ခြင်းဟာလည်း ကြောက်လန့်စရာ တစ်ခုဆိုတာ ဘယ်လို နားလည် လာကြမလဲ။ သိနားလည်မှုမရှိတဲ့ ရှင်သန်နေထိုင်မှုကိုယ်၌က အဓိပ္ပာယ်မရှိဘူး။ အဲ့ဒါကြောင့်လည်း ကျနော်တို့တတွေ ဘဝကို ကိုယ်စီ အဓိပ္ပာယ်သတ်မှတ်ဖို့ ကြိုးစားကြတယ်။ ဘဝဆိုတာ ဒီလိုဖြစ်ရမယ်၊ ဒါမှမဟုတ် ဘဝဆိုတာ ဟိုလို ဖြစ်ရမယ် ပြောတတ်ကြတယ်။ ဒါပေတဲ့ ဘဝရဲ့ ရသတွေ၊ မောဟတွေ၊ စိတ်ကူးယဉ် အဓိပ္ပာယ်မဲ့ သဘောတွေ ဘေးရောက်နေပါတယ်။ ဘဝဟာ ကျနော်တို့ နေ့စဉ်မှာတင် ဝမ်းနည်းကြေကွဲမှု ရှိတယ်။ ပြိုင်ဆိုင်မှု ရှိတယ်။ မျှော်လင့်ချက်ရှိသလို မျှော်လင့်ချက်မဲ့မှု ရှိတယ်။ စိတ်ဓာတ်ကျမှု၊ အတ္တကြီးမှု ရှိတယ်။ အချိန်ပိုင်း ပေါ်ပေါ်လာတတ်တဲ့ အလှတရားနဲ့ မေတ္တာ ဆိုတာ ရှိကြပါတယ်။

လူတစ်ယောက်ကို – ဒါဟာ ဘဝပါ- လို့ ဆိုလိုက်တာနဲ့ အဲ့လူက အဲ့ဘဝကို ရင်ဆိုင်သွားနိုင်ရောတဲ့လား၊ အဲ့ဘဝမှာ အခက်အခဲ တစ်စုံတစ်ရာမရှိ ရှင်သန်နေထိုင်သွားပြီး အဆုံးသတ်တဲ့နောက် ထားသွားခဲ့ရောလား ။ တကယ်တော့ အဲ့လိုလုပ်တာဟာ မင်းဖွဲ့စည်းထားတဲ့အတွေးအိမ်ထဲမှာသာ မင်း သေပါတော့ လို့ ပြောတာနဲ့ အတူတူပါပဲ။ အတွေးတွေက လူ့အပြုအမူကို တည်ဆောက်တယ်။ သူ့အတွေးကနေ ပြောတယ် – ငါအောင်မြင်ရမယ်၊ တစ်နေရာမှာ တစ်ဦးဦး ဖြစ်ရမယ်။ကြိုးစားရမယ်၊ ယှဉ်ပြိုင်မယ် စသဖြင့်။ အဲ့အတွေးတွေနဲ့ သူ့ဖြစ်တည်ချက်ကို တည်ဆောက်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ဘုရားသခင်ဆိုတာတွေ၊ ဘုရားကျောင်းတွေ၊ ဆရာသခင်ဂုရုတွေ၊ ဝတ်ပြုပူဇော်ပွဲတွေ ၊ ဒါတွေအားလုံးဟာ အတွေးရဲ့ သရုပ်သကန်တွေ ဖြစ်ပါတယ်။ အသိဥာဏ်ရဲ့ လှုပ်ရှားမှု၊ ဦးနှောက်အတွင်း သိုမှီးလာတဲ့ အသိအမြင်တွေပဲ ဖြစ်တယ်။ အတွေးတွေချည်းသာ ဘဝကို မီးထိုးမောင်းနှင်သွားမယ်ဆိုရင် အဲ့အတွေးက မေတ္တာကို လည်း ငြင်းပယ်ပါတယ်။ မေတ္တာဆိုတာ သတိရခြင်း မဟုတ်ဘူး။ မေတ္တာဆိုတာ အတွေ့အကြုံတစ်ခု မဟုတ်ဘူး။ မေတ္တာဆိုတာ ပျော်ရွှင်မှု ခံစားချက် မဟုတ်ဘူး။
ဒီအတွေး မောင်းနှင်အား နဲ့ပဲ ရှင်သန် လာတဲ့ အခါ အဲ့လူဟာ ဘဝနဲ့ ဝေးကွာသွားတယ်။ ဘဝနဲ့ ထပ်တူ အဆုံးသတ် လို့ခေါ်တဲ့ သေခြင်းတရားနဲ့လည်း ဝေးကွာသွားတယ်။ အဲ့အတွက် ကြောက်လန့်မှု ဝင်လာပါတယ်။ အဲ့အဆုံးသတ်မှာ – အတွေးက မိမိကိုယ်ကိုယ် ဖန်တီးပေးထားတဲ့ အရာရာတိုင်းနဲ့ မဖြစ်မနေ ငြင်းဆန် ထွက်ရပြီ။ အဲ့အခါ အကြီးမားဆုံး ကြောက်ရွံ့မှု ဝင်လာပါမယ်။ အဲ့လူ ဘာဖြစ်မလဲ။ အဲ့လူ သေဆုံးသွားတယ်။ ရှင်သန်မှု ဘဝ နိဂုံးချုပ်ရပ်ဆိုင်းသွားတယ်။ အဲ့နောက် အသစ်တစ်ဖန် ပြန်ဖြစ်ပါတယ်။

တကယ်တော့ ရှင်သန်နေထိုင်မှု ဘဝမှ ငါ – ဆိုတဲ့ အတ္တ ဗဟိုချက် မရှိပါဘူး။ အဲ့ အတ္တ မရှိကြောင်းကို နားလည်ရင် ရှင်သန်ခြင်းဟာ သေခြင်းနဲ့ ယှဉ်တွဲ လျောက်လှမ်းနေရပါလား ဆိုတာကို သိမြင်သွားပါမယ်။ အဲ့သိမြင်မှု တွေ ဆင့်ကာ ဆင့်ကာ ဖြစ်ရင်း အချိန်ကျလာတဲ့ အခါ အပြည့်အဝ နိဂုံးချုပ်သွားရပါတယ်။

အဲ့တော့ ချုပ်ပြီးပြောရရင် သေခြင်းတရားဟာ အဆုံးသတ်သာ ဖြစ်တယ်။ နောက်ဆက်တွဲ တွဲပါနေမယ့် အဆုံးသတ် ( တစ်နည်း ) အသစ်တစ်ဖန် ပြန်ဖြစ်စေတဲ့ အဆုံးသတ်နဲ့ အပြည့်အဝ ချုပ်ငြိမ်းသွားတဲ့ အဆုံးသတ် ၊ ဒီနှစ်မျိုးမှာ ကိုယ် ဘယ်လို အဆုံးသတ်လဲ ။ ဒီအဖြေကို လူအများ မျှော်လင့်ကြတယ်။ မေးခွန်းကို မေးခွန်းနဲ့ပဲ ပြန်ဖြေပါမယ်။

ဘယ်လို အဆုံးသတ်မလဲ ဆိုတာအတွက် အဲ့မေးခွန်း ရှိသူကို ပြန်မေးရမှာက – ခင်ဗျား အခု ဘယ်လို ရှင်သန်ပါသလဲ ဆိုတာပါပဲ။

Ref: Messagesfrommaster

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: