Freedom

Jiddu Krishnamurti

လွတ်လပ်ရေး ဆိုတာဘာလဲ

ဒဿနဆရာ အများစုက လွတ်လပ်ရေး၊ လွတ်လပ်မှုနဲ့ ပတ်သက်ပြီး ရေးသားပြောကြားနေကြတယ်။ ကျနော် တို့လည်း လွတ်လပ်မှု အကြောင်း ပြောကြတယ် ။ ဘယ်လို လွတ်လပ်မှုလဲ။ မိမိ စိတ်ကြိုက်လုပ်ပိုင်ခွင့်၊ မိမိ နှစ်သက်ရာ ကိုင်တွယ်ခွင့်၊ မိန်းမတစ်ယောက်ကို /ယောင်္ကျား တစ်ယောက်ကို လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်၊ မိမိနှစ်သက်ရာ ဖတ်ရှုခွင့်၊ မိမိ မနှစ်သက်ရာ ပစ်ပယ်ခွင့် စသည်။ ကျနော် တို့ ကိုယ်ကိုယ် ကျနော်တို့ လွတ်လပ်တယ်လို့ ဆိုတာနဲ့ မေးစရာ ရှိလာတဲ့ တစ်ခုက – အဲ့လွတ်လပ်မှုနဲ့ ကျနော်တို့ ဘာလုပ်ကြသလဲ ဆိုတာပါ။ ကျနော်တို့ ကိုယ် ကျနော်တို့ ဖော်ကျူးပြနိုင်ဖို့ လွတ်လပ်မှုကို သုံးတယ်။ ကျနော်တို့ စိတ်ကြိုက်လုပ်နိုင်ဖို့ လွတ်လပ်မှု ကို သုံးတယ်။ အဲ့လို ဘဝကို လွတ်လပ်ခွင့်တွေ ပေးလာရင်း ပေးလာရင်း နောက်ဆုံး ဘာဖြစ်လာမလဲ ပြည်သူအလယ်မှာ၊ ပန်းခြံထဲမှာ မိတ်လိုက်ကြ၊ သံဝါသ ပြုလာကြတော့တယ်။

ကျနော်တို့မှာ လွတ်လပ်မှု ပုံစံအမျိုးမျိုး ရှိနေပါတယ်။ အဲ့အတိုင်းလည်း လုပ်ကိုင်နေကြတယ်။ ကျနော်တို့ ထင်ကြတာက ရွေးချယ်စရာ ကိစ္စတစ်ခုခု ပေါ်ပေါက်လာပြီဆိုရင် လွတ်လပ်မှု ဆိုတာ ဝင်လာတာပဲ ။ အဲ့လိုမဟုတ်လား။ ခင်ဗျား ပြင်ဦးလွင်သွားမလား၊ ရန်ကုန်မှာ နေမလား။ ဒီအလုပ်ဆက်လုပ်မှာလား ၊ အလုပ်ထွက်မှာလား ။ ဆိုလိုတာက ဒါတွေဟာ ရွေးချယ်မှု သက်သက်ပါ။ ရွေးချယ်မှုက လွတ်လပ်မှုကို ပေးတာ ဟုတ်ပါသလား။ ခင်ဗျားရဲ့ အမြင်၊ ခင်ဗျားရဲ့ အတွေးတွေကသာ ရှင်းလင်း နေရင် ပြတ်သားနေရင် ရွေးချယ်မှု ဆိုတာ ပေါ်ပေါက်လာစရာ မရှိပါဘူး။ အဲ့ဒီ ပြတ်သားတဲ့ အမြင်ကနေသာ မှန်ကန်တဲ့ လုပ်ရပ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သံသယတွေ ၊ မကျိန်းသေ မသေချာမှုတွေ ရှိလာတဲ့ အခါမှသာ ကျနော်တို့ ရွေးချယ်တဲ့ လုပ်ငန်းကို စကြတယ်။ ဒါကြောင့် ပြောလို့ ရမယ်ဆို ပြောချင်ပါတယ် – ရွေးချယ်ခိုင်းတာဟာ လွတ်လပ်မှုကို ပိတ်ပင်တာ တစ်မျိုးပါပဲ။

သဗ္ဗဓမ္မ ( အလုံးစုံ ) ဝါဒီတွေ ပြောလေ့ရှိတာ ရှိသေးတယ်။ လွတ်လပ်မှုဆိုတာ ဘယ်တော့မှ မရှိဘူးတဲ့။ လွတ်လပ်မှု ဆိုတာကြီးက လူသားတွေကို ထိန်းချုပ်တယ်၊ ဖိနှိပ်တယ် လို့ ဆိုပါတယ်။

ဒါဆို လွတ်လပ်မှု/လွတ်လပ်ရေး ဆိုတာဘာလဲ။ ရွေးချယ်မှုကိုပဲ အခြေခံသလား၊ ကျနော်တို့ နှစ်သက်ရာ လုပ်နိုင်ဖို့ ပင်မ တစ်ခုတည်းသော အကြောင်းတရားလား။ စိတ်ပညာဆရာတွေ ပြောတတ်ကြတာ ကြားရတယ် – ခင်ဗျား တစ်ခုခုကို ခံစားနေရရင် အဲ့ခံစားချက်ကို မဖိနှိပ် ထားပါနဲ့၊ မသိုဝှက်ထားပါနဲ့၊ မထိန်းချုပ်ထားပါနဲ့တဲ့၊ ချက်ချင်း ဖွင့်အံထုတ်လိုက်ပါ ဆိုတာ။

အဲ့လိုမျိုးက ကျနော်တို့ လည်း ကောင်းကောင်းလုပ်နိုင်ကြပါတယ်။ ဒါကို လွတ်လပ်မှုလို့ ခေါ်မလား၊ အခုပဲ ဒေါသဖြစ်မိလို့ ချက်ချင်းပဲ ဗုံးပစ်ထည့်လိုက်တယ်။ အဲ့ဒါ လွတ်လပ်မှုလား၊ ကျနော်တို့ အခု ပြောနေတဲ့လွတ်လပ်မှု က ဘယ်အဆင့် နိမ့်ကျသွားပြီလဲ သေသေချာချာ ကြည့်စေချင်ပါတယ်။
လွတ်လပ်မှုက ဟိုမှာ ရှိတာလား၊ ဒီမှာ ရှိတာလား။ ကျနော်တို့ ဘယ်က သွားပြီး အစရှာရမလဲ။ ပြင်ပ ကမ္ဘာလောက၊ ဗဟိဒ္ဓလောက မှာ ခင်ဗျားကိုယ် ခင်ဗျား ဘယ်နေရာကနေ စ၊ သွားဖော်ကျူးပြ မလဲ။ ခင်ဗျားရဲ့ အတွင်း အဇ္ဈတ္တမှာရော ခင်ဗျားကိုယ် ခင်ဗျား ဘယ်လို ဖော်ကျူး မလဲ။
တကယ်က ခင်ဗျားရဲ့ စိတ်သန္တာန်အတွင်း တစ်စုံတရာမှ မရှုပ်ထွေးနေတော့ဘူး ဆိုတဲ့ အချိန်မှာ လွတ်လပ်မှု ရှိနေတာ တွေ့ရမယ်။ စိတ်ပိုင်းဆိုင်ရာ အရပဲ ဖြစ်ဖြစ်၊ ဘာသာတရား အရပဲ ဖြစ်ဖြစ် ဘယ်အနှောင်အဖွဲ့၊ အကွပ်အကဲမှ မရှိဘူးဆိုတဲ့ အခါ လွတ်လပ်မှုကို ရရှိပါမယ်။ အနှောင်အဖွဲ့အကွပ်အကဲ ဆိုတာတွေကို နားလည်ပါရဲ့လား မသိ။ ဂုရု ဆရာသမားတွေ၊ ကယ်တင်ရှင်တွေ၊ ဓမ္မဆရာတွေ၊ အကောင်းဆုံး စာအုပ်တွေ၊ စိတ်ပညာရှင်တွေ စသဖြင့် အားလုံးကို ဆိုလိုပါတယ်။

အကယ်၍ ကျနော့စိတ်မှာ ရှုပ်ထွေးနေမယ်၊ အစီအစဉ်မကျ ရှိနေမယ် ဆိုပါစို့။ ဒါဆို လွတ်လပ်မှု အကြောင်း မပြောခင် အဲ့ အရှုပ်အထွေးတွေကို အရင် ရှင်းပစ်သင့်တယ် မဟုတ်လား။ ပုံရိပ်လွှာတွေ၊ မှတ်ဥာဏ်သညာအစွဲတွေကနေ ကပ်ညိနေတဲ့ ဆက်နွယ်ချက်တွေ ကြောင့် ကွဲပြားခြားနားမှုတွေ Conflict တွန်းတိုက်ရင်ဆိုင်ရမှုတွေ ရှိနေတတ်ပါတယ်။ ဥပမာ ကိုယ့်ဇနီး၊ သား၊ သမီး၊ အလုပ်အကိုင် စသဖြင့် ဆက်နွယ်ချက် ပုံရိပ်တွေနဲ့ ကျနော်တို့ အတွင်းစိတ်မှာ၊ နှလုံးသားမှာ အတွန်းအတိုက်တွေ ဖြစ်ကြတယ်။ အရှုပ်အထွေးတွေ ရှိကြတယ်။ အဲ့ဒီကနေ အလိုရမ္မက်၊ ဒေါသ၊ စိတ်ပျက်အားငယ်မှု၊ ကြောက်ရွံ့မှု၊ အဲ့ ..နောက် ဒဏ်ရာ၊ အနာတရတွေနဲ့ စိတ်သန္တာန် ကစဥ့်ကလျား ဖြစ်တတ်ကြတယ် မဟုတ်လား။ ဒါတွေ အားလုံးကို ဂရုတစိုက် စောင့်ကြည့်ပြီး လိမ္မာပါးနပ်စွာ ဖယ်ထုတ်ရပါလိမ့်မယ်။

အဲ့လို ဆိုပြန်တော့ ကျနော်တို့မှာ ခွန်အား မရှိဘူးလို့ ထင်မြင်ပြန်တယ်။ အဲ့တော့ အဲ့ဒီ ခွန်အားရနိုင်ဖို့ ကျနော်တို့ အခြား တစ်နေရာကို သွားကြတယ်။ ဘုရားကျောင်းလား၊ တရားတိုက်လား၊ မိမိ ယုံကြည်ရာ မိတ်ဆွေလား၊ စိတ်ပညာရှင် တစ်ယောက်ယောက်ဆီလား၊ စာပေ ကျမ်းဂန်လား၊ စသည် ဆွေးနွေး ဖြေရှင်းရင်း ခွန်အားကို ရယူဖို့ ကြိုးစားတယ်။ တစ်နည်းအားဖြင့် တစ်ပါးသူကို မှီခိုနေရပြန်တယ်။ မှီခိုမှု တွယ်ညိမှုကြောင့် ရလာတဲ့ အရှုပ်အထွေးအတွက် အခြားတစ်ခုကို မှီခိုရတဲ့အခါ အခြားအရှုပ်အထွေး အသစ်တွေ ပေါ်လာပြန်ပါတယ်။ စိတ်သန္တာန်မှာ ရှုပ်ထွေးမှု အသစ်တွေပဲ အဖတ်တင်ကျန်ခဲ့တယ်။

အဲ့ဒါကြောင့် အခု ကျနော်တို့ ပြောနေတဲ့ လွတ်လပ်မှုရဲ့ နက်ရှိုင်းတဲ့ အဓိပ္ပာယ်ကို ကောင်းကောင်း သိမြင်နိုင်ဖို့ လိုပါတယ်။ လွတ်လပ်မှုဆိုတာ အပြင်မှာ မရှိဘူး။ အနီးစပ်ဆုံး ဖြစ်တဲ့ ကိုယ့်ကိုယ်တွင်းမှာပဲ ရှိတယ်။ တကယ်ပြည့်စုံမယ့် လွတ်လပ်မှု၊ တကယ်မြင့်မြတ်တဲ့ လွတ်လပ်မှု၊ လွတ်လပ်မှု ရဲ့ အလှတရားဆိုတာ မိမိ စိတ်အတွင်း သန္တာန်မှာ အပြည့်အဝ ရှင်းလင်း ကြည်လင်သွားတာ၊ အကြောင်းအကျိုး ညီညီညွတ်ညွတ် အေးချမ်းသွားတာကိုသာ ဆိုလိုပါတယ်။ ကျနော်တို့ကိုယ်ကိုယ် ကျနော်တို့ အလင်းရောင်ပေးနိုင်တဲ့ အချိန်မှသာ အဲ့ဒီ လွတ်လပ်မှုကို ရရှိနိုင်ပါလိမ့်မယ်။

Ref: Messagefrommaster

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: