ဝေါဟာရတို့နှင့် မကျေလည်ရခြင်းများ

ကျနော်တို့လူတွေမှာ စကားလုံး ဝေါဟာရတ္ထတွေများတယ်။ လူမျိုးတစ်မျိုးစီဟာ သူတို့ ဘာသာစကား ဝေါဟာရ ကြွယ်ဝရင် ကြွယ်ဝကြောင်း နဲ့ ဂုဏ်ယူတတ်ကြတယ်။ မဆီမဆိုင် ဥပမာပေးရင်တော့ စကားတတ်တဲ့ကလေး ပိုချစ်စရာကောင်းနေသလိုမျိုးပဲ။ စကားလုံးတွေ သိုင်းဝိုင်းပြောဆိုပြီ ၊ အချေအတင် ဆွေးနွေးရပြီ ဆိုရင် စကားအရာ ကြွယ်ဝသူက သာစမြဲပါပဲ။ ဟုတ်တယ်ဟုတ်။

အဲ့ဒါဆို ဝေါဟာရတ္ထ၊ ဝေါဟာရ၊ ဘာသာစကား ဆိုတာတွေက ဘာတွေလဲ။

Osho

တကယ်က ဝေါဟာရတွေဟာ လူတွေကို ချုပ်နှောင်ထားပါတယ်။ လူမှုလူ့ဘောင်မှာ အဖြစ်ရဆုံး ပြဿနာ အများစုဟာ ဘာသာစကား အပေါ်မှာ အခြေခံတယ်။ ဒီဘာသာစကားနဲ့ပဲ ဆက်ဆံ ဖြေရှင်းရသလို၊ ဒီဘာသာစကားနဲ့ပဲ အခက်အခဲ ပြဿနာတွေ ဖြစ်ကြရတယ်။ အချို့လူတွေက ဘာသာစကားကြောင့် မာန်တက်တယ်။ အချို့သူတွေက ဘာသာစကားနဲ့ အနှိမ်ခံရတယ်။ အချို့က ဒီဘာသာစကားကြောင့် စိတ်အေးချမ်းရပြီး၊ အချို့က ဒီဘာသာစကားကြောင့်ပဲ စစ်မက် ဖြစ်ရတယ်။ မေတ္တာဘွဲ့တေး သီနိုင်ဖို့ ဘာသာစကားကို အသုံးပြုကြသလို ရိုင်းရိုင်းမိုက်မိုက် ကျိန်ဆဲပစ်ဖို့လည်း ဘာသာစကားကို အသုံးပြုကြပြန်ပါတယ်။

ဒီဘာသာစကားကို လူတွေကပဲ ဖန်တီးခဲ့ကြတာမို့ လူတွေမှာပဲ ရှိတယ်လို့ ဆိုတတ်ကြတယ်။ နောက်ပိုင်းမှာ ဘာသာစကားဟာ လူ့ဘောင်လူ့လောကအတွက် အခြေခံ အကျဆုံး လိုအပ်ချက်တစ်ခု လိုလို ဖြစ်လာတယ်တဲ့။ အဲ့လို ဟုတ်ပါသလား။

 ဘာသာစကားတွေအောက် တစ်ဆင့်နိမ့်တဲ့ နေရာမှာ တိရစ္ဆာန်လောက ရှိတယ်။ ဘာသာစကားတွေရဲ့ အလွန် ၊ မြင့်မြတ်တဲ့နေရာမှာ သူတော်စင်တွေရဲ့ စိတ်သဏ္ဍာန် တည်ရှိတယ်။ အဲ့ဒီ တိရစ္ဆာန်တွေရဲ့ လောကနဲ့ သူတော်စင်တို့ ဘုံဘဝကြားမှာ လူသားတွေ ရဲ့ ကမ္ဘာ တည်ရှိတယ်။ ဘာသာစကားတွေရဲ့ ကမ္ဘာ၊ စကားလုံး ဝေါဟာရတွေရဲ့ လောက တည်ရှိတယ်။ ဒဿန အယူအဆတွေ၊ ကဗျာလင်္ကာရဲ့ လောက၊ သီအိုရီ ဖော်မြူလာတွေနဲ့ စိတ်ကူးစံသတ်မှတ်ချက်တို့ရဲ့ လောက လို့လည်း ခေါ်ဆိုပါမယ်။

ဘာလို့ပါလဲ။ ကျနော်တို့တွေရဲ့ အတွေးစဉ်၊ စိတ်အစဉ်မှာ စကားလုံး၊ ဝေါဟာရတွေက တော်တော်များများ နေရာယူထား ပါတယ်။ ကျနော်တို့ရဲ့ အဇ္ဈတ္တ ကို ရွှေနန်းဆောင် တစ်ခုလို ပမာတင်စားမယ်ဆိုရင် စကားလုံး၊ ဝေါဟာရတွေဟာ တစ်ချပ်ချင်း၊ တစ်ရပ်ချင်း ဖွဲ့တည်ထားတဲ့ အုပ်ချပ်တွေ ဖြစ်ပါတယ်။ စကားလုံးတွေနဲ့ တည်ဆောက်တဲ့ ရာဇပလ္လင်ပေါ်မှာ ကျနော်တို့တွေ တက်ထိုင်ရင်း မာန်ယစ် နေကြတယ်။

ကိုယ့်မျက်လုံးကို ကိုယ် သေသေချာချာ ပွတ်သပ်၊ စေ့စေ့ငှငှ ကြည့်ကြည့်ပါ။ ကျနော်တို့ ထိုင်နေတဲ့ ဒီနေရာဟာ ရွှေနန်းဆောင်ရော ဟုတ်ပါရဲ့လား။ ပိန်းပိတ်နေတဲ့ အမှောင်ထု အောက်က အကျဉ်း အုတ်တိုက် ရော ဖြစ်မနေနိုင်ဘူးလား။ ဘယ်လောက်ထိ ကျဉ်းကျပ် နေသလဲဆို – ရှုထုတ်လိုက်ရာ နှာဖျားအဝ အကွာလေးမှာတင် စကားလုံးတွေ ဖွဲ့တည်၊ ပြွတ်ကျပ်နေကြတယ် မဟုတ်လား။ အတွင်း အဇ္ဈတ္တရဲ့ သရုပ်မှာရော စကားလုံးတွေက ပြည့်လု ပြည့်ခင် နေရာယူထားကြတယ် မဟုတ်လား။ တစ်ခုခုကို စဉ်းစားမယ် ကြံတိုင်း၊ တစ်ခုခုကို ပြောပြတော့မယ် ကြံတိုင်း – စကားလုံး၊ ဝေါဟာရတွေ အားစိုက်ရွေးချယ်နေရပြီ မဟုတ်လား။ စကားလုံးတွေကြောင့် ဘေးကျပ်နံကျပ် ဖြစ်ရတဲ့ ခဏပေါင်းများစွာ ကို သတိပြုမိပါရဲ့လား။

စကားလုံး၊ ဝေါဟာရတွေကို တစ်မျှင်ချင်း၊ တစ်စချင်း ခွဲယူ လွှတ်ပစ်ဖို့၊ ငြိမ်းချမ်း တိတ်ဆိတ်ရာကို ခိုလှုံနိုင်ဖို့ ကြိုးစားကြည့်စေချင်ပါတယ်။ ခက်ခဲသလားဆိုတော့ မခက်ပါဘူး၊ စကားလုံးတွေကို ပစ်ချလိုက်ရုံလေးပဲရယ်။ ဒါပေတဲ့ ခိုင်မာနေကြတဲ့ စကားလုံးတွေ၊ ယုံကြည်နေမိတဲ့ ဝေါဟာရတွေ၊ ကျင့်သားရနေပြီ ဖြစ်တဲ့ တွယ်ငြိမှု၊ သိမှု စရိုက်တွေကြောင့် ဝေါဟာရတွေကို လွှတ်ပစ်နိုင်ဖို့ ၊ ဝေါဟာရတွေက ကင်းလွတ်ထွက်လာ နိုင်ဖို့ဟာ အခက်ကြီး ခက်နေရတော့တယ်။

ကျနော်တို့တွေက သစ္စာတရားဆိုတာ ဘာပါ၊ မေတ္တာတရားဆိုတာ ဘယ်လိုဟာပါ ရယ်လို့ စကားကြွယ်ကြွယ်နဲ့ ဘယ်လိုရှင်းရှင်း- ခင်ဗျားတို့ ကျုပ်တို့ တကယ့်မေတ္တာတရားကို ရင်ဆိုင်လာတဲ့ အခါ စကားလုံးတွေဆိုတာ ဆွံ့အကုန်တယ်။ ဝေါဟာရတွေဆိုတာ ပျောက်ကွယ် ကုန်တယ်။ မိခင်က သားအပေါ် ကြည့်တဲ့ မေတ္တာရွှမ်းတဲ့ မျက်ဝန်း၊ ဘာစကား တစ်ခွန်းမှ မပြောဘဲ တွေတွေငေးကြည့်နေတတ်တဲ့ မိခင် တစ်ယောက်ရဲ့ အကြည့်မှာ ဘာသာစကား လိုအပ်ပါရဲ့လား။

ဒီမိခင်ကပဲ သူ့သားအပေါ်မှာ ချစ်သင့်တယ် မချစ်သင့်ဘူးလို့ ဆင်ခြင်တွေ၊ ယုတ္တိတွေ စဉ်းစားပြီးမှ ချစ်ပါသလား။ အဖြူအမည်းမကွဲခင် ကတည်းက စ ချစ်ခဲ့ပြီး ဆိုးလည်း ဆိုးစေ၊ လိမ္မာလည်း လိမ္မာစေ ချစ်ခဲ့ကြတာပဲ မဟုတ်လား။ အဲ့တော့ စစ်မှန်တဲ့ မေတ္တာ၊ စစ်မှန်တဲ့ သစ္စာမှာ ဆင်ခြင်ယုတ္တိတွေရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်သွားတယ် ဆိုတာ ထင်ရှားမလာ ဘူးလား ။ တကယ့်ကို စကားလုံးဝေါဟာရတွေရဲ့ နေရာယူ ချယ်လှယ်မှုဟာ ဒီနေရာတွေမှာ မှေးမှိန်သွားရတယ်။

ဆိုလိုတာကတော့ စကားလုံးတွေကိုလွှတ်ပစ်ပြီး ပကတိ ရှင်းလင်းနေချိန်မှာ ခင်ဗျားကိုယ် ခင်ဗျား ကြည်ကြည်လင်လင် ပြန်မြင်လာ မယ်။ ဘယ်တိမ်မည်း တိမ်ရိပ်မှ မရှိတဲ့ ကောင်းကင်ပြင် ပြာလွင်လွင်နဲ့ တူမယ်။ ဘယ်တိမ်မှ မရှိဘူး၊ ဘယ် စကားလုံးမှ မရှိဘူး။ ဘယ်ဝေါဟာရမှ ကြားမဝင်ဘူး။ ဒါကြောင့် ဘယ်အတွေးမှလည်း ရှိမနေဘူး။ တစ်ဆက်တည်း ဘာကိုမှ ကြောက်လန့်မနေရတော့ဘူး။ တုန်လှုပ်မနေတော့ဘူး ဆိုတာ တွေ့ရမယ်။ ဥပမာ ဆိုရရင် ဘာဆိုဘာမှမရှိတဲ့ ကောင်းကင်ပြင်ကြီးမှာ ဘာ လေပြင်း/ လေညှင်းမှ လှုပ်ခတ်မနေသလိုမျိုး။

……………………………………..

Dropping Words Meditation

……………………………………..

https://zayya.wordpress.com/

http://zayyablogger.blogspot.com/

htttp://zayya.blog.com/

…………………………………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: