Healthy Journalism: Osho

Osho

မေး။ ။ကြံ့ခိုင်တဲ့ သတင်းစာပညာ ဆိုတာ ဘာကို ဆိုလိုတာ ပါလဲ။ သတင်းစာ ပညာ၊ သတင်းစာ လောကဟာ အပြုသဘောဆောင် သတင်းတွေနဲ့ ချည်းသာ မှီတွယ် ရပ်တည်နိုင် ပါသလား။ သတင်း မီဒီယာရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အမြင်ကို ပြောစေချင်ပါတယ်။

အိုရှိုး။ ။Healthy Journalism လို့ ကျနော် ပြောတာက – သတင်းစာ ပညာဟာ လူရဲ့ ပုဂ္ဂလိက ဆိုင်ရာ တစ်ခုလုံးကို အလုပ်အကျွေးပြုတယ် လို့ ဆိုချင်တာပါ။ လူတစ်ယောက်ရဲ့ ကိုယ်၊ စိတ်၊ တွေးခေါ်မှု သဘောထား ဒါတွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ သတင်းစာပညာဟာ ဖွံ့ဖြိုး တိုးတက် လာမယ့် လူဘောင်အဖွဲ့အစည်းကို ဖန်တီးတယ်။ ဘာတွေဖြစ်နေတယ်လို့ ဖော်ပြပေးရုံသက်သက်၊ Report တင်ပြီး ခင်းပြရုံ သက်သက်ဟာ သတင်းစာပညာ မဟုတ်ဘူး။ ဂျာနယ်လစ်ဇင် ဟာ သတင်းတွေ ဖော်ပြပေးမယ့် သတင်းကြားခံနယ် သက်သက် မဖြစ်သင့်ဘူး။ ကြီးကျယ် တဲ့ စာပေ အဖြစ် တည်ရှိနေရမယ်။ ဒါကိုသာ ဖွံ့ဖြိုးတယ် လို့ ဆိုနိုင်ပါမယ်။

ပြီးခဲ့ပြီ၊ ကုန်လွန်သွားပြီ ဖြစ်တဲ့ မနေ့က သတင်းစာတစ်စောင်ဟာ ကနေ့အတွက် တန်ဖိုး တစ်စုံတစ်ခုတော့ ရှိနေရမယ်။ ဒီကနေ့ မှာလည်း ဖတ်နိုင် နေရပါဦးမယ်။ တခဏ သဘော ဆောင်ပြီး ကွယ်ပျောက်သွားမယ့် ဟာမျိုး မဖြစ်သင့်ဘူး လို့ ဆိုလိုပါတယ်။ ဒီလိုမှ မဟုတ်ဘဲ သတင်းကြားခံနယ် ( News Medium ) တစ်ခု သက်သက် ဆိုရင်တော့ တစ်ရက် ကုန်ဆုံး သွားတာနဲ့ အဲ့သတင်းတွေက အိုဟောင်း သွားမှာပဲ။ အသစ် အသစ် သတင်းတွေကို ခင်ဗျား လုပ်နေရဦးမှာပဲ။ အဲ့သတင်းတွေလဲ မကြာခင် ပြန်အိုဟောင်း သွားကြဦးမှာပဲ။ တကယ်က သတင်းဟာ အိုဟောင်းနေလဲ စွမ်းအား ရှိနေရပါမယ်။

ဂန္တဝင် စာပေတွေလိုမျိုး၊ ဥပမာ- ဒေါ့စတိုယက်စကီး၊ လီယို တော်စတွိုင်း၊ အန်တန် ချက်ကော့ဗ်၊ တူရကေညက်၊ ရာဘင်ဒြာ နတ်တဂိုး တို့စာတွေမျိုးတွေမှာ လူ့ဘောင် အဖွဲ့အစည်း တည်တံ့သရွေ့ အထင်ကရ ကျန်ရှိနေနိုင်ကြတယ်။ အချိန်မရွေး နုပျိုသစ်လွင်နေကြတယ်။ သတင်း မီဒီယာဟာ အဲ့သလို ဆိုရင်ကော—။

သတင်းစာ ပညာရဲ့ တစ်ထောင့်တစ်နေရာမှာ အဲ့အရည်အသွေး ရှိသင့်ပါတယ်။ အဲ့ဒီ အရည်အသွေးကို မျိုးစေ့ချပေးနိုင်ရမယ်။ သတင်းချည်း သက်သက် သီးသန့် အတွက် အခန်းကဏ္ဍကတော့ ရှိနေမှာပါပဲ- ဒါပေတဲ့ အဲ့ဒါက ဒုတိယအရေးပေး ပဲ ဖြစ်ပါတယ်။ ဒါဆို – ဒီနေရာမှာ သတင်းဖော်ပြချက်၊ Report တွေက ဘာတွေလဲ? အဲ့ဒါတွေ ဘယ်မှာသွားသုံးမလဲ? မေးကောင်း မေးမယ်။ ဆိုပါစို့ – လူတစ်ယောက် ပစ္စည်းအခိုးခံရတယ်၊ အဲ့ သတင်း Report ရဲ့ ပင်မ အချက်က ဘာလဲ? လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေတယ် ၊ အဲ့သတင်း Report ရဲ့ ပင်မအချက်က ဘာလဲ? ဒါတွေကို မဖြေနိုင်ရင် ထပ်မေးပါလိမ့် ဦးမယ် – မလိုအပ်ဘဲ ထည့်ထားတာ လား? မလိုအပ်တာတွေ နဲ့ ခင်ဗျားရဲ့ သတင်းစာမျက်နှာကို ဖြည့်ထားတာလား?

အဲ့ဒီ မလိုအပ်ဘူး/လိုအပ်တယ် — ဆိုတဲ့ အချက်ဟာ ဒီနေရာမှာ နေရာတကျ ဝင်လာပါတယ်။ ခင်ဗျားမှာ ကဗျာဆရာတွေလည်း ရှိမယ်။ ပန်းချီ ဆရာတွေ လည်း ရှိမယ်။ စာရေးဆရာတွေလည်း ရှိမယ်။ တရားဓမ္မ ဆရာ ဂုရုတွေတောင် ရှိကောင်း ရှိနေဦးမယ်။ သူတို့ အားလုံးကို ခင်ဗျား ဒါတွေကို မိတ်ဆက်ပေးနိုင်ရမယ်။ အဲ့အခါ ဒီ မလိုအပ်ဘူး/လိုအပ်တယ် ဆိုတဲ့ အပိုင်းက ခင်ဗျားရဲ့ အဓိက အပိုင်း ဖြစ်လာတယ်။ နိုင်ငံရေး ကဏ္ဍ ဆိုတာ တတိယနဲ့ စတုတ္ထ စာမျက်နှာ ကို ရောက်သွားတယ်။ ဒါမှမဟုတ် စာမျက်နှာ တစ်ခု အနေနဲ့တောင် ဖြစ်ချင်မှ ဖြစ်တော့မယ်။ ကျနော် ဆိုလိုတာ ကို မြင်ပါရဲ့လား။

ဂျာနယ်လစ်ဇင်က နိုင်ငံရေးသမား တွေကို သူတို့ရဲ့ ကဏ္ဍကြီးထွားအောင်၊ သွေးကြွအောင် လုပ်ပါမယ်၊ လုပ်နိုင်ပါတယ်၊ လုပ်လည်း လုပ်နေပါတယ်၊ – နိုင်ငံတစ်နိုင်ငံရဲ့ ကောင်းမွေ ဆိုးမွေကို နိုင်ငံရေးသမားတွေက ဖန်တီးတယ်။ ဟုတ်ပါသလား။ ဒါဆို ကမ္ဘာတစ်ဝန်းလုံး အကောင်း အဆိုး ခံစားရသမျှ နိုင်ငံရေးသမား တွေက ချယ်လှယ်မယ်။ ဒါကော ဟုတ်ပါသလား၊ ဒီနိုင်ငံရေး သမားတွေ အတွက် ဂျာနယ်လစ်ဇင်က ပံ့ပိုး ထောက်တည် နေတယ် ။ အဲ့ဒါ ဆိုရင် ဒီ ဂျာနယ်လစ်ဇင် ဆိုတာ ဘာလဲ။ ဘာလုပ်မလဲ။ ဒီလူတွေကို စောင့်ကြပ် ပေးမယ်၊ ထိန်းကွပ် ပေးမယ်။ နေရာမှန် ကို ညွှန်ပေးမယ်။ အဲ့လို မဟုတ်လား။ တိုင်းပြည် တစ်ပြည်မှာ သမ္မတ ဖြစ်ဖို့ ဆိုတာ အဲ့တိုင်းပြည်က ဘယ်သူ မဆို ဖြစ်နိုင်ကောင်း ဖြစ်နိုင်မယ်။ ဒါပေတဲ့ သမ္မတ ဘယ်သူ ဘယ်ဝါ ဖြစ်သွားသလဲ ဆိုတာက အရေးမကြီးဘူးရယ်။ စင်စစ် အရေးကြီးတာက တကယ့် သမ္မတ ကောင်း ဟုတ်ပါရဲ့လား။ အဲ့ဒီ အရည်အသွေးပိုင်း မေးခွန်း ကသာ အဓိက အချက်နေရာမှာ နေရာယူလာပါတယ်။

အေဘရာဟမ် လင်ကွန်း သမ္မတ ဖြစ်ချိန်က ဖြစ်ရပ်လေး တစ်ခုရှိခဲ့တယ်။ ဆီးနိတ်လွှတ်တော် ရဲ့ ပထမ နေ့။ လွှတ်တော်ဝင် အမတ်တွေ စိတ်လှုပ်ရှားပြီး ဒေါသ ကိုယ်စီ ဖြစ် နေကြတယ်။ အကြောင်းက လင်ကွန်းဟာ သူတို့လို မှုးမျိုးမတ်နွယ် မဟုတ်ဘဲ၊ ဖိနပ်ချုပ်သမားရဲ့ သား ဖြစ်နေလို့။ အဲ့မှာ အမတ် တစ်ယောက်က ဒေါသ မထိန်းနိုင်ဘဲ မချေမငံ ထပြောတယ်။ “လင်ကွန်း၊ ခင်ဗျား မိန့်ခွန်း မပြောခင် ကျုပ် တစ်ခု အသိပေးချင်တယ်။ ခင်ဗျား ဖိနပ်ချုပ်သမား သား ဆိုတာ မမေ့ပါနဲ့” – တဲ့။

လွှတ်တော် တစ်ခုလုံး လက်ခုပ်လက်ဝါးတီး ပြီး ဝိုင်းရယ် ကြတယ်။ သူတို့တွေ အားလုံး လင်ကွန်းကို နှိမ်ချင်နေတာကိုး။ ဒါပေတဲ့ လင်ကွန်းလို လူတစ်ယောက်ကို စိတ်ဓာတ်နိမ့်ကျ သွားအောင် နှိမ်လို့ ရပါ့မလား။ လင်ကွန်းက ဘာမှမပြောသေးဘဲ တိတ်တိတ်ကလေး မတ်တပ် ထရပ်လိုက်တယ်။ လက်ခုပ်သံတွေ ၊ ရယ်မောသံ တွေ တိတ်ဆိတ်သွားတော့မှ စကားစ ပြောပါတယ်။

“ကျုပ် အလေးအမြတ်ထားတဲ့ ကျုပ်ရဲ့ အဖေကို အသိအမှတ် ပြုစေတဲ့ အတွက် ခင်ဗျားတို့အပေါ် ကျေးဇူး အထူး တင်ပါတယ်။ ကျုပ်ဆီမှာ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ရှိတယ်ဆိုတာ သိပါတယ်။ ဖိနပ်ချုပ်သမား တစ်ယောက်ရဲ့ ကြီးမြတ်မှုမျိုး ကို အခု သမ္မတဖြစ်တဲ့ ကျုပ် မရနိုင်ဘူး။ အခုအချိန်မှာ ဒီနေရာမှာ ရပ်ပြီး ကျုပ်အဖေနဲ့ မယှဉ်နိုင်ပါဘူး။ အဖေဟာ မြင့်မြတ်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ ကျုပ် အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားရင်တောင် အဖေ့ကို မှီပါ့မလား မသိဘူးဗျာ။”

လွှတ်တော် တစ်ခုလုံး တုန်လှုပ်သွားတယ်။ တစ်ဆက်တည်းမှာ ဒီလင်ကွန်း ဆိုတဲ့လူဟာ သူတို့ နှိမ်လို့ ရမယ့် သူ မဟုတ်ဘူးဆိုတာ နားလည် သွားကြတယ်။ စောနက ထပြီး ပြောခဲ့တဲ့ အမတ်ကို လင်ကွန်းက ဆက်ပြောတယ်။

“ခင်ဗျား ကျုပ်အဖေကို မှတ်မိ လား။ ကျုပ်ကတော့ ကောင်းကောင်း မှတ်မိတယ်။ အဖေ ခင်ဗျား အိမ်ကို မကြာခဏ သွားခဲ့ဖူးတယ်။ ခင်ဗျား အခု ကျုပ်အဖေ ချုပ်တဲ့ ဖိနပ်ကို စီးထားတာ ဟုတ်ရဲ့လား မသိ။ ချုပ်သားတွေကော ခိုင်ရဲ့လား။ ကျုပ်လည်း နည်းနည်းသိတာမို့ ကျုပ် ပြင်ပေးရမယ်ဆို ပြင်ပေးနိုင်ပါတယ်။ အဖေ့လို ဖိနပ်ချုပ်သမား ကောင်း မဟုတ်ပေမယ့် အဖေနဲ့ အလုပ်ကူ လုပ်ခဲ့ဖူးတဲ့ အတွက် ကျုပ်နည်းနည်းတော့ တီးမိ ခေါက်မိ ရှိခဲ့ရတယ်။ ဒါကြောင့် ခင်ဗျား တို့ထဲက တစ်ယောက်ယောက် ဖိနပ် တစ်ခုခု ဖြစ်ပြီ ဆိုရင် ကျုပ်နဲ့ သက်ဆိုင်လာပြီ လို့ ထင်ပါတယ်။”

သမ္မတ တစ်ယောက် သမ္မတ ဖြစ်ရုံက ဘာမှမဟုတ်ဘူး ။ ပုဂ္ဂိုလ်ရေးက စကားမပြောဘူး။ သူ့အရည်အသွေးကသာ စကားပြော တယ်။ အဲ့လိုပဲ ဝန်ကြီးချုပ် တစ်ယောက် အတွက် ဝန်ကြီးချုပ် ဖြစ်ရုံက ဘာမှ အရေးမပါဘူး။ သူ့အရည်အသွေးကသာ အရေးပါပါတယ်။ တိုင်းပြည် အတွက် သူ ဘာလုပ်ခဲ့သလဲ။ ဘာလုပ်ပေးနိုင်သလဲ။ ဒီအချက်တွေကသာ သူ့ကို ထိန်းကွပ်ပေးတာ ဖြစ်ပါတယ်။

ရက်တွေကြာပြီ။ ကျနော် နှစ်လေးဆယ်ဆိုတာကို ဖြတ်ကျော်ခဲ့ပြီးပြီ။ ကျနော့ တစ်မိသားစု လုံးက လွတ်လပ်ရေး ဆိုတာအတွက် တိုက်ပွဲဝင် ကြိုးပမ်းခဲ့ကြတယ်။ မိသားစု တစ်စုလုံး ထောင်ထဲ ရောက်ခဲ့ရဖူးတယ်။ ကျနော် ကလေးဘဝက အဲ့ဒီ ဒဏ်တွေကို ခံစားခဲ့ရပါတယ်။ အဲ့အချိန်က ကျနော့ အဖေကို မေးခဲ့ဖူးတယ်။ “အဖေ တိုက်ပွဲဝင် တောင်းဆိုနေတဲ့ လွတ်လပ်ရေးက တကယ် ဖြစ်လာမှာ ကျိန်းသေရဲ့လား။ အင်္ဂလိပ်တွေ ထွက်သွားမယ် ဆိုရင်တောင် သူတို့နေရာ ရောက်လာမယ့်သူတွေက သင့်တော်တယ်လို့ အဖေ သေချာပြီလား။ ကျွန်ဖြစ်နေရတာ တွေ အတွက် အဖေတိုက်ပွဲဝင် နေတယ်ဆိုတာ ကျနော် နားလည်ပါတယ်။ ဒါပေမယ့် ဒီတိုက်ပွဲဟာ လွတ်လပ်ရေး အတွက် ဖြစ်တယ် ဆိုတဲ့ စိတ်ကူး အဖေ့မှာ တကယ် ရှိရဲ့လား။ တကယ်လိုအပ်ချက် ၊ စီမံချက်တွေ ဆွဲထားပြီးရဲ့လား။”

အဲ့အချိန်က အိန္ဒိယမှာ လွတ်လပ်ရေး ဆိုတာအတွက် ဘယ်အစီအမံမှ မရှိဘဲ ကျဘမ်း တိုက်ပွဲဝင်နေခဲ့ကြတယ်။ ရလာဒ်က နှစ်လေးဆယ် ဖြတ်သန်းသွားခဲ့ရတဲ့ အထိ ပဲ။ ကျနော်တို့ အိန္ဒိယ တိုင်းပြည်က ကျဆုံးပြီးရင် ကျဆုံးရင်း ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်သုံးဆယ်က ကျနော် ဟောပြောပွဲ လုပ်ဖို့ စီစဉ်တော့ အဲ့အချိန်က တိုင်းပြည်လူဦးရေဟာ သန်းလေးရာ ရှိပါတယ်။ အဲ့တုန်းက မွေးဖွားနှုန်းကန့်သတ်ဖို့ ဟောပြောတော့ ကျနော် ခဲ အပေါက်ခံရတယ်။ ဟောပြောပွဲလည်း ပျက်တယ်။ နောက်တစ်ကြိမ် အဲ့မြို့ကို ရောက်တော့ စီးလာတဲ့ ရထားထဲကတောင် ထွက်ခွင့်မရဘူး ဖြစ်သွားတယ်။ ဟိန္ဒူဝါဒီအချို့ ( နှစ်ရာလောက်ရှိပါမယ် ) က ပလက်ဖောင်းပေါ်က စောင့်နေကြတယ်။ ရထားထဲက ထွက်ခွင့် မပေးကြဘူးရယ်။

အခု တိုင်းပြည်ရဲ့ လူဦးရေဟာ သန်းကိုးရာ ဖြစ်လာပါပြီ။ ရာစုကုန်သွားခဲ့ရင် ကုဋေချီသွားမလား။ အဲ့လို ဆိုရင်တော့ အိန္ဒိယဟာ တရုတ်ကို ကျော်တက်ပြီး ပထမဆုံး အကြိမ်အဖြစ် လူဦးရေ အများဆုံး သမိုင်းတွင်သွားပါမယ်။ အခုလက်ရှိ အခါမှာတော့ တရုတ်က ရှေ့တန်းမှာ ရှိနေပြီး သူတို့ရဲ့ လူဦးရေကို လျော့ချဖို့ ( ဒါမှမဟုတ် ) ထိန်းချုပ်ဖို့ စီစဉ်ကွပ်ကဲ နေရတယ်။ ဒါပေတဲ့ အိန္ဒိယက နိုင်ငံရေး သမားတွေကရော ဘာလို့ မလုပ်ကြသလဲ။ အဲ့လို ကွပ်ကဲဖို့ အစီအစဉ် လုပ်ရမယ် ဆိုတဲ့အကြောင်း ပြည်သူကို ချပြဖို့ စီစဉ်ဖို့ဆိုတာ ထက် ( အိန္ဒိယရဲ့ ဘာသာရေး အစဉ်အလာ ထုံးစံတွေအရ ပြည်သူတွေ အုံကြွကန့်ကွက်မှာကို ကြောက်ရွံ့နေကြလို့ပါပဲ။ သူတို့ နိုင်ငံရေး လုပ်နိုင်ဖို့ ဆန္ဒမဲ ရမှ ဖြစ်မှာကိုး။

စာနယ်ဇင်းသမား၊ သတင်းသမားကတော့ ဘယ်သူ့ကိုမှ ကြောက်မနေဘူး။ ဘယ်သူ့ ဆန္ဒမဲကိုမှ မှီခို မနေဘူး။

သူတို့က ပြည်သူတွေဆီ အမှန်ကို အမှန်အတိုင်း သယ်ဆောင်လာသူတွေသာ ဖြစ်တယ်။ တကယ်လို့သာ ဒီဦးရေ၊ ဒီနှုန်းအတိုင်း ရာစုနှစ် ကုန်ဆုံး တဲ့ အထိ သွားမယ် ဆိုရင် အခုလက်ရှိ လူဦးရေရဲ့ တစ်ဝက်ဟာ ငတ်ပြတ်ပြီး သေကြမယ်။ ခင်ဗျားက အိန္ဒိယက ပြည်သူတစ်ယောက်ဆိုပါတော့။ တစ်ယောက်ပြီး တစ်ယောက် သေဆုံးကုန်ကြရင်း – ခင်ဗျားဘေးမှာ အလောင်းတွေ ပတ်လည်ဝိုင်းလာမယ်။ ဒီကိစ္စတွေ အတွက် ခင်ဗျားရဲ့ နိုင်ငံရေး သမားတွေ ဘာလုပ်ကြမလဲ။ ဘာလုပ်ခဲ့ကြသလဲ။ ကျနော် ဒီအကြောင်းကို ပြောမယ်လုပ်ခဲ့တုန်းက ရှန်ကာရာချာရတွေ ကျနော့ကို ဝိုင်းနှိပ်ကွပ်ကြတယ်။ နိုင်ငံရေး သမားတွေက ကျနော် လုပ်သမျှ လိုက်ဖျက်ကြတယ်။ ပြည်သူတွေရဲ့ ဘာသာရေး ခံယူချက် တွေအပေါ် ဆန့်ကျင်နေတာမို့လို့ လို့ ဆိုပါတယ်။ အဲ့အချိန်က ဘယ်နိုင်ငံရေး သမားမှ ကျနော့ဆီလာပြီး အားပေးစကား မပြောခဲ့ကြဘူး။ အင်ဒြီရာဂန္ဓီ က ခြောက်ကြိမ် ခြောက်ခါ ကျနော်ကို ချိန်းဆို ပြီး တွေ့ဆုံကြဖို့ စီစဉ်ခဲ့သေးတယ်။ စီစဉ်တိုင်း သူကပဲ ဖျက်ခဲ့တယ်။ နောက်ဆုံး ကျနော် လူတစ်ယောက် ( ကျနော့အတွင်းရေးမှူး ) လွှတ်ပြီး အမှာပါးလိုက်တယ်။ “ဘယ်လိုဖြစ်ရတာပါလဲ။ ခင်ဗျား လာချင်ရင် လာရုံပါပဲ။ ခင်ဗျား မလာချင်ရင်လည်း ခင်ဗျားကို ဘယ်သူမှ မဖိတ်ထားတာမို့ မလာဘဲလဲ နေနိုင်တာပါပဲ” ဆိုတော့ သူက ကျနော့လူကို ပြန်ပြောလိုက်ပါတယ်။ “ကျမ လာမယ် ဆိုတိုင်း ကျမ လူတွေက တားကြတယ်။ သူတို့က ပြောတယ် တကယ်လို့ ကျမသာ ရှင့်ဆီလာခဲ့မယ် ဆိုရင် ကျမရဲ့ နိုင်ငံရေး ခေါင်းဆောင်မှု အပိုင်းက နောင်အရှည်မှာ မကောင်းနိုင်ဘူး၊ ထိခိုက်လာမယ် ဆိုပါတယ်” တဲ့ ။

ဟုတ်ပါတယ်။ တကယ့်တကယ် ကျနော့မှာ ဘယ်ထောက်ခံမဲ၊ ဘယ်ဆန္ဒမဲမှ မရှိနေခဲ့ပါဘူး။ ကျနော့ဆီကို နိုင်ငံရေး သမား တစ်ယောက်ယောက်ကသာ လာတွေ့ခဲ့မယ် ဆိုရင် အိန္ဒိယ ဘာသာရေး ခေါင်းဆောင်တွေ၊ ဘုန်းတော်ကြီးတွေ က သူတို့ ဆန္ဒမဲတွေကို အဲ့နိုင်ငံရေး သမားဆီက ပြန်ရုတ်သိမ်းသွားကြမှာပဲ ။

ဒီအချက်ဟာ သူတို့ထဲက ဘယ်သူမှ မငြင်းနိုင်တဲ့ အချက် ဖြစ်ပါတယ်။ ဘယ်အကြောင်းအရာအပေါ် မဆို ဘယ်သူနဲ့ ဖြစ်ပစေ ပြည်သူကြားထဲ ( လူသိရှင်ကြား ) ဆွေးနွေးစကား ပြောဆိုဖို့ အတွက် ကျနော် အဆင်သင့် ရှိခဲ့တယ်။ စိန်လည်း စိန်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူမှ ရောက်မလာခဲ့ဘူး။

သတင်းသမား ( ဂျာနယ်လစ်ဇ် ) တစ်ယောက်ဟာ လူမသိသူမသိ အကြောင်းတွေနဲ့ တိုက်ခိုက်နေရတဲ့ အဲ့လူ ပုဂ္ဂိုလ်တွေ သတင်းကို ဆောင်ကျဉ်း ပေးနိုင်ရပါမယ်။ အကြောင်းက လူမသိ သူမသိ အဲ့ကိစ္စတွေဟာ ပြည်သူတွေရဲ့ အနာဂတ် ဖြစ်ပါတယ်။ နိုင်ငံရေး သမားတွေမှာ အဲ့ဒီ သတ္တိ နည်းတယ်။ သတင်းသမား ( ဂျာနယ်လစ်ဇ် ) အတွက်တော့ အဲ့သတ္တိ ရှိနိုင်တယ်။ ရှိကို ရှိသင့်တယ်။ ဒါကိုသာ Healthy Journalism လို့ ကျနော် ခေါ်ဆိုတာ ဖြစ်ပါတယ်။

ခင်ဗျား မေးတဲ့ မေးခွန်းမှာ ဂျာနယ်လစ်ဇင်ဟာ အပြုသဘောဆောင် သတင်းတွေနဲ့ ချည်းသာ မှီတွယ် ရပ်တည်နိုင် ပါသလား လို့ ပါတယ်။ ကျနော် အဲ့လို မပြောလိုပါဘူး။ ကျနော် ပြောချင်တာက အနုတ်သဘော ဆောင်တဲ့ သတင်းတွေချည်းတော့ မဖြစ်သင့်ဘူး ဆိုတာပါပဲ။ သတင်း ဆိုး ဆိုတာ ရှိပါတယ်။ အဲ့အထဲက အပြုသဘောကို ဆောင်ယူနိုင်ရပါမယ်။ ဒါကလည်း အကောင်းမြင်ပါလို့ ဆိုလိုတာ မဟုတ်သေးပြန်ဘူး။ မကောင်းတဲ့ သဘော ဖြစ်လာမယ့် သတင်းတစ်ရပ်ဟာ နောက်ခံ အနေနဲ့ ရှိမယ်။ ဒါပေမယ့် အဲ့အပေါ် ပစ်မှတ်ထားနေဖို့ မဟုတ်ဘူး။ အကောင်းမြင်နေဖို့လည်း မဟုတ်ဘူး။ တကယ့် အမှန်အတိုင်းကိုသာ မြင်ဖို့ ဖြစ်ပါတယ်။ Realist ဖြစ်ရမယ်လို့ ဆိုလိုတာပါ။

သတင်းဆိုးတွေ၊ မကောင်းသတင်းတွေက ဘဝနဲ့ယှဉ်ပြီး ပြောရင် ဘဝရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင်ပါတယ်။ သေဆုံးမှု၊ မရဏဟာ ရှင်သန်ခြင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်သလိုမျိုးပဲ ။ ဒါပေတဲ့ အဲ့အတွက် ဆိုတာတွေ ကြောင့်နဲ့ပဲ ခင်ဗျားက ခင်ဗျားရဲ့ သင်္ချိုင်း အုတ်ဂူကို ဈေးလယ်ခေါင်မှာ ချထားမှာလား။ ချထားဖို့ မလိုအပ်ဘူး မဟုတ်လား။ တစ်ခါသာ သွားပြီး ဘယ်တော့မှ ပြန်မလာနိုင်တဲ့ သုဿန်ကို ဘာလို့ မြို့ပြင်မှာ ထားရသလဲ။ သေလူတွေအတွက် သင်္ဂြိုလ်နေသမျှ လူတွေ နေ့တိုင်း ဥဒဟို သွားရင်းလာရင်း ကြည့်နိုင် မြင်နိုင်အောင် ဘာလို့ မြို့လယ်မှာ မထားရတာလဲ။

သေခြင်းတရားနဲ့ စပ်တဲ့ စကားကို တစ်ကြိမ်တစ်ခါ ဖြစ်ဖြစ်တော့ ခင်ဗျား ပြောကောင်း ပြောခဲ့ဖူးမယ်။ ဒါပေတဲ့ သေဖို့ကို အဓိက ထား ပြောခဲ့သလား။ သေခြင်းတရားက မလွဲမသွေ ရှိလာ၊ ရောက်လာမှာ အမှန်ပါ ။ ဒါပေတဲ့ ရှင်သန်နေထိုင်နေတာကို ပိုအရေးပေးကြတယ် မဟုတ်လား။ ဒါကြောင့် သတင်း၊ သတင်းစကား ဆိုတာဟာလည်း ရှင်သန်ခြင်း၊ တိုးတက်ခြင်းနဲ့ ဆက်ဆိုင်နေရပါမယ်။ ရှင်သန်နေထိုင်မှု ဘဝကို မြှင့်တင်ပေးနိုင်ရမယ်။ သတင်းသမားဟာ ပြည်သူတွေကို သေခြင်းတရား အကြောင်း မမေ့မလျော့ကြဖို့ တိုက်တွန်းနေမယ်။ သေခြင်းတရားနဲ့ မခြိမ်းခြောက်ကြဖို့ပဲ လိုပါတယ်။

ဆိုလိုတာက သတင်းသမားဟာ အဖျက်သဘောဆောင် သတင်းစကားတွေနဲ့ ပြည်သူကို ကြောက်စိတ်မသွင်းရဘူး။ ဒါ ကျနော် ပြောချင်တဲ့ အဓိက အချက်ပါ။ သတင်း မီဒီယာဟာ သတင်းကောင်းတွေနဲ့ချည်း ရှိနေရမယ်လို့ ကျနော် ပြောရင် အဲ့ဒါက အမှားပဲ။ သတင်းဆိုးကိုလည်း ပြည်သူအကြား ချပေးနိုင်ရမယ်။ ဒါဟာ ခြိမ်းခြောက်ဖို့ မဟုတ်ဘူး။ ဝေဖန် စိစစ်ဖို့ပဲ ဖြစ်ပါတယ်။
အပြုသဘောကို ထောက်ခံ အားပေးမယ်။ အဖျက်သဘောကို ဝေဖန်ရှုတ်ချမယ်။ ဒါဟာ သတင်းမီဒီယာရဲ့ လမ်း ဖြစ်ပါတယ်။ အပြုသဘောချည်း ဖြစ်ရမယ်၊ အဖျက်သဘောချည်း ဖြစ်ရမယ် ဆိုတာ သတင်းမီဒီယာ ရဲ့ လမ်း မဟုတ်ဘူး။

ကျနော်တို့ ဘဝခရီးကို ကိုယ်စီ လျောက်လှမ်း ကြတဲ့အခါ အဆိုးတွေ ထွက်လာရင်လည်း အသိသတိ နဲ့ ဖြေရှင်း ဆက်လျောက်ကြသလို အကောင်းတွေ ထွက်လာရင်လည်း မွမ်းမံ ဆက်လျောက်ကြတယ်။ သတင်းမီဒီယာ ၊ ဂျာနယ်လစ်ဇင်ရဲ့ သမာဓိချိန်ခွင်၊ လမ်းဟာ အဲ့အတိုင်း ဖြစ်သင့်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်း ဟာ သတင်းမီဒီယာ ရဲ့ ပန်းတိုင် ဖြစ်ပြီး၊ အဲ့ပန်းတိုင်ကို အရောက် လျောက်လှမ်းနေစဉ် အတွင်း ထွက်လာတဲ့ သတင်းစကား/ အကြောင်းရပ် အဆိုးအကောင်းတွေ ဟာ သတိမူ သိမှတ်သွားကြဖို့၊ ဖြေရှင်း နင်းဖြတ်သွားကြဖို့ လှေကားထစ် အဆင့်တွေသာ ဖြစ်ပါတယ်။ ဒီအချက်က အဓိက ပေါ်လွင်နေရပါမယ်။

( အဲ့ဒီနေရာမှာ သတင်းဆိုး၊ သတင်းကောင်းတွေအပေါ် အာရုံနစ်မွန်း ပြီး ဆူပူအုံကြွ နေစေဖို့ မဟုတ်ဘူး။ သတင်းမီဒီယာဟာ ဒီလို နစ်မွန်းအောင် ၊ ဆူပူအုံကြွအောင် လုပ်နေပြီဆိုရင်လည်း လမ်းမမှန်တော့ဘူး။ အဲ့ဒါဟာ ပြည်သူတွေရဲ့ စိတ်၊ ပြည်သူတွေရဲ့ အတွေးအခေါ်ထဲကို ကင်ဆာရောဂါဆိုး တစ်မျိုး ဖန်တီး ထည့်သွင်းနေတာပဲ ဖြစ်ပါတယ်။ )
……………………………….
Osho: The New Dawn ကို ကိုးကား၍ ဆီလျော်သလို ပြန်ဆိုကြည့်ပါသည်။
………………………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: