ဘာဝနာဖြင့် ထုံမွှမ်းအပ်သော

“ဘာဝနာနှင့် ထုံမွှမ်းအပ်သည်၊ ဓမ္မဖြင့် နေထိုင်သည်” စသည့် စကား ၊ ဝေါဟာရများကို ဗုဒ္ဓဘာသာဝင် အများ ( ထေရဝါဒတွင်ရော၊ အခြား ဘာသာမျိုးကွဲ တွေမှာရော ) ကြားနာ ဖူးကြသည်။ ထိုသို့ ကြားနာ မှတ်သားရာတွင် နာယူသူ အပေါင်းတို့က မည်သို့ ဆက်လက် ကျင့်ကြံ ကြပါသနည်း။

ဘဝ တစ်လျောက်လုံး ဘာဝနာနှင့် ထုံမွှမ်းနေထိုင်အပ်သည် ဆိုသော စကားကို ကျနော် ကြိုက်ပါသည်။ သို့သော် ( ဝါးလုံးရှည်နှင့် သိမ်းရမ်းသည် ဟု ဆိုဆို ) အများအားဖြင့် တွေ့နေရသည့် – ဘုရားစင်ရှေ့ တရားထိုင်နေမှ တရားကျင့် ကြံခြင်း မဟုတ်ပေ။ တရားတိုက် ၊ တရား စခန်း ဝင်မှ တရား ကျင့်ကြံခြင်း အမှန် မဟုတ်။ ဓမ္မသည် အချိန်ပိုင်း အားဖြင့် သာ ရှိအပ်သော အရာ မဟုတ်ပေ။ ဆိုလိုသည်မှာ ဘာဝနာသည် ဘဝ၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်ဟု ထင်မြင် ကျင့်ကြံကြလျှင် မမှန်ကန်သော အကျင့်အကြံသာ ဖြစ်ပါမည်။ ဘဝ တစ်လျောက်လုံး ဟူသော စကားပုဒ်သည် ဘဝရှင်သန်နေသမျှ ကာလပတ်လုံး ဟု ဆိုလိုမည်။ ဤသည်မှာ ကျနော့ အယူသာ ဖြစ်ပါသည်။


မကြာခဏ ကြားရသည်။ “ခင်ဗျား တရား ဘယ်လောက် ကြာကြာ ထိုင်နိုင်သလဲ” ။ တင်ပလ္လင်ခွေချိတ်၊ မျက်လုံးစုံမှိတ်၊ အသက်မျှင်းမျှင်းရှူ၊ ဘယ်လက်ဖဝါးပေါ် ညာလက် ဖဝါး ထပ်တင်၊ ခါးမတ်မတ်ထား။ တစ်မိနစ်လား၊ နှစ်မိနစ်လား၊ တစ်နာရီလား။ ထိုကဲ့သို့ ငြိမ်လိုက်လျှင် တရားစ ထိုင်ခြင်း သရုပ်သကန် စတင်ပြီ ဖြစ်သည် ဆိုပါစို့။ ယင်း နောက်ကွယ်က သဘောထားများကရော…..။ တရားကို ( ဝါ ) ဓမ္မကို ထိုသို့ ထိုင်လိုက်ခြင်း နည်းအားဖြင့် ရယူနိုင်ပါသလား။ ယင်းမေးခွန်းကို တစ်ချိန်က ကျနော် မေးလျောက် ခဲ့ဖူးပါသည်။ ဆရာတော် တစ်ပါးက ဤသို့ ဖြေကြားသည်။

“ဒီလို တစ်မိနစ်ရရ၊ ငါးမိနစ်ရရ တရား ထိုင်ပြီး ရှုမှတ်ကြ၊ အားထုတ်ကြဖို့ တိုက်တွန်းရခြင်း အကြောင်းက တစ်သံသရာလုံး၊ တစ်ဘဝလုံး ကပ်ငြိလာခဲ့တဲ့ စိတ်၊ သံယောဇဉ်၊ တစ်ဘဝလုံး အထိန်းအကွပ်မဲ့ လှုပ်ရှား နောက်ကျိခဲ့တဲ့ စိတ်ရိုင်းတွေကို တည်ငြိမ်လေးနက် သွားအောင် ထိန်းကျောင်းခြင်းသာ ဖြစ်ပါတယ် ဒကာ။ ကလေးတစ်ယောက် လမ်းမလျောက်တတ်လျောက်တတ် လျောက်ခါစမှာ ခြေတစ်လှမ်း ဘယ်လို လှမ်းရမယ်လို့ တွဲခေါ် သင်ကြားပေးရတာ ရှိတယ်။ တစ်လှမ်းလှမ်းနိုင်ရင် နောက်တစ်လှမ်း၊ နောက်တစ်လှမ်း စသဖြင့် ၊ အဲ့သလို မျိုးပဲ၊ တစ်မိနစ်၊ ငါးမိနစ် အဲ့ဒီနောက် တစ်နာရီ ၊ နှစ်နာရီ စသဖြင့်။ ဒီလို သဘောပါပဲ။

ဘာဝနာကို ဘယ်လို ပွားများရမယ်လို့ စတင်သင်ကြားချိန်မှာ ဘာဝနာ ပွားများခြင်းရဲ့ အစဦး အခြေခံကို စတင် ပျိုးယူရ တယ်။ ထိုင်နေမှ မဟုတ်ပါဘူး။ ဒီအစပျိုး အခြေအနေကနေ ပွားများယူနိုင်လို့ ရှေ့ကို ဆက်လက်ပြီး ဣရိယာပုတ် လေးပါးစလုံးရော၊ မိမိတို့ ကိုယ်စီ ဘဝထဲ အရေးအရာ တွေ ရင်ဆိုင် ဖြတ်သန်းတဲ့ အခါမှာရော သတိမပြတ် ထုံမွှမ်းနေသွားရပါမယ်။ ယုတ်စွ အဆုံး အိမ်ယာ ထူထောင်ရင်း၊ သားသမီး မြေးမြစ် တစ်စုနဲ့ စီးပွားရှာဖွေရင်းလည်း ဘာဝနာ ဟာ ပွားများ နေနိုင်ပါတယ်။”

ကျနော် နှစ်သက်သဘောကျ၍ တရိုတသေ ဦးတင် ကန်တော့ပြီး မှတ်သားလာခဲ့ပါသည်။

မိမိတို့ ဘာသာအလိုက် ဆိုင်ရာ ကိုးကွယ်သမှု ( ဥပမာ – ဘုရားကို၊ ခရစ်ကို၊ အလ္လာအရှင်မြတ်ကို ) အာရုံပြု၍ အချိန်အတိုင်းအတာ တစ်ခု ဖြင့် နေတတ်ကြသည်။ သို့သော် မိနစ်ပိုင်းလား၊ တစ်နာရီလား၊ နှစ်နာရီလား။ အဲ့အချိန်အတွင်းမှာ တကယ့် တကယ်ကို အာရုံနှစ်၍ ပွားများနေကောင်း နေမည်။ သို့သော်- ဒါပဲလား။ ကျန်သည့် အချိန်များမှာရော အဘယ်သို့ နေထိုင်ကြပါသနည်း။ တစ်ရက်လျှင် တစ် နာရီမျှ ကျင့်ကြံ ကြည့်ပြီး ကျန် နှစ်ဆယ့်သုံးနာရီ နေချင်သလို နေမည် ( သို့မဟုတ် ) နေတစ်ဝက် ၊ မနေတစ်ဝက် ဖြင့် ရှင်သန်မည်။ ယင်းမှာ ဘာဝနာကျင့်ကြံခြင်း အမှန် ဟုတ်ပါသလား။ ဤမေးခွန်းကို တိုက်ရိုက်မေးလျှင် မဟုတ်ပါ ဟု ဖြေကြားမည့်သူများ အများအပြားရှိပါသည်။ တကယ့်လက်တွေ့တွင် “ဟုတ်ပါသည်” ဟု ပြောသည်နှင့် မခြား နေထိုင်နေကြသူတွေသာ များပြားသည် ကို တွေ့ရသည်။ ( ယင်းအထဲတွင် မိမိလည်း အပါအဝင် ဖြစ်ပါသည်။ )

ဘာဝနာသည် နှစ်ဆယ့်လေးနာရီ ပတ်လုံး၊ ဘဝရှင်သန်နေသမျှ ကာလပတ်လုံး ထုံမွှမ်းအပ်သော အကျင့် ဖြစ်သည် ဟု ဆိုသည်။ အသက်ရှူနေသည် နှင့် အလားသဏ္ဍာန်တူသည်။ မိတ်ဆွေတို့ အနေဖြင့် အသက်ကို တစ်နာရီသာ ရှူမည် – ကျန်သည့် နှစ်ဆယ့် သုံးနာရီ မရှူတော့ ဟူ၍ ရှိပါသလား။ မရှူလျှင်လည်း သေဖွယ်ရာသာ ရှိတော့သည်။ မိတ်ဆွေတို့ အိပ်ပျော် နေစဉ်မှာပင် အသက်ရှူနေရသေးသည် မဟုတ်လား။ သို့အလားတူ ဘာဝနာသည် စိတ်ဖွံ့ဖြိုးမှုအတွက် အသက်ရှူခြင်း ဖြစ်သည်။ ခန္ဓာကိုယ်အတွက် ပြင်ပလေ ( အောက်စီဂျင် ) ကို အချိန်တိုင်း ရှူသွင်းနေရ သလို စိတ်အတွက်လည်း ဘာဝနာသည် အချိန်တိုင်း ပွားများသင့်သော အလုပ်ဖြစ်သည်။ ထို့ကြောင့် ဘာဝနာကို မေ့လျော့ ထားကြသော သူများသည် စိတ်ပိုင်း ဆိုင်ရာ အရ သေဆုံးနေကြသူများ ( Spiritual Dead ) ဖြစ်သည်ဟုသာ ဆိုရပေမည်။

……………………..

ရှင်းလင်းချက်။

ဤနေရာတွင် Meditation ကို ဘာဝနာ ဟု ကျနော် နားလည်ထားမိသည့် အတိုင်း သုံးစွဲပါသည်။ ကိုယ်တွေ့အမြင်ကို အိန္ဒိယ ဒဿနဆရာ Osho ၏ ဟောပြောချက်များနှင့် ပေါင်းစပ် ရေးခြစ်ထားခြင်းသာ ဖြစ်သည်။

ဝါဒီ၊ ဝါဒ၊ ဂိုဏ်း၊ ဂဏ စသည် – ထိပါးရေးသားခြင်း မဟုတ်ကြောင်း နှင့်၊ အရှေ့က ရှိခဲ့ပြီးသော အိုရှိုး၏ ဘာသာရေးနွယ်သော စာများ၊ နောက်ဆက် ရေးရန် ရည်ရွယ်ထားပြီးသော အိုရှိုး ၊ ခရစ်ရှန စသည် စာများနှင့် ပတ်သက်၍လည်း ဤသဘော အတိုင်း တစ်ထပ်တည်း ဖြစ်ကြောင်း

ဘာသာအယူဝါဒ ကွဲလွဲ ငြင်းခုံမှုများ မဖြစ်ပွားပါစေရန် ရည်ရွယ် ပြောကြားလိုသည် ။

………………………

http://zayyablogger.blogspot.com/
https://zayya.wordpress.com/
http://zayya.blog.com/
………………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: