ကျနော်တို့ ဘာအတွက် ပညာသင်

ပညာရေး ရဲ့ အဓိပ္ပာယ်က ဘာလဲ လို့ မေးခဲ့ကြဖူးသလား။ ကျနော်တို့ ကျောင်းကို ဘာကြောင့်သွားရသလဲ။ ဘာသာရပ်ခွဲ အမျိုးမျိုးကို ဘာလို့ သင်ရသလဲ။ တစ်တန်း ပြီး တစ်တန်း ၊ တစ်ဆင့် ပြီး တစ်ဆင့် တက်ဖို့ ဘာလို့ ကြိုးစားကြသလဲ။ ဒါဟာ ပညာရေး ရဲ့ ပုံစံ အစစ် ဖြစ်သလား။ ပညာရေး ဆိုတာ ဘာလဲ။ ဒီမေးခွန်းတွေဟာ ကျောင်းသား အတွက်သာ အရေးကြီးတာ မဟုတ်ပါဘူး။ မိဘတွေ ဆရာတွေ အတွက်၊ လူသား အားလုံးအတွက် အရေးကြီးပါတယ်။ ပညာသင်ဖို့ ပညာတတ်တွေ ဖြစ်ဖို့ ဘယ် အကြောင်းကြောင့် ကျနော်တို့ ကြိုးပမ်း ရသလဲ။ စာမေးပွဲ အချို့ကို ကျော်ဖြတ်ပြီး လက်မှတ် စာရွက်ယူ၊ အလုပ် တစ်ခု ရှာဖို့ အတွက်ပဲလား။ ဘဝ ဆိုတာရဲ့ ဖြစ်စဉ်ကို နားလည် နိုင်ဖို့ ငယ်ရွယ် လွန်းနေ တဲ့ ကလေး အရွယ် အတွက် ပညာရေး ဆိုတာနဲ့ မွမ်းမံပေးဖို့ ။ အဲ့သလို ရည်ရွယ်တာ မဟုတ်လား။ အတတ်ပညာ သင်ကြားပြီး အသက်မွေး ဝမ်းကျောင်း မှု ပြုကြဖို့ ဆိုတာ လိုအပ်ပါတယ်။ ဒါပေမယ့် ပညာရေးဟာ ဒါပဲလား။ ဘဝရဲ့ အချိန် သုံးချိုး တစ်ချိုး ၊ လေးချိုး တစ်ချိုးကို အကုန်ခံပြီး ပညာဆိုတာ ကို ဒီအတွက်ပဲ တွန်းပို့ လိုက်ကြတာလား။

စင်စစ် ဘဝဟာ အလုပ် တစ်ခုသက်သက် မဟုတ်ဘူး။ ပိုင်ဆိုင်မှု အတွက် သက်သက် မဟုတ်ဘူး။ ဘဝဟာ လေးနက်ပြီး ထူးခြားတဲ့ တစ်စုံတစ်ခု ဖြစ်ပါတယ်။ နက်နဲတယ်။ လူသား တစ်မျိုးတည်း အတွက်မှာတင် ဘဝ အဓိပ္ပာယ်က ကျယ်ပြန့်တယ်။ အသက်မွေးမှု အတွက် ပြင်ဆင် ရုံမျှ သက်သက်ပဲ ဆိုရင် ကျနော်တို့ ရည်ရွယ်ရာဟာ လွဲမှားနေပြီ လို့ ပြောရမယ် ။ ဘဝရဲ့ အဓိပ္ပာယ် အပြည့်အဝ နားမလည်တော့ ဘဲ လွဲနေပြီ လို့ ဆိုရပါမယ်။ ဘဝ ကို နားလည် သဘောပေါက်ဖို့ က စာမေးပွဲ ဖြေဖို့ ပြင်ဆင်တာ ထက် တော့ ပို အရေးကြီး မယ် မဟုတ်လား။ သင်္ချာ၊ ရူပဗေဒ စသဖြင့် ဘာသာရပ် တွေ သင်ကြားနေရုံ ထက်တော့ ပို အရေးကြီး လာမယ် မဟုတ်လား။

ဆရာပဲ ဖြစ်ဖြစ် ၊ ကျောင်းသားပဲ ဖြစ်ဖြစ် သင်ကြားခြင်း ဆိုတာ ဘာလဲ၊ ပညာရေးကို ဘာကြောင့် ပြုကြရသလဲ ဆိုတာ ခြေခြေမြစ်မြစ် မေးခွန်း ရှိသင့်ပါတယ်။ ပညာရေးဟာ ဘဝနဲ့ ဆက်နွယ်မယ့် အတွက် ဘဝကိုလည်း မေးခွန်း ထုတ်ပါမယ်။ ဘဝရဲ့ ဒင်ပြည့် ကျပ်ပြည့် အဓိပ္ပာယ်က ဘာလဲ။ ငှက်ကျေးသာရကာ၊ သစ်ပင် ပန်းမန်၊ ကောင်းကင်၊ မြေပြင်၊ ကြယ်စင် စတာတွေကလည်း ဘဝထဲ အကျုံးဝင် နေမယ်။ ဆင်းရဲ ခြင်း၊ ချမ်းသာခြင်း ဟာလည်း ဘဝမှာ ရှိမယ်။ လူတန်စားချင်း၊ အုပ်စုချင်း၊ နိုင်ငံချင်း တိုက်ပွဲ တွေလည်း ပါမယ်။ ဘာဝနာလည်း ရှိမယ်။ ဘာသာရေး လို့ ကျနော်တို့ ခေါ်ဆိုကြ တာလည်း ဘဝမှာ ရှိတယ်။ နူးညံ့သိမ်မွေ့တဲ့ စိတ်၊ နက်နဲမယ့် စရိုက်တွေလည်း ဘဝမှာ ပါဝင် ပါတယ်။ မျှော်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေ၊ ခံစားချက်တွေ၊ ကြောက်ရွံ့စိတ်တွေ၊ အာသာ ရမ္မက်နဲ့ စိတ်လှုပ်ရှားမှုတွေ စတာ တွေလည်း ဘဝမှာ ရှိနေတယ်။ ဒါတွေ အားလုံးဟာ ဘဝ ဖြစ်တယ်။ ဒါ့ထက်လည်း ပိုမယ်။

ဒါကို ကျနော်တို့ အများစုက အသက်မွေး ဝမ်းကျောင်း – ဆိုတဲ့ ရှုထောင့် တစ်ခုတည်းကနေ ၊ ကလေးတွေကို ( ဒါမှမဟုတ် ) ကျနော်တို့ ကလေးဘဝကို – ဆယ့်ငါးနှစ် ၊ နှစ်နှစ်ဆယ်လောက် အချိန်ကုန်ခံခဲ့ပြီး ပြင်ဆင်သွားခဲ့ကြတယ်။ စာမေးပွဲတွေ ဝင်ဖြေ၊ အလုပ်အကိုင် တစ်ခုလုပ်၊ အိမ်ထောင်၊ သားမွေး၊ စက်ရဟတ်ကြီး လည်သလို လည်ပတ်နေကြ တယ်။ အဲ့ဒီ အချိန်တွေထိ ကျနော်တို့ ဘဝထဲမှာ ကြောက်ရွံ့စိတ်တွေ ၊ မျှော်လင့်ချက်တွေ၊ စိုးရွံ့မှုတွေက ကျန်ရစ် နေတုန်းပဲ။ အဲ့တော့ မေးခွန်းဟောင်းပဲ ထပ်မေးပါမယ်။ ပညာရေး ဟာ အလုပ်အကိုင် ရှာဖွေဖို့ အတွက်ပဲလား၊ ဘဝ ကို နားလည် သဘောပေါက် အောင် ကူညီထောက်ပံ့ပေးဖို့ မဟုတ်ဘူးလား။

ကျနော်တို့ လူကြီး ဘဝ ရောက်လာတဲ့ အခါ ဘာတွေ ဖြစ်ကုန်မှာလဲ။ သာမာန် သမားရိုးကျ အတိုင်း- ခင်ဗျား အိမ်ထောင်ကျသွားမယ်။ ကိုယ့်ကိုယ်ကိုယ် မိဘ ဖြစ်လို့ ဖြစ်မှန်း မသိ ဖြစ်သွားကြမယ်။ အလုပ်တစ်ခုမှာ ( ဒါမှမဟုတ် ) မီးဖိုချောင်မှာ ချည်နှောင် ခံနေရမယ်။ အဲ့လိုနဲ့ပဲ ကျနော်တို့ ကြီးပြင်းလာရင်း ပျောက်ဆုံး သွားကြမယ်။ ကျနော်တို့ ဘဝ ဖြစ်စဉ်က ဒါအကုန်ပဲလား။ ဒီမေးခွန်းက မေးသင့်မယ် ထင်ပါတယ်။ ခင်ဗျားရဲ့ မိသားစုက ချမ်းသာ ကြွယ်ဝနေရင်တော့ ဒီမေးခွန်းကို စိတ်ချလက်ချ ဖြေချင် ဖြေနေလိမ့်မယ်။ ခင်ဗျား အဖေက ခင်ဗျား အတွက် အလုပ် ကောင်းကောင်း ပေးနိုင်မယ်။ တင့်တောင်း တင့်တယ် လက်ထပ် ပေးမယ်။ ဒီလိုနဲ့ နောက်တော့ ကြီးပြင်း ဆုတ်ယုတ် ကွယ်လွန်သွားမယ်။ မြင်နိုင်ပါရဲ့လား။

အဲ့တော့ သေချာ လာတာက – ကျနော်တို့ ဟာ ဘဝရဲ့ အဓိပ္ပာယ် ကို နားလည်နိုင်စွမ်း အတွက် အထောက်အပံ့ မပေးနိုင်ရင်၊ ဘဝရဲ့ ဆုံးရှုံး မှု၊ ဘဝရဲ့ ပျော်ရွှင်မှု၊ ဘဝရဲ့ အလှအပ၊ ဘဝရဲ့ အကျည်းတန်မှု ဒီလာက်ကို နားလည်နိုင်စွမ်း မပေးနိုင်ဘူး ဆိုရင် ကျနော်တို့ ပညာရေး ဟာ အဓိပ္ပာယ် မရှိပါဘူး။ ဘွဲ့အလီ လီ ယူပြီး၊ ကိုယ်နာမည် နောက်မှာ စာလုံးတွေ တစ်လုံးပြီး တစ်လုံး တိုးမယ်။ ပြီးတော့ အလုပ်ကောင်းကောင်း တစ်ခု ယူမယ်။ အဲ့ဒီနောက်ကော —-။ အဲ့ဒီနောက်မှာ ခင်ဗျား က ထုံအ နေတုန်း၊ တွေဝေ ယစ်မူးနေတုန်း၊ အသိဥာဏ်မဲ့နေတုန်း – ဆိုရင် ပညာရေး ရဲ့ အဓိက လမ်းကြောင်းက ဘာဖြစ်သွားမလဲ။ ခင်ဗျားရဲ့ အသိဥာဏ်ကို မြှင့်တင်ဖို့၊ ပြုစု ပျိုးထောင်ဖို့ ပညာရေးကို ဂရုပြုခဲ့ကြတာ မဟုတ်လား။ အသိဥာဏ်ရှိတဲ့သူသာ ဘဝရဲ့ ပြဿနာ၊ အခက်အခဲတွေကို ရင်ဆိုင် ဖြေရှင်းသွားနိုင်မှာ မဟုတ်လား။

ဒါဆို ထပ်မေးရပြီ။ အသိဥာဏ်ဆိုတာ ဘာလဲ။ ကျနော် နားလည်တဲ့ အသိဥာဏ် ဆိုတာ ကြောက်ရွံ့မှုမရှိ၊ လှောင်ပိတ်မှု မရှိဘဲ လွတ်လွတ် လပ်လပ် တွေးခေါ်နိုင်စွမ်း ဖြစ်ပါတယ်။ ငယ်ရွယ်စဉ် ကနေ ကြီးပြင်းတဲ့ အထိ ဘဝမှာ ဘယ်ဟာက အစစ်အမှန်လဲ၊ ဘယ်ဟာက အတုအယောင်လဲ မိမိ ဥာဏ်နဲ့ လွတ်လွတ်လပ်လပ် စစ်တမ်း ထုတ်နိုင်ရမယ်။ တကယ်လို့သာ ခင်ဗျားက တစ်ခုခုကို ကြောက်လန့်နေရမယ် ဆိုရင် ဘယ်လို စစ်တမ်း ထုတ်မလဲ။ ခင်ဗျားရဲ့ အတွေးအခေါ်က တစ်ခုခု ကို မှီတွယ်ပြီး ပိတ်မိနေတယ် ဆိုရင် ဘယ်ဟာကို စိစစ်မလဲ။ မျှော်မှန်းချက်တွေ၊ လောဘတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ ကြောက်ရွံ့စိတ်တွေ – အဲ့စိတ်တွေ အကုန်လုံးက ရှင်းလင်းပြတ်သားမယ့်၊ စွမ်းအားရှိတဲ့ အသိဥာဏ်ကို အတားအဆီး ဖြစ်စေပါတယ်။ ရှင်းလင်းပြတ်သားပြီး စွမ်းအားရှိတဲ့ အဲ့စိတ်ကိုသာ အသိဥာဏ် လို့ ကျနော် ဆိုချင်တယ်။

ခင်ဗျားတို့လည်း သိပါလိမ့်မယ်။ ကျနော်တို့ နေထိုင်ရာ ပတ်ဝန်းကျင်ကို ကြောက်ရွံ့မှုကင်းတဲ့ နေရာ ဖြစ်စေချင်တယ်။ အဲ့ပတ်ဝန်းကျင်မှာ ကြောက်ရွံ့မှု၊ စိုးရွံ့မှုတွေ ချည်း ရှိနေမှာကို မလိုလားကြဘူးရယ်။ ဟုတ်တယ်ဟုတ်။ ဒါပေမယ့် တကယ်တမ်း ကျနော်တို့ ကြီးပြင်းလာတဲ့အခါ ကြောက်စိတ်တွေသာ ပါလာခဲ့ကြတယ်။ အသက်ရှင် နေထိုင်ရဆဲ ခဏ ကြောက်တယ်။ အလုပ်အကိုင် ဆုံးရှုံးရမှာ ကြောက်တယ်။ ယဉ်ကျေးမှု၊ ကုန်သွယ် စီးပွား စသဖြင့် ပျက်သုဉ်းမှာ ကြောက်တယ်။ ကိုယ့် အိမ်နီးနားချင်း၊ ကိုယ် ပတ်ဝန်းကျင် ကို ကြောက်တယ်။ နောက်ဆုံး ကိုယ့်ဇနီး မယား လင်ယောင်္ကျား ကို ကြောက်တယ်။ တစ်ခါက စာတစ်ပုဒ် ဖတ်ရဖူးတယ်။ အဲ့အထဲမှာ ကြောက်ရတဲ့ အကြောင်းတွေက ဒါတွေတင် မကဘူး၊ သား ကျောင်းကြိုဖို့ နောက်ကျမှာ၊ ဘတ်စ်ကား မမှီမှာ၊ မီတာခတွေ အများကြီးတက်လာမှာ၊ ကုန်ဈေးနှုန်းတွေ တက်မှာ ၊ ဒေါ်လာဈေးတွေ ကျမှာ စသဖြင့် ကြောက်နေရတယ် ဆိုတဲ့ အကြောင်း ။ အဲ့ထက် အဆုံးသတ် ကြောက်ရွံ့ရတာက- သေမှာကို ကြောက်ရတယ် ဆိုတာ အထိ ကြောက်ရွံ့စိတ် ကိုယ်စီ ရှိကြတယ်။ ကြောက်ရွံ့စိတ် ပုံစံသာ ကွဲပြားနေချင် နေမယ်။ အဲ့ကြောက်ရွံ့စိတ် ဝင်နေချိန်မှာ အသိဥာဏ်ဟာ မရှိတော့ဘူး ဆိုတာ တွေ့ပါရဲ့လား ။ လွတ်လပ်တဲ့ အသိစိတ် ရှိနေဖို့ ဆိုတာ အဲ့အချိန်မှာ မဖြစ်နိုင်ဘူး မဟုတ်လား။

ဒါ့ကြောင့်မို့ ကျနော်တို့ရဲ့ ပညာသင်ကြားမှုဟာ၊ ကျနော်တို့ရဲ့ ပညာရေးဟာ ကြောက်ရွံ့စိတ်ကနေ လွတ်ကင်း အောင် လမ်းကြောင်း ပေးနိုင်ရမယ်။ လွတ်လပ်တဲ့ လေကို ရှူသွင်း ပေးနိုင်ရမယ်။ လွတ်လပ် ရှင်းလင်းတဲ့ စိတ်ကို မွေးမြူ နိုင်ရမယ်။ ပညာရေးဟာ ကျနော်တို့ အကြိုက်၊ ကျနော်တို့ အလိုက်ကို ဖော်ကျူး ပေးနိုင်ဖို့ အသုံးချခံ မဟုတ်ဘူး။ ပညာရေးဟာ တကယ့်အစစ် အမှန် ဆိုတာ ဘာလဲ ရှင်းရှင်းလင်းလင်း သိ နားလည် နိုင်ဖို့ ပျိုးထောင် ပေးနိုင်တဲ့ အရာသာ ဖြစ်ရမယ်။

ဘဝဟာ စင်စစ် လှပပါတယ် ဆိုရင် ကျနော်တို့ ပညာသင်ကြားရခြင်း ရည်ရွယ်ချက်ဟာ အဲ့အလှအပကို ဖော်ကျူးနိုင်ဖို့ ဖြစ်ပါတယ်။ ဘဝဟာ အရုပ်ဆိုး အကျည်းတန်ပါတယ် ဆိုရင် ကျနော်တို့ ပညာသင်ကြားရခြင်း ရည်ရွယ်ချက်ဟာ အဲ့အကျည်းတန်မှုကို လျော့နည်းသွားအောင် ဖော်ဆောင် နိုင်ဖို့ ဖြစ်ပါတယ်။ ပညာရေးနဲ့ ထောက်ကူ စိတ်ကူးယဉ်ဖို့ မဟုတ်ဘူး။ ခင်ဗျား ကိုယ်တွင်းမှာ ရှိတဲ့ ခင်ဗျားရဲ့ အမှန်သဘောကို ရှာဖွေ ဖော်ထုတ်ဖို့ ၊ ထောက်ကူ ပုံဖော်ဖို့ ။

လူသားတိုင်း လုံခြုံစိတ်ချရတဲ့ ဘဝကို လိုလားကြတယ်။ ခင်ဗျားရဲ့ မိဘတွေ အသိုင်းအဝိုင်းတွေကလည်း သူတို့ထင်ကြတဲ့ လုံခြုံစိတ်ချရာ နေရာမှာ ခင်ဗျားကို ထားချင်ကြတယ်။ ပညာရေးကနေ သွားရင် ဘဝမှာ လုံခြုံ စိတ်ချရမယ်လို့ မျှော်မှန်းချက်နဲ့ ခင်ဗျားကို ပညာသင် စေခဲ့ကြမယ်။ တကယ့်တကယ် လုံခြုံ စိတ်ချရာ နေရာ ဆိုတာက ခင်ဗျား ကိုယ် ခင်ဗျား သိမှ ဖြစ်ပါလိမ့်မယ်။ ခင်ဗျားရဲ့ အစစ်အမှန်ကို ခင်ဗျား ဘာသာ ဖော်ထုတ်နိုင်မှ လုံခြုံ စိတ်ချရာ အမှန် ဖြစ်လိမ့်မယ်။ အဲ့လို ဖော်ထုတ်နိုင်ဖို့ ဆိုတာကလည်း ခင်ဗျားရဲ့ စိတ်ဟာ ရဲရင့်နေရမယ်။ လွတ်လပ်နေရမယ်။

ဒီလို မတွန့် မရွံ့တဲ့ စိတ်၊ မကြောက်မရွံ့တဲ့ စိတ်ကို ပညာရေးက မွေးမြူ ပေးနိုင်ရမယ်။ အမိန့်နာခံ တတ်မှုက ပညာရေး မဟုတ်ဘူး။ ထိတ်လန့် ကြောက်ရွံ့တတ်မှုက ပညာရေး မဟုတ်ဘူး။ အဲ့လို ကြောက်ရွံ့နေတတ်ပြီ ဆိုရင်လည်း ခင်ဗျား ကိုယ် ခင်ဗျား တော်လှန်ပစ်နိုင်ရမယ်။ ကိုယ့်ကိုယ်ကိုယ် စတင် တော်လှန်ပြီ ဆိုရင် ပညာရေးကို စတင်ပုံဖော်ပြီလို့ ပြောတာနဲ့ အတူတူပဲ။ ကျနော်တို့ ပတ်ဝန်းကျင်မှာ ရော ကြောက်ရွံ့စိတ်တွေ ရှိနေရင် ဘယ်လိုလုပ်မလဲ။ ပညာရေးဟာ အဲ့ဒါတွေကိုလည်း ခြေဖျက်နိုင်ရပါမယ်။ ပညာနဲ့ ပြည့်ဝအောင် ကြိုးပမ်းရင်း အဲ့ကြောက်စိတ်တွေ ပပျောက်အောင် ကျနော်တို့ ဖန်တီး နိုင်ရမယ်။

ကမ္ဘာမှာ စစ်မက်တွေ ဖြစ်တယ်။ နိုင်ငံရေး သမားတွေက ပါဝါ အာဏာ ရှာတယ်။ ဥပဒေပြု တွေ၊ ရဲ၊ စစ်သားတွေ ရှုပ်ယှက်ခတ်တယ်။ စီးပွားရေး သမားတွေ၊ ရည်မှန်းချက်ကိုယ်စီ ရှိကြသူတွေက ခုံနေရာ လုကြတယ်။ အချင်းချင်း တိုက်ခိုက် သတ်ဖြတ်တယ်။ ဒီနေရာမှာ သူတော်စင် ဆိုသူတွေလည်း ရှိတယ်။ ဂိုဏ်းဂဏတွေ ၊ ဂုရုဆရာတွေ၊ နောက်လိုက်တွေနဲ့ အသင်းလိုက်၊ အဖွဲ့လိုက် ရှိတယ်။ သူတို့မှာလည်း ပါဝါနဲ့၊ အာဏာနဲ့။ ဒီလို ရှုတ်ထွေးနေတဲ့ ကမ္ဘာမှာ ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေက အရှင်းရှင်ဝါဒနဲ့ တိုက်ကြပြန်တယ်။ အရင်းရှင်ဝါဒကနေ ဒီမိုကရေစီကို ဖွင့်ဟကြတယ်။ ကမ္ဘာမှာ လူတစ်ယောက်က တစ်ယောက်ကို ၊ တစ်ဖွဲ့ က တစ်ဖွဲ့ကို မိမိတို့ နေရာ လုံခြုံစိတ်ချရေး အတွက် တိုက်ခိုက် နေကြတယ်။ ယုံကြည်မှု အမျိုးမျိုး၊ လူတန်းစား အမျိုးမျိုးနဲ့ ကိုယ်သန်ရာ သန်ရာ ဆွဲကိုင်ကြတဲ့ အခါ ကမ္ဘာကြီးကသာ စက္ကူမြေပုံ တစ်ချပ်ဆိုရင် အစိတ်စိတ် အပိုင်းပိုင်း ကွဲပြားနေလောက်မယ်။ ဒီကမ္ဘာဟာ ပညာရေး နဲ့ ကြိုးပမ်းကြတဲ့ ကျနော်တို့ ကမ္ဘာ ဖြစ်ပါတယ်။ ဒီလို ပျက်ယွင်းနေတဲ့ ကမ္ဘာမှာ သင့်တော်ရာ နေထိုင်ရှင်သန်ဖို့ ပညာရေးက ဦးဆောင်ပေးနိုင်ရပါလိမ့်မယ်။

အဲ့တော့ အနှစ်ချုပ်ကြည့်ရင် – ပညာရေးဟာ ဒီလို ကစဥ့်ကလျား ဖြစ်နေတဲ့ လောကမှာ မိမိဥာဏ်စွမ်းနဲ့ မိမိကိုယ်ကို ၊ မိမိပတ်ဝန်းကျင်ကို အစီအစဉ်တကျ ဖြစ်အောင် ထောက်ပံ့ ပေးနိုင်စွမ်း ရှိရမယ် လို့ ဆိုချင်တယ်။ စည်းဘောင်နဲ့ ကျဉ်းကျပ် နေတဲ့ လောကကို ဖောက်ထွက်ပြီး ပညာရေး က ခင်ဗျားကို လွတ်လပ်မှု ပေးနိုင်ရမယ်။ ခင်ဗျား လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင် သွားနိုင်ရမယ်။ ခင်ဗျား နှစ်သက်တဲ့ ၊ ခင်ဗျား မြင်တဲ့ ၊ ခင်ဗျား ယုံကြည်တဲ့ ပိုခိုင်မာ လုံခြုံမယ့် လူ့ဘောင် အဖွဲ့အစည်း သစ်၊ ကမ္ဘာသစ်ကို ဖန်တီး နိုင်ရမယ်။ ခင်ဗျား ဘေးမှာ ပိတ်ကျပ်နေတဲ့၊ အိုဟောင်းနေမယ့် အနှောင် အဖွဲ့မှန်သမျှကို ချေဖျက် ပစ်နိုင်ရမယ်။ စစ်မှန်တဲ့ ပညာရေးဟာ အဲ့ဒါတွေ ကို အပြည့်အဝ ထောက်ကူ ပေးနိုင်ရပါမယ်။ လူ့ဘောင်လောက၊ ကမ္ဘာလောက ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် ဖြတ်သန်းနိုင်ဖို့ ပညာရေးက ဦးတည်ပေးနိုင်ရမယ်။ ဒီပညာရေးနဲ့ လူဟာ မိမိကိုယ်ကိုယ် စစ်ကြော ရင်း၊ မိမိကိုယ်ကိုယ် ဝေဖန်ရင်း စင်စစ် အမှန်တရား ကို ရှာဖွေသွားနိုင်ရပါမယ်။ ဆိုလိုတာကတော့ ပညာရေးဟာ ခင်ဗျားကိုယ်ခင်ဗျား ဆက်လက်ပြီး ပညာပွားနိုင်အောင် လမ်းကြောင်း ပေးနိုင်ရမယ်။ ခင်ဗျားရဲ့ အတ္တ၊ ဘုရားသခင်၊ မေတ္တာ၊ စသဖြင့် အဆက်မပြတ် လေ့လာရင်း သင်ယူရင်း အဖြေရှိရာ ဦးတည်သွားနိုင် နေစေရမယ်။ ဒီလိုမှ မသွားနိုင်ဘဲ ခင်ဗျား ကိုယ်တွင်းက ကြောက်ရွံ့စိတ် နဲ့ ဒုံရင်းကို ဒုံရင်းအတိုင်း နေထိုင်ရှင်သန် သွားမယ်ဆိုရင် ပညာရေးရဲ့ အဓိပ္ပာယ် လည်း လုံးဝ ပျက်သုဉ်းသွား လိမ့်မယ်။

ဒါကြောင့်မို့ လူ့အတွေးအခေါ်၊ လူတွေရဲ့ စိတ်၊ လူတွေရဲ့ တိုးတက်မှု ကို ဖျက်ဆီးနေတဲ့ အဲ့ဒီ ကြောက်စိတ် ပပျောက်သွားဖို့၊ လွတ်လပ်ရဲရင့်တဲ့ စိတ်နဲ့ မိမိလောကကို မိမိ ဖန်တီး ဖော်ဆောင်နိုင်ဖို့ ပညာရေးက ဦးဆောင် ပေးနေရမယ် လို့ ဆိုချင်တယ်။

……………………………….
Jiddu Krishna Murti: This Matter of Culture ကို ဖတ်ရှုရင်း။
……………………………….

http://zayyablogger.blogspot.com/
https://zayya.wordpress.com/
http://zayya.blog.com/
……………………………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: