စာအုပ်ဆိုင်က အပြန်

မနေ့က လစာထုတ်ရက်ဆိုတော့ ညနေခင်း အရောက်မှာ မှန်းထားတဲ့အတိုင်း စာအုပ်ဆိုင်ဆီ ဦးတည် ထွက်လာခဲ့တယ်။ အွန်လိုင်းပေါ်မှာ စာအုပ်တွေ ဘယ်လို များများ ရှိနေပါတယ် ပြောပြော ၊ စာရွက်တစ်ဖြတ်ဖြတ် လှန်ရတဲ့ အရသာနဲ့၊ စာအုပ်စင်ကြား ကျီးမောရတဲ့ အရသာက ဘယ်တော့မှ ရိုးနိုင်မယ့် အရသာမျိုး မဟုတ်ဘူးရယ်။ ဒါပေမယ့် ကျနော် စာအုပ်ဆိုင်ကို တစ်လ တစ်ကြိမ်လောက်သာ ရောက်နိုင်တော့တယ်။ အဓိကက စာအုပ်ဆိုင်ရောက်ရင် ဝယ်ချင်တဲ့ စာအုပ်တွေက ပါတဲ့ငွေနဲ့ မလောက်တာ ပါပဲ။ ဒုတိယ အချက်က ကွန်ပျူတာနဲ့ မျက်နှာနဲ့ အိပ်ချိန်ကလွဲရင် ကျန်တာက နာရီပိုင်းတောင် မခွာနိုင်ဘူး ဖြစ်နေရတယ်။ တကယ်က အလုပ်လုပ်နေတာ မဟုတ်ဘူး၊ လုပ်ချင်တာ လုပ်နေတာ သက်သက်ပါ။ ဒီ ဒုတိယ အချက်ကြောင့်ပဲ စာအုပ်ဆိုင်နား တော်တော်နဲ့ မရောက်ဖြစ်ဘူး ဆိုကြပါစို့။

ရာပြည့်တိုက်ကို ရောက်တော့ ကိုယ်နှစ်သက်ရာ အမျိုးအစားအလိုက် စုထားတဲ့ စာအုပ်စင်တွေ မှာ ဘာတွေ အသစ်ရောက်နေလဲ ကြည့်တယ်။ တွေ့ဖူးပြီးသားပဲ ဖြစ်ဖြစ်၊ မတွေ့ဖူးသေးတာပဲ ဖြစ်ဖြစ်၊ မျက်စိကျရာ တစ်အုပ်ဆွဲယူ၊ ပြီးတော့ ဟို တစ်အုပ်လှန်၊ မြည်းကြည့်၊ ဒီတစ်အုပ်လှန် ၊ မြည်းကြည့်နဲ့။ မြည်းကြည့်သမျှ ဝယ်ချင်နေတာချည်းပဲ။ စာအုပ်ဈေးနှုန်း ကပ်ထားတာကိုလည်း ဘယ်နှစ်ခါမြောက် ရှိနိုင်မလဲ မသိ ၊ ကြည့်မိသေးတယ်။ ဘယ်ရွေ့ ဘယ်မျှတဲ့ ။ တစ်ချက် တွေသွားတယ်။ တစ်ဆက်တည်းမှာပဲ ပါလာတဲ့ ပိုက်ဆံအိတ်ကို မသိမသာ ဆ-ကြည့်တယ်။ ပြီးတော့ ဘယ်သူ့ကို ငါ အကြွေးပေးစရာ ကျန်သေးလဲ ၊ ဘယ်သူ ဘယ်လောက်၊ ဘယ်ကို ဘယ်လောက် ဆပ်ရဦးမလဲ၊ စဉ်းစားကြည့်တယ်။ ဒါဆို အဲ့ဒါတွေပေးပြီး ငါ့ပိုက်ဆံ ဘယ်လောက်ကျန်မလဲ။ ကျန်တဲ့ အထဲကရော ငါ ဒီတစ်လ ဘယ်လောက် သုံးရမလဲ။ ဒါဆို ဘယ်လောက် ပိုမလဲ။ ငါအခု ဘယ်လောက်သုံးလို့ရလဲ။ … အဖြေ = ဟင့်အင်း။ ….အဲ့လိုနဲ့ ကိုင်ထားတဲ့ စာအုပ် ပြန်ချထားလိုက်တယ်။ အဲ့လိုနဲ့ နောက်တစ်အုပ်။ ဒီတစ်အုပ်လဲ သဘောကျ ပြန်ပြီ။ ပထမစာအုပ်တုန်းက အတိုင်း ပိုက်ဆံအိတ်ကို ဆကြည့်၊ ပြီးတော့ တွေးကြည့်။ အဲ့လိုနဲ့ နောက်- ပြန်ချထားလိုက်ရပြန်တယ်။ ဒါဟာ အခု တစ်ကြိမ် လာမှ ဖြစ်တဲ့ ကိစ္စတော့ မဟုတ်ဘူးရယ်။ အရင့်အရင် အကြိမ် တွေကလည်း “ဆ – တွေး- ပြန်ချ” လေ့ကျင့်ခန်းကို ပုံမှန်လုပ်ခဲ့သူ ဖြစ်တာမို့ ရိုးနေပြီလို့ ဆိုရပါမယ်။

“အွန်လိုင်း ပေါ်မှာ လေ့လာစမ်းပါလေ့။ တစ်ပုံကြီးပါကွာ၊ အဲ့ဒါကို ပိုက်ဆံအကုန်ခံပြီး ဘာလို့ လျောက်ဝယ်နေရသလဲ” တဲ့ ။ မိတ်ဆွေ တစ်ယောက်က ကျနော့ကို မချိတင်ကဲ အပြစ်တင် ပါတယ်။ ရုံးမှာပဲ အိပ်၊ ရုံးမှာပဲ နေပြီး၊ အများအားဖြင့် ကွန်ပျူတာဖွင့်ရက်သား ရှေ့မှာတင် အိပ်ပျော်ပျော် သွားတတ်တဲ့ ကျနော့ အတွက် အွန်လိုင်း စာမျက်နှာပြင် တစ်ကြောကြီး ရှိနေရက်သားနဲ့ လို့ ပြောတာဟာ သူ့ အမှားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မှန်လည်း မမှန်ဘူး။ “ကျနော် ဝယ်တဲ့ စာအုပ်တွေက အွန်လိုင်းပေါ်မှာ ရှိလို့လား” ဒီအမေးနဲ့ ပြန်ဖြေတော့ သူ နှုတ်ပိတ် သွားပါတယ်။ တကယ်က ဝယ်ထားပြီး စာအုပ်အချို့က အွန်လိုင်းပေါ်မှာ ရှိပါတယ်။ ဒါပေမယ့် ကျနော် လိုချင်သလို အကုန်မရှိဘူး။ အွန်လိုင်း မျက်နှာစာမှာ မြန်မာစာအုပ်စင် ကိုယ်စီ လုပ်ကြတယ်။ အွန်လိုင်း စာကြည့်တိုက်တွေ ထားကြတယ်။ ဝမ်းပန်းတသာ ကြိုဆိုပါတယ်။ ဒါပေမယ့် မစုံလင်ဘူး။ စုံစိအောင် ထားကြပေမယ့် မပြည့်သေးဘူး။ အဲ့ဒါကို ဆိုင်ရာတွေက၊ ရှိကြသူတွေက ၊ ကျနော်တို့တွေက ဖြည့်ပေး ကြရပါမယ်။ တကယ်လည်း ကြိုးပမ်း သင့်တယ်။ ဒါ ထားဦးစို့။ အဲ့မိတ်ဆွေကပဲ ဆက်ပြောတယ်။

“အွန်လိုင်းပေါ်မှာ ဘာလေ့လာချင်သလဲ။ အစုံအလင်ရှိတယ်။ အဲ့ဒါကို ဘာ့အတွက် စာအုပ်တန်းထဲ ဝင်မွှေနေသေးသလဲ” ဒီစကားမှာတော့ သူ တော်တော်များများ လွဲနေပြီလို့ ထင်ပါတယ်။ “ဘာလေ့လာချင်သလဲ၊ အစုံရှိတယ်” ဆိုတဲ့ စကားက ဘာကို ရည်ညွှန်းတာပါလဲ။ ဘာကို မဆို ၊ အရာအားလုံး မည်သည့်အရာကို မဆို- ရှိတယ် လို့ ဆိုလိုချင်တာပါလား။ အဲ့သလို ဆိုလိုမယ် ဆိုရင်တော့ လွဲနေပါပြီ။ အနောက်တိုင်း ဘာသာ ( အထူးသဖြင့် အင်္ဂလိပ်စာ ) အားကိုးနဲ့ ပြောမယ် ဆိုရင်တော့ ပြောလောက်စရာ ရှိပေမယ့် အဲ့ဒါဟာလည်း အကုန် မဟုတ်ဘူး။ မြန်မာပြည်သား အားလုံးအတွက် မမှန်နိုင်ပါဘူး။ လိုချင်တာ အကုန်လုံး ရှိမနေဘူး။

အင်တာနက် စာမျက်နှာဟာ သုံးစွဲကြသူ လူမျိုးတွေ အချင်းချင်း၊ ဘာသာအလိုက် တင်ရှိထားတဲ့ အတိုင်းသာ တွေ့မြင်လေ့လာရတာ ဖြစ်ပါတယ် ။ အွန်လိုင်း စာမျက်နှာရဲ့ နောက်ကွယ်မှာ မသိမမြင်နိုင် တာတွေ အများကြီး ကျန်ရှိ နေသေးတယ် ။ ကျနော်တို့ မြန်မာနိုင်ငံအတွင်းနဲ့ပဲ ပြောမယ် ဆိုရင် – ( ဘယ်လို ပညာရေးနဲ့ ဘယ်လို တိုးတက်နေပါသလဲတော့ မသိ ) ကျနော် တွေ့ဆုံမိတဲ့ အွန်လိုင်း သုံးစွဲသူ အယောက် နှစ်ဆယ်မှာ ဆယ့်ခြောက်ယောက်လောက် က အင်္ဂလိပ်စာ မသုံးစွဲနိုင်သူ တွေ ဖြစ်ပါတယ်။ အကြမ်းဖျဉ်း တွက်ရင် ၈၀ ရာခိုင်နှုန်းပါ။ ဒါကို လူဦးရေနဲ့ တွက်ရင်တော့ ဒီထက်မက ရာခိုင်နှုန်းက ပိုများလာ ပါလိမ့်ဦးမယ်။ ကျန်တဲ့ ရာခိုင်နှုန်း စုစုလေးထဲမှာလည်း တတ်ယောင်ကားတွေ ပါဦးမယ်။ အချိန် မပေးနိုင်သူတွေ ရှိဦးမယ်။ ချစ်တယ်၊ ကြိုက်တယ်၊ Heart Broken ဖြစ်ပါတယ် ဆိုတာနဲ့ပဲ လုံးလည် လိုက်ရင်း ကွန်ပျူတာ ပိတ်သွားကြသူတွေ ရှိမယ်။ အဲ့တော့ သူတို့တွေ အွန်လိုင်းပေါ်မှာ ဘယ်လို လေ့လာမလဲ။ ဘာကို လေ့လာမှာလဲ။ အဲ့လို လေ့လာနိုင်ဖို့ အတွက် ဆိုင်ရာတွေကရော ဘယ်လောက်ထိ ကြိုးပမ်းထားလဲ။ အဲ့လို ဘာသာရပ်တစ်ခုခုကို၊ ဒါမှမဟုတ်၊ ကိုယ်သန်ရာ ပညာရပ်တစ်ခုခုကို လေ့လာဖို့ ၊ ကြိုးပမ်းဖို့ကို မြန်မာအိုင်တီနယ်ပယ်က လူတွေရော၊ သုံးစွဲကြသူ ပြည်သူအများရော ဘယ်လောက်ထိ အာရုံစိုက်ကြသလဲ။

ဒီမေးခွန်းတွေကို မေးသာ မေးရတယ်။ အဲ့လိုမေးတာနဲ့ တန်ပြန်မေးလာမှာတွေ ရှိပါတယ် ။ မြန်မာအိုင်တီ နယ်ပယ် ဘယ်လောက် တိုးတက် နေလို့လဲ။ ကိုနတ်ရှင် ( ကွန်နက်ရှင် ) ကရော – ဘယ်လောက် သဘောကောင်းနေလို့လဲ။ မြန်မာပြည်သူ လူဦးရေ ဘယ်လောက်ကရော အင်တာနက် အွန်လိုင်းကို ထဲထဲဝင်ဝင် သုံးနိုင်နေလို့လဲ ။သုံးနိုင်ပြီ ဆိုတဲ့ သူတွေမှာရော- လိုချင်တာတွေ၊ လေ့လာချင်ပါတယ် ဆိုတာတွေ ကို အတားအဆီး မရှိ ဒေါင်းဒေါင်းပြေး ရှာဖွေ နိုင်ပြီ လား။ အဲ့လို ပြန်မေးလာရင် ဒီတစ်ခါ ပါးစပ်ပိတ် သွားမယ့် သူက ကျနော် ဖြစ်ပါတယ်။

ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာ မဟုတ်ဘဲ၊ ချီးကျူးစရာရှိတာ ချီးကျူးဖို့ တော့ ရှိပါတယ်။ ကျနော်တို့ အွန်လိုင်းသုံးစွဲသူ မြန်မာများဟာ တကယ်တော်ကြပါတယ်။ အခက်အခဲ အမျိုးမျိုးကြားက ဖေ့စ်ဘုတ်ခ် မရရအောင် ဝင်ကြတယ်။ ဂျီတော့ခ် မရရအောင် တက်ကြတယ်။ ဘလော့ခ် မရရအောင် ရေးတယ်။ ကိုနတ်ရှင်က တက်လိုက် ကျလိုက်၊ ဆိုဒ်တွေကလည်း ကျော်လိုက် ခွလိုက်၊ အဲ့ဒီ ကြားက – မြစ်ဆုံကိစ္စကိုလည်း အွန်လိုင်း ဆန္ဒပြ Vote လုပ်ခဲ့ကြတယ်။ အခု BBC ကိစ္စလည်း အွန်လိုင်း ဆန္ဒပြ Vote လုပ်ကြပြန်ဦးမယ် ကြားပါတယ်။ လေးစားစရာ ပါပဲ။ ထားပါစို့။

ကျနော် ဆိုလိုချင်တာက ဒါတွေဟာ လေ့လာနေတာတော့ မဟုတ်သေးဘူး။ အင်တာနက် နည်းပညာ ကွန်ယက် ဆိုတာကို အသုံးပြုပြီး သတင်းအချက်အလက်တွေ ယခင့် ယခင်ထက် ပိုပြီး မြန်မြန်ဆန်ဆန် ကူးယှက်နေတာပဲ ဖြစ်ပါတယ်။ ဘာသာရပ် တစ်ခုခုကို ၊ အကြောင်းရပ် တစ်ခုခုကို ၊ ပညာရပ်နယ်ပယ် တစ်ခုကို ထိထိရောက်ရောက် ၊ ထဲထဲ ဝင်ဝင် လေ့လာနေတာ မဟုတ်သေးဘူး။ ဒါဆို ဒီလို လေ့လာဖို့ ( လက်တစ်ဆုပ်စာ မဟုတ်ဘူး – ကျနော်တို့ အားလုံးလေ့လာနိုင်ဖို့ ) ဘာလိုအပ်နေပါသလဲ။ ရိုးရိုးရှင်းရှင်းပဲ အချက်တွေ စီကြည့်မိပါတယ်။

၁။ IT နဲ့ပတ်သက်လို့ မြန်မာပြည်သား လက်တစ်ဆုပ်စာ တော်နေ ၊ တတ်နေရုံနဲ့ မပြီးပါဘူး။ ပြည်သူအများကြား တွင်တွင်ကျယ်ကျယ် ဖြန့်ဝေ ပေးနိုင်ရပါဦးမယ်။

၂။ IT နည်းပညာ မဆိုထားနဲ့၊ ပြည်သူ အားလုံး အွန်လိုင်း၊ အင်တာနက် သုံးစွဲနိုင်ဖို့ကိုပဲ ဆိုင်ရာက ဝိုင်းဝန်းကြိုးပမ်း စဉ်းစားပေးကြဖို့ လိုအပ်ပါသေးတယ်။ ( ဒီအချက်ထဲမှာ ကွန်နက်ရှင် ကိစ္စ၊ အင်တာနက်လိုင်း ပိုမို ချထားပေးနိုင်ရေး ကိစ္စ၊ မိုဘိုင်း – အင်တာနက်ချိတ်ဆက်ရေး -လက်သိပ်ထိုး စီးပွားရေး ကဏ္ဍမှာသာ ရပ်မနေဘဲ ပညာပေး အစီအစဉ် ကိစ္စတွေ ပါ ပါရှိသင့်မယ် ထင်ပါတယ် )

၃။ အဲ့အတွက် နောက်ဆက်တွဲ အခြေခံ ဖြစ်တဲ့ ပညာရေး ကဏ္ဍ ကို မြှင့်တင်ပေးရပါဦးမယ်။

၎။ လက်ရှိသုံးစွဲနိုင်ကြသူ တွေကလည်း မိမိ ရှေ့ တန်ဖိုးတကြီး ရရှိထားတဲ့ အရာကို တန်ဖိုးရှိရှိ သုံးချင်စိတ် ရှိဖို့ လိုအပ်နေပါဦးမယ်။

၅။ ……………………………..

၆။ ……………………………….

ဒီနောက်မှာ ဘယ်နှစ်ချက် ကျန်ဦးမလဲ။ အဲ့ဒီ ကျန်မယ့် အချက်တွေကို စာရှုသူတို့ ဆက်ဖြည့်နိုင်ပါတယ်။ ဒါမှမဟုတ် ကျနော် စီပြီးသား အချက်တွေမှာ အမှားရှိနေမလား ( ရှိကောင်း ရှိပါလိမ့်မယ် ) – စိတ်ကြိုက် ဖျက်ချနိုင်ပါတယ်။ ကျနော့ အနေနဲ့ – စာအုပ်ဆိုင်က အပြန်မှာ မိတ်ဆွေ တစ်ယောက်ရဲ့ ပြော စကားကို စဉ်းစားကြည့်ရင်း တွေးမိတွေးရာ တောင်တောင် အီအီ တွေးကြည့်နေမိခြင်းသာ ဖြစ်ပါတယ်။

…………………..

http://zayyablogger.blogspot.com/
https://zayya.wordpress.com/
http://zayya.blog.com/

…………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: