တဝဲလည်လည် ဖြစ်ရခြင်းများ

ဒီရက်ပိုင်းအတွင်း အဖတ်အများဆုံးနဲ့ စာအရေးဖြစ်ဆုံး ဟာ http://www.messagefrommasters.com/ က ဖြစ်ပါတယ်။ အိုရှိုး၊ ဂျစ်ဒူး ခရစ်ရှနမူရတိ၊ ဗုဒ္ဓ၊ ဇင် စသဖြင့် ဖတ် ဖြစ်တယ်။ စစတွေ့ကတည်းက တစ်နေရာထဲမှာ အစုံအလင်နဲ့ အလွယ်တကူ တွေ့ရတာမို့ အကြိုက်ဆုံး ၊ အနှစ်သက်ဆုံး ဆိုဒ် တစ်ခု ဖြစ်လာခဲ့တယ်။ အကြောင်းတိုက်ဆိုင်တယ်ပဲ ဆိုမလား။ ဆရာ ရဲထက်ရဲ့ အိုရှိုးပြောတဲ့ ဟင်းလင်းပြင် စာအုပ် ပြီးခဲ့တဲ့လက ပုံနှိပ် ထွက်လာ ခဲ့တယ်။ ရှိပြီး ဖတ်ပြီးသားတွေ ဘာသာပြန်ဆိုထားတာ သက်သက် ပေမယ့် အားပေးတဲ့ ၊ လေးစားတဲ့ အနေနဲ့ ဝယ်လာခဲ့တယ်။

အဲ့စာအုပ်မှာ ဆရာပါရဂူရဲ့ အမှာ၊ ကိုရဲထက်ရဲ့ နိဒါန်း အဲ့ဒါတွေက ဆွဲဆောင်မှု ရှိတယ်။ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ဆရာပါရဂူရဲ့ ဩဇာဟာ ကျနော့အပေါ်မှာ ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဆရာပါရဂူ အပေါ်ကိုလည်း ဗုဒ္ဓ၊ အိုရှိုး၊ ခရစ်ရှနတို့က ၅၀ ရာခိုင်နှုန်း ကျော်ကျော် ဩဇာ သက်ရောက်ခဲ့တယ် လို့ ဆိုပါတယ် ။ ဒါဆို ကျနော့် ဆီမှာ ဟိုးငယ်စဉ်ကတည်းက ဒီပုဂ္ဂိုလ်တွေ၊ ဒီလူတွေရဲ့ ဩဇာဟာ ကိုယ်သာ နာမည် မမြင်မသိခဲ့ပေမယ့် စိုးမိုးပြီးသား ဖြစ်နေတယ်လို့ ဆိုရမလို ပဲ။

ဩဇာ သက်ရောက်ခံရတာဟာ လွတ်လပ်တဲ့ လူသား တစ်ယောက် အတွက် သွေဖယ်တဲ့ အဖြစ်တစ်ခုလို့ အဆိုရှိတယ် ။ ဒါပေမယ့် ဒီလူတွေရဲ့ ဩဇာက အခြား ဝါဒ၊ အခြား ဒဿနတွေရဲ့ ဩဇာနဲ့ မတူဘူး။ အခြား ဒဿနတွေရဲ့ ဩဇာ စီးဆင်းမှု လို လှောင်ချိုင့်တံခါးကို ဆွဲပိတ်ထားတာ မဟုတ်ဘူး။ သူတို့ရဲ့ ဩဇာက လှောင်ချိုင့်တံခါးကို ဖွင့်ပေးတာ သက်သက် ဖြစ်ပါတယ်။ သူတို့က ဘာကို လုပ်ပါ။ ဘာကိုမလုပ်ပါနဲ့။ သူတို့ကိုပဲ ယုံပါ၊ အခြားကို မယုံပါနဲ့လို့ မပြော ဘူး။ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် သိသင့်တယ်။ လွတ်လပ်မှု ဆိုတာ ဘာလဲ ၊ လွတ်လပ်မှု ဆိုတာ ရှိသင့်တယ်၊ ရိုးရှင်းမှု ဆိုတာဘာလဲ။ ရိုးရှင်းမှု ဆိုတာ ရှိသင့်တယ်။ ဘဝရဲ့ ပြဿနာက ဘာလဲ။ ဘဝရဲ့ ပြဿနာကို သိသင့်တယ် ။ အဲ့ဒါတွေကိုပဲ လက်ညှိုး ညွှန်ပြခဲ့ကြတာ ဖြစ်ပါတယ်။

လမ်းကြောင်းကို လက်ညှိုးညွှန်ပြတဲ့ နေရာမှာ သူတို့က လက်ညှိုးကို ကြည့်ခိုင်းနေတာ မဟုတ်ဘူး။ လက်ညှိုးညွှန်ပြတဲ့ နေရာ၊လမ်း သက်သက်ကိုသာ ဖြစ်ပါတယ် ။ ဒီညွှန်ပြရာကို ခင်ဗျား သွားရင် ဒီလိုဟာကို တွေ့ပါလိမ့်မယ်။ လမ်းပြတာ သက်သက်ပဲ ။ ဒီလမ်းကို သွားရင် ဒီကိုရောက်မယ်။ ဟိုလမ်းကို သွားရင် ဟိုကို ရောက်မယ်။ သွားတာ မသွားတာကတော့ ခင်ဗျားနဲ့ပဲ ဆိုင်တယ်။ အတင်းအကျပ် သွားပါလို့ မပြောဘူး။ ဒီလို လမ်းညွှန်မှုမျိုး အခြားမှာ ရှင်းရှင်းလင်းလင်း ရှိပါရဲ့လား။ သူတို့ရဲ့ ဟောကြားသမျှမှာ – သူတို့ကို သိပါလို့ မပါဘူး။ ခင်ဗျားကိုယ် ခင်ဗျား သိပါလို့ပဲ ပါတယ်။ ခင်ဗျားရဲ့ ကမ္ဘာကို ခင်ဗျား ဖန်တီးလို့ ရတယ်။ ဖန်တီးနိုင်တယ်။ ဘယ်လို ဖန်တီးရင် ဘယ်လိုသက်ရောက်နိုင်တယ်။ ခင်ဗျားမှာ အမြင်တွေ မကြည်လင်ဘူးလား။ ခင်ဗျား ရဲ့ မှန်က မှုန်ဝါးနေသလား။ သူတို့က ကြည်လင်အောင် ကိုယ်တိုင် ကိုယ်ကျ လာသုတ်ပေးတာ မဟုတ်ဘူး။ လာလည်း မသုတ်ပေးနိုင်ဘူး။ ဒီမှန်ကို ကြည်လင် ချင်ရင် ခင်ဗျား ဘယ်လို သုတ်တာ ပိုကောင်းမယ်။ သုတ်ရမယ့် သူက ခင်ဗျား ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒါကိုပဲ သူတို့ ပြောခဲ့ကြပါတယ်။

ဥပမာ တစ်ခုအနေနဲ့ ပြောလက်စ စကားကို ကျနော့်အသိနဲ့ ကျနော် နည်းနည်းရှင်းကြည့်ပါမယ်။ ဗုဒ္ဓ၊ ဇင်၊ အိုရှိုး၊ ခရစ်ရှန စသဖြင့် သူတို့အားလုံးရဲ့ တစ်ကြောင်းထည်းသော အသံက –

ပတ်ဝန်းကျင်မှာ၊ ဘဝမှာ၊ ဒုက္ခ ရှိတယ်။ ဒါဟာ ရှောင်လွှဲမရနိုင်တဲ့ တကယ့် အဖြစ်အမှန်ပဲရယ်။ လွတ်လွတ်လပ်လပ် ပျံသန်းနေမယ့် ငှက်တစ်ကောင် အတွက်တောင် ကောင်းကင် မိုးကုပ်စက်ဝိုင်းက အတားအဆီး ရှိနေသေးတယ်။ လူတွေမှာ ခန္ဓာရဲ့ ဒုက္ခ ၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေး၊ ယဉ်ကျေးမှု စသဖြင့် ဆိုင်ရာအလိုက် ကျဉ်းပိတ်နေတဲ့ ၊ ဖြေရှင်းနေရတဲ့ စည်းဘောင် ဒုက္ခ ၊ စတာတွေ ရှိတယ်။ အဲ့ဒါတွေ နဲ့ မလွတ်မလပ် ကျဉ်းကျပ်နေတယ်။ လွတ်လပ်မှုကို ရှာတဲ့သူ အတွက် ၊ ဒုက္ခက လွတ်မြောက်ချင်သူ အတွက် အဲ့ဒါဟာ တကယ့်ပြဿနာတွေလား။ လွတ်လပ်မှုကိုမရှာချင်ပါဘူး ဆိုတဲ့ သူတွေမှာလည်း၊ ဒုက္ခက မလွတ်မြောက်ချင်ပါဘူး ဆိုတဲ့သူတွေမှာလည်း ညည်းတွားကြတဲ့ အကြောင်းက ဒီပြဿနာတွေပါပဲ။ အဲ့ဒီ ပြဿနာတွေကရော ဒီစည်းဘောင်ထဲကပဲ မဟုတ်လား။ အဲ့တော့ မေးပါမယ်။ ဒီဟာတွေက တကယ့် ပြဿနာတွေလား။

ပြဿနာမရှိ – ပြဿနာရှာတဲ့သူကို ဘယ်သူမှ မကြိုက်ကြဘူး ။ ဟုတ်တယ်ဟုတ်။ အဲ့လိုသာဆိုရင် ကျနော်တို့ဟာ ကျနော်တို့ကိုယ်ကိုယ် ကျနော်တို့ မကြိုက်ကြဖို့ပဲ ရှိတယ်။ ဘာလို့ ဆို ပြဿနာ ကိုယ်တိုင်က ကျနော်တို့ ဖြစ်နေလို့ပါ။

အများ ထင်ကြတာက အခြားတစ်ယောက်ယောက်က၊ ( ဒါမှမဟုတ် ) တစ်ခုခု က ကိုယ့်ကို ပြဿနာလာရှာနေတယ်။ ကိုယ်က ကိုယ့်ဟာကိုယ် အေးဆေးနေနေတယ်။ ပြဿနာတွေက တစ်ခုပြီး တစ်ခု ဖြစ်တယ်။ အဲ့ပြဿနာတွေကို ရှင်းနေရတယ်- အဲ့တော့ စိတ်ညစ်တယ်၊ စိတ်ရှုပ်တယ်၊ ဒုက္ခပဲ – စသဖြင့် ညည်းတွားကြတယ်။ ဟုတ်ပါရဲ့လား မသိ။ ဆိုလိုတာက လူအများရဲ့ အတွေးမှာ ပြဿနာ က တစ်ခြား၊ ကိုယ်က တစ်ခြား ခံယူထားပြီးသား ရှိနေကြတယ်။

ဇာတ်လမ်းလေး တစ်ခု ပြောကြည့်မယ်။ စိတ်ရောဂါကု ဆရာဝန်ဆီကို လူတစ်ယောက်ရောက်လာတယ်။ သူပြောတာက “ဆရာ၊ ကျနော် ရူးနေပြီ ထင်တယ်။ ကျနော့ကိုယ် ကျနော် မြင်းကျား တစ်ကောင် ဖြစ်တယ်လို့ အမြဲတွေးနေမိတယ်။ မှန်ကြည့်တဲ့ အခါတိုင်းလည်း ကျနော့ တစ်ကိုယ်လုံး အမည်းရောင် အစင်းတွေချည်း မြင်နေရတယ်” တဲ့။ ဆရာဝန်က အဲ့လူနာကို စမ်းသပ်တယ်။ စစ်ဆေးတယ်။ စိတ်အေးအေးထားဖို့ ညွှန်ကြားပြီး “ငြိမ်ငြိမ်လေးနေပါ၊ အခုလောလောဆယ် စိတ်ကို အရင်တည်ငြိမ်အောင်လုပ်ပါ၊ အိမ်ပြန်ရောက်ရင် စားကောင်းသောက်ဖွယ် စားပြီး၊ ညကို အိပ်ရေး ဝဝအိပ်ပါ။ နောက်တစ်နေ့ ခင်ဗျားကိုယ်ပေါ်မှာ အမည်းစင်းတွေ လုံးဝ ပျောက်သွားမယ်လို့ ကျနော် အာမခံပါတယ်” လို့ ပြန်ပြောလိုက်တယ်။ ဆရာဝန်ရဲ့ စကားကို နားထောင်ပြီး ဒီလူက အိမ်ပြန်သွားတယ် ။ နောက်နှစ်ရက်လောက် ကြာတော့ ဆရာဝန်ဆီ ပြန်ရောက်လာပြန်တယ်။ “ဆရာ၊ ကျနော့အခြေအနေက တော်တော်ကြီး သက်သာလာပါပြီ။ ဒါပေမယ့် ကျနော့ဆီမှာ အဖြူအစင်းတွေ ကျန်နေသေးတယ်” တဲ့။ — ဒီပြဿနာက မပြေလည်း သေးတာတော့ အမှန်ပဲ။

ဒီလူက တကယ်ရူးနေလို့တော့ မဟုတ်ဘူး။ သူ့မှာသာ အဲ့လို ရှိတာ မဟုတ်ဘူး။ လူတိုင်းမှာ အဲ့လိုပဲ ရှိနေပါတယ်။ တကယ်လို့ ခင်ဗျားက ထောင့်တစ်ထောင့်ကနေ သူတို့ရဲ့ ပြဿနာကို အကူအညီပေးရင် သူတို့က အခြား ထောင့်တစ်ထောင့်ကနေ အလားတူ ပြဿနာကို ပြန်တင်ပြလာမယ်။ ဒါဟာ လုပ်ရိုးလုပ်စဉ်ပါပဲ။ လူသာမာန် ထဲက ဖြစ်နေကျ။ ပြဿနာမရှိရင် မနေတတ်တော့ဘူး ဆိုတာမျိုး၊ ပြဿနာ ပဲကွာလို့ တစ်နေ့ တစ်ခါ မညည်းတွားရရင် စားမဝင် အိပ်မပျော် သလိုမျိုး။

ကျနော် ငယ်စဉ်က ဖြစ်ရတဲ့ အကြောင်းတစ်ခု ရှိတယ်။ ကျနော့အဖေက ကျနော့ကို ချစ်လွန်းလို့ ဖြစ်မယ်။ အစစ အရာရာ စောင့်ကြပ်တယ်။ ထိန်းချုပ်တယ်။ ကျနော့ကို လွတ်လပ်မှု ပေးတန်သလောက် ပေးပေမယ့် တစ်နေ့တစ်ခါ၊ ဒါမှမဟုတ်၊ နှစ်ရက်တစ်ခါ အဆူအဆဲ၊ ( တစ်ခါတစ်လေ ) အရိုက်အပုတ် ရှိခဲ့တယ်။ အဲ့လိုနဲ့ ကြီးပြင်းလာ၊ တက္ကသိုလ်ရောက်လာတဲ့ အထိ။ နောက်ပိုင်း စီးပွားရေး ကိစ္စတွေနဲ့ အဖေက ခရီးထွက်သွားလို့ ၊ ကျနော် တစ်ပါတ်လောက်ကြာအောင် အဆူအဆဲ မခံရတဲ့ အခါမျိုး၊ အဖေရှိနေလျက်နဲ့ သူ့ကိစ္စနဲ့သူ လုံးလည်လိုက်နေလို့ ကျနော့ကို တော်တော်ကြာကြာ ဂရုမစိုက်နိုင်မိတဲ့ အခါမျိုး အဲ့လိုမျိုးမှာ ကျနော် နေရထိုင်ရ တော်တော် ကသိကအောက် ဖြစ်ပါတယ်။ အဖေ ကျနော့ကိုမှ မဆူမဆဲ ၊ မရိုက်နှက်ရင် နေရထိုင်ရတာ ဟာတာတာကြီးရယ်။ တစ်ခုခု လိုနေတယ်။

ကျနော်ကြုံတွေ့ရတဲ့ ကျနော့မောင်နှမ၊ ကျနော့ပတ်ဝန်းကျင်နဲ့ မြင်ကြားမိသလောက်မှာ လည်း ဒီလိုတွေ ပဲ ။ သူတို့တွေဟာလည်း ပြဿနာမှ မရှိရင် ဟာတာတာ ဖြစ်နေကြမယ်။ ပြဿနာ မရှိတဲ့ ဘဝကို ဖြတ်သန်းဖို့ဆိုတာ အခက်အခဲ တစ်မျိုး ဖြစ်လာတယ်။ ဘာလို့ဆို ပြဿနာ မှ မရှိရင် ကိုယ့်အာရုံရဲ့ တည်ရာ၊ ကိုယ့်အာရုံရဲ့ ပျံ့လွင့်ရာက ပျောက်ဆုံးသွားလို့ပဲ။ ပြဿနာက ခင်ဗျားကို လုပ်စရာတွေပေးတယ်။ အလုပ်မရှိ အလုပ်ရှာ ကြောင်ကို ရေချိုးခိုင်းမယ်။ ပြဿနာက ခင်ဗျားရဲ့ အချိန်တွေကို သိမ်းယူလိုက်တယ်။ ခင်ဗျားကလည်း ကျေကျေနပ်နပ် ပေးလိုက်တယ်။ ( ပါးစပ်က ညည်းညူကောင်း ညည်းညူနေပါမယ်။ ဒါပေမယ့် ကျေနပ်တယ် )

တကယ်လို့သာ ဒီလို ပြဿနာတွေမှ မရှိရင် ကျနော်တို့ရဲ့ ပျံ့လွင့်ချင်ရာ လွင့်နေတဲ့ စိတ်က ဘယ်ရောက်သွားမလဲ။ ပြဿနာတွေ ဘာမှ မရှိတော့ဘူး – အေးချမ်းပါပြီ ဆိုတာနဲ့ လွင့်ချင်ရာ လွင့်တဲ့ စိတ်ဟာ ကန်ထဲက ဆယ်ပြီး ကုန်းပေါ်ပစ်တင်လိုက်တဲ့ ငါးလို ဖြတ်ဖြတ် လူးသွား တယ်။ နေသားတကျ ပြဿနာ အကျဉ်းအကျပ်တွေကြားက ဟင်းလင်းပြင်ကြီးထဲ ဝုန်းခနဲ ရောက်သွားတယ်။ ကုန်းပေါ်မှာ ရောက်နေတဲ့ ငါးဟာ ရေရှိရာကို အတင်းရှာသလို ၊ ဟင်းလင်းပြင်ထဲ ရောက်သွားတဲ့ စိတ်က ပြဿနာရှိရာကိုပဲ ပြန်ဦးတည်၊ ခုန်ချ သွားတော့တယ်။

“ကျနော်တို့ အေးချမ်းချင်တယ်။ ဒါပေမယ့် ပြဿနာတွေနဲ့ဗျာ” လို့ ပြောလေ့ပြောထ ရှိပါတယ်။ ထင်တတ်ကြတာက ပြဿနာတွေ ရှင်းနေရတာ ကြောင့် အေးချမ်းရာကို မရှာနိုင်တာ၊ အေးချမ်းရာကို ရောက်အောင် မသွားနိုင်တာ။ အဲ့လို ဆိုလိုချင်တာ မဟုတ်လား။ တကယ့် လက်တွေ့ကို ကြည့်ကြည့်ပါ ။ ပြောင်းပြန် ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ တကယ်က ပြဿနာတွေကြောင့် အေးချမ်းရာကို မသွားနိုင်တာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်က အေးချမ်းရာကို မသွားချင်တာကြောင့်ပဲ ဆိုတာ တွေ့နိုင်ပါမယ်။

ဒါကြောင့်မို့ အေးချမ်းရာကို ရှာဖွေတဲ့လမ်း၊ ဓမ္မရဲ့လမ်းဟာ ကိုယ့်ကိုယ်ကိုယ် ဟန်မဆောင်ရဘူး ဆိုတဲ့ အချက်ကို အရေးတကြီး ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မြင်အောင် ကြည့်နိုင်ဖို့ အထူးသဖြင့် ဟောကြားကြရတာ ဖြစ်ပါတယ်။ ကျနော် အဲ့လိုပဲ ခံယူတယ်။

ကျနော်တို့ ဘဝမှာ မကြာခဏ တွေ့တွေ့နေရတဲ့ ဒီ ပြဿနာ ဆိုတဲ့ ကိစ္စ ကိုပဲ ကြည့်ကြည့်ပါ။ ဟန်ဆောင်ဖုံးကွယ်တာတွေ၊ မရိုးသားတာတွေ၊ ကိုယ့်ကိုယ်ကိုယ် မမြင်နိုင်တာတွေ ရောပြွမ်း နေပါတယ်။ ပြဿနာက ကိုယ့်ကို ဒုက္ခလာရှာနေတယ်လို့ ထင်တယ်။ ညည်းတွားနေပေမယ့် လည်း ကျေနပ်နေကြတယ်။ ကျေနပ်မနေပါဘူး လို့ ဘယ်လိုငြင်းငြင်း ၊ ပြဿနာ မရှိရင် မနေနိုင်တဲ့ ကိုယ့်အဖြစ်က ကိုယ့်ကိုယ်ကိုယ် ပြန်ဖော်နေတာ တွေ့ပါလိမ့်မယ်။ အဲ့တော့ မေးစရာ က – ခင်ဗျား ဘာလို့ ပြဿနာကို ဖန်တီးရတာလဲ။ ဒါတွေဟာ တကယ်ပဲ ကိုယ်နဲ့ အပ ပြဿနာတွေ ဟုတ်ရဲ့လား။ ဒီမေးခွန်းတွေကို အခုလိုရော တကယ် မေးကြည့်မိဖူးပါသလား။ အမှန်က ခင်ဗျားမှာ ကြုံတွေ့ရတဲ့ ပြဿနာ အများစုဟာ ခင်ဗျား ဖန်တီးတာပဲ မဟုတ်လား။ ပြီးတော့ ဒီလို ပြဿနာ ဖန်တီးရတာကိုလည်း ကျင့်သားရနေပြီ မဟုတ်လား။ အဲ့တော့ နောက် ဘာဖြစ်လာမလဲ။ ပြဿနာနဲ့ အဖော်လုပ်ရတာ ပျော်တယ်။ တကယ်လို့သာ ဒီလို ပြဿနာတွေ မရှိဘူးဆိုရင် အထီးကျန်နေသလိုလို ခံစားရမယ်။ ဟင်းလင်းပြင်ကြီးထဲ ကျသွားသလိုလို ဟာတာတာ ကျန်နေခဲ့မယ်။ တစ်ခုခု လိုနေမယ်။

အဲ့တော့ ကျနော်တို့ဟာ ကျနော်တို့ ဒုက္ခကို ကျနော်တို့ ကျေကျေနပ်နပ် ရှာနေကြတာပဲ ဆိုတဲ့ ရလာဒ် အဖြေမှာ အဆုံးသတ် သွားတယ်။ ဒုက္ခကို ကျနော်တို့ ကြောက်တယ်သာ ပြောတာ- တကယ်က မကြောက်ဘူးရယ်။ ကျနော်တို့ ကြောက်ကြတာက ဒီလို ဒုက္ခတွေ မရှိတော့ဘဲ ဟာတာတာနဲ့ ဗလာကြီး ဖြစ်ကျန်ခဲ့မှာ၊ ဘာပြဿနာမှ မတွေ့ရတော့ဘဲ အထီးကျန် နေရစ်ခဲ့ရမှာ ကို ကြောက်နေကြတာပဲ ဖြစ်ပါတယ်။

………………………………..

http://zayyablogger.blogspot.com/

https://zayya.wordpress.com/

http://zayya.blog.com/

……………………………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: