စစ်နှင့် စစ်ပြင်ဆင်ရေး ကာလ : Osho

မေးတဲ့သူကလည်း မေးခဲ့တယ်။

မေး။ ။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသွားတော့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေး ပြန်ရလာခဲ့ပါတယ်။ ဒီအချိန်မှာ နိုင်ငံရေး သမားတွေ ဘာလုပ်နေမယ် လို့ ဆရာ ထင်ပါသလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေး ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ကမ္ဘာ့သမိုင်းမှာ အချိန်ကာလ အပိုင်းအခြားကြီး ( ၂ ) ခု တည်ရှိတယ်။ အဲ့ဒါကတော့ ကျနော်တို့ သိထားပြီး ဖြစ်တဲ့ ( ၁ ) စစ်ပွဲကာလ နဲ့ ( ၂ ) ငြိမ်းချမ်းရေးလို့ ကျနော်တို့ ခေါ်တွင်တဲ့ ကာလ တို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ငြိမ်းချမ်းရေး ဆိုတာ မကောင်းမှုကို ဖုံးကွယ်တဲ့ မျက်နှာဖုံးစွပ် စကားလုံး တစ်ခုပဲ ။ သူ့ရဲ့ မူလဇာတ် သရုပ်အမှန်က နောက်တစ်ကြိမ် “စစ်ပွဲ” တစ်ခု ဖြစ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ သမိုင်း ဖြစ်စဉ် တစ်ခုလုံးမှာ အဓိကက အဲ့ဒီ အခြင်းအရာ ( ၂ ) ခုပဲ ပါဝင်တယ်။ စစ်ပွဲ နဲ့ စစ်ပွဲ ဖြစ်ဖို့ရာ ပြင်ဆင်ခြင်းပဲ။

Osho

အခု ခင်ဗျားက ကျွန်တော့ကို မေးတယ်။ ငြိမ်းချမ်းရေး ပြန်ရပြီ ဆိုတော့ နိုင်ငံရေးသမားတွေ ဘာလုပ်နေမလဲ ။ ဟုတ်တယ်ဟုတ်။

နိုင်ငံရေး သမားတွေကတော့ သူတို့ လုပ်နေကျ အလုပ်ကိုပဲ ဆက်လုပ်နေမှာ သေချာပါတယ်။ သူတို့ လုပ်နေကျ အလုပ်တွေ ဆိုတာက သဘောတရား တွေ၊ မူဝါဒတွေ အကွဲကွဲ အလွဲလွဲ ပိုဖန်တီး ဖြေရှင်းမယ်။ လူထု အုံကြွပြီး အခြေအနေတွေ မငြိမ်သက်အောင် လှုံ့ဆော်မယ်။ မတရားမှုတွေ ပိုများလာအောင် သွေးထိုးလာမယ်။ အဖျက်စွမ်းအား ပိုကောင်းမယ့် လက်နက်ဆန်းတွေ အဆမတန် ထုတ်မယ်။ အဲ့လိုနဲ့ တတိယ ကမ္ဘာစစ် ကို ဦးတည် ပြင်ဆင်နေမယ်။ အဲ့ဒါဟာ နိုင်ငံရေး သမားတွေ လုပ်မယ့် အလုပ်တွေပဲ ဖြစ်ပါတယ်။ နည်းနည်းများ ရွဲ့ရာ ကျနေ မလား။

တစ်ခါက သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းက ဒီလို အမေးခံရဖူးတယ်။ ခင်ဗျားက အဏုမြူ စွမ်းအားကို တီထွင်ခဲ့တဲ့ သိပ္ပံ ပညာရှင် တစ်ဦး အနေနဲ့ တတိယ ကမ္ဘာစစ်မှာ ဘာတွေဖြစ်လာမလဲ၊ ကျနော်တို့ကို ကြိုပြီး ပြောပြနိုင်မလား။ တဲ့။

အိုင်းစတိုင်းက မျက်ဝန်းထဲမှာ မျက်ရည်တွေ စို့ပြီး ပြန်ပြောခဲ့တယ်။ “တတိယ ကမ္ဘာစစ် အကြောင်း ကျနော့်ကို မမေးပါနဲ့။ တတိယ ကမ္ဘာစစ် အကြောင်း ကျနော် ဘာမှ မသိဘူး။ ဒါပေမယ့် ခင်ဗျားက စတုတ္ထကမ္ဘာစစ် အကြောင်း သိချင်တယ် ဆိုရင်တော့၊ တစ်ချို့တစ်ဝက် ပြောပြလို့ ရနိုင်မယ်”

ရုတ်တရက် မမျှော်လင့်ထားတဲ့ အဖြေမျိုးမို့ မေးခွန်းထုတ်တဲ့ သတင်းစာ ဆရာက အံ့အားသင့် သွားခဲ့တယ်။ ဒီလူကြီးက တတိယ ကမ္ဘာစစ် အကြောင်းကိုတော့ မသိဘူး ပြောပြီး၊ စတုတ္ထ ကမ္ဘာစစ် အကြောင်းကိုကျတော့ သိနေပြန်တယ်။ ဘယ့်နှယ်ဟာလဲပေါ့။ သတင်းစာ ဆရာလည်း စိတ်လှုပ်ရှားပြီး “ ဒါဆိုလည်း ဆရာကြီးရယ်၊ စတုတ္ထ ကမ္ဘာစစ် အကြောင်းပဲ ကျနော့ကို ပြောပါ” လို့ ထပ်မေးလိုက်တယ်။

အိုင်းစတိုင်းက “တစ်ခုပဲ ပြောစရာရှိတယ်။ အဲ့ဒါကတော့ စတုတ္ထ ကမ္ဘာစစ်ဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး” တဲ့။ အမှန်ကလည်း တတိယ ကမ္ဘာစစ်ဟာ ကမ္ဘာရဲ့ နောက်ဆုံး စစ်ပွဲ ဖြစ်ပါလိမ့်မယ်။ ဒီ နောက်ဆုံး စစ်ပွဲ အတွက် နိုင်ငံရေး သမားတွေဟာ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးကတည်းက ငြိမ်းချမ်းရေး တို့ စစ်အေးကာလ တို့ ဆိုတဲ့ စကားလုံးတွေ သုံးပြီး အကြီးအကျယ် ပြင်ဆင်နေကြတာပဲ။ ကျနော်တို့ ကြုံတွေ့ သိရတာတွေထဲမှာ ဒီနိုင်ငံရေး သမားတွေနဲ့ သူတို့ရဲ့ ပရိယာယ်ဟာ အကျည်းတန်ဆုံး အရုပ်ဆိုး ဆုံးပဲ။ ပိန်းပိတ်အောင် မှောင်နေတဲ့ အမှောင်ည နဲ့ တူနေတယ်။ သတိရမိတဲ့ စကားပုံလေး တစ်ခုရှိတယ်။ ညဥ့်ရဲ့ အမှောင်ဆုံး ကာလဟာ အရုဏ်ကျင်းဖို့ နီးလာတာ ဖြစ်ပါတယ် တဲ့။ အဲ့အတိုင်း ဖြစ်ပါ့မလား။ ကျနော် သံသယ ရှိပါတယ်။ ကျနော်တို့ အခု ဝန်းရံပိတ်ဆို့နေတဲ့ ပိန်းပိတ်နေတဲ့ အမှောင်ထုကြီးက အရုဏ်တက်ဖို့ ဆိုတာကော ရှိနိုင်ပါ့မလား။

၁၉၄၅ နောက်ပိုင်း ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာ ပြောကြည့်ရအောင်။ ဒီအဖြစ်အပျက်တွေကို လူတွေ မသိအောင်၊ ဗဟုသုတ မရှိအောင် အများအားဖြင့် ဖုံးကွယ် ထားခဲ့ကြတယ်။ အဲ့ဒါကြောင့်လည်း ကျနော်တို့ဟာ အချိန်မရွေး ပေါက်ကွဲနိုင်နေတဲ့ မီးတောင်ကြီးပေါ် ထိုင်မိနေမှန်း မသိဘဲ ရှိနေကြတာ ဖြစ်ပါတယ်။ လူတွေက အသေးအမွှား ပြဿနာတွေ ထဲမှာပဲ တဝဲလည်လည် ဖြစ်နေတယ်။ အဲ့လို ဖြစ်အောင်လည်း သူတို့က လမ်းလွှဲထားခဲ့တယ်။ မြင်ပါရဲ့လား။

၁၉၄၅ ခုနှစ်နောက်ပိုင်း ဖွံ့ဖြိုးဆဲ နိုင်ငံ ( ၆၆ ) နိုင်ငံမှာ စစ်ပွဲပေါင်း ( ၁၀၅ ) ပွဲ ဖြစ်ပွားခဲ့တယ်။ ( အဲ့ဒါက အဲ့အချိန် မှတ်တမ်းအရ အောက်ထစ် အနည်းဆုံး ဖြစ်ပါတယ်။ ) ဒါနဲ့ ပတ်သက်ပြီး တစ်ယောက်တစ်လေက လိုလိုလားလား မေးနိုင်တယ်။ “ဘာလို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာမှ ရွေးဖြစ်ရတာလဲ” အမေရိကန် နဲ့ ရုရှားတို့လို ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေက ဖျက်အားပြင်းတဲ့ လက်နက်ကြီးတွေ တီထွင်ရာမှာ အတော် ခရီးပေါက် ဖွံ့ဖြိုးနေကြတယ်။ ဒီလို ခေတ်မီ နည်းပညာတွေ ဖွံ့ဖြိုးလာတာနဲ့ အမျှ ဒုတိယ ကမ္ဘာစစ်မှာ သူတို့ သုံးခဲ့တဲ့ လက်နက်တွေဟာ ဟောင်းနွမ်းပြီး ခေတ်နောက်ကျကုန်တယ်။ သူတို့ အတွက် အသုံးမဝင်တော့ဘူးလို့ ဆိုလိုပါတယ်။

ဒီတော့ လက်နက်အဟောင်းတွေ အတွက် ဈေးကွက်လိုလာတယ်။ တစ်နေရာရာကို ရောင်းမှ ဖြစ်မယ်။ အမှန်တကယ် လက်နက် ဈေးကွက် ရဖို့ကလည်း စစ်ပွဲတွေ ရှိနေမှ ဖြစ်မှာ မဟုတ်လား။ အမေရိကန်က ပါကစ္စတန်ကို လက်နက်တွေ ဆက်တိုက် ပေးခဲ့သလို အိန္ဒိယကလည်း ရုရှားလက်နက်တွေကို ဆတူ ဖြစ်အောင် တင်သွင်းတယ်။ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံလုံးက ဖွံ့ဖြိုးဆဲ နိုင်ငံတွေပါပဲ ။ နိုင်ငံ တစ်ခုက ရှရှားကနေ ခေတ်ကုန်နေတဲ့ အဟောင်းတွေ ဝယ်နေချိန်မှာ သူ့ရန်သူကလည်း အမေရိကန် ဆီမှာ ကုန်ဟောင်းတွေ ဝယ်နေတာ။ ရောင်းလိုအားလည်း ကောင်းကောင်းရှိသလို ဝယ်လိုအား လည်း ကောင်းကောင်းရှိနေတာ။ ဒါကြောင့်မို့ အရောင်းအဝယ်ကောင်းကောင်း ဖြစ်ကြ တယ် မဟုတ်လား။

ဒီလို အရောင်းအဝယ် ကောင်းနိုင်ဖို့ ဖွံ့ဖြိုးဆဲ နိုင်ငံ အချင်းချင်း ကြားမှာ စစ်ရပ်စဲလို့ မဖြစ်ဘူး။ တကယ်လို့ စစ်မဖြစ်ဘဲ ငြိမ်သက်နေမယ် ဆိုရင် ဒေါ်လာဘီလျံ သန်းချီ ရင်းနှီးထားတဲ့ ဒီလက်နက်တွေ ကို ဘယ်သူ့ သွားရောင်းရမလဲ။ ဒါပေမယ့် ဆင်းရဲတဲ့ နိုင်ငံက နိုင်ငံရေး သမားတွေကလည်း လက်နက်အဟောင်းတွေ ဝယ်ဖို့ အဆင်သင့် ဖြစ်နေပြန်ပါတယ်။ သူ့လူတွေ ငတ်မွတ်လို့ သေလု မြောပါး ဖြစ်နေတာတောင် သူတို့ အသုံးစရိတ်ရဲ့ ၇၅ ရာခိုင်နှုန်း ဟာ စစ်ပွဲထဲမှာပဲ သုံးနေကြတယ်။

ပျမ်းမျှ စစ်ပွဲ တစ်ပွဲဟာ သုံးနှစ်ခွဲလောက် ကြာမလား။ ဒီထက်ပိုကောင်း ပိုမယ်။ ဆိုပါစို့။ ဒါနဲ့များတောင် ဘယ်သူက ငြိမ်းချမ်းရေး ပြန်ရနေပြီလို့ ပြောရတာလဲ။ နိုင်ငံပေါင်း ( ၆၆ ) နိုင်ငံရဲ့ စစ်ပွဲ ( ၁၀၅ ) ပွဲဟာ ငြိမ်းချမ်းရေးလား။ ဒီစစ်ပွဲ တွေကြောင့် လူပေါင်း ( ၁၆ ) သန်း သေဆုံးရတယ် ။ အဲ့ဒါကို သိပါသလား။ ဒုတိယ ကမ္ဘာစစ် တုန်းကလည်း လူပေါင်း သန်းနဲ့ချီပြီး သေဆုံးတယ်။ စစ်ကြီးပြီးတဲ့နောက် စစ်အေးကာလ၊ ငြိမ်းချမ်းရေးကာလ ခေါ်တဲ့ ဒီကာလမှာလည်း လူပေါင်း ( ၁၆ ) သန်းက ဒီ ဒေသန္တရ စစ်ပွဲတွေမှာ သေဆုံးကြတယ်။ ဒါနဲ့တောင် ခင်ဗျားက ငြိမ်းချမ်းရေးလို့ ပြောချင်သေးသလား။

နိုင်ငံရေး သမားတွေ ဥာဏ်များသလောက်၊ ကျနော်တို့ ပြည်သူတွေ ဘာလို့ ထုံအနေကြတာလဲ။ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ တစ်ချက်ကလေး လှည့်မကြည့်ချင်ကြဘူးလား။ အသေးအမွှားလေး တွေ အတွက် ရန်ဖြစ်ကြတယ်။ ချစ်တင်းနှောကြ၊ စိတ်ကောက်ကြတယ်။ အိန္ဒိယမှာ ဘယ်ခရိုင်နဲ့ ဘယ်ခရိုင်၊ ဘယ်ဒေသနဲ့ ဘယ်ဒေသ ၊ ပူးပေါင်းမယ်၊ ခွဲမယ်၊ သူ့ဘက်မှာ ရှိရမှာလား၊ ငါ့ဘက်မှာ ရှိရမှာလား ၊ ဒီလိုကိစ္စတွေနဲ့ အဆက်မပြတ် သတ်ပုတ်နေကြတယ်။ နှစ်ပေါင်း ( ၃၀ ) ကျော် ကြာမြင့်နေပါပြီ။ ဒီ ကိစ္စကလေးတောင် မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေကြတယ်။ မေးချင်တာက ဘယ်သူမှ မဆုံးဖြတ်ချင် ကြတာလား။ တရားမျှတတဲ့ စောင့်ကြည့်မှုအောက်မှာ အသေးစား လူထု ဆန္ဒခံယူပွဲလေးလုပ်ပြီး မဲခွဲလိုက်ရင်တောင် လူတွေဟာ သူတို့ ဘယ်မှာ နေချင်တယ်ဆိုတာ သူတို့ ဆုံးဖြတ်ကြလိမ့်မယ်၊ အချင်းချင်း သတ်ဖြတ် နေစရာ လိုလို့လား။ ( ပြဿနာက ခင်ဗျား ထင်သလောက် မလွယ်ဘူးလို့ ဆိုရင် အခြားဖြေရှင်းနည်းကို မသိကြတော့ဘူးလား ) ကြည့်ရတာကတော့ နိုင်ငံရေး သမားတွေဟာ တစ်နေရာမဟုတ် တစ်နေရာ မှာ ပြဿနာ တက်နေတာ စိတ်ဝင်စားပုံ ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြဿနာတွေ ရှိမှ သူတို့က အသုံးဝင်သူတွေ ဖြစ်လာမှာကိုး။

လူပေါင်း ( ၁၆ ) သန်း ဟာ စစ်အေးကာလမှာ အသတ်ခံရပြီ။ အဲ့ဒါတောင် ခုချိန်ထိ စာသင်ကျောင်းတွေ၊ ကောလိပ်တွေ၊ တက္ကသိုလ်တွေမှာ “ကျနော်တို့ဟာ ငြိမ်းချမ်းရေး ကာလမှာ နေထိုင်နေတာ ဖြစ်တယ်” လို့ ထပ်ကာတလဲလဲ ပြောဆိုနေကြတယ်။ ( ပိုသာပြီး ပြောတယ်လို့ ဆိုဆို- ) တကယ်က ကမ္ဘာစစ်ကြီးကတောင် ပိုပြီး ငြိမ်းချမ်းနေသလိုလိုပဲ။ ဘာလို့လဲဆိုတော့ ဒုတိယ ကမ္ဘာ စစ်မှာ ဂျူးလူမျိုး ( ၆ ) သန်းပဲ သေရင်သေမယ်။ ( အဲ့ထက်မက ရှိမယ် ) ငြိမ်းချမ်းရေး ကာလမှာ အဲဒီထက် ( ၃ ) ဆ များတဲ့ လူတွေ အသတ်ခံရတယ်။

ဒေသန္တရ စစ်ပွဲ အများစုဟာ အာရှတိုက်မှာ ဖြစ်ကြတာ များတယ်။ ဒါဟာ အင်အားကြီး နိုင်ငံရဲ့ နိုင်ငံရေး သမားတွေက အခြားနိုင်ငံ တစ်ခုခုမှာ အမြဲတမ်း တိုက်ခိုက်နေအောင် စီမံထားတဲ့ သူတို့ရဲ့ ဗျူဟာ တစ်ခုသာ ဖြစ်ပါတယ်။ ရုရှားနဲ့ အမေရိကန်တို့ အာဖဂန် နစ္စတန်မှာ တိုက်ကြတဲ့ အတွက် အာဖဂန် ပြည်သူတွေ သေဆုံးကြတယ်။ အာဖဂန် ဟာ တစပြင် ဖြစ်လာတယ်။ ဒါပေမယ့် အမေရိကန်နဲ့ ရုရှားကတော့ လက်နက် ရောင်းချရေး ကနေ အမြတ်အစွန်း ရတယ်။ သူတို့ရဲ့ စစ်ရေး ကျွမ်းကျင်သူတွေနဲ့ လက်နက်တွေကို စစ်မြေပြင်ဆီ ပို့ပြီး အာဖဂန်သားတွေကို သင်တန်းတွေ လေ့ကျင်ရေးတွေ ပေးတယ်။ အခုအခါမှာ ဘင်္ဂလားဒေ့ရှ်နဲ့ အမေရိကန်၊ ကိုရီးယားနဲ့ အမေရိကန် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း ပုံစံမျိုး။ အဲ့လိုနဲ့ ဘက်တွေ ကွဲပြီး သတ်ကြ ဖြတ်ကြတယ်။ တစ်ဖက်က အမေရိကန် ဆီက လက်နက်တွေ ယူပြီး ကျန်တစ်ဖက်က ရုရှား ဆီက လက်နက်တွေ ယူပါတယ်။

ဟီရိုရှီးမား နောက်ပိုင်းမှာ အရပ်သား ( ၉ ) သန်းဟာ သမားရိုးကျ ပြည်တွင်း စစ်ပွဲတွေထဲမှာပဲ သေဆုံးခဲ့ကြတယ်။ ဒါက ဘယ်လိုမှ မသင့်တော်တဲ့ ကိစ္စပဲ။ ရှေးခေတ်က ဆိုရင် စစ်ပွဲမှာ အရပ်သားတွေ အသတ်ခံရတာ နည်းမယ်။ ဘာကြောင့်လဲဆို ရန်ဖြစ်နေတဲ့ ဘုရင် နှစ်ပါး စီးချင်းထိုးပြီး ပြဿနာကို ရှင်းလိုက်ကြတယ်။ သေတဲ့ ဘုရင်က စစ်ရှုံးတာပဲ။ တကယ်က စစ်ပွဲဆိုတာ စစ်တိုက်သူသာ သေဆုံးသင့်တာ မဟုတ်လား။ အခု စစ်ပွဲနဲ့ မဆိုင်တဲ့ အရပ်သား ( ၉ ) သန်း သေဆုံးကြရတယ်။ အဲ့ဒီ အထဲမှာ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ ပါသွားကြတယ်။ သူတို့တွေက ကျောင်းထဲမှာ စာဖတ်နေတာလည်း ဖြစ်နိုင်တယ်။ စက်ရုံထဲမှာ အလုပ်လုပ်နေတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူတို့ မီးဖိုချောင်ထဲမှာ ထမင်းချက်နေတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အကြောင်းမဲ့ သေသွားကြရတယ်။

အခု ကဒါဖီ သေတဲ့ကိစ္စ၊။ တစ်ချိန်တုန်းကလည်း သူနဲ့ပတ်သက်လို့ ရှိခဲ့တယ်။ အမေရိကန်သမ္မတ ရော်နယ်ရေဂင်ဟာ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ လစ်ဗျားနိုင်ငံကို ဝင်တိုက်တယ်။ အရပ်သားတွေ နေတဲ့ နေရာကို ဗုံးကြဲတယ်။ အမှန်က သူ့ပစ်မှတ်ဟာ လစ်ဗျား ခေါင်းဆောင် ကဒါဖီကို တိုက်ချင်တာပါ။ ဒါပေမယ့် ကဒါဖီက အဲ့မြို့ထဲမှာ အိမ် ( ၃ ) လုံးပိုင်တယ်။ ( ၃ ) နေရာ ဗုံးကြဲမှတော့ တစ်မြို့လုံး ကုန်ရောပေါ့။ မဆိုင်တဲ့ အခြား အိမ်တွေ မီးထဲ ပါကုန်တယ်။ ဝေဟင်က ဗုံးကြဲတဲ့ အချိန်မှာ ကြေးစားလူသတ်သမားတွေက ကဒါဖီကို မြေပြင်မှာ ပိုက်စိတ်တိုက် ရှာတယ်။ ကဒါဖီ အိမ်မှာ မရှိရင် ဗုံးထိပြီး မသေမှာစိုးလို့။ နောက်ဆုံးတော့ ကြေးစား လူသတ်သမားတွေက ကဒါဖီရဲ့ သမီးကိုပဲ သတ်နိုင်ခဲ့တယ်။ ဒါပေမယ့် လစ်ဗျား နိုင်ငံသားတွေက ဒီလူတွေကို ဘာမှ မလုပ်ခဲ့တာတော့ အမှန်ပဲ။

အဲ့အချိန်က ရော်နယ်ရေဂင်ဟာ လစ်ဗျားကို ဗုံးကြဲဖို့ အင်္ဂလန် လေဆိပ်ကို အသုံးပြုချင်တယ်။ အင်္ဂလန် အစိုးရကလည်း ခွင့်ပြုချက် ပေးခဲ့တယ်။ အဲ့တစ်နေ့တည်းပဲ – ကျနော် အင်္ဂလန်လေဆိပ်က ခရီးသည်နားနေခန်းမှာ ( ၆ ) နာရီကြာ စောင့်ရဖို့ရှိပါတယ်။ ဒါပေမယ့် ခွင့်ပြုချက် မရခဲ့ဘူး။ အကြောင်းက ကျနော်ဟာ အန္တရာယ်များတဲ့ လူတစ်ယောက် ဖြစ်နေလို့တဲ့။ ရော်နယ်ရေဂင် အတွက် တော့ အပြစ်မရှိတဲ့ နိုင်ငံတစ်ခုကို ဗုံးကြဲဖို့ ဒီလေဆိပ်ကို အသုံးပြုခွင့် ပေးခဲ့ကြတာပဲ မဟုတ်လား။

နှစ်စဉ်နှစ်တိုင်း စစ်အတွက် ကုန်ကျစရိတ်ဟာ အမေရိကန် ဒေါ်လာ ဘီလျံသန်း ( ၇၀၀ ) မက ကုန်ပါတယ်။ နှစ်တိုင်း နှစ်တိုင်းလည်း လူ ( ၁၅ ) သန်းမက အာဟာရချို့တဲ့ သေဆုံးကြတယ်။ အစားအစာနဲ့ ကာကွယ်ဆေး တစ်ချို့တစ်လေ အတွက် တန်ဖိုးက အဲ့သလောက် မက များ နေလို့လား။ အဲ့ဒီ အစားအစာနဲ့ ဆေးဝါး လိုအပ်ချက်ကြောင့် ကမ္ဘာပေါ်က ကလေးသူငယ်တွေဟာ မိနစ်တိုင်း အယောက် ( ၃၀ ) နှုန်းနဲ့ သေဆုံးနေကြရတယ်။ ဒါပေမယ့် ကမ္ဘာ့စစ် အသုံးစရိတ်ကတော့ ပြည်သူလူထု ဘဏ္ဍာတော်ကနေ တစ်မိနစ်ကို အမေရိကန် ဒေါ်လာ ( ၃ ) သန်း ဆိုလား ဟုတ်ရဲ့- ထုတ်သုံးနေကြတယ်။ ကျနော်တို့တွေက ဒါတွေကို မသိကြတာလား၊ ဒါမှမဟုတ် သိပ်စိတ်မဝင်စားကြတာလား။ ဖြစ်နိုင်တာကတော့ ကိုယ်ကိုယ်ကိုယ် သတ်သေဖို့ ဆုံးဖြတ် ထားကြဟန် ရှိပါတယ်။

ကလေးသူငယ်ပေါင်း သန်း ( ၂၅၀ ) ဟာ အခြေခံ ပညာတောင် သင်ခွင့် မရဘဲ ရှိနေကြတယ်။ အဏုမြူ ရေငုပ်သင်္ဘောတစ်စီးရဲ့ တန်ဖိုးဟာ ဖွံ့ဖြိုးဆဲ နိုင်ငံ ( ၂၃ ) နိုင်ငံက ကျောင်းနေအရွယ် ကလေး သန်း ( ၁၆၀ ) အတွက် နှစ်စဉ်ကုန်ကျစရိတ်နဲ့ တူညီပါတယ်။ ဒါက သဘောင်္လေး တစ်စီးတည်းရယ်။ ထောင်ပေါင်း အများကြီး ရှိတဲ့ ရေငုပ်သဘောင်္တွေဟာ ကမ္ဘာအနှံ့သမုဒ္ဒရာထဲမှာ ဖြတ်သန်း သွားလာနေကြတယ်။ အခုလက်ရှိ အမေရိကန်နဲ့ ရုရှားတို့ရဲ့ ရေငုပ်သဘောင်္တွေမှာ တပ်ထားတဲ့ အဏုမြူဗုံးဟာ ဒုတိယကမ္ဘာစစ်မှာ သုံးခဲ့တာနဲ့ စာရင် ( ၆ ) ဆလောက် ပိုပြင်းပါတယ်။ ဒီငွေတွေသာ ကမ္ဘာသူ ကမ္ဘာသား ကလေးတွေအတွက် ပညာရေး၊ အစားအစာနဲ့ အာဟာရတွေ ပေးခွင့် ရရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ခက်တာက ဒီလိုကိစ္စတွေမှာ သူတို့ လုံးဝ စိတ်မဝင်စားတာပဲ ဖြစ်ပါတယ်။

အဲ့လို နိုင်ငံရေး သမားတွေဟာ သူတို့လုပ်သမျှ ဘယ်သူမှ ဝင်စွက်ဖက်တာ မကြိုက်သလို သူတို့ အပေါ်မှာ ဘယ်သူမှလည်း ရှိမနေစေချင်ဘူး။ လူသားထု တစ်ရပ်လုံးကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားကို လိုချင်နေရင်းက “ဒီမိုကရေစီ” လို့ အော်ကောင်းအော်ကြမယ်။ လုပ်ချင်ရာတော့ လုပ်တတ်ကြတယ်။

ကမ္ဘာ့သစ်တောတွေဟာ တစ်နှစ်ကို ဟက်တာပေါင်း ( ၁၈ ) သန်းကနေ သန်း ( ၂၀ ) အထိ ပျောက်ဆုံးနေရတယ်။ အဲ့ဒီ ပျောက်ဆုံးရတဲ့ ဧရိယာဟာ ကာလီဖိုးနီးယား တစ်ဝက်စာ ရှိပါတယ်။ ကာလီဖိုးနီးယား ဟာ အမေရိကန်ရဲ့ အကြီးဆုံး ပြည်နယ်တွေထဲက တစ်ခု ပါ။ အနည်းဆုံး နောက် နှစ်ပေါင်း ( ၂၀ -၃၀ ) ကြာလာရင် ဒီအပူပိုင်းဇုံ သစ်တောတွေ အားလုံး ကုန်သွားမယ်။ ဒါဆို အကျိုးသက်ရောက်မှုက အတော်ကြီး ဆိုးရွားသွားပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီသစ်တောတွေက ခင်ဗျားတို့ကို အောက်ဆီဂျင် အသက်ဓာတ်ရအောင် ထောက်ပံ့ပေးနေတာ ဖြစ်လို့ပါပဲ။ တစ်ကယ်လို့ သစ်ပင် တောအုပ်တွေဟာ ဒီနှုန်းအတိုင်း ပျောက်ဆုံးနေမယ် ဆိုရင် လူသားထု တစ်ရပ်လုံး အောက်စီဂျင် ရှာမရတဲ့ ဒုက္ခနဲ့ ကြုံရတော့မယ်။ တစ်ဖက်က ပြောရင် လူတွေဆီက မှုတ်ထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို ဒီသစ်တောအုပ်တွေကပဲ ရှူရှိုက်နေတာ ဖြစ်ပါတယ်။ ဒီသစ်ပင် တောအုပ်တွေသာ မရှိတော့ရင် ကောင်းကင်မှာ ကာဗွန်ဒိုင် အောက်ဆိုဒ် အလွှာထုကြီး စုပုံနေမယ်။ အခုတောင် အဲ့အလွှာထုဟာ ထူထပ်ပြီး သဘာဝပတ်ဝန်းကျင်လေဟာ ရှင်းရှင်းလင်းလင်း အပြည့်အဝ မရဘဲ ဖြစ်နေရတယ် မဟုတ်လား။ ဒီကာဗွန်ဒိုင် အောက်ဆိုဒ် အလွှာထုကြောင့်ပဲ ကမ္ဘာ့လေထုရဲ့ အပူချိန်ဟာ မြင့်တက်လာတယ်။ ဟိုးတုန်းကထက် စာရင် အခု အပူချိန်က ဒီကရီ တော်တော်များများ မြင့်တက်နေပြီ ဖြစ်ပါတယ်။

တကယ်လို့ သစ်တောတွေ အားလုံး ပျောက်ကွယ်သွားရင် အပူချိန်က ပိုပြီး များများ မြင့်တက်လာမယ်။ အဲ့နောက် အခြေအနေ နှစ်မျိုးနှစ်စား ဖြစ်သွားနိုင်တယ်။ ပထမ တစ်မျိုးက သက်ရှိ သတ္တဝါ မှန်သမျှ ဘယ်လိုမှ ဆက်အသက်ရှင်နိုင်ဖို့ မရှိတော့တာ။ နောက်တစ်မျိုးက တောင်ဝင် ရိုးစွန်း၊ မြောက်ဝင်ရိုးစွန်း ၊ ဟိမဝန္တာတောင်တန်း၊ အယ်လ်ပိုင်း တောင်တန်း နဲ့ အခြား တောင်တန်းတွေပေါ်က ရေခဲတွေဟာ အပူရှိန်ကြောင့် အရည်ပျော်ကျလာမယ်၊ ပင်လယ် သမုဒ္ဒရာ အားလုံးဟာ ရှိရင်း ထက် အမြင့်ပေ ( ၄၀ ) မြင့်တက်သွားပါလိမ့်မယ်။ ဒီအခါ ကျနော်တို့ နိုင်ငံတွေ၊ မြို့တွေ အကုန် ရေဖုံးလွှမ်းသွားမယ်။ ကမ္ဘာကြီး တစ်ခုလုံး ရေထဲ စုံးစုံးမြုပ်လုနီးနီး ဖြစ်လာမယ်။ အဲ့လို တက်လာမယ့်ရေတွေ ပြန်ကျသွားနိုင်ပါ့မလား။

ဒါပေမယ့် နိုင်ငံရေး သမားတွေကတော့ သူတို့ လမ်းကြောင်း အတိုင်း ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ တစ်ချိန်က ကျနော် နီပေါနိုင်ငံကို ရောက်တယ်။ နီပေါ ဆိုတာက တစ်ကမ္ဘာလုံးမှာ အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် နိုင်ငံတစ်နိုင်ငံပါ။ ဒါပေမယ့် စစ်ပြင်ဆင်မှုကို ရပ်ဆိုင်းသလား ဆိုတော့ မရပ်ဆိုင်းဘူး။ သစ်တောအုပ်တွေ ရောင်းချစားတယ်။ ဟိမဝန္တာတောင်တန်းကြီးကို ရုရှား အစိုးရဆီ ထိုးရောင်းတယ်။ ရုရှားတွေက ဟိမဝန္တာတောင်ရဲ့ တစ်ဖက်ခြမ်းက သစ်ပင်တွေ အကုန်ခုတ်လှဲပြီး နီပေါကို ခြောက်သွေ့စွာ ထားခဲ့တယ်။ ဒီသစ်ပင်တွေကနေ စက္ကူတွေ ထုတ်ဖို့။ အဲ့ဒါဘာအတွက်လဲ၊ သတင်းစာတွေ ပိုထုတ်မလို့လား။ ဘာဖြစ်လို့ သတင်းစာတွေ အများကြီး လိုအပ်ရတာလဲ။ နေ့စဉ်နဲ့ အမျှ သတင်းစာတွေက ဆင်တူယိုးမှား ချည်း ဖြစ်လာတယ်။ အခုအချိန်မှာ ခေတ်မီ နည်းပညာ ၊ ဆက်သွယ်ရေး စနစ်တွေ အများကြီးပေါ်နေပြီ။ ရေဒီယို ၊ တယ်လီဗေးရှင်း၊ ဖုန်း၊ အင်တာနက် ရှိနေပြီ။ ဘာလို့များ ဒီသတင်းစာကို အစွဲအလမ်း တကြီးထားပြီး သစ်တောတွေ ဖျက်ဆီးရတာလဲ။

နိုင်ငံရေး သမားတွေဟာ သူတို့ရဲ့ ရုပ်ပုံကို သတင်းစာ မျက်နှာဖုံးမှာ ပါစေချင်ကြတယ်။ ဒါပေမယ့် အနှစ်မရှိတဲ့ သူတို့ စကားလုံးတွေက လူတွေကို ဘယ်လောက် အန္တရာယ်ကြီးတယ် ဆိုတာ လုံးလုံးမေ့နေကြတယ်။ အဲ့အတိုင်း ပုံနှိပ်ထုတ်ဝေချင်ကြတယ်။

တစ်ချိန်ထဲမှာ ကမ္ဘာ့လူဦးရေ တိုးပွားနှုန်းကလည်း ( ၃၀ – ၄၀ ) ရာခိုင်နှုန်းအထိ တိုးမြှင့်လာနေတယ်လို့ ခန့်မှန်းတယ်။ အရေအတွက် အားဖြင့် ( ၅ ) ဘီလျံကနေ ( ၇ ) ဘီလျံ အထိ ရှိမယ်။ ဒီလူဦးရေ တိုးပွားနှုန်း အတိုင်း ဆိုရင် ကမ္ဘာကြီးရဲ့ ဒေသတစ်ဝက်ဟာ ရေကို နှစ်ဆ လိုအပ်လာမှာပဲ။ ရေတောင် ခက်ခဲနေရင် အစားအစာ ပြဿနာက နောက်ထပ် ဆွေးနွေးရမယ့် ကိစ္စ တစ်ခု ဖြစ်လာမယ်။ ကုလသမဂ္ဂက ပေးပို့တဲ့ သတင်း အချက်အလက်တွေ အရ ကမ္ဘာလုံးမှာ မြေယာဆုံးရှုံးမှုဟာ တစ်နှစ်ကို ဟက်တာ သန်း ( ၂၀ ) နဲ့ လယ်ကွင်းတွေ၊ စားကျက်မြေတွေဟာ ထုတ်လုပ်မှုတန်ဖိုး သုည အထိ လျော့ကျသွားတယ်လို့ ဆိုတယ်။ ဒါ့အပြင် တစ်နှစ်မှာ သစ်ပင် အမျိုးပေါင်း တစ်ထောင်နဲ့ တိရစ္ဆာန် အမျိုးပေါင်း တစ်ထောင် ပျမ်းမျှအားဖြင့် မျိုးတုန်း ပျောက်ကွယ်နေဆဲ ရှိပါတယ်။ ဒီနှုန်းတွေဟာ ထပ်ပြီး တိုးလာနေဦးမယ်။

အိန္ဒိယ နိုင်ငံက နိုင်ငံရေး သမားတွေနဲ့ နီပေါနိုင်ငံက နိုင်ငံရေး သမားတွေ အားလုံးဟာ ဘယ်သူမှ သစ်တော ခုတ်လှဲတဲ့ ကိစ္စကို ရပ်လိုဟန် မရှိဘူး။ ဘယ်သူကမှ လူသား ဘဝကို စိတ်မဝင်စားဘူး။ ဘယ်သူကမှ ကျနော်တို့ဦးစားပေး ကိစ္စဟာ ဘာဖြစ်ကြောင်း ရှာဖွေ စူးစမ်း မနေဘူး။ အိန္ဒိယနိုင်ငံက ဆင်းရဲတယ် ဒါပေမယ့်  သတင်းစာတွေ အများကြီးပဲ။ မဂ္ဂဇင်းတွေလည်း အများကြီး ရှိတယ်။ ဒီသတင်းစာတွေ ဂျာနယ်တွေက ကွင်းပြင်ထဲက ကောက်ယူရတာ မဟုတ်သလို ကောင်းကင်က ကျလာတာလည်း မဟုတ်ဘူး။ သစ်ပင်သစ်တောတွေ ခုတ်လှဲရတာ၊ နှစ်ပေါင်း ( ၁၅၀ – ၂၀၀ ) လောက်ကြာအောင် အချိန်ယူ ကြီးပြင်းလာတဲ့ သစ်ပင်တွေကို ခုတ်လှဲပြီးမှ ဒီသတင်းစာကို ရမှာ။

အဲ့လို ရလာတဲ့ သတင်းစာတွေက ခင်ဗျားတို့ကို ဘာပေးမတဲ့ လဲ။ နိုင်ငံရေးသမားတွေ ဖုံးတစ်ဝက် ဖော်တစ်ဝက် ချပေး ထားတဲ့ – အချက်အလက် မှန်တစ်ဝက် မှားတစ်ဝက်တွေလား။ အဲ့လို အချက်အလက်တွေနဲ့ ဒီလို ပြဿနာတွေ ပြီးသွားမလား။ အချိန်တွေက တိုတောင်းပြီး အလုပ်တွေက တစ်ပုံတစ်ပင် ရှိနေပါတယ်။ ခင်ဗျားမှာသာ သတ္တိရှိရင် ဒီစိန်ခေါ်မှုကို လက်ခံနိုင်လိမ့်မယ်။ ဘယ်နိုင်ငံရေး သမားကို မှ မှီခိုမနေပါနဲ့။ မိမိကိုယ်ကိုယ် နားလည် ထိန်းကျောင်းတတ်ဖို့ပဲ လိုမယ်။ ကိုယ်စီ ကိုယ်စီ စောင့်ထိန်းသွားနိုင်ဖို့ပဲ လိုမယ်။ နိုင်ငံရေး သမားဆိုတဲ့ သူတို့က ဘာမှ လုပ်နိုင်ဘူး။ ခင်ဗျားက သူတို့ လုပ်နိုင်မယ်လို့ရော မျှော်လင့်နေသေးသလား။ ဒီအချိန်ထိ မျှော်လင့်နေတုန်းပဲလား။ ခင်ဗျား မျှော်လင့်နေတယ် ဆိုရင် ခင်ဗျားလိုပဲ အခြားသူတွေလဲ မျှော်လင့်နေကြတယ်။ အဲ့လိုနဲ့ ခင်ဗျားလည်း အခြားသူတွေလို သေဆုံးသွားမယ်။ ကမ္ဘာကြီးက စုတ်ပြတ်ရင်း ၊ စုတ်ပြတ်ပြီး ကျန်ရစ်ခဲ့မယ်။ နိုင်ငံရေးသမား လို့ခေါ်မယ့် သူတို့တွေကတော့ – လူသားထုတစ်ရပ်လုံးကို ဘယ်နေရာဆီ တွန်းပို့နေမိတယ် ဆိုတာ သူတို့ကိုယ်တိုင်တောင် မသိဘဲ ဆက်လျောက် နေပါလိမ့်ဦးမယ်။

…………………………………..

ဒုတိယ ကမ္ဘာစစ်၊ စစ်ကြီး ပြီးဆုံးသွားတဲ့နောက် ငြိမ်းချမ်းရေး ကာလ လို့ ခေါ်တွင်ကြတဲ့ ဒီခေတ် အတွက် အိုရှိုးရဲ့ အမြင် ဖြစ်ပါတယ်။ ကိုရဲထက် ရေးထားပြီးသားမှာ အချို့ တော်တော်များများကို အရင်းအတိုင်း ယူ ပြီး အချို့ကို မှီးတဲ့ အနေနဲ့ မိမိဘာသာ ရေးပါတယ်။

ကိုရဲထက်က သူရေးတဲ့ စာကို “အိုရှိုးပြောတဲ့ ငြိမ်းချမ်းရေးနဲ့ စစ်” လို့ အမည်ပေးထားပေမယ့် အိုရှိုးရဲ့ စကားတွေ အရ မြင်သာအောင် “စစ်နဲ့ စစ်ပြင်ဆင်ရေး ကာလ” လို့ ပြောင်းလဲ တင်ရှိပါတယ်။

………………………………….

http://zayyablogger.blogspot.com/
https://zayya.wordpress.com/
http://zayya.blog.com/

…………………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: