စစ်တုရင်

နှင်းဆီပင်လေး တစ်ပင်ဟာ သူ့သက်တမ်း တစ်လျောက်လုံး နှင်းဆီပင် ဖြစ်ဖို့ အသဲအသန် ကြိုးစားနေမယ် ဆိုရင် အဲ့နှင်းဆီလေး ဘာဖြစ်နေတယ် လို့ ခေါ်ကြမလဲ။ ရူးနေတယ် လို့ ခေါ်ကြမယ် မဟုတ်လား။ တကယ်က သူကိုယ်တိုင်ဟာ နှင်းဆီ ဖြစ်ပြီးသားပါ။

ဇင်ကလည်း အဲ့ဒီလိုပါပဲ။

ကျနော်တို့ ဆီမှာ မမြင်နိုင်အောင် ဖုံးကွယ်နေတာတွေ ရှိတယ်။ ကျနော်တို့ဟာ ကျနော်တို့ ဘာဆိုတာကို မေ့လျော့ နေတယ်။ မမြင်နိုင်ဘဲ ဖြစ်နေကြတယ်။ အဲ့ဒီအတွက် ကျနော်တို့ အားထုတ်ရမယ့် အလုပ်က အခြား မရှိဘူး။ မြင်ဖို့ပါပဲ။ ရိုးရှင်းစွာ မြင်ဖို့ တစ်ခုတည်းပါပဲ။ ဒါကို နာန်က် ( नानक ) အရ ဆိုရင် ဿုရတီ လို့ ခေါ်တယ်။ ကဗီးရ် (कबीर) အရဆိုရင် ဆုရတီ လို့ခေါ်တယ်။ အဓိပ္ပာယ်က အမှတ်ရခြင်းပဲ ဖြစ်ပါတယ်။ ကျနော်တို့ ခင်ဗျားတို့ က ကိုယ့်ကိုယ်ကို ဘာဆိုတာ အမှတ်အသိ ရှိနေဖို့ပဲ လိုအပ်တယ်။

ဒါ့ကြောင့် ဇင်က သင်ကြားသမျှ မှာ စကားလုံး မရှိဘူး။ ဝါကျတွေနဲ့ ခင်ဗျားကို သင်ပေးမှာ မဟုတ်ဘူး။ သီအိုရီတွေ မပါဘူး။ ဒဿန တွေ မဟုတ်ဘူး။ ခင်ဗျားဆီကို တိုက်ရိုက်ပဲ ညွှန်ပြသွားတယ်။

ပုံပြင်လေး တစ်ခုရှိတယ်။

ဘဝနဲ့ ပတ်သက်ပြီး စိတ်အပျက်ကြီး ပျက်နေတဲ့ လူငယ်လေး တစ်ယောက်ဟာ အဝေးတစ်နေရာက ဘုရားကျောင်း တစ်ကျောင်းဆီ ထွက်သွား တယ်။ အဲ့ကျောင်းက ဘုန်းတော်ကြီးကို ဒီလို လျောက်ထား ညည်းတွား တယ်။

“အရှင်ဘုရား၊ တပည့်တော် ဘဝနဲ့ ပတ်သက်လို့ စိတ်အပျက်ကြီး ပျက်မိပါတယ်။ ဘဝရဲ့ ဒုက္ခတွေကနေ လွတ်မြောက်နိုင်ဖို့ အသိဥာဏ် အလင်းကို တောင့်တမိတယ်။ ဒါပေမယ့် တပည့်တော်မှာ စွမ်းရည် မဲ့နေပါတယ် ဘုရား။ နှစ်ပေါင်းများစွာ ဘာဝနာ၊ အလေ့အလာ၊ အသိအမှတ် ပြုခဲ့ပေမယ့် ဘဝရဲ့ ဒုက္ခ အထဲကိုပဲ ပြိုလဲပြီးရင်း ပြိုလဲရင်း ဖြစ်နေပါတယ်။ ဘဝ အတွင်းသာ ပြန်ပြန်ရောက်နေပြီး ဒုက္ခတွေ ခံစားနေရဆဲ ဖြစ်ပါတယ်။ တပည့်တော် လို ငတုံးငအမျိုး အခြားမှာ ရှိပါသေးရဲ့လား ဘုရား” တဲ့။

“ဒကာလေး စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်မယ် ဆိုရင် အဖြေရှိပါလိမ့်မယ်။ ဒါနဲ့ ကျုပ်ကို ပြောစမ်းပါဦး။ ဒကာ့ ဘဝမှာ ဘာတွေ သင်ကြားခဲ့သလဲ။ ဒကာ့ဘဝမှာ အာရုံ အစူးစိုက်နိုင်ဆုံး လုပ်တတ်တာ ဘာများ ရှိခဲ့လဲ”

“ထူးထူးထွေထွေ မရှိပါဘူး ဘုရာ့း၊ တပည့်တော်တို့ မိသားစု က ချမ်းသာကြပါတယ်။ အခြား လုပ်ငန်း ကိုင်ငန်းများလည်း မလုပ်ခဲ့ရပါ။ တပည့်တော် သေသေချာချာ စိတ်ဝင်တစား လုပ်ခဲ့ဖူးတာ ဆိုရင် စစ်တုရင် ကစားတာ တစ်မျိုးတည်း ဖြစ်လိမ့်မယ် ထင်ပါတယ်။ တပည့်တော် ရဲ့ အချိန် တော်တော်များများကို အဲ့ဒါနဲ့ပဲ ကုန်လွန်ခဲ့ပါတယ်”

ဘုန်းတော်ကြီးက တစ်ခဏ ဆင်ခြင်ပြီးတဲ့ နောက် သူ့ အပါးက ကိုယ်တော် တစ်ပါးကို ပြောတယ်။ “…… အမည်ရှိတဲ့ ကိုယ်တော့်ကို သွားခေါ်ချည်ပါ။ ပြီးတော့ သူနဲ့ အတူ စစ်တုရင်ခုံနဲ့ ကစားရုပ်တွေ ပါလာပါစေ။ အခြားကိုယ်တော်တွေပါ ခေါ်ခဲ့။”

“ဆရာသခင်၊ အဲ့ကိုယ်တော်က စစ်တုရင် မကစားတတ်ပါဘူးဘုရာ့”

“မပူပါနဲ့။ ခေါ်သာ ခေါ်လိုက်ချည်ပါ။”

အဲ့လိုနဲ့ ခေါ်လိုက်တဲ့ ကိုယ်တော် နဲ့ စစ်တုရင် ပစ္စည်းတွေ ရောက်လာတယ်။ အခြား ကိုယ်တော်တွေလည်း စုရုံးရောက်လာ ကြတယ်။ အဲ့ဒီနောက်တော့ ဆရာသခင် ဘုန်းတော်ကြီး က ဓားရှည် တစ်ချောင်း လှမ်းတောင်းပြီး ရလာတော့ သူဌေးသား လူငယ်လေးနဲ့ စစ်တုရင်ခုံယူလာတဲ့ ကိုယ်တော်တို့ နှစ်ယောက် ကို ပြရင်း-

ကိုယ်တော့ကို ဦးတည်ပြီး ပြောတယ်။ “ကိုယ်တော်လေး။ ကိုယ်တော်ဟာ ကျုပ်ကို ဆရာသခင် အဖြစ် ခံယူပြီး ကျုပ်ညွှန်ကြားသမျှ နာခံ ယူပါ့မယ် လို့ သစ္စာပြုခဲ့တယ်။ အခု ကိုယ်တော့်ကို ကျုပ် လိုအပ်ပြီ။ ဒီသူငယ်လေးနဲ့ ကိုယ်တော် စစ်တုရင် ကစားကြ စေချင်တယ်။ အဲ့ကစားပွဲမှာ ကိုယ်တော် ရှုံးသွားရင် ကိုယ်တော့် ခေါင်းကို ကျုပ် ဖြတ်ရလိမ့်မယ်”

ကိုယ်တော်လေး ဟာ စစ်တုရင် အကြောင်း ကောင်းကောင်း မသိပါဘူး။ စစ်တုရင်ခုံ ကိုတော့ မှတ်မိကောင်း မှတ်မိမယ်။ သူငယ်ငယ်က အနည်းအပါး ကစားဖူးကောင်း ကစားဖူး လိမ့်မယ်။ ဒါပေမယ့် တစ်ဘဝလုံး စစ်တုရင်က လွဲလို့ ထွေထွေထူးထူး ဘာမှမလုပ်ဖူးတဲ့ အဲ့ သူဌေးသား နဲ့ ယှဉ်ပြီး ကစားဖို့ ကတော့ သေဖို့ အာမခံ ပေးလိုက် သလိုပဲ။

ဘုန်းတော်ကြီးက ဆက်ပြောတယ်။ “ကျုပ်ခြေရင်းမှာ ကိုယ်တော် ဝပ်ဆင်းပြီး ပြောခဲ့ဖူးတာ ရှိတယ်။ ကျုပ် သေဆိုသေ၊ ရှင်ဆိုရှင် ကျုပ်အလို ရှိသမျှ ပြုနိုင်ပါတယ်တဲ့။ အခု အဲ့အချိန်ကို ရောက်ပြီ။ တကယ်လို့ ကိုယ်တော် ရှုံးခဲ့ရင် ဟောဒီ ဓားနဲ့ ကိုယ်တော့်ခေါင်းကို ကျုပ်ယူရပါလိမ့်မယ်”

ဘုန်းတော်ကြီးရဲ့ လက်ထဲမှာ ဓားက အဖွေးသားပေါ့။ ကိုယ်တော်လေး ကလည်း အနားတင် ရှိနေတာ ဆိုတော့ ဓားရဲ့ ဝင်းကနဲ ဝင်းကနဲ လက်နေတာကို ထင်းနေအောင် မြင်နေရတယ်။ ဘုန်းတော်ကြီးကပဲ ဆက်ပြီး – “ဒါပေမယ့် ကျုပ်ကတိပေးပါတယ်။ ကျုပ်လက်နဲ့ သေခဲ့ရင် ကိုယ်တော် ကောင်းရာမွန်ရာ ဘုံကို ရောက်ပါလိမ့်မယ်။ တကယ်လို့ ကိုယ်တော် နိုင်ခဲ့ရင်တော့ ကျုပ်ကိုယ်တိုင် ဟိုသူငယ်ရဲ့ ဦးခေါင်းကို ဖြတ်မယ်။ ဒီသူငယ်ဟာ သူ့ဘဝမှာ စစ်တုရင်သာ အကျွမ်းတဝင် အရှိခဲ့ဆုံးလို့ ပြောထားတယ်။ အဲ့အတွက် သူရှုံးခဲ့ရင် သူ့ခေါင်းတော့ ရသင့်တယ်။”

ကိုယ်တော်လေးရော၊ လူငယ်လေးပါ ဘုန်းတော်ကြီး မျက်နှာကို မော့ကြည့်လိုက်ကြတယ်။ ဆရာသခင် ဘုန်းတော်ကြီးရဲ့ မျက်နှာမှာ ပြောတဲ့ အတိုင်း တကယ် လုပ်မယ့် အရိပ်အရောင်တွေက အတိုင်းသား ရှိနေတာ တွေ့လိုက်ရတယ်။ ဆိုလိုတာကတော့ သူတို့ရှုံးရင် တကယ် ခေါင်းဖြတ် ခံရမယ် ဆိုတာ သိလိုက်ကြတယ်။

စပြီး ကစားကြပါပြီ။ စစ်တုရင် အစဦး ရွှေ့ကွက်တွေမှာ လူငယ်လေးဟာ ချွေးတလုံးလုံးနဲ့ ဖြစ်နေတယ်။ ဘာလို့ဆို သူ့ဘဝ သူ့အသက် နဲ့ လောင်းကြေး ထပ်ထားမိရက်သား ဖြစ်နေတာမို့ပဲ ။ သူ့ရှေ့မှာ မြင်နေရတဲ့ စစ်တုရင် ကစားခုံဟာ သူ့အတွက် ကမ္ဘာတစ်ခုလုံးပဲ။ သူ အပြည့်အဝ အာရုံစိုက် ထားတယ်။ ပထမတော့ စိုးရိမ်စိတ်တွေနဲ့ အမှားမှား အယွင်းယွင်းတွေ လုပ်မိနေသေးတယ်။ ဒါပေမယ့် တစ်ဖက်က ကိုယ်တော်လေးရဲ့ ရွှေ့ကွက်တွေမှာ မကျင်လည်တာတွေ ပါနေတယ်။ အဲ့ဒါကြောင့် တစ်ချီမှာတော့ တိုက်စစ် ကောင်းကောင်း ထုတ်ပြီး အနိုင်ယူဖို့ အခွင့်အရေး ရလိုက်တယ်။

သူ့မှာသာ ချွေးတလုံးလုံးနဲ့ တုန်တုန်လှုပ်လှုပ်သာ ဖြစ်နေတာ၊ သူနဲ့ ကစားဖက် ကိုယ်တော်လေးကတော့ သူနဲ့ ဆန့်ကျင်ဘက်ပဲရယ်။ တည်ငြိမ် လေးနက်တဲ့ မျက်နှာသွင်ပြင်ရှိတယ်။ ရိုးရှင်းနေတယ်။ အဲ့ဒါဟာ နှစ်အတန်ကြာ တရားဘာဝနာ အားထုတ်ခဲ့တဲ့ အကျိုးဆက်လည်း ဖြစ်လိမ့်မယ်။ တစ်နည်းအားဖြင့် ပြောရင် ဒီကိုယ်တော်လေးဟာ ဘိက္ခု ပဲ။ သူ့မျက်ဝန်း မျက်ဆံတွေက တိတ်ဆိတ်ပြီး ငြိမ်သက်နေတယ်။ သေခြင်းတရား မရဏရဲ့ အတွေးတစ်စတောင် သူ့ကို မနှောင့်ယှက်နိုင်ဘူးရယ်။ သူ့ဆရာသခင်ရဲ့ တောင်းဆိုချက် ကြောင့် သူ ကစားတယ်။ သူ ကစားတဲ့ အကြောင်းရင်းက ဒါပါပဲ။ သူ ရှုံးသွား နိုင်သွား ၊ ဘယ်ရလာဒ် ရရ သူ့အတွက် ဘာပြဿနာမှ မဖြစ်ဘူး။ ဆရာသခင် ကတိထား ခဲ့တဲ့ ကောင်းရာ မွန်ရာ ဘုံ ဆိုတာလည်း သူ့အတွက် အနှောင့်အယှက် မဝင်ဘူး။ သူ့အနေနဲ့ တည်ငြိမ်စွာ၊ တိတ်ဆိတ်စွာ ရွှေ့ကစားနေတယ်။ သူ့မှာ ဒါပဲ ရှိပါတယ်။

အခု သူငယ်လေး နိုင်တော့မယ်။ ကိုယ်တော်လေး ရဲ့ ရွှေ့ကွက်တွေဟာ အရှုံးကိုသာ ဦးတည်နေတယ်။ လူငယ်က ကိုယ်တော်လေး ကို လှမ်းကြည့် လိုက်တယ်။ တည်ငြိမ် အေးချမ်းမှု ကိုပဲ တွေ့လိုက်ရတယ်။ တိတ်ဆိတ်ငြိမ်သက်ပြီး အသိဥာဏ် ပညာ ပြည့်ဝနေတဲ့ ကိုယ်တော်လေး ရဲ့ သွင်ပြင် ကိုပဲ မြင်လိုက်ရတယ်။

အဲ့ဒီနောက် လူငယ်လေးရဲ့ အတွေးဟာ မိမိဘဝအကြောင်းကို မိမိ ပြန်ရောက်သွားတယ်။ ငါ့ရဲ့ဘဝဟာ ဘယ်လောက် တန်ဖိုးမဲ့လိုက်သလဲ။- တစ်ပြိုင်နက် တည်း ကိုယ်တော်လေး အပေါ် ဂရုဏာ စိတ် ပေါ်လာတယ်။ ဆုံးဖြတ်ချက် တစ်ခု အလျင်အမြန်ပဲ ချလိုက်ပါတယ်။ “ဒီကိုယ်တော်ကို သေဆုံးဖို့က တကယ်တော့ မလိုအပ်ဘူး။ ငါသေသွားခဲ့ရင် ဒီလောကမှာ ဘယ်ဟာ တစ်စုံတရာ မှ မဆုံးရှုံးသွားဘူး။ ငါဟာ တကယ့် အရူးပဲ။ ငါ့ဘဝဟာ အများကြီး တန်ဖိုးမဲ့ ခဲ့ပြီးပြီ။ ဘာမှ အသုံးမကျတဲ့ ဘဝနဲ့ ငါနေခဲ့ပြီးပြီ။ ဒီကိုယ်တော်ကတော့ တစ်လျောက်လုံး ကြိုးပမ်း အားထုတ်ခဲ့ပြီး တည်ငြိမ်မှု ရသွားခဲ့တဲ့သူ ၊ မြင့်မြတ်တဲ့ ဘဝကို ရရှိပိုင်ဆိုင် ထားသူ၊ ဘာဝနာနဲ့ ထုံမွှမ်းထားတဲ့ ဘဝ ရှိနေသူ ဖြစ်တယ်။ သူ သေသွားတာကမှ တကယ့် ဆုံးရှုံးမှုကြီး ဖြစ်သွားလိမ့်မယ်။” ဒီအတွေးတွေနဲ့ လူငယ်လေးဟာ သူ့ရင်ထဲမှာ ကိုယ်တော်လေး အပေါ် ကြည်ညို သေဝပ် တဲ့စိတ်၊ ဂရုဏာ သက်တဲ့ စိတ်တွေ တဖွားဖွား ပေါ်လာတော့တယ်။ စပြီး အမှား ရွှေ့ကွက် တစ်ခု ကို တမင်တကာ နဲ့ မသိမသာလေး ရွှေ့လိုက်တော့ တယ်။ နောက်ရွှေ့လှည့် ရောက်တော့လည်း နောက်တစ်ခု။ တစ်ခုပြီး တစ်ခု။ အဲ့လိုနဲ့ သူ့ရဲ့ ကစားကွက်ဟာ ပျက်ယွင်းလာတယ်။ ကစားပွဲမှာ သူကိုယ်တိုင် ပြန်ရှုံး တော့မယ်။

အဲ့အချိန်မှာ ဘုန်းတော်ကြီးက ရုတ်တရက် ထလာပြီး ကစားပွဲကို ရပ်ခိုင်း လိုက်ပါတယ်။ ကစားသမား နှစ်ဦး စလုံး လည်း ရိုကျိုးစွာနဲ့ နောက်ဆုတ် ထိုင်လိုက်ကြတယ်။ ဘုန်းတော်ကြီးက ဖြေးဖြေးညှင်းညှင်းပဲ ပြောတယ်။ “ဒီပွဲမှာ ဘယ်သူ မှလည်း မနိုင်သလို၊ ဘယ်သူ မှလည်း မရှုံးပါဘူး။ အရှုံး အနိုင်ကို ဆုံးဖြတ် ရွေးချယ်စရာ မလိုဘူး။ နှစ်ခု ပဲ ဒီနေရာမှာ လိုအပ်တယ်။” အဲ့လို ပြောရင်း လူငယ်ဘက်ကို ဦးတည်ပြီး – “အဲ့ဒီ နှစ်ခုကတော့ လေးနက်တဲ့ စူးစိုက်မှုနဲ့ ဂရုဏာစိတ်ပဲ ဒကာ။ ဒကာဟာ အဲ့နှစ်ခု စလုံးကို အခု သင်ကြားပြီးခဲ့ပြီ။ အာရုံစူးစိုက်မှု အပြည့်လည်း ရခဲ့ပြီး ဖြစ်သလို၊ အဲ့ဒီ စိတ်ကနေ ပေါက်ဖွားလာတဲ့ ဂရုဏာစိတ် ကိုလည်း ခံစားရရှိခဲ့ပြီ။ ဘယ်လောက် ဂရုဏာ သက်ခဲ့သလဲ ဆိုရင် ဒကာ့ ဘဝကို အဆုံးရှုံးခံတော့မယ် လို့ ဆုံးဖြတ်လိုက်တဲ့ အထိပဲ။ဆန္ဒရှိမယ် ဆိုရင်… အခု ဒီကျောင်းမှာ လ အတန်ကြာနေရင်း ဘာဝနာကို ပွားများ ကြည့်ပါ ဒကာ လူငယ်”

လူငယ်လေးဟာ အဲ့ဘုရားကျောင်း မှာ တကယ်ပဲ နေထိုင်ပြီး သေသည့်တိုင် တရားဘာဝနာ ကျင့်ကြံသွားခဲ့ပါတယ်။ အခု ဇာတ်လမ်းလေးဟာ လှတယ်။ အဓိပ္ပာယ် အပြည့်အဝ ပါရှိပါတယ်။ ဆရာသခင်ဟာ သူပြချင်တဲ့ လမ်းကို ရိုးရိုးရှင်းရှင်းပဲ ပြသွားခဲ့တယ်။ ဘာဝနာနဲ့ ဂရုဏာစိတ်ရဲ့ အရသာကို စကားလုံးတွေနဲ့ မပြောသွားဘဲ၊ ဘာဖော်ပြချက်မှ မသုံးသွားဘဲ၊ လိုလားသူရဲ့ ရင်ထဲကို ထိထိရောက်ရောက် ပြသွားခဲ့တယ်။

ဘာဝနာရဲ့ စူးစိုက်မှုဟာ အဆုံးစွန်ဆုံး နစ်မြုပ်သွားခြင်းပဲ။ အပြည့်အဝ၊ လုံးဝ ဥဿုံ နစ်မြုပ်သွားခြင်းပဲ ဖြစ်ပါတယ်။ ဇင် အတွက် အရာအားလုံး ဟာ သုညတမှာ ပြည့်ဝခြင်း၊ အပြည့်အဝ စူးစိုက်သွားခြင်း၊ နစ်မြုပ်သွားခြင်း ပဲ ရှိတယ်။ အဲ့ဒီ နစ်မြုပ်သွားတဲ့ အထဲမှာ ခင်ဗျားကိုယ်တိုင် ပါဝင်ပါတယ်။ ဒါဟာ ဘာဝနာရဲ့ အခြေခံပါ။ ဒါဟာ သဘာဝပါ။ ဂရုဏာ ဆိုတာ ဒီသဘာဝက ပေါ်ထွက်လာတဲ့ ဘေးထွက် အကျိုးရလာဒ် တစ်ခုပဲ ဖြစ်ပါတယ်။ ဂရုဏာတရား၊ မေတ္တာတရားဟာ လုပ်ယူ ပွားများ ရတဲ့ အရာ မဟုတ်ဘူး။ လေးနက်တဲ့ ဘာဝနာရဲ့ တွဲဖက် အရိပ်တွေပဲ ဖြစ်ပါတယ်။

Ref: Osho Book: Zen: The Path of Paradox, Vol 3

………………………………………….

http://zayyablogger.blogspot.com/
https://zayya.wordpress.com/
http://zayya.blog.com/

……………………………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: