ထူးမခြားနား ဇင်ပုံပြင်

ချောင်းငယ်လေး

ကိုယ်တော် နှစ်ပါးဖြစ်တဲ့ တန်စန်နဲ့ အဲခိဒို တို့ ဟာ ခရီး အတူ ထွက်လာခဲ့ကြတယ်။ လမ်းခုလတ် တစ်နေရာရောက်တော့ မိုးတွေက သည်းသည်း မည်းမည်း ရွာချလာတယ်။ အဲ့တော့ အချို့လမ်းနေရာတွေမှာ ရွှံ့တွေ ဗွက်တွေ ထကုန်တယ်။ ချောင်းငယ်လေး တစ်ခုနားကို ရောက်တော့ ကီမိုနို ပိုးစလေး ဝတ်ထားတဲ့ မိန်းမလှလေး တစ်ယောက်နဲ့ ဆုံတယ်။ အဲ့မိန်းကလေးက ဒီချောင်းလေးကို ဖြတ်ကူး ခရီးဆက်ဖို့ အခက်ကြုံနေတာ ဖြစ်ပါတယ်။

တန်စင် ကိုယ်တော်လေးက ချက်ချင်းပဲ – “လာ သူငယ်မ” ဆိုပြီး လက်မောင်းနဲ့ ပွေ့ချီ၊ အဲ့ချောင်းကို ဖြတ်ကူးပေး လိုက်တယ်။ အဲခိဒို ကိုယ်တော် ကတော့ ဘာမှမပြောဘဲ နှုတ်ဆိတ် နေတယ်။ အဲ့လိုနဲ့ ကိုယ်တော် နှစ်ပါး ခရီးဆက်လာရင်း ဘုရားကျောင်း တစ်ကျောင်းကို ရောက်တော့ မိုးလည်းချုပ်ပြီမို့ နားလိုက်ကြတယ်။ အဲ့အခါမှာ အဲခိဒို ကိုယ်တော်လေးက မနေနိုင်တော့ဘူး။ သူ့မိတ်ဆွေ တန်စင် ကိုယ်တော် လေးကို မေးတယ်။

“ကိုယ်တော် ။ ကျုပ်တို့ ဘိက္ခုတွေဟာ အမျိုးသမီးတွေနဲ့ ဝေးဝေးနေသင့်တယ် မဟုတ်လား။ အထူးသဖြင့် ငယ်ရွယ်ချောမောတဲ့ မိန်းကလေး တွေနဲ့ ဆို ပိုပြီးတောင် ဂရုပြုရသေးတယ် မဟုတ်လား။ ဒီလို အပြစ် ၊ အန္တရာယ်ကြီးလှတဲ့ ကိစ္စကို ကိုယ်တော် ဘာလို့ လုပ်ခဲ့တာလဲ”

တန်စင်ကိုယ်တော်လေးက ပြန်ဖြေတယ်။

“ကိုယ်တော်၊ ကျုပ် ဟိုမိန်းကလေးကို အဲ့မှာတင် ထားထားပြီးခဲ့ပြီ။ ကိုယ်တော်က ဘာလို့ ဒီအထိ သယ်လာရတာလဲ”

……………………………………………….

လက်ဘက်ရည်တစ်ခွက်

ဂျပန်နိုင်ငံမှာ မီဂျီခေတ် ( ၁၈၆၈ – ၁၉၁၂ ) အတွင်းက ဇင်ဆရာ တစ်ပါးရှိခဲ့တယ်။ သူ့အမည်က နန်းအင် တဲ့။ သူ့ဆီကို တက္ကသိုလ် ပါမောက္ခ တစ်ယောက်က ဇင်ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ မေးမြန်းချင်ပါတယ် ဆိုပြီး လာတယ်။

ဆရာ နန်းအင်ဟာ လက်ဘက်ရည်နဲ့ တည်ခင်းဧည့်ခံတယ်။ ဧည့်သည် ပါမောက္ခ အတွက် လက်ဘက်ရည် ငှဲ့ပေးတယ်။ ငှဲ့တာမှ ပြည့်လျံနေလဲ မရပ်သေးဘဲ ဆက်ငှဲ့ နေတယ် ။ ပါမောက္ခကြီးက အဲ့ဒါကို တွေ့တော့ ပထမ ငေးကြည့်နေသေးတယ်။ ဆရာ နန်းအင် ကတော့ ဆက်ငှဲ့နေတုန်းပဲ။ နောက်တော့ ပါမောက္ခကြီးလည်း မနေနိုင်ဘဲ ပြောရတော့တယ်။

“ခွက်က ပြည့်နေပြီ မလား ဆရာသခင် ၊ ဆက်ထည့်နေရင် ဒီလိုပဲ လျံကျနေမှာပါ”

အဲ့တော့ ဆရာက-

“ဒီခွက်လိုပါပဲ။ မိတ်ဆွေကြီးဆီမှာ အသိ အကြံဥာဏ် တွေးဆချက်တွေ ပြည့်နေတယ်။ အဲ့ဒါတွေကို ခါကျင်း၊သွန် မပစ်နိုင်ဘဲ ကျုပ်က ဇင်တရားကို ဘယ်လိုပြရမလဲ”

…………………………………

နာခံတတ်မှု

ဆရာသခင် ဘန်ခဲအိ ရဲ့ တရားပွဲကို ဇင်ကိုယ်တော်တွေသာ မကဘူး၊ အလွှာ အနိမ့် အမြင့် အမျိုးမျိုးက လူပုဂ္ဂိုလ်တွေပါ တက်ရောက် နားထောင် တတ်ကြတယ်။ သူ ဟောကြားတဲ့ တရားတွေဟာ ဘယ်ကျမ်းစာ၊ ဘယ်ဋီကာထဲကမှ မဟုတ်ဘူး။ ဘယ် ဆိုစကားကိုမှ မကိုးကားဘူး။ အညွှန်း မရှိဘူး။ သူပြောတဲ့ စကားလုံးတိုင်းဟာ သူ့ရင်ထဲကပဲ တိုက်ရိုက် ထွက်ပေါ်လာတယ်။ သူ့ရင်ထဲက ထွက်ပေါ်လာတဲ့ အဲ့စကားလုံး တစ်လုံးချင်စီကို နားထောင်သူတို့ ရင်ထဲတိုက်ရိုက် ရောက်နိုင်အောင်သာ ပြောပါတယ်။

သူ့ဆီ လာရောက် နာကြားကြတဲ့ ပရိသတ်တွေ အများအပြား ဖြစ်လာတော့ နိချိယန် ဒေသရဲ့ ခေါင်းဆောင် ဘုန်းတော်ကြီး တစ်ပါးဟာ မနာဝန် ဝန်တို ဖြစ်လာတယ်။ ဒေါသ ဖြစ်လာတယ်။ ဘာလို့လဲ ဆိုတော့ သူ့ပရိသတ်တွေက ဇင်တရားကို နာဖို့ ဆရာ ဘန်ခဲအိဆီ ထွက်ထွက် သွားကြလို့ပဲ။ အတ္တစိတ်နဲ့ မွှန်နေတဲ့ နိချိယန် ဘုန်းတော်ကြီးဟာ ဘန်ခဲအိနဲ့ အခြေအတင် ဆွေးနွေးမယ်လို့ ဆုံးဖြတ်ပြီး သူလည်း ဘန်ခဲအိဆီ ထွက်လာခဲ့တယ်။

ဘန်ခဲအိ ရှိရာ ဘုရားကျောင်းကို ရောက်တော့ ဘန်ခဲအိက တရားဟောပြောနေတုန်းပဲ ရှိသေးတယ်။ သူဟာ ဘန်ခဲအိ ဟောနေတဲ့ တရားကို ပရိသတ်တွေ ကြားထဲမှာ နေရင်း နားစိုက်ထောင် ကြည့်တယ်။ နောက်တော့ မနေနိုင်တော့ဘူး။ ထပြောတော့တယ်။

“ဟေ့ ၊ ဇင်ဆရာ ၊ ခဏနေစမ်းပါဦး၊ ခင်ဗျား ဟောသမျှ ပြောသမျှကို လူတော်တော်များများ တရိုတသေ လိုက်နာကြတယ်။ နာခံကြတယ်။ ဒါပေတဲ့ ကျုပ်ဆိုတဲ့ လူကတော့ ခင်ဗျားကို ဘယ်လိုမှ မရိုသေနေနိုင်ဘူး။ မနာခံနိုင်ဘူး ဆိုတာ ခင်ဗျား သိဖို့ ကောင်းတယ်။ ကျုပ် ခင်ဗျားကို ရိုသေလာအောင် ခင်ဗျား လုပ်နိုင်ပါ့မလား။”

အဲ့သလိုမျိုး လူကြားသူကြားထဲ ဝင့်ဝင့်ကြွားကြွား ပြောလာတော့ ဇင်ဆရာ ဘန်ခဲအိက ပြုံးတယ်။ ပြီးတော့ ပြောလိုက်တယ်။

“ဩ ဧည့်သည် အဆွေ၊ လာပါဗျာ။ ထွက်လာခဲ့ပါ။ ကျုပ်နဲ့ အတူ ဒီစင်မြင့်ပေါ်မှာ တရားစကား ပြောရအောင်”

နိချိယန် ဘုန်းတော်ကြီးလည်း ဝင့်ဝင့်ကြွားကြွားနဲ့ ထွက်လာပြီး စင်မြင့်နားကို ရောက်လာတယ်။ ဘန်ခဲအိက သူ့ရဲ့ ဘယ်ဘက်ခြမ်း စင်မြင့် နေရာလွတ်လေးကို ပုတ်ပြပြီး- “လာ အဆွေ ၊ ဒီမှာလာထိုင်ပါ”

ဘုန်းတော်ကြီးလည်း ထိုင်လိုက်တယ်။ ဘန်ခဲအိက ဆက်ပြောတယ် “ဟာ ဟုတ်သေးဘူးဗျ။ ခင်ဗျားနဲ့ ကျုပ် တရားဆွေးနွေးဖို့က ကျုပ် ညာဘက် ဒီနေရာလေးမှာ ထိုင်တာ ပိုကောင်းတယ်။ လှည့်လာလှည့်ပါဗျာ။ လာပါ”

ဘုန်းတော်ကြီးလည်း ဝင့်ဝင့်ကြွားကြွားနဲ့ပဲ ညာဘက် စင်မြင့်ထိုင်ခုံဘက် ပြောင်းလိုက်တယ်။ ဘန်ခဲအိက

“ခင်ဗျား တွေ့ရပြီမလား အဆွေ။ ခင်ဗျား ဟာ ကျုပ်စကားကို နာခံရှာပါတယ်။ ခင်ဗျားဟာ နူးညံ့သိမ်မွေ့တဲ့ လူတစ်ယောက် ဖြစ်မယ်လို့ ကျုပ်တွေးတာလည်း အမှန်ပဲ။ ကဲ… အခု ထိုင်ဖြစ်ကြပြီ ဆိုတော့ တရားစကား ပြောကြရအောင်။ နားထောင်ပါ…”

…………………………………………..

ပွင့်ပွင့်လင်းလင်း ချစ်ခြင်း

သီလ သမာဓိနဲ့ ပြည့်စုံတဲ့ ဇင်ဆရာတော် တစ်ပါး ရှိခဲ့တယ်။ သူ့ရဲ့ ကျောင်းမှာ လာရောက် တရားကျင့်ကြံ ကြတဲ့ ကိုယ်တော်တွေ လည်း ရှိတယ်။ ပေါက်ရောက် ပြီးသား ကိုယ်တော်တွေလည်း ရှိသလို ကြိုးစား အားထုတ်ဆဲ ကိုယ်တော်တွေလည်း ရှိတယ်။ ဆရာတော်ဟာ တရား အဟောကောင်း၊ အညွှန်အပြ ကောင်းတော့ ကိုယ်တော်တွေလည်း အားကြိုးမာန်တက် အားထုတ်ကြသလို ဆရာတော်ရဲ့ တရားပွဲ ရှိတိုင်း လူပုဂ္ဂိုလ် အလွှာတန်းစား မရွေး အမျိုးမျိုးကပါ လာရောက် နာယူ တတ်ကြတယ်။

ထူးခြားတာက ဆရာတော် ကျောင်းကို လာရောက် အားထုတ်ကြတဲ့ ကိုယ်တော် တွေအပြင် သီလရှင်လေး တစ်ပါး ရှိနေတာပါပဲ။ သူ့နာမည်က အဲရှန် လို့ ခေါ်ပါတယ်။ အဲ့ဒီ အဲရှန် ဆိုတဲ့ သီလရှင်လေးဟာ ဦးပြည်းကတုံး တုံးထားပေမယ့် ချောမော လှပတယ်လို့ ဆိုတယ်။ အဲ့ဒါကြောင့်မို့ ကိုယ်တော်တွေထဲက အချို့က အဲ့သီလရှင်လေးကို တိတ်တခိုး တဖက်သတ် ချစ်ကြိုက်မိကြတယ်။ ဘယ်သူမှတော့ ထုတ်ဖော် မပြောရဲဘူး။

တစ်နေ့တော့ ကိုယ်တော် တစ်ပါးဟာ သီလရှင်လေးကို မေတ္တာသဝဏ်လွှာ တစ်စောင် တိတ်တခိုး လာပေးတယ်။ အဲ့ သဝဏ်လွှာမှာ နှစ်ကိုယ်ကြားလေး ဖြစ်ဖြစ် တွေ့ပါရစေလို့ တောင်းဆို ထားတာပါတယ်။ သီလရှင်လေး အဲရှန်က ဘာမှ ပြန်မပြောခဲ့ဘဲ နေခဲ့တယ်။ အဲ့လိုနဲ့ နောက်ရက် အနည်းငယ်အတွင်းမှာ ဆရာတော်ကြီး တရားဟောပွဲ လုပ်တယ်။ ဆရာတော်ရဲ့ တရားကို ကိုယ်တော်တွေရော လူပုဂ္ဂိုလ်တွေရော လာရောက် စုဝေး နာယူကြတယ်ပေါ့။ သီလရှင်လေးလဲ ပါတယ်။

ဆရာတော်ကြီး တရားဟောလို့ ပြီးပြီ ဆိုတဲ့ အချိန်ရောက်တော့ သီလရှင်လေး အဲရှန်က မတ်တတ်ထ ရပ်လိုက်တယ်။ ပြီးတော့ သူ့ သင်္ကန်းစ ကြားထဲ ညှပ်ထားတဲ့ မေတ္တာသဝဏ်လွှာကို ထုတ်လိုက်တယ်။ အစအဆုံး ဖတ်ပြတယ်။ ဆရာတော်ရော၊ ကိုယ်တော်တွေရော၊ လူပုဂ္ဂိုလ်တွေပါ ငြိမ်ငြိမ်လေး နားထောင်နေကြတယ်။ သီလရှင်လေး အဲ့စာကို ဖတ်ပြတာမှာ ဘယ်သူ ဘယ် ကိုယ်တော်ပါ ဆိုတာ မပါဘူး။ ပြောလည်း မပြောဘူး။ ရိုးရိုးလေးပဲ ဖတ်ပြသွားတယ်။ သဝဏ်လွှာ အစ အဆုံး ဖတ်ပြပြီးတော့ သီလရှင်လေးဟာ အဲ့စာကို သင်္ကန်းကြားထဲ တရိုတသေ ပြန်ခေါက်သိမ်းလိုက်တယ်။ ပြီးတော့ ကိုယ်တော်တွေ ဘက်ကို လှည့်ပြီး ဘယ်သူ့ကိုမှ မကြည့်ဘဲ မျက်လွှာချပြီး ပြောပါတယ်။

“ဒီသဝဏ်လွှာ ပေးပို့တဲ့ ကိုယ်တော်လေး ကို ကျွန်တော်မျိုးမ တစ်ခု လျောက်ထား လိုပါတယ်။ ကျွန်တော်မျိုးမကို စင်စစ် ချစ်ရိုး မှန်ရင်- လာပါ။ လာပြီး ပွေ့ဖက်လှည့်ပါ။”

…………………………………………………

Ref: http://www.messagefrommasters.com/
……………………………………
http://zayyablogger.blogspot.com/
https://zayya.wordpress.com/
http://zayya.blog.com/

……………………………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: