အမှောင်ပျောက်ဆုံးခြင်း ပုံပြင်

  • ကိုယ့်အရိပ်ကို ကိုယ်မြင်နေရလို့ မကျေမနပ် ဖြစ်နေတဲ့ သူတစ်ယောက် ရှိခဲ့တယ်။ သူက သူ့အရိပ်ကို သူ့ အနားမှာ မရှိစေချင်ဘူး။ အဲ့ဒါ တစ်ခုတည်းတင် မကဘူး။ သူသွားသမျှ တစ်ကောက်ကောက် ပါလာနေတဲ့ သူ့ခြေရာတွေ ကိုလည်း မလိုချင်ဘူး။ စဉ်းစားလို့ ရသမျှ အဲ့ပြဿနာကို သူ ဖြေရှင်းတယ်။ တတ်သမျှ မှတ်သမျှ နည်းအမျိုးမျိုး နဲ့ ရှင်းတယ်။ မရတဲ့အဆုံးမှာ သူထွက်ပြေး ကြည့်တော့တယ်။
  • ဒါပေမယ့် ဘယ်အချိန် ကြည့်လိုက် ကြည့်လိုက် သူ့ခြေရာဟာ သူနောက်မှာ တကပ်ကပ် ပါနေသေးတယ်။ အဲ့လိုပဲ သူ့အရိပ်ဟာလည်း သူ့အပါးက တပူးတွဲတွဲ ရှိနေသေးတယ်။ သူ တစ်ခု စဉ်းစားလိုက်တယ်။ “ငါ ပြေးတာ တော်တော်ဝေးဝေး မရောက်သေးလို့ပဲ ဖြစ်မယ်။” အဲ့ဒါနဲ့ သူ ပိုပြီး မြန်အောင် မြန်အောင် ပြေးတယ်။ နောက် ဆက်ပြီး မရပ်မနား ပြေးတော့တယ်။ ဘယ်ထိလဲဆိုရင် – သူ မောဟိုက်ပြီး သေဆုံးသွား တဲ့ အထိပဲ။
  • တကယ်က သူဟာ အရိပ်တစ်ခုခု အောက်ထဲ ခိုဝင်လိုက်ရင် သူ့အရိပ် ပျောက်သွားမယ်။ သူသာ ငြိမ်ငြိမ်လေး ၊ ဘာမှ မလုပ်ဘဲ ရပ်နေလိုက်မယ် ဆိုရင် သူ့ခြေရာတွေလည်း ပျောက်သွားမယ် ။ အဲ့ဒါတွေကို သူ မသိခဲ့လိုက်လို့ ဖြစ်ပါတယ်။

……………………………………………

လူဟာ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ခြင်း နည်းနဲ့ ကိုယ့်ဘာသာ အရှုပ်အထွေးကို ဖန်တီးတယ်။ စစ်မှန်တဲ့ ဝေဖန်နည်းမျိုးနဲ့ မဟုတ်ဘဲ- မိမိကိုယ်ကိုယ် သိမ်ငယ်အောင် ရှုတ်ချ ပစ်တယ်။ မိမိ အဖြစ်ကို မိမိ လက်မခံဘူး လို့ ဆိုလိုပါတယ်။ သူဟာ အနာဂတ်ကို အမြဲတမ်း မျှော်လင့် နေတယ်။ မနက်ဖြန် ဆိုတဲ့ အတွေးတွေ၊ စကားလုံးတွေ က သူ့ကို အမြဲ ဖုံးလွှမ်းထားတယ်။ သူ့ရဲ့ အခု ဒီအချိန်- နဲ့ – အခု ဒီနေရာကို မေ့ပျောက် ထားတယ်။ ဘာဖြစ်လို့ သူဟာ မိမိကိုယ်ကိုယ် ရဲ့ အခု အဖြစ်အရှိကို လက်မခံနိုင်ရတာတဲ့လဲ။ အခုအချိန် – အခု နေရာမှာ ဘာတွေ အမှား ရှိနေလို့လဲ။

ကျနော်တို့ ခင်ဗျားတို့မှာ အောင်မြင်ချင်တဲ့ ဖြစ်ချင်တဲ့ ပန်းတိုင်တွေ ကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် ပန်းတိုင်တွေဆိုတာ အနာဂတ်မှာပဲ အမြဲ ရှိနေကြတာ ဖြစ်ပါတယ်။ ဘယ်ပန်းတိုင်မှ အခုပစ္စုပ္ပန်မှာ ရှိမနေဘူး။ အဲ့လိုပဲ အနာဂတ်ဆိုတာလည်း ဘယ်မှာမှ မရှိဘူး။ ဘာလို့ဆို အနာဂတ် ဆိုတာ မွေးမလာသေးဘူး။ အဲ့ဒီတော့ ခင်ဗျားတို့ ကျနော်တို့ အနာဂတ်မှာ ဖြစ်ချင်တဲ့ ပန်းတိုင်တွေဟာ အိပ်မက်တွေ သာ ဖြစ်တယ် – ဆိုတာကလွဲလို့ အခြား မဟုတ်ဘူး မလား။ ခင်ဗျားတို့ သတ်မှတ်ထားတဲ့ ပန်းတိုင် စံနှုန်းတွေဟာ အခုလက်ရှိ ဒီနေရာ-ဒီအချိန်မှာ ရှိမနေတဲ့ အခါ – မနေရတဲ့အခါ – မိမိကိုယ်ကိုယ် ပြစ်တင်တယ်။ ဒါမှမဟုတ် အာရုံလွှဲပြီး အခြား တစ်ခုခုကို ပြစ်တင်တယ်။ ပြီးတော့ မိမိကိုယ်ကိုယ် မြှားဦးလှည့်ရင်း သိမ်ငယ် ပစ်လိုက် ကြတယ်။ တကယ်တော့ အဲ့ဒီ စံနှုန်းတွေကြောင့် ခင်ဗျားတို့ ကျနော်တို့ စိတ်ရှုပ်ထွေး သွားရတော့တယ်။

ကျနော်တို့ သတ်မှတ်ရည်မှန်းတဲ့ စိတ်ကူး၊ စံနှုန်း၊ ပန်းတိုင် ဆိုတာ တွေဟာ ကျနော်တို့ရဲ့ စိတ်ကပဲ တစ်ရစ်ချင်း စိတ်ကူးရုပ်ပုံ ဖော်ပြီး ဖန်တီး ထားတာ ဖြစ်ပါတယ်။ ခင်ဗျားဟာ ခင်ဗျားရဲ့ လက်ရှိ အချိန်နဲ့ လက်ရှိ အဖြစ် ကို ကိုယ့်ကိုယ်ကိုယ် အဲ့ဒီ စိတ်ကူး၊ စံနှုန်း၊ ပန်းတိုင် ဆိုတဲ့ ရုပ်ပုံနဲ့ နှိုင်းယှဉ်ကြည့် တယ်။ အဲ့ဒီအခါ တစ်ခုခု လိုနေတယ် ဆိုတာ ခံစားလိုက်ရမယ်။ တစ်ခုခု ပျောက်ဆုံး နေတယ်။ တစ်ခုခု လိုအပ်နေတယ်။ အဲ့ဒီ “တစ်ခုခုလိုအပ်နေသလိုလို ဖြစ်ရခြင်း” ဟာ ခင်ဗျား အတွက် တကယ့် ပြဿနာ ဖြစ်လာပါတယ်။ တကယ်က ဘာမှ လိုမနေဘူး၊ ဘာမှ ပျောက်မနေခဲ့ပါဘူး။ ခင်ဗျားရဲ့ အခု လက်ရှိနဲ့ အခု အချိန်ဟာ ခင်ဗျား အတွက် အဖြစ်နိုင်ဆုံး အခြေအနေတွေထဲက အပြည့်ဝဆုံး ဖြစ်ရပ်တစ်ခုပါ။

ဒါကို နားလည်ရင် ရှေးတရုတ်ဆရာ ချောင်ဇူရဲ့ အဲ့ဒီ ပုံပြင်ကို ခင်ဗျား သဘောပေါက် ပါလိမ့်မယ်။ ကျနော်တို့ရဲ့ စိတ်ကူးထဲကို ဘယ်စိတ်ကူး စံနှုန်းတွေ ကျနော်တို့ သယ်ယူလာမိသလဲ။ အခုလက်ရှိ ရှိနေတဲ့ ကျနော်တို့ ကိုယ်ကိုယ် ကျနော်တို့ ဘာလို့ လက်မခံနိုင်တာလဲ။ ဒီခဏကလေး မှာ ကျနော်တို့ ဘာတွေဖြစ်နေသလဲ။ ဘယ်သူတွေ ဝင်နှောင့်ယှက် နေသလဲ။ ဒီလို ခင်ဗျား ကြည်လင် ငြိမ်းချမ်း မနေအောင် ဘယ်သူတွေ ခင်ဗျားလမ်းကို ပိတ်ပင်ထားလဲ။ ဒီခဏ ပစ္စုပ္ပန်လေးမှာ ခင်ဗျား ဘာလို့ မအေးချမ်း နိုင်တာလဲ။ ပိတ်ပင်ထားတဲ့ အတားအဆီး တွေက ဘယ်မှာလဲ။

အတားအဆီးတွေဟာ ကျနော်တို့ခင်ဗျားတို့ စိတ်ကူးကနေပဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ကျနော်တို့ ဘယ်လို ပျော်ရွှင်နေနိုင်တော့မလဲ။ ကျနော်တို့ ခင်ဗျားတို့ စိတ်မှာ မကျေနပ်ချက် တွေသာ ပြည့်လျမ်း သွားတယ်။ ဒေါသတွေသာ အပြင် ကို အရင် ထွက်သွားတယ်။ ကျနော်တို့ ဘယ်မှာ အေးချမ်းနိုင်တော့မလဲ။ ကျနော်တို့ ဆီမှာ ဖြစ်ချင် လုပ်ချင်တဲ့ ဆန္ဒ စရိုက်တွေ၊ ခံစားချက်တွေ အပြည့်အနှက် ရှိတယ်။ အဲ့ဒါတွေ ကသာ ဦးဆောင်ပြီး ခင်ဗျားတို့ ကျနော်တို့ ရှေ့ကို အရင်ရောက် လာတယ်။ နောင်တစ်ချိန်မှာ ကျနော်တို့ ဟာ နတ်ဘုရားနဲ့ တူတဲ့ လူတွေ ဖြစ်ရမယ်ပေါ့ စသဖြင့်။ ကျနော်တို့ရဲ့ ငြိမ်းချမ်း တဲ့ သန္တာန်အဖြစ် ဘယ်ရောက် သွားလဲ။

ဒါဟာ ကျနော်တို့ စိတ်ကူးစံကပဲ ဖန်တီးပေးလိုက်တဲ့ ကျနော်တို့ရဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒီ စိတ်ကူး ရည်မှန်းချက် စံတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ရဲ့ အခုလက်ရှိ ကို ရှုတ်ချ ပစ်လိုက်တယ်။ မိမိကိုယ်ကိုယ် အဲ့ဒီ စံ၊ သတ်မှတ်ချက်တွေ နဲ့ နှိုင်းယှဉ်လိုက်တယ်။ အဲ့လိုနဲ့ ခင်ဗျားဟာ ဘယ်တော့မှ မပြည့်ဝနိုင်ဘူး ဖြစ်နေမယ်။ ပြည့်ဝတဲ့ အဖြစ် ( Perfect ) ဟာ ဘယ်တော့ မှ ပေါ်ပေါက် မလာနိုင်ဘူး ဖြစ်နေတယ်။

ခင်ဗျားက ပြောမယ်။ “ဒါလေးသာ ဖြစ်ခဲ့ရင်….” ။ အဲ့ဒီ “ဒါလေးသာ ဖြစ်ခဲ့ရင်….” ဟာ ခင်ဗျား အတွက် အကြီးမားဆုံး အနှောင့်အယှက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်သာ ခင်ဗျားမှာ ဘယ်တော့မှ မအေးချမ်းနိုင်ဘဲ ရှိနေရတယ်။ “ဒါလေးသာ ဖြစ်ခဲ့ရင် ကျနော် အေးချမ်းနေနိုင်မှာပါ” လို့ ခင်ဗျား ပြောမယ်။ အဲ့ဒီ “ဒါလေး” ဟာ ဘယ်တော့မှ ပြည့်ဝဖို့ မရှိဘူးရယ်။ ခင်ဗျား အခု သတ်မှတ်တဲ့ နှုန်းစံကို ရောက်လာတဲ့ အခါ ခင်ဗျားမှာ အပြည့်အဝ ပျော်နိုင်ဖို့၊ အေးချမ်း သွားနိုင်ဖို့ စွမ်းရည် မဲ့ နေဦးမှာ။ ဘာလို့ ဆိုတော့ ခင်ဗျားရဲ့ စိတ်ဟာ နောက်ထပ် နှုန်းစံတွေကို ထပ်ကာ ထပ်ကာ ဖန်ဆင်း နေဦးမှာ မို့လို့ပဲ။

ဒါဟာ ခင်ဗျားရဲ့ စိတ်ကူးစံနောက်ကို လိုက်ရင်း ခင်ဗျားရဲ့ လက်ရှိ အဖြစ် ပျောက်ဆုံးသွားတဲ့ ပုံစံပဲ ဖြစ်ပါတယ်။ စံနှုန်း စိတ်ကူးပန်းတိုင်တွေ ကို ကိုယ့်ဘာသာ ဖန်တီးပြီး အဲ့ဒီ အတိုင်း ဖြစ်ချင်စိတ်ကြောင့် အခုလက်ရှိ “ခင်ဗျား” ကို မကျေမချမ်း ဖြုတ်ချ ပစ်လိုက်တယ်။ ဘေးဖယ်ထားပြီး မေ့ဖျောက်ပစ် လိုက်တယ်။ အိပ်မက်ကို လိုချင်စိတ်နဲ့ လက်ရှိ ခင်ဗျား အဖြစ်ကို သတ်ပစ်လိုက်တယ်။ အဲ့ဒီ အိပ်မက်တွေဟာ ခင်ဗျားကို အနှောက်အယှက် ပေးနေတယ် ဆိုတာ နားလည်နိုင်ပါ့မလား။

ကျနော် ပြောလိုတာက အဲ့ဒါတွေရဲ့ ဆန့်ကျင်ဘက်ပါ။ အခုလက်ရှိ – အခုခဏ ဟာ ခင်ဗျား အတွက် “ခင်ဗျား” ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒေါသ ဖြစ်သလား-တဏှာရာဂ ရှိလိုက်သလား -မေတ္တာနဲ့ အေးချမ်းနေသလား- အခု ခင်ဗျား ဖြစ်နေရှိနေတာသာ အမှန် ဖြစ်ပါတယ်။ “အခုအချိန်-အခုအဖြစ်” ကို လက်ခံသိရှိခြင်းပဲ ရှိတယ်။ အခြား မရှိဘူး။ အခြားနှုန်းစံ စိတ်ကူး တွေသာ ကြားဝင်မလာခဲ့ရင် “အခုလက်ရှိကို လက်ခံသိရှိခြင်း” ကြောင့် ခင်ဗျားရဲ့ သန္တာန်မှာ ဒေါသ နည်းသွားတာ တွေ့ရပါလိမ့်မယ်။ ကြည်နူးဝမ်းမြောက်ခြင်းပဲ ပေါ်ပေါက် လာမယ်။ လောဘ၊ ရာဂ လျော့နည်းသွားတာ တွေ့ရပါမယ်။ အေးချမ်းမှုပဲ ပိုလာတာ တွေ့ရလိမ့်မယ်။ ခင်ဗျားရဲ့ သန္တာန်မှာ ပူလောင်နေသမျှ အလွဲအမှားတွေ ပျောက်ဆုံးသွား ပါလိမ့်မယ်။ မှားယွင်းလွဲမှားနေသမျှ စိတ်ကူးစံတွေ၊ တဖြည်းဖြည်း ပျောက်ကွယ် ကုန်ဆုံးသွားတာနဲ့ အမျှ တကယ့်အဖြစ်အရှိဟာ ပေါ်လွင်လာမှာပဲ။ “ခင်ဗျားရဲ့ အခုအရှိ-အဖြစ်” ဟာ “အလွဲအမှား၊ အဲ့ဒီ စိတ်ကူးယဉ် အိပ်မက်တွေ ပျောက်ကွယ် ကုန်ဆုံးသွားခြင်း” သက်သက်လို့ အခြား ဖွင့်ဆို မပြောနိုင်ဘူးလား။

ဥပမာပေးရရင် – အမှောင် ဆိုပါတော့ ။ ခင်ဗျားမှာ ၊ ခင်ဗျား အိမ်မှာ မှောင်မဲနေတယ်။ အဲ့အမှောင်ကို ခင်ဗျားက မကြိုက်ဘူး။ လင်းချင်တယ်။ ဒီ အမှောင်ကို နှင်ထုတ်ချင်တယ်။ မလိုချင်ဘူး။ ခင်ဗျားရဲ့ အိမ်နံရံမှာ “အလင်း” လို့ ရေးလိုက်ရုံနဲ့ အလင်းက ရောက်လာပါ့မလား။ အမှောင်က ပျောက်မသွားဘူး မဟုတ်လား။ ဒါမှမဟုတ်။ ခင်ဗျားက အဲ့နံရံမှာ “မီးအိမ်” ပုံကို ဆွဲမယ်။ ရပါ့မလား။ ဒါမှ မဟုတ် နောက်တစ်ခါ ခင်ဗျားက ဖယောင်းတိုင်နဲ့ မီးခြစ်ကို ကိုင်ပြီး “ငါ ဒီမှာ မီးထွန်းတော့မယ်။ မင်းတို့ အမှောင်တွေ အရင်ထွက်သွားကြ” လို့ ပြောမယ်။ အဲ့ဒါ ဆိုရင်ရော…..။

တကယ်က ကျနော်တို့ ခင်ဗျားတို့မှာ အဲ့လို နဲ့ တူနေတာတွေ ရှိပါတယ်။ အေးချမ်းရာ၊ တည်ငြိမ်ရာ မိမိအဖြစ်ကို ရဖို့ဆိုတာ အရင်ဆုံး လောဘ ဒေါသတွေ လျော့ပါးအောင်၊ ပျောက်အောင် အဲ့ဒီ ဖြစ်ချင်၊ လုပ်ချင်နေတဲ့ စံနှုန်းတွေကို ပုံဖော်ရဦးမယ် ၊ ပြီးပြတ်အောင် လုပ်ရဦးမယ်လို့ ပြောတတ်ကြတယ်။ ဘယ်တော့ ပုံဖော်လို့ ပြီးပါမလဲ။ ဘယ်တော့ ပြီးပြတ်မလဲ။ တကယ်တော့ အဲ့ဒီ လောဘ၊ ဒေါသ ကင်းပျောက်သွားရခြင်း သက်သက်ဟာ ငြိမ်းအေးသွားတာပဲ မဟုတ်လား။ အခြား ဘာအပို ရှိနေပါသေးသလဲ။ အလင်း မထွန်းခင် အမှောင်ကို အရင်ထွက်ခိုင်းနေသလိုပဲ။ ဘယ်လောက် ရူးသွပ် ပါသလဲ။ အမှောင်ဆိုတာ အထည်ဒြပ်မဲ့တဲ့ အမည်နာမ တစ်ခု ပါ။ ဘာမှ မဟုတ်တဲ့ အရာ တစ်ခုပါ။ သူ့ရဲ့ တရားကိုယ် သဘောဟာ “မရှိခြင်း”ပဲ ဖြစ်ပါတယ်။ “အလင်းမရှိခြင်း”ပဲ ဖြစ်ပါတယ်။ အဲ့ဒီလိုပဲ- အလင်း ကိုလည်း ပြောနိုင်တယ်။ – အလင်း ဆိုတာ ဟာ တကယ်တော့ “အမှောင် ပျောက်ဆုံးသွားခြင်း” ပါပဲ။ ။

………………………

Reading – Osho – Tao Book: When the shoe fits.

……………………..

http://zayyablogger.blogspot.com/
https://zayya.wordpress.com/
http://zayya.blog.com/

……………………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: