ဇင်ဗုဒ္ဓဘာသာ၏ ကြောင်စီစီနိုင်ရခြင်း အကြောင်း

Zen သည် ရိုးသယောင် ရှင်းသယောင် ရှိသော်လည်း ရှုပ်ယှက်ခတ်နေသည်။ တစ်ခါ တစ်ရံ ကြောင်စီစီ နိုင်သည်။ အဘယ်ကြောင့်ပါနည်း ဟု မကြာခဏ အမေး ရှိတတ်ကြပါသည်။ မေးခွန်း ရှိကြသူများ သာမက ဇင်တရားကို ဖြေကြား ပြောပြရန် စဉ်းစားပြင်ဆင် ကြသော သူများသည်လည်း အလားတူ ကြောင်စီစီ နိုင်ခဲ့ကြသည်။ ဤအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းရန် လိုအပ်ပါမည်။

ဇင်တရား၏ ရိုးသယောင် ရှင်းသယောင်နှင့် ရှုပ်ယှက်ခတ် နေရသည့် အကြောင်းမှာ ဘဝ ဖြစ်စဉ် ကိုယ်၌က ရိုးသယောင်ယောင် နှင့် ရှုပ်ယှက် ခတ်နေသောကြောင့် ဖြစ်သည်။ ဇင်၏ ကြောင်စီစီ နိုင်ရခြင်း အကြောင်းမှာ ဘဝကိုက ကြောင်စီစီ နိုင်သောကြောင့် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဇင်သည် ဘဝကို ရိုးရှင်းစွာ ထင်ဟပ်ပြထားသော ကြေးမုံပြင် တစ်ချပ်သာ ဖြစ်ပါသည်။ ဇင်သည် ဒဿန စနစ် တစ်ရပ်နှင့် မတူ။ ဒဿန မဟုတ်။ စင်စစ် ဒဿနတို့သည် ဇင်ကဲ့သို့ ရိုးသယောင် ရှင်းသယောင် နှင့် ရှုပ်ယှက်ခတ်ခြင်းမျိုး မရှိ။ ဒဿန စနစ် တို့တွင် ကြောင်စီစီ နိုင်သော ဒဿန မရှိ။ ခိုင်မာ အားကောင်း သော ယုတ္တိ နည်းလမ်း တို့ဖြင့်သာ ၎င်းတို့ကို ဖွဲ့တည် ထားကြသည်။ အဘယ်ကြောင့် ဆိုသော် ဒဿနတို့မှာ ဆင်ခြင်ဥာဏ် အတွေး စိတ်ကူး များ ဖြင့် တည်ဆောက်ထား ကြသော ကြောင့် ဖြစ်သည်။ ဒဿန စနစ်တို့ကို လူတို့က ပုံဖော် ထုဆစ်သည်။ လူလုပ်ပစ္စည်းများ၊ ယုတ္တိနည်းကျ ဖွဲ့တည် ထားသည်များ ဖြစ်ကြသောကြောင့် သင့်အနေနှင့် ယင်းဒဿန စနစ် တစ်ရပ်ရပ် တွင် အလွယ်တကူ ( သို့မဟုတ် ) အနည်းငယ် အားစိုက် လေ့လာပြီးသည့် နောက်တွင် နားလည်သက်ဝင် ယုံကြည်သွား နိုင်သည်။ ဒဿန စနစ် တစ်ရပ်သည် ၎င်း၏ တည်ဆောက်မှု ဘောင်အတွင်း အံမဝင်လာသော အချက်အလက်များကို ဖယ်ရှားပစ်သည်။ သုတ်သင် လွှင့်ပစ်သည်။ ဒဿန စနစ်တိုင်းသည် ဘဝမှ ရရှိသော အချက်အလက်များကို သာ အသုံးပြုသည်။ ဘဝကို မဟုတ်။ ထို့ကြောင့်လည်း ထို ဒဿန တို့သည် ဘဝကို အပြည့်အဝ ရောင်ပြန်ဟပ် ထင်ပြနိုင်ရန် ခက်ခဲကုန် ကြရခြင်း ဖြစ်သည်။ ယင်းအတွက် သူတို့သည် အံမဝင် အသုံးမကျသော အမှိုက်များ ဟု မဆိုလို။ ယဉ်ကျေးမှု လူ့ဘောင်ကို ဖွဲ့စည်းပုံဖော်ကြသည့် အရာများ ဟုသာ ဆိုလိုသည်။

ဇင်သည် ကြောင်စီစီ နိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဇင်သည် ဒဿန မဟုတ်သောကြောင့် ဖြစ်သည်။ ဘဝဟူသည်မှာ မည်သည့်အရာ ဖြစ်သည် ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက် ( Defination ) မျိုး ဇင်တွင် မရှိပေ။ ဇင်က ဂရုပြုသည်မှာ ဖြစ်ရှိသည့် အတိုင်း ရောင်ပြန်ဟပ် သည်များကို သာ ဖြစ်သည်။ ၎င်းတွင် တမင် ရွေးချယ် ကောက်နုတ်မှု မရှိ။ ရွေးချယ် ကောက်နုတ်မှု ရှိလာလျှင်လည်း ဇင် မဟုတ်တော့။ ရွေးချယ်ဖန်တီးခြင်းသည် သစ္စာတရားမှ စံလွဲသွားရန် ကိုသာ ဦးတည်သည်။ ရွေးချယ်မှု အလျဉ်းမရှိဘဲ တည်ငြိမ်နေခြင်း သည် သာ ဇင်၏ လမ်း ဖြစ်ပါသည်။

သို့သော် ကျနော်တို့ လက်တွေ့တွင် ကြုံကြရသည်က – ဥပမာ တစ်ရပ်ပေးပါမည် – သင်သည် မိန်းကလေး တစ်ယောက်ကို ချစ်ကြိုက်မိပြီ ဆိုပါစို့။ သင် စတင်၍ ရွေးချယ်သည်။ ထို့နောက် များ မကြာမီတွင် သင် ဒုက္ခ တွေ့ရတော့သည်။ အကြောင်းမှာ သင်သည် ရွေးချယ်စဉ်က ယင်း မိန်းကလေးကို မိန်းကလေး အဖြစ် ရိုးရှင်းစွာ မမြင်ခဲ့သောကြောင့် ဖြစ်သည်။ သင် ရှုမြင်ခဲ့သည်မှာ ထိုမိန်းကလေး၏ ကောင်းကွက်များကိုသာ ဖြစ်သည်။ ဆိုးကွက်များကို ကျော်လွှား ထားပစ်ခဲ့သည်။ ထို မိန်းကလေးတွင် အချက်ပေါင်း တစ်ထောင် ကျော် ရှိသည် ဆိုပါစို့။ ယင်းအထဲမှ အချို့သည်သာ ကောင်းကွက်များ ဖြစ်ပြီး၊ အချို့သည် ဆိုးကွက်များ ဖြစ်ကြသည်။ အဘယ်ကြောင့် ကောင်းကွက်များကို သာ ကြည့်ခဲ့ပြီး ဆိုးကွက်များကို မကြည့်ခဲ့ပါသနည်း ။ သင် မသိ၍လော။ မဟုတ်ပေ။ အဖြေမှာ သင်ရွေးချယ် ချင်သောကြောင့်သာ ဖြစ်ပါသည်။ ထိုရွေးချယ်မှုက သင့်ကို ပြဿနာ များစွာ ပေးတော့သည်။

အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်သူ တစ်ဦး ဖြစ်သည်ဟု ဆိုလျှင် ပြောပါမည်။ ဘုရားသခင်သည် လူသားများကို အကောင်းချည်းသာ မဖန်ဆင်းခဲ့ပေ။ ဘုရားသခင်က ထုံထိုင်းနေခြင်းလား၊ သို့မဟုတ် သေဆုံးသွားပြီလား မပြောတတ်။ သူ ပြုလုပ်၍ ထားခဲ့သည့် လူသားများမှာ ပုံသဏ္ဍာန် အမျိုးမျိုး၊ စရိုက်အမျိုးမျိုး ဖွံ့ဖြိုး နေကြသည်။ လူသားကိုယ်စီတွင် သင်ကြိုက်သော အရာတွင်သာ မက ၊ သင်မကြိုက်သော အရာများပါ ရောပြွန်းနေသည်။ သင့်အတွက် သင့်အကြိုက်နှင့် ကိုက်ညှိထားသော မည်သည့် လူသား တစ်ဦး တစ်ယောက် မျှ မရှိ။ သင့်အတွက် ဘုရားသခင်က သီးသန့်ချုပ်လုပ် ပေးလိုက်မည့် လူစားမျိုး မရှိ။ လူသားတို့ကို စက်ရုံထုတ် ပစ္စည်းများ ကဲ့သို့ တစ်ပုံစံတည်း ထုတ်လုပ်ထားခြင်း မဟုတ်။ ဤမိန်းကလေးကို ချစ်ကြိုက်မိသည့် ကိစ္စတွင် သင်၏ အမြင်သည် အမှန်တကယ်ဆိုလျှင် – သူသည် သူသာ ဖြစ်ပြီး သင်သည် သင်သာ ဖြစ်သည်။- ယင်းသို့ အလုံးစုံ မြင်နိုင်ရမည်။ သို့သော် ထိုသို့ မမြင်ခဲ့။

မိန်းကလေး တစ်ယောက်ကို သင်ချစ်ကြိုက်မိ၍ ရွေးချယ်ပြီးသော အခါ သင်သည် အရာတော်တော် များများကို လျစ်လျူရှု ပစ်လိုက်သည်။ တစ်ခါတစ်ရံ သူက စိတ်ဆိုးလျှင်လည်း ခင်ဗျားက လျစ်လျူရှု ပစ်သည်။ ဂရုမမူဘဲ ထားလိုက်သည်။ ခင်ဗျား၏ မျက်စိထဲတွင် နတ်သမီး ပုံသာ မြင်သည်၊ စုန်းမ တစ္ဆေမပုံ ကို မမြင်ပေ။ သို့သော် စုန်းတစ္ဆေမသည် အဲ့သည် အချိန်တွင် တကယ် ရှိခဲ့သည်။ နတ်သမီး ဆိုသည့် စိတ်ကူးထည် ကို တကယ်အရှိ ဟု လက်ခံလျှင် ယင်း နတ်သမီး စိတ်ကူး မှာ စုန်းတစ္ဆေ ဆိုသည့် စိတ်ကူးထည် မရှိဘဲ မပေါ်ပေါက်လာနိုင်။ စုန်းမ၊ ကဝေမ များ မရှိပဲ၊ နတ်သမီးတွေ ချည်းသာ ရှိနေလျှင် ယင်းနတ်သမီး သည် အဖိုးတန် မည် မဟုတ်။ စင်စစ် သင်သည် ထိုအမျိုးသမီး အပေါ် အချစ်လွန်ကဲနေခြင်း၊ သာယာစိတ် လွန်ကဲနေခြင်းသာ ဖြစ်သည်။ သင်သည် အမျိုးသမီး တစ်ဦးကို ခယ ဝပ်တွားလိုပါသလား။ ထိုသို့ဆိုလျှင်တော့ မပြောတတ်။ သင် ချစ်လိုခြင်းသာ ဖြစ်သည်ဟု ဆိုလျှင် ထိုအမျိုးသမီး ၏ လူသားစင်စစ် ဖြစ်ခြင်းကိုတော့ သတိပြုမိ ရလိမ့်မည်။

စင်စစ် လက်တွေ့တွင် ထိုသို့ သတိမပြုထားတော့။ သင်သည် ဟန်ဆောင်လိုက်သည်။ အမှောင်ဖုံးသွားသည်။ လွန်ကဲသွားသည်။ အပေါင်းလက္ခဏာ များကိုသာ ရှုမြင် ထားပြီး အနှုတ်လက္ခဏာ များကို မမြင်တော့။ ထို့ကြောင့်လည်း သင်ရွေးချယ် ယူပစ်လိုက်ခြင်း ဖြစ်သည်။ သို့သော် သင်၏ စိတ်တွင် ဖန်တီး မြင်ယောင်ထား သည့် ပုံရိပ် မှာ ယင်းအမျိုးသမီး၏ တကယ့်အဖြစ် မဟုတ်။ အစစ်အမှန်ကို မဟုတ်။ အနှေးနှင့် အမြန် အတွင်း သင့်တွင် စိတ်ရှုပ်ထွေးမှုများ စတင်လာရသည်။ အကြောင်းမှာ သင်ဖန်တီးထားခဲ့သော ထိုအမျိုးသမီး၏ ပုံရိပ်အတု ကို ယင်းအမျိုးသမီးတွင် ရှိသော တကယ့် ပုံရိပ် အစစ်က ကြာကြာ စောင့်မနေပေ။ အစားထိုး ဝင်ရောက်လာသောကြောင့် ဖြစ်သည်။

တကယ်စင်စစ် ဤဇာတ်လမ်းတစ်ခုလုံးကို ခြယ်မှုန်းသူ၊ ဤပုံရိပ်ကို ဖန်ဆင်းသူ မှာ သင်ကိုယ်တိုင် ဖြစ်ပါသည်။ စတင်ရွေးချယ်မိစဉ်က သင်ကိုယ်သင် ပုံဖျက်ယွင်း ထားခဲ့သည်။ အခြား မည်သူမျှ ဝင်ဖျက်ထားသည် မဟုတ်။ သင့်အမျိုးသမီးကို အရှိ အရှိအတိုင်း သင့်ဘာသာ မမြင်ခဲ့ခြင်း ဖြစ်သည်။ တကယ်ဆို ကြေးမုံပြင် တစ်ချပ်တွင် ထင်သကဲ့သို့ အရှိအရှိအတိုင်း မြင်ထားသင့်သည်။ သို့သော် မမြင်ခဲ့။ လောကတွင် လှပပြေပြစ်သော အရာများလည်း ရှိသလို အကျည်းတန် သော အရာများလည်း ရှိသည်။ အတူတကွ တွဲလျက်ကို တည်ရှိသည်။ အကျည်းတန်သော အရာဟူ၍ မရှိဘဲ၊ အလှအပချည်းသာ မရှိစကောင်း။ အလှအပဟူ၍ မရှိဘဲ၊ အကျည်းတန်သော အရာလည်း ပေါ်ပေါက်သည် မဟုတ်။ ယင်း ဆန့်ကျင်ဘက်နှစ်ခုမှာ အတူတကွသာ တည်ရှိရသည်။ ဒင်္ဂါးပြား၏ ခေါင်းနှင့် ပန်းကဲ့သို့။

အမျိုးသမီး ဖြစ်စေ၊ အမျိုးသား ဖြစ်စေ လူဟူသည်မှာ တစ်ခါတစ်ရံ ချိုသာ၍၊ တစ်ခါတစ်ရံ ကြမ်းတမ်း ပေလိမ့်မည်။ နှစ်ခု စလုံးကို သင် သက်ဝင် လက်ခံနိုင်ဖို့ လိုအပ်သည်။ ဤနေရာတွင် သတိပြုပါ။ လိုအပ်သည် ဟု ဆိုခြင်း ဖြစ်ပါသည်။ သင့်တွင် ရှိမနေ တတ်သောကြောင့် လိုအပ်သည် ဟု ဆိုရခြင်း ဖြစ်သည်။ သင်သည် လိုအပ်ချက်ကို ဂရုမထား၊ သင်၏ စိတ်ဆန္ဒ အတိုင်း ချစ်လိုသော အခါ ထိုသို့ အလုံးစုံ ရှုမြင်ရမည် ဟူသော လိုအပ်ချက်ကို ဘေးဖယ်ပစ်လိုက်သည်။ ထိုလိုအပ်ချက်ကို ဖြည့်စည်းရမည် ဆိုသည်ကပင် သင့်အတွက် အခက်အခဲ ဖြစ်သွားသည်။ သင်ချစ်သော သူတစ်ယောက်ကို တစ်ချိန်တည်းတွင် အကောင်းမြင်၍ တစ်ချိန်တည်းတွင် အဆိုးမည်သို့ မြင်ပါမည်နည်း။

အကောင်းရော အဆိုးကိုပါ တပါတည်း မြင်ပါသည် ဟု စောဒက တက်နိုင်သည်။ သင့်ကိုယ်သင် ရိုးသားစွာ ဝေဖန်ကြည့်ရန် တိုက်တွန်းရပေမည်။ သင် ချစ်စိတ် ဝင်နေသော ခဏတွင် အကောင်းကို ပိုပိုသာသာ မြင်၍ အဆိုးကို လျော့လျော့ပေါ့ပေါ့ ထားရစ်ခဲ့သည် မဟုတ်လား။ အဘယ်ကြောင့် ဆိုသော် စိတ်ဆန္ဒ တစ်ခုတည်း အောက်တွင် ဆန့်ကျင်ဘက်နှစ်ခု အတူတကွ တည်ရှိနေသည့် အချက်မှာ အင်မတန် ကြောင်စီစီ နိုင်လှသောကြောင့် ဖြစ်သည်။ သင်၏ ဆင်ခြင်ဥာဏ်၊ ဆန္ဒ၊ လိုဘတို့နှင့် သွေဖည်နေသောကြောင့် ဖြစ်သည်။ ယုတ္တိဗေဒ နည်းမကျ သောကြောင့် ဖြစ်သည်။ အမျိုးသမီးတစ်ဦးသည် တစ်ချိန်တည်းတွင် လှပခြင်းရော၊ အကျည်းတန်ခြင်းပါ မည်သို့ တွဲရှိနေနိုင်ပါမည်နည်း။ သင် လက်မခံ နိုင်သောကြောင့် ဖြစ်သည်။ ထိုအမျိုးသမီးသည် သင့်ကို သိပ်ချစ်သည်။ အလားတူ အလွန်တရာ စက်ဆုပ်မုန်းတီးသည်။ “ချစ်လွန်းလို့ မုန်းသွားရသည်” ဆိုသည့် စကားကို သင်ကြားဖူးမည် ထင်ပါသည်။ ထိုအမျိုးသမီးသည် တစ်ခါတစ်ရံတွင် သင့်အတွက် အသက်ပင် စတေးရန် အဆင်သင့်ရှိနေပြီး၊ တစ်ခါတစ်ရံတွင် သင့်ကို သတ်ရန် အဆင်သင့် ရှိနေသူ ဖြစ်သည်။ တကယ် စင်စစ် အဖြစ်အပျက် များပင် ဖြစ်သည်။ ဤအချက်များသည် ကြောင်စီစီ နိုင်သည် မဟုတ်လော။ ဤသို့ ဆိုခဲ့သည်များမှာ အမျိုးသမီးများ တစ်ဖက်တည်း မဟုတ်။ အမျိုးသားများလည်း အလားတူပင် ဖြစ်သည်။

ဤသို့ ကြောင်စီစီ နိုင်သော အချက်များ မျက်မြင်ဒိဋ္ဌ ရှိနေပါလျက်နှင့် သင်သည် နတ်သမီး ပုံပြင်ကို စိတ်ကူးယဉ် ဖန်တီး ပစ်သည်။ ရှုမြင်ရမည့် တစ်ခုလုံးကို မသိ၊ မကြည့်နိုင်ဘဲ ၊ တစ်စိတ်တစ်ပိုင်းကိုသာ ဆွဲယူ၍ ပုံရိပ်တစ်ခုကို အပြည့်အစုံ ဖြစ်ပြီ ဟု ဖန်တီး ယုံကြည်လိုက် သည်။ ထိုပုံရိပ်သည် မည်မျှ ကြာရှည် ခံမည်နည်း။ စင်စစ် လက်တွေ့ဘဝ ကို မျက်မြင် ဖြတ်သန်းရသော အခါ အစစ်အမှန်သည် ယင်းပုံရိပ်ကို ဖျက်ပစ်တော့ သည်။ သင်စိတ်ကူးသမျှ၊ သင်မြင်ထားသမျှ၊ သင်ယုံကြည်ထားသမျှ သည် စင်စစ် အမှန် အဖြစ်ကို မကျော်လွန် သွားနိုင်ပေ။ မဖုံးလွှမ်း ထားနိုင်ပေ။ သင်၏ အိပ်မက်များက အမှန်သဘောကို နိုင်လိုမင်းထက် မပြုနိုင်တော့ ပေ။ သင်၏ ပုံရိပ် မပျောက်ပျက်ရန် အချိန်အတိုင်းအတာ တစ်ခုဖြင့် ထိန်းထားကောင်း ထိန်းထား နိုင်ပါမည်။ သို့သော် အမြဲမရပေ။ ထိုသို့အားဖြင့် အမှန်တရားသည် သင်၏ စိတ်ကူးပုံရိပ်ကို တတိတိ ဖျက်ဆီး ပစ်လာ သော အခါ —-

ယင်းသဘောသည် ဤယောင်္ကျား-မိန်းမ ကိစ္စတစ်ခုတည်းတွင် ရှိသည် မဟုတ်။ နေ့စဉ် ဘဝအတွင်း အချိန်တိုင်းတွင် ရှိနေပါသည်။ နေ့စဉ်ဘဝကို သုံးသပ် တွေးခေါ်ထားသည့် ဒဿနစနစ်များ အတွင်းတွင်လည်း ပျံ့နှံ့တည်ရှိနေသည်။ ဤသည်ကပင် ဒဿနိကဗေဒ၏ သမိုင်း ဖြစ်သည်။ ဒဿန စနစ် ကိုယ်စီသည် အမှန်တရားဆီမှ အချက်အလက် အချို့ကိုသာ အကိုးအကားပြု၍ ကောက်ယူသည်။ အခြား မရှင်းလင်းသော အရာများကို ချန်ရစ်ထားခဲ့သည်။ သို့မဟုတ် ယင်းဒဿန စနစ်နှင့် မကိုက်ညီသော အချက်အလက်များကို ချန်လှပ် ဘေးဖယ် ထား ခဲ့သည်။ ယင်းနည်းဖြင့် ဒဿနစနစ်ကို တည်ထောင် ဖွဲ့စည်းသည်။ ဒဿန စနစ်တိုင်း၌ ကွင်းဆက်ပြတ်နေသော အရာများ များစွာ ရှိနေရခြင်းအကြောင်းမှာ ယင်းအကြောင်းကြောင့် ဖြစ်ပါသည်။ အစွန်းတစ်ဖက်စီ၌ ရွေးချယ် ကောက်နုတ်ချက်များ ထားရှိ သောကြောင့်သာ ဒဿန စနစ်ကိုယ်စီတွင် ဝေဖန်စရာ ခြွင်းချက်များ ရှိနေရခြင်း ဖြစ်သည်။ တကယ်လည်း ဒဿန စနစ်တိုင်းသည် အဝေဖန် ခံရပါသည်။ ဝေဖန်မှုများသည် မှားယွင်းနေသည် မဟုတ်။ ဒဿန စနစ်ကိုယ်တိုင်က အဝေဖန် ခံစရာ ဖြစ်နေသောကြောင့်သာ ဖြစ်သည်။

ဒဿနိက ဗေဒ၌သာ မဟုတ် ၊ သိပ္ပံတွင်လည်း အလားတူပင် ။ ကျနော်တို့သည် တိကျ ခိုင်မာသော သိပ္ပံ သီအိုရီ တစ်ခုကို ဖွဲ့စည်း တည်ဆောက်ပြီးပြီ ဆိုပါစို့ ။ ယောင်္ကျား နှင့် မိန်းမ ပြဿနာ ကဲ့သို့ပင် အချိန် အတိုင်းအတာ တစ်ခုအထိ ယင်းသီအိုရီက ကောင်းကောင်း အလုပ်လုပ်နိုင် ပါလိမ့်မည်။ သို့သော် ယင်းသီအိုရီသည် ကိုက်ညီသော အချက်အလက်များကိုသာ ထောက်တည် ထားသောကြောင့် မကိုက်ညီသော အချက်အလက်များဖြင့် အမှန်တရား၏ မျက်နှာပြင်က အခြားတစ်ဖက်မှ ထွက်ရှိ လာသောအခါ ထိုသိပ္ပံ သီအိုရီမှာလည်း အခက်တွေ့ ရတော့သည်။ အချက်အလက်အချို့ကို ဘေးဖယ် စိစစ် ထုတ်ရပြန်သည်။ အချို့အချက်အလက်များကို လှီးဖယ် ထည့်သွင်း ပစ်ရပြန်သည်။ ၁၈ ရာစုနှစ်က သိပ္ပံပညာသည် အလွန်ခိုင်မာ အားကောင်းခဲ့သည်။ ၎င်းတို့ထက် သေချာသော သေချာမှုမျိုး ပြည့်ဝမှုမျိုး အခြား မရှိတော့ ဟူ၍ပင် ယူဆခဲ့ကြသည် ။ သို့သော် နောက်ရာစုတွင် သီအိုရီ အသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ယင်း သီအိုရီ၏ အမည်မှာ မသေချာမရေရာမှု နိယာမ ( Uncertainty Principle ) ဖြစ်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်ရာ့ငါးဆယ်ကျော်က ဂျာမဏီနိုင်ငံသား ဒဿနပညာရှင် အီမန်နျူကန့် ( Immanuel Kant ) သည် ဤအချက်ကို စေ့စေ့စပ်စပ် သုံးသပ်ခဲ့သေးသည်။ သူက ဆင်ခြင်တုံတရားသည် အကန့်အသတ်နှင့်သာ တည်ရှိနေရ ပြီး တကယ့်အစစ်အမှန်သဘော၏ အချက်အလက်အချို့ကိုသာ သိမြင်နိုင်သည် ဟု ဆိုခဲ့သည်။ ထိုသို့ အချို့အဝက်သာ မြင်နိုင်ခဲ့ရုံမျှနှင့် ပြီးပြည့်စုံပြီ ဟု ယုံကြည်လိုက်ပါက ထို ယုံကြည် လိုက်ခြင်း သည် ပြဿနာ ဖြစ်လာလိမ့်မည်။ သိပ်မကြာခင်တွင်ပင် ပို၍ ပို၍ ကျယ်ပြန့်သည်များ ရှာတွေ့သောအခါ ယခင်အဟောင်းအမြင်း အယူအဆ တို့မှာ အသစ်အသစ် တို့နှင့် ထိပ်တိုက် ပဋိပက္ခ ဖြစ်ကြမည်။ ဒဿန ဆရာ ကန့်သည် ဤအချက်ကို မြင်သာနိုင်ရန် ကြိုးပမ်း ခဲ့ပါသေးသည်။ ဆင်ခြင်တုံတရားသည် အကန့်အသတ် အတွင်းသာ မှန်ကန်သည်။ အလွန် ကျဉ်းကျပ်သော ဘောင်အတွင်း၌ သာ အလုပ်လုပ်သည် ဆိုသည့်အကြောင်း။

သို့သော် ကန့်၏ ပြောစကားကို မည်သူမျှ စေ့စေ့ငှငှ မကြားခဲ့၊ နားမထောင်ခဲ့ကြ။ မည်သူမျှ ဂရုမပြုခဲ့ကြ။ ဒဿနဆရာ တော်တော်များများ ကိုလည်း မည်သူမျှ ဂရုမစိုက်ကြသည်မှာ ဓမ္မတာပင် ဖြစ်လျက် ရှိသည်။

ဤရာစုနှစ်၏ သိပ္ပံသည် ကန့်၏ နောက်ပိုင်းတွင် အစပြုသည်။ နောက်ပိုင်းတွင် ရူပဗေဒ၌ ဟိုက်ဇင်ဘတ်ခ် ၊ သင်္ချာဗေဒ၌ ဂူဒယ်လ် တို့က လူသားတို့၏ ဆင်ခြင်ဥာဏ်တွင် အချိန်မရွေး ကျိုးပျက် သွားနိုင်သော အကန့်အသတ်များ၊ ဘောင်များ ရှိနေကြောင်း ပြသ နိုင်ခဲ့ကြသည်။ ဆင်ခြင်တုံတရား ဖြင့် မမှီနိုင်သော ၊ ရှေ့နောက်မညီ ကြောင်စီစီ နိုင်သော သဘာဝ ၏ ဆက်ကြောင်းကွာဟ နေမှု ကို မြင်သာအောင် ဖွင့်ပြပေးခဲ့ကြသည်။ ကျနော်တို့ ဆင်ခြင် သိမှီသော အတွေးအခေါ်တို့ဖြင့် သဘာဝအကြောင်းကို ပြောဆိုကြမည် ဆိုလျှင် အများအားဖြင့် မှားယွင်း နေမည်သာ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် သဘာဝသည် ဆင်ခြင်ဥာဏ် Reason နှင့် ထပ်တူ မဟုတ်။ ဆင်ခြင်ဥာဏ် Reason ထက် သဘာဝ၊ အစစ်အမှန်သဘောက ပိုမို ကြီးမားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဆင်ခြင်ဥာဏ်ဖြင့် တည်ဆောက်ထားကြသော သီအိုရီအယူအဆ တို့ ဆိုသည်မှာ မည်သည့်နည်းနှင့်မျှ ပြီးပြည့်စုံသော စစ်မှန်မှု မဖြစ်နိုင်တော့။

ဤနေရာတွင် – ဇင်သည် ဒဿန မဟုတ်။ ဇင်သည် မှန်တစ်ချပ်သာ ဖြစ်သည်။ အရှိကို အရှိအတိုင်း ရောင်ပြန်ဟပ်ခြင်းသာ ဖြစ်သည်။ ထိုအရာ ဖြစ်လျှင် ထိုအရာကိုသာ ညွှန်သည်။ ဤအရာ ဖြစ်လျှင် ဤအရာကိုသာ ညွှန်သည်။ ယင်း အတွင်းသို့ လူသားတို့ ဖန်တီးသည့် မည်သည့် ဒဿန စနစ်ကိုမျှ သွင်းယူ မလာ။ မည်သည့် အတွေးအခေါ်မှ ထည့်သွင်းမထား။ ရွေးချယ်ခြင်းလည်း မရှိ။ ထပ်ပေါင်းခြင်းလည်း မရှိ။ ပယ်နုတ်ခြင်းလည်း မရှိ။ ဤသည်ပင် ဇင်၏ ကြောင်စီစီ နိုင်ရသည့် အကြောင်း ဖြစ်ပါသည်။ မူရင်းဇစ်မြစ် အကြောင်းမှာ ဘဝ – ကိုယ်၌က ကြောင်စီစီ နိုင်ခြင်း ဖြစ်သည်။ ဤသည်ကို သင် ကောင်းကောင်း ရှုမြင်နိုင်လျှင် ဇင်ကို ကောင်းကောင်း နားလည်ပါလိမ့်မည်။

လက်တွေ့မြင်သာနေသော ဘဝတွင် လူတစ်ဦး တစ်ယောက်ကို သင် ချစ်မြတ်နိုးပြီး ၊ ဤလူကိုပင် သင် ပြန်၍ မုန်းနိုင်သည်။ ဟုတ်သည်ဟုတ်?? ဤသည်မှာ ကောင်းမွန် ပြည့်စုံသော အချက်တစ်ခု ဟုတ်ပါသလား။ သင်၏ စိတ်က ၎င်းကို ကောင်းလှသည် ၊ပြည့်စုံလှသည် ဟူ၍ လက်ခံနိုင်မည် မဟုတ်ပေ။ သင်၏ စိတ်က လက်မခံလျှင် တကယ်တမ်း လက်တွေ့ မလုပ်ရုံသာ ရှိသည်။ သို့သော် သင်သည် မလုပ်တော့ သယောင်ယောင် မိမိကိုယ်ကိုယ် ဖုံးကွယ်၍ လုပ်သည်။ လူတစ်ဦး၏ မုန်းတီး စရာ အပိုင်းများကို ကျော်လွှား ဖယ်ရှား ပစ်ပြီး ချစ်စရာ အပိုင်းများကိုသာ ရွေးယူ ချစ်ပစ် လိုက်သည်။ တကယ့် လက်တွေ့၌ အမှန်သဘောက သင့်ကို ငြိမ်ခံမနေပေ။ သင်သည် တကယ်တမ်း မနှစ်သက်သော အပိုင်းများကို ပစ်ပယ် လိုပါလျှင် ချစ်မိသည် ဆိုသော အပိုင်းများ ကိုလည်း ပစ်ပယ် နိုင်ရမည်။ သို့မှသာ ချစ်စရာ မုန်းစရာ နှစ်မျိုးစလုံး ပျောက်ကွယ်သွားပြီး မကွဲမပြား တစ်သားတည်း ဖြစ်ခြင်း ကို ရရှိမည် ဖြစ်သည်။ ဤအချက်သည် ကြောင်စီစီ နိုင်ပါသလား။

ဟုတ်ပါသည်၊ ကြောင်စီစီ နိုင်လှပါသည် ဟု ဆိုလျှင် ဤသည်မှာ သဘာဝသာ ဖြစ်သည်ဟု ပြန်ပြောရပါတော့ မည်။ နေ့နှင့် ည၊ ဆောင်းနှင့် နွေ၊ ဘုရားသခင်နှင့် မာရ်နတ် ၊ အလင်းနှင့် အမှောင် စသည် ဆန့်ကျင်ဘက်သဘော များသည် အတူတကွ ယှဉ်တွဲကြမြဲ ဓမ္မတာ ဖြစ်ပါသည်။

ဆိုပါစို့ ဤဆန့်ကျင်ဘက်တို့၏ ပဋိပက္ခသဘောကို မြင်သာရန် နောက်ဥပမာ တစ်ရပ် ဆိုပါမည်။ သင်က ဘုရားသခင် သည် ကောင်းမြတ်သော သဘော ရှိသည်ဟု ဆိုမည်။ သို့ဆိုလျှင် ပြဿနာ တစ်ရပ် က အခြားတစ်ဖက်တွင် စတင် ပေါ်ပေါက်လာပြီ ဖြစ်သည် ။ ဆိုးယုတ်ခြင်း သဘောသည် မည်သည့်နေရာက ဖြစ်သနည်း။ မကောင်းမှု သဘောသည် မည်သည့် နေရာက လာသနည်း။ ခရစ်ယာန်၊ အစ္စလာမ်၊ ဂျုး ဘာသာ တို့တွင် ဘုရားသခင်နှင့် မာရ်နတ်မိစ္ဆာ ကို ဤသို့ဖြင့် ခွဲခြားထားရခြင်း ဖြစ်သည်။ မိစ္ဆာမာရ်နတ်မှ မကောင်းမှု ပေါက်ဖွား၍ ၊ ဘုရားသခင်မှ ကောင်းမြတ်မှု ပေါက်ဖွားသည်။ ဘုရားသခင်၏ မူရင်း တရားကိုယ်မှာ ကောင်းမြတ်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ကောင်းမြတ်ခြင်း၊ ဆိုးယုတ်ခြင်း၏ ပေါက်ဖွားရာ ပြဿနာသည် ပြေလည်ပြီ။ ဟုတ်ပြီ။ သို့ဆိုလျှင် မာရ်နတ်မိစ္ဆာသည် မည်သည့်နေရာမှ ဖြစ်လာပါသနည်း။ ဤပြဿနာ နှင့် ထပ်ကြုံရသောအခါ မိစ္ဆာကိုလည်း ဘုရားသခင်ကပင် ဖန်ဆင်းသည်ဟု ထည့်သွင်းရပြန်သည်။ ပြေလည်သွားပြန်သည်။ သို့သော် ယင်းအတွက် “ဘုရားသခင်သည် ကောင်းမြတ်သည်” ဆိုခြင်းကို ပြန်လည် စိစစ် ရတော့မည်။ ပြဿနာ အမေးပုစ္ဆာသည် ဤသို့ဖြင့် တစ်ပါတ် လည်ထွက် သွားပါသည်။ ဘုရားသခင်သည် ကောင်းမြတ်ခြင်းကိုရော၊ ဆိုးယုတ်ခြင်းကိုပါ ဖန်ဆင်းနိုင်ခြင်း ဟူသောအချက်က ဘုရားသခင်သည် အရာအားလုံး ၏ ဖန်ဆင်းရှင်၊ အရာအားလုံး၏ ဇာတ်ဆရာ ဖြစ်သည် ဟု ဆိုလိုရာ ရောက်သည်။ သို့အတွက် ဘုရားသခင်၏ ဖြစ်ခြင်းကို ဘုရားသခင်က ပြန်ဖန်ဆင်းသည် ဟု ဆိုနိုင် ရတော့မည်။ ဤသည်မှာ ကြောင်စီစီ နိုင်လွန်းသည် မဟုတ်လား။ “ဘုရားသခင်” ဟူသော ဂုဏ်ပုဒ်၌ ဤသို့ ကြောင်စီစီ နိုင်နေရခြင်းမှာ အကြောင်း ရှိပါသည်။ ယင်းမှာ – “ဘုရားသခင်”ဟူသည့် စိတ်ကူးထည် အမည်သည် လောက၏ “ဖြစ်တည်မှု အားလုံး” ကို ကိုယ်စားပြုထားသောကြောင့် ဖြစ်သည်။ ဘုရားသခင် ဆိုသည်မှာ အခြားမဟုတ် ။ ထိုဖြစ်တည်မှု၏ အခြားအမည် တစ်မျိုးသာ ဖြစ်သည်။ ရိုးရိုး ဖြစ်တည်မှု မဟုတ်။ အရာအားလုံး၏ ဖြစ်တည်မှု အထည်ကိုယ် တစ်ရပ်လုံး ကို ဆိုလိုသည်။

သင့်အနေဖြင့် ဤအချက်တို့ကို ကြောင်စီစီ နိုင်လှကြောင်း ရှင်းရှင်းလင်းလင်း သိနားလည်သွားသည့် အခါတွင် တိတ်ဆိတ်ငြိမ်သက်မှု ပေါ်ပေါက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းတွင် ရွေးချယ်မှု မရှိ။ အမှတ်၊ အထောက် မရှိ။ ဆန့်ကျင်ဘက်တို့ မရှိ။ ကောင်းမြတ်ခြင်း ၊သို့မဟုတ်၊ ဆိုးယုတ်ခြင်း ၊ မည်သည့်အရာ ဖြစ်ပေါ်လာသည် ဖြစ်စေ ငြင်းပယ်ခြင်း အလျဉ်းမရှိတော့ ။ နှစ်ခုစလုံးကို လက်ခံနားလည်သည်။ လှပခြင်း၊ အကျည်းတန်ခြင်း၊ အလင်း၊ အမှောင် စသည်တို့သည် သင်၏ ရွေးချယ်မှု မဲ့သော သန္တာန်တွင် တစ်ခုနှင့် တစ်ခု ချေဖျက် ပျောက်ကွယ် သွားကြသည်။ အဘယ်ကြောင့် ဆိုသော် သင်သည် နှစ်ခုစလုံးကို ညီတူညီမျှ နားလည် လက်ခံသောကြောင့် ဖြစ်သည်။ ဤအချက်သည် ဇင်၏ အခြေခံ အတွင်းကျသည့် အချက်ဖြစ်သောကြောင့် နားလည်ရန် ကြိုးစားကြည့်စေချင်သည်။

သင့်သန္တာန်တွင် ဒုက္ခ ရော ၊ သုခကိုပါ ရွေးချယ်ခြင်း၊ ကန့်သတ်ခြင်း၊ ဖယ်ထုတ်ခြင်း မရှိဘဲ ဖြစ်ရှိသည့်အတိုင်း နားလည်လက်ခံသည့် အဆုံးတွင် ယင်း ဒုက္ခနှင့် သုခ ၏ ဆန့်ကျင်ဘက်သဘောတို့သည် ၎င်းတို့ဘာသာ အချင်းချင်း ချေဖျက်ပစ် ကြရသည်။ အပေါင်းနှင့် အနုတ်တို့ အချင်းချင်း ပေါင်းစပ် ကြေပျက်သွားသကဲ့သို့ သင်၏ သန္တာန်တွင် အရာရာတို့ ကြေပျက်သွားပြီး တိတ်ဆိတ်မှုသာ ရုတ်ခြည်း ကျန်ရစ်ခဲ့သည်။ ၎င်းသည် ဆိုးခြင်းလည်း မဟုတ်၊ ကောင်းခြင်းလည်း မဟုတ်ပေ။ တည်ရှိနေမှု သက်သက် ဖြစ်သည်။ ဆင်ခြင်ခြင်း၊ ဝေဖန်ခြင်း၊ အတွေးလည်း မဟုတ်ပေ။ ဇင်တွင် ဆင်ခြင် ဝေဖန်သည့် အမှု တစ်ခုမျှ မရှိ။ ရှုတ်ချ ပြစ်တင်သည့် အမှု တစ်ခုမျှ မရှိပေ။ တန်ဖိုး နှုန်းစံ ဆုံးဖြတ် သတ်မှတ်ခြင်းလည်း အလျဉ်း မရှိပေ။ မုန်တိုင်း တစ်ခု၏ အလယ်ဗဟို ချက်မ ကဲ့သို့ပင် လောက၏ အဖြစ်၊ အပျက်၊ အဆိုး ၊ အကောင်းတို့သည် ၎င်းတို့သာ ဖြစ်ပျက်နေကြသော်လည်း သင်၏ အဖြစ်၊ ယင်း ဆိတ်သုဉ်းငြိမ်သက်နေမှုကို မည်သည့်နည်းနှင့်မျှ မထိခိုက် နိုင်တော့ပေ။ ဆန့်ကျင်ဘက် သဘောတို့သည် ၎င်းတို့ဘာသာ ဖြစ်ပျက်၍ ဤငြိမ်သက်နေမှု သို့ ကပ်ရောက် လာသည်နှင့် တပြိုင်နက် အလိုအလျောက် ချေဖျက် ပျောက်ဆုံး သွားကြသည်။ ဆိုလိုသည်မှာ သင်သည် လောကကို အရှိ အရှိအတိုင်းသာ လွတ်လပ်စွာ ထားရှိခြင်း ဖြစ်သည်။ သင်သည် မည်သည့် ရွေးချယ်မှု၊ မည်သည့် ကန့်သတ်မှု၊ မည်သည့် တန်ဖိုးဖြတ်မှုမျှ မလုပ်တော့။ ထိုအခါ အလားတူ တန်ပြန်အားဖြင့် သင်သည်လည်း လောက အရှုပ်အထွေး အတွင်းတွင်ပင် ရှိနေလျက်နှင့် အပြည့်အဝ ကင်းစင် လွတ်မြောက်နေသော သူ အဖြစ်သို့ ရောက်ရှိလာရတော့သည်။ ဤသည်မှာ ကြောင်စီစီ နိုင်ပါသလော။

…………………………………………………………………..
Osho ၏ Zen: The Path of Paradox ကို ဖတ်ရှုရင်း ။
……………………………………………………………………
Notes:

  • Zen = ဇင်။ ဤနေရာတွင် ဇင် ဟုသာ အလွယ်တကူ ရေးလေ့ရေးထ ရှိကြပါသည်။ ဦးရွှေအောင် ( ဝဋံသကာနှင့် သိရောမဏီ ) သည်လည်း ဇင် – ဟုပင် သုံးနှုန်း ခဲ့ဖူးသည်။ ထေရဝါဒ အုတ်မြစ် ဟူသော ကျမ်း၏ နောက်ဆုံးခန်းတွင် ဖြစ်မည် ထင်ပါသည်။ သို့သော် မြန်မာ စာရေးဆရာ တစ်ဦးက “ဈင်” ဟူသော အသုံးအနှုန်းဖြင့် ရေးသားပါသည်။ (မြန်မာစာရေးဆရာကြီး၏ အမည်မှာ ဦးသော်ဇင် ဖြစ်မည် ထင်ပါသည်။ ဤသည်မှာ အထင်သာ ဖြစ်ပါသည်။ ဖတ်မှတ်ခဲ့ဖူးသည်က ပြီးခဲ့သည့် ဆယ်ငါးနှစ်ခန့် အကြာ တန်းကျောင်းသား ဘဝက ဖြစ်၍ ရေးတေးတေး မျှသာ ရှိတော့သည်။ မှားယွင်းပါက တောင်းပန်ပါသည်။ ) ၎င်း၏ အာဘော်ကို လိုက်၍ ဈင် ဟု သုံးစွဲကြသည်များလည်း တစ်ကြိမ် တစ်ခါ မက တွေ့ရဖူးပါသည်။ ဇင်ဗုဒ္ဓဘာသာ၏ အကျင့်အကြံတရားသည် ထေရဝါဒ ဗုဒ္ဓဘာသာ အနေဖြင့် ရှုမြင်လျှင် ဈာန်သမာပတ် မျှကိုသာ ဦးတည်သည် ဖြစ်ကြောင်း၊ ဈာန်စိတ် ကို ဦးစားပေးကြောင်း ၊ ဘာသာ၏ အမည်မှာပင် ဈာန်ကို ဇောင်းပေး ထားသည်မှာ သိသာကြောင်း စသဖြင့် သုံးသပ်ပြထားသည်ကို မှတ်သားရဖူးသည်။ ၎င်းအပြင် ဇင် ကို ဈင် ဟု ရေးရသည့် အခြားအချက်အလက် များလည်း ရှိသေးသည်။ တကယ်စင်စစ် သမိုင်းကြောင်း အရ၊ ဇင်ဗုဒ္ဓဘာသာ သည် အိန္ဒိယမှ တရုတ်သို့ ရှင်ဗောဓိဓမ္မ ရောက်ရှိလာရာမှ အစပြုပြီး တရုတ်မှ ဂျပန်သို့ ကူးပြောင်း ရောက်ရှိသွားခြင်း ဖြစ်သည်။ ထို့ကြောင့် ကာလ၊ဒေသ အားဖြင့် စကား ရွေ့လျောနိုင်ရန် အလားအလာများစွာ ရှိပါသည်။ ဘာသာဗေဒ အားဖြင့်လည်း မှန်နိုင်သေးသည်။ အိန္ဒိယ ပါဠိသက် ဈာန် မှ၊ တရုတ်ပြည် အရောက် တွင် Chen ဟု ခေါ်ဆိုသည်၊ ယင်းနောက် ဂျပန်တွင် Zen ဟု အသံဖလှယ်သည် ။ ဇင်ဗုဒ္ဓဘာသာကို အနောက်တိုင်း၌ တွင်ကျယ် လူသိများစေခဲ့သူ စဦး ပုဂ္ဂိုလ်များတွင် တစ်ဦး အပါအဝင် ဖြစ်သည့် ဆရာ Alan Watt ကလည်း သို့ အလားသဏ္ဍာန်တူ ဆိုခဲ့ဖူးပါသည်။ ဤနေရာတွင် ဈင် ဟု ကျနော် မသုံးစွဲရခြင်း၊ ဇင် ဟုသာ သုံးနှုန်းရခြင်း မှာ ရေးသား၊ ဖတ်ရှုရ လွယ်ကူစေလိုခြင်း နှင့် အမျိုးဘာသာ ကွဲပြားစေခြင်း၊ ဘာသာ အယူဝါ အချင်းချင်း နှိမ်ချသက်ရောက်စေခြင်း စသည့် အခြား အဓိပ္ပာယ်များ ရောယှက် အတွေးရောက်မည် ကို မလိုလားသော ကြောင့် ဖြစ်ပါသည်။
  • Immanuel Kant ( 1724 – 1804 ) – ယခု ရုရှား နိုင်ငံ၊ Kaliningrad ၊ ယခင် Konigsberg ဂျာမဏီနိုင်ငံသား ဒဿန ဆရာ ဖြစ်ပါသည်။ ၎င်း၏ ထင်ရှားသော ကျမ်းများ အနက် ဤပို့စ်တွင် အဓိက အထူးပြုထားသည်မှာ Critique of Pure Reason အမည်ရှိ ကျမ်းမှ ဖြစ်သည်။ ယင်းကျမ်း၌ လူတို့၏ အတွေ့အကြုံနှင့် ဆင်ခြင်ဥာဏ်တို့ကြား ပဋိပက္ခ၊ အစဉ်အလာ ဒဿနနှင့် တက္ကိကဗေဒ အကြား ကွာဟချက် ကို ပေါင်းစပ်နိုင်ရန် ကြိုးပမ်း အားထုတ်ခဲ့သည်။
  • Uncertainty Principle – ရူပဗေဒပညာရှင် ဟိုက်ဇင်ဘတ်ခ် ဖော်ထုတ်ခဲ့သော နိယာမ ဖြစ်သည်။ အမှုန်တစ်ခု၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်အကြောင်း လေ့လာရာတွင် ယင်းအမှုန်၏ တည်နေရာနှင့် အဟုန်ကို တစ်ပြိုင်နက်တည်း တိတိကျကျ သိ၍ မရနိုင် ဟူသော အဆိုဖြင့် တိကျခိုင်မာမှုကိုသာ အလေးထားသော သချာင်္ရူပဗေဒ နယ်ကို တုန်လှုပ်အောင် ထိုးဖောက်နိုင်ခဲ့သည်။ ယင်းနိယာမ၏ အတွင်ကျယ်ဆုံး ကဏ္ဍမှာ ရူပဗေဒ၏ ကွမ်တမ်မက္ကင်းနစ်နှင့် နျူကလိယ ၊ အက်တမ်အောက် အမှုန်ဗေဒ တို့တွင် ဖြစ်ပါသည်။ သို့သော် ဒဿနိက နယ်ပယ်သို့လည်း အကြီးမားဆုံး ဂယက်ရိုက်ခတ်နိုင်ခဲ့သည့် နိယာမ ဖြစ်သည်။
  • Kurt Godel ( 1906 – 1978 ) – ဂျာမန် မိသားစုမှ ပေါက်ဖွား လာသည့် သင်္ချာပညာရှင် အကျော်အမော် ဖြစ်သည်။ ၎င်း၏ ထင်ရှားသော စာတမ်းမှာ Incompleteness Theorems ဖြစ်ပြီး သင်္ချာယုတ္တိဗေဒ၏ အခြေခံ စံသတ်မှတ်ချက်များ အတွင်းတွင် မခိုင်မာသည့် အဆိုများ တည်ရှိနေသည် ဟု တင်ပြ နိုင်ခဲ့သည်။ သင်္ချာလောက အတွက်လည်း အုတ်အော်သောင်းနင်း ဖြစ်ခဲ့သကဲ့သို့ ဒဿနိကဗေဒ နယ်ပယ် တွင်လည်း ပျံ့နှံ့ကျော်ကြားခဲ့သည့် သီအိုရမ် ဖြစ်သည်။

………………………………
http://zayyablogger.blogspot.com/
https://zayya.wordpress.com/
http://zayya.blog.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: