ငါ သူတို့လို ဖြစ်ရမယ် ( မိမိကိုယ်ကိုယ် ထူးခြားချင်သူ )

ဟိုနည်းနည်း ဒီနည်းနည်း သိလာပါပြီ ဆိုတဲ့ အရွယ်တွေက စလို့ လူတိုင်းနီးပါး ဟာ ကိုယ်ကိုယ်ကိုယ် ထူးခြားတဲ့သူ တစ်ယောက် ဖြစ်ချင်ကြ ပါတယ်။ မိမိကိုယ်ကိုယ် ဟိုပုဂ္ဂိုလ်လို ဖြစ်ရမယ်။ ဒီပုဂ္ဂိုလ်လို ဖြစ်ရမယ် တွေးတော ပုံဖော်ကြတယ်။ နောက်ပြီး မိဘ အသိုင်းအဝိုင်း ကလည်း မင်း ဘယ်လိုကြီး ဖြစ်ရမယ်။ ဟိုမှာကြည့်စမ်း…သူ့လို ဖြစ်ရမယ်။ အဲ့ဒီလူလို ကြိုးစားရမယ်။ ကောင်းတာတွေ အတုခိုးစမ်းပါ … ဆိုတဲ့ စကားမျိုး သင်ပေးကြပြန်တယ်။

အဲ့တော့ အခုလက်ရှိ ခင်ဗျားပဲ ရှိနေမှာမို့ ခင်ဗျားကိုပဲ မေးပါမယ်။ ခင်ဗျားကော ထူးခြား တဲ့သူ တစ်ယောက် ဖြစ်ချင် နေတာ ပါလား။ “ထူးခြားတဲ့သူ၊ အများနဲ့ မတူ တမူ ထူးတဲ့သူ ဖြစ်အောင် ကျနော် ဘာလုပ်ရမလဲ။” လို့ ခင်ဗျား မေးမလား။

နေ့လည်က ညီမလေး တစ်ယောက် လင့်ခ် တစ်ခု ပို့လာ တယ်။ အဲ့အထဲမှာ မြန်မာနိုင်ငံ က နာမည်ကြီး အဆိုတော် တစ်ယောက် အကြောင်း၊ ကော်ပီတွေ များပြီး ကိုယ်ပိုင်ဟန် ၇၀ ရာခိုင်နှုန်းလောက် ပျောက်နေတဲ့ ( မိမိအမြင်အရ သတ်မှတ်ထားမိတဲ့ ရာခိုင်နှုန်း ဖြစ်ပါတယ်။ မှားယွင်းပါက သည်းခံပါ ) လက်ရှိ မြန်မာ ဂီတအနုပညာ စီးကြောင်းမှာ ပုံတူတွေ မိတ္တူတွေ နဲ့ မာန်ဝင့် ရှင်သန်နေပုံလေးပါ။ အဲ့ဒီ အဆိုတော် ရဲ့ မိမိကိုယ်ကိုယ် နာမည်ကြီးချင်လွန်း၊ ထူးခြားချင်လွန်း နေတဲ့ သရုပ်သကန်လေး အကြောင်း ဟာသ နှောပြီး ရေးထားတယ်။ စာကတော့ သရော်စာ မျိုးပါပဲ။ အဲ့ဒါလေး ဖတ်မိရင်း လူတစ်ယောက်ဟာ မိမိကိုယ်ကိုယ် အများနဲ့မတူ တမူထူးပြီး နေချင်ရင် ဘယ်လိုနေရမလဲ။ အဲ့ဒီ နေချင်တတ်တဲ့ စိတ်ကရော တကယ်မှန်ပါရဲ့လား။ အတွေး ရောက်မိပါတယ်။

အဲ့လိုနဲ့ ဒီပို့စ်ကို တင်ပါတယ်။

ကိုရဲထက်ရဲ့ စာကို အချို့ တော်တော်များများ ပြန်ပြင်၊ ဖြည့်စွက်ပြီး ရေးပါတယ်။

………………………………………

လူတစ်ယောက်က မေးတယ်။

“ကျနော် ထူးခြား ထက်မြက်တဲ့ သူ တစ်ယောက် ဖြစ်ချင်တယ်။ ( …… ).လို ထူးခြားတဲ့သူ တစ်ယောက် ဖြစ်ဖို့ ကျနော့မှာ ဘာလိုပါသလဲ။ ကျနော် ဘာလုပ်ရမလဲ။”

အဖြေ—

ခင်ဗျားရဲ့ အဲ့ဒီ ထူးခြားသူ တစ်ယောက် ဖြစ်ချင်နေတဲ့ စိတ်ကူးကို ကျနော် ဘယ်လို ဖျက်ပစ် ရပါ့မလဲ။ ခင်ဗျားက နကို မူလကတည်းက ထူးခြားပြီးသားရယ်။ ဒါကြောင့် ထပ်ပြီး ထူးခြားအောင် ပြောင်းလဲဖို့ မလိုအပ်ဘူး။ ခင်ဗျားက အထူး ( Special ) တစ်ဦးတည်းသော သူ။ ( ဘုရားသခင်သာ ရှိခဲ့ရင် ) အဲ့ဒီ ဘုရားသခင်ဟာ မထူးခြားတဲ့ အရာကို ဘယ်တုန်းကမှ ဖန်ဆင်းမှာ မဟုတ်ဘူး။

လူတိုင်းဟာ လုံးဝ နှစ်ယောက် မရှိပါဘူး။ တစ်မိုးအောက်မှာ တစ်ယောက်ဖွားပဲ ဖြစ်ပါတယ်။ ခင်ဗျား မတိုင်ခင်က ခင်ဗျားနဲ့ တူတဲ့သူ မရှိသလို ခင်ဗျားရဲ့ နောက်မှာလည်း ခင်ဗျားနဲ့ တူတဲ့သူ ဆိုတာ ဘယ်တော့မှ မရှိနိုင်ဘူး။ ဘုရားသခင် ကသာ လူသားတွေကို တကယ် ဖန်ဆင်းတာ ဆိုရင် ခင်ဗျားကို ဖန်ဆင်း လိုက်တဲ့ ကိစ္စမှာ ဒါဟာ ပထမဆုံး ဖြစ်သလို နောက်ဆုံးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခင်ဗျား က သိပ် ထူးခြား နေအောင် ပြောင်းလဲဖို့ မလိုအပ်ပါဘူး။ ခင်ဗျား ကိုယ်၌က ထူးခြားပြီးသား ဖြစ်နေလို့ပါ။

တကယ်လို့ ခင်ဗျားက အရမ်းကို ထူးခြားတဲ့ သူ တစ်ယောက် ဖြစ်ချင်နေတာပါ ဆိုရင်တော့ ပြောစရာရှိလာတယ်။ အဲ့ဒါကတော့ – ခင်ဗျား ထူးခြားချင် လွန်းလို့ ကြိုးစားရင်း ကြိုးစားရင်း တကယ့် သာမန် လူတစ်ယောက် ဖြစ်သွားမယ်။ ဒိထက်ဆိုးရင် သာမာန် လူထက်တောင် နိမ့်ကျ သွားဦးမယ်။ ဘာလို့လဲ ဆိုတော့ အဲ့ဒီလို ကြိုးပမ်းမှုဟာ တကယ့်အရှိ အရင်းခံ တရားနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားပြီး၊ ရှုပ်ရှုပ်ယှက်ယှက် တွေ ဖြစ်လာရလို့ပဲ။ အဲ့ဒီ အချိန်မှာ မိမိကိုယ်ကို မိမိ ထူးခြားအောင် ကြိုးပမ်း စီမံနေရတဲ့ လုပ်ရပ်တွေက ခင်ဗျားရဲ့ စိတ်သဘောထားကို ဖော်ပြ နေတော့တယ်။ ( တစ်နည်းအားဖြင့် ) ခင်ဗျား ကိုယ် ခင်ဗျား ဘာမှ မထူးခြားပါဘူးလို့ ဖော်ပြနေတယ်။ အဲ့ဒီလိုနဲ့ ခင်ဗျားဟာ အင်မတန် ရိုးစင်းတဲ့ သာမန် အနေအထားကိုပဲ တဖြည်းဖြည်း ရောက်သွားမှာ။ ဒါဟာ ခင်ဗျားရဲ့ အဓိက လမ်းလွဲမှုပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အရမ်း ထူးခြားချင်နေတာဟာ အခုလက်ရှိမှာ ကိုယ်ကိုယ်ကိုယ် မထူးခြား ဘူးလို့ ထင်နေလို့ပဲ မဟုတ်လား။  အခုလို ခင်ဗျားက မိမိကိုယ်ကိုယ် မထူးခြားသူ တစ်ယောက်လို့ နားလည်ထားတာ ဆိုရင် ခင်ဗျား ထူးခြားသူ တစ်ယောက် ဖြစ်အောင် ဘယ်လို ပြောင်းမှာတဲ့လဲ။ ခင်ဗျားရဲ့ နားလည်မှုကိုယ်၌က မှားနေပြီ ဖြစ်ပါတယ်။ ခင်ဗျားက အစမ်းသဘောနဲ့ ဟိုလို လုပ်လိုက်၊ ဒီလိုလုပ်လိုက် ကြိုးပမ်းခဲ့ပေမယ့် သာမန် ဖြစ်နေဦးမှာပဲ။ အကြောင်းကတော့ ခင်ဗျားရဲ့ အခြေခံ အုတ်မြစ်ကိုက မှားနေလို့ပါ။

ကောင်းပြီ။ ခင်ဗျား အတွက် အဝတ်အစားကို ဒီဇိုင်းဆရာ ( Designer ) ဆီ သွားပြီး ဆန်းဆန်းပြားပြား အင်္ကျီတွေ၊ အဝတ်တွေ ချုပ်ခိုင်းလို့ ရတယ်။ ခင်ဗျားရဲ့ ဆံပင် ပုံစံနဲ့ မျက်နှာပြင်မှာ မိတ်ကပ်တွေ ခြယ်သ နိုင်တယ်။ ဆာဂျရီ တောင် လုပ်နိုင်တယ်။ နည်းနည်းပါးပါး သင်ကြား ဖတ်မှတ်ပြီးတော့ ကိုယ့်ဘာသာကိုယ် ပညာရှိ လုပ်နိုင်တယ်။ စာတိုပေစတွေ ရေးပြီး၊ နောက်တော့ ကိုယ့်ကိုယ်ကိုယ် စာပေသမားကြီးလို့ ထင်မှတ်နိုင်တယ်။ ခင်ဗျား အခြား အလုပ်တွေလည်း လုပ်နိုင်ပါသေးတယ်။ ခင်ဗျား နာမည် ကြီးသွားနိုင်တယ်။ ဒါမှမဟုတ်၊ နာမည်ဆိုးနဲ့ ဟိုးလေး တကျော်ကျော် ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ခင်ဗျားရဲ့ နှလုံးသား အနက်ရှိုင်းဆုံး နေရာမှာတော့ ခင်ဗျားဟာ သာမန်ပဲ ဆိုတာ ခင်ဗျားကိုယ် ခင်ဗျား သိနေပါတယ်။ ဒီကိစ္စတွေ အားလုံးဟာ ပြင်ပမှာပဲ ဖြစ်နေတာ။ ခင်ဗျားရဲ့ ဝိညာဉ်ကလေး ( ဝိညာဉ်ကို လက်မခံရင် ဆိုပါစို့- စိတ်ကလေး ) ကို အများနဲ့ မတူ ထူးခြားတဲ့ ဝိညာဉ်ကြီး ( စိတ်ကြီး ) ဖြစ်အောင် ဘယ်လို ပြောင်းမှာလဲ။ နည်းလမ်း မရှိပါဘူး။

ဘုရားသခင် ရှိရင်တောင် ခင်ဗျားကို နည်းလမ်း ပေးနိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘုရားသခင်ဟာ ဘယ်တုန်းကမှ သာမန် ဝိညာဉ်ကို မဖန်ဆင်းခဲ့လို့ပဲ။ ဒါကြောင့် ခင်ဗျားရဲ့ ပြဿနာက ခင်ဗျားဘာသာ ခင်ဗျား တွေးရခက်နေတာ။ ဘုရားသခင်က ခင်ဗျားဝိညာဉ်ကို ခင်ဗျားဆီမှာ ဘုံပိုင် အဖြစ် ပေးခဲ့တာ မဟုတ်ဘူး။ တစ်ဦးတည်းပိုင်၊ တစ်ဦးတည်းအတွက် ထူးခြားတဲ့ ဝိညာဉ် တစ်ခု ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဝိညာဉ် ဟာ အခြား သူကို မပေးခဲ့ ဖူးသေးတဲ့ ဝိညာဉ် ပဲ။ ဒါဟာ ခင်ဗျား အတွက် သီးသန့် ဖန်ဆင်းပေးတာပဲ ဖြစ်ပါတယ်။

ကျနော် ပြောချင်တာက ခင်ဗျားဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ထူးခြားမှုတွေ ရှိတယ် ဆိုတာကို သာ ရှင်းရှင်းလင်းလင်း သိထားရမယ်။ ခင်ဗျား အတွက် နောက်ထပ် ဘာ ထူးခြားစရာမှ မလိုအပ်ဘူး။ သူက နကိုကတည်းက ရှိနှင့်နေပြီးသား ဖြစ်ပါတယ်။ အဲ့ဒါကို ခင်ဗျားက ကိုယ့်စိတ်ရဲ့ အတွင်းပိုင်းကို ဝင်ပြီး ခံစားကြည့် တတ်ရမယ်။ ခင်ဗျား မျက်လုံးမျိုးနဲ့ တစ်ပုံစံတည်း တူသူ မရှိဘူး။ ခင်ဗျား အသံနဲ့ တစ်သံတည်း တူသူ မရှိဘူး။ ခင်ဗျားရဲ့ ထူးခြားချက်နဲ့ တူသူ ဆိုတာလည်း တစ်ယောက်မှ မရှိပါဘူး။ အရင်တုန်း ကလည်းမရှိဘူး။ နောင်လည်း မရှိဘူး။ ခင်ဗျားအတွက် ခင်ဗျားပဲ ရှိတယ်။ အကြွင်းမဲ့ ၊ သာမန် မဟုတ်သူ တစ်ဦးပဲ။ ဒီကမ္ဘာပေါ်မှာ ခင်ဗျားနဲ့ တူတဲ့သူကို ရှာလို့ရမှာ မဟုတ်ဘူး။ ဇမ္ဗူမှာ တစ်လူတည်း ရှိသူ ဖြစ်ပါတယ်။ အမြွှာပူး မွေးသူ ဖြစ်စေဦးတော့ မတူနိုင်ဘူး။ ဘယ်လောက်ပဲ အမြင်မှာ တစ်ထေရာတည်း ဖြစ်နေပါစေ သူတို့ဟာ မတူကြဘူး။ သူတို့လျောက်တဲ့ ဦးတည်ချက် မတူသလို၊ ကြီးထွား ရှင်သန်မှု ပုံစံလည်း မတူပါဘူး။ သူတို့ဟာ ကွဲပြားခြားနားတဲ့ ပုံသဏ္ဍာန်နဲ့ ခန္ဓာကိုယ်တွေ ဖြစ်လာကြတာပဲ။

အဲ့ဒီကို နားလည်ထားဖို့ တကယ်တမ်း လိုအပ်ပါတယ်။ အဲ့တော့ ခင်ဗျား မေးတာကို ဖြေထားတဲ့ ပထမ စကား “ထူးခြားသူ တစ်ယောက် ဖြစ်ချင်နေတဲ့ စိတ်ကူးကို ကျနော် ဘယ်လို ဖျက်ပစ် ရပါ့မလဲ။” ဆိုတာကို ခင်ဗျား သေသေချာချာ နားလည်မလား။ အဲ့လို နားလည်သွားရင် လုံလောက် ပါတယ်။ တကယ် ပကတိ တည်ရှိနေတဲ့ ခင်ဗျား အတွင်းထဲ ကိုသာ ဝင်ပြီး ကြည့်ကြည့်လိုက်ပါ။ ထူးခြားသူ တစ်ယောက် ဖြစ်ချင်နေတဲ့ ခင်ဗျား ကြိုးစား အားထုတ်နေသမျှ အားလုံး ပျောက်ပြယ် သွားပါလိမ့်မယ်။ မိမိ ကိုယ်ကိုယ် နကို မူလ ကတည်းက ထူးခြားသူ တစ်ယောက် ဖြစ်တယ် ဆိုတာကို ခင်ဗျား သိပြီးတဲ့ အခါ အစောပိုင်းက ထူးခြားချင်လွန်းတဲ့ ကြိုးပမ်းမှုတွေ ပျောက်ကွယ် သွားမှာ အမှန်ပါပဲ။

ဒါဆို ခင်ဗျားက ထပ်ပြောမယ်။ “ထူးခြားသူ တစ်ယောက် ဖြစ်ချင်နေတဲ့ အဲ့ဒီ စိတ်ကို ရပ်သွားချင်တယ်ဗျာ” လို့ ။ အဲ့လို နည်းကောင်း တောင်းလာ ရင်လည်း ၊ အဲ့ဒီ နည်းကောင်းက ခင်ဗျား အတွက် အနှောင့်အယှက် ဖြစ်နေဦးမှာပဲ။ ခင်ဗျား ဘာကို သွားပြီး စမ်းသပ်မှု လုပ်ဦးမလဲ။ ခင်ဗျား ဘာဖြစ်လို့ စမ်းကြည့်နေတာလဲ။ ကနဦးကတော့ ခင်ဗျားက ထူးခြားသူ တစ်ယောက် ဖြစ်ချင်လို့ စမ်းသပ် ကြည့်နေတာ။ အခုတော့ ထူးခြားသူ တစ်ယောက် မဖြစ်အောင် စမ်းကြည့်နေပြီ။ ဒါပေမယ့် စမ်းသပ်ပြီးရင်း၊ ထပ်စမ်းသပ်ရင်း၊ နည်းကောင်း ဆိုတာတွေ နဲ့ ကိုယ်ကိုယ်ကိုယ် တိုးတက် အောင် လုပ်တယ်။ ခက်တာက အခု ပစ္စက္ခ တည်ရှိနေတဲ့ ခင်ဗျား ကိုယ်ကို ခင်ဗျား ဘယ်တုန်းကမှ လက်မခံခဲ့တာ၊ မကြိုဆိုခဲ့တာပဲ။

အဲ့တော့ ထပ်ပြောပါမယ်။ အခုရှိနေတဲ့ ခင်ဗျားရဲ့ ပကတိ အတိုင်းကို ခင်ဗျား လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြည့်ပါ။

ဒါပေမယ့် ကျေးဇူးပြုပြီး သတိထားစေချင်တာက ခင်ဗျားရဲ့ အဲဒီ ကိုယ်ပိုင် ထူးခြားချက် ဆိုတာဟာ ခင်ဗျားရဲ့ ကိုယ်ပိုင် ပစ္စည်းသာ ဖြစ်ပါတယ်။ အခြားသူတွေနဲ့ နှိုင်းယှဉ်မှု မလုပ်ဖို့ လိုအပ်တယ်။ အဲ့လိုမှ မဟုတ်ဘဲ ခင်ဗျားက – “ငါဟာ အလွန်ထူးခြားသူ ဖြစ်တယ်။ ဟိုယောင်္ကျားထက် ငါက ပိုပြီး ထူးတယ်။ ဒီမိန်းမထက် ငါက ပိုသာတယ်” စသဖြင့် ဆိုလာရင်တော့ ခင်ဗျား နားလည်မှုလွဲနေတယ်လို့ပဲ ပြောရတော့ မယ်။ ခင်ဗျားမှာ သူများနဲ့ မတူတဲ့ ထူးခြားချက်တွေရှိတယ်။ ဒါပေမယ့် သူများတွေနဲ့ နှိုင်းယှဉ်ပြီးမှ ရလာတဲ့ ထူးခြားချက်တွေ မဟုတ်ဘူး။ ခင်ဗျားရဲ့ ထူးခြားချက် ဆိုတာ အခြားသူတွေနဲ့ ယှဉ်ပြိုင်လို့ ရလာတဲ့ ထူးခြားချက် မဟုတ်ဘူး။ ခင်ဗျားဟာ နကိုကတည်းက ထူးခြားပြီးသားလူ ဖြစ်တယ်။

>>>>

တစ်ခါတုန်းက ပါမောက္ခ တစ်ဦးဟာ ဇင်ဆရာကြီး တစ်ပါးဆီ လာပြီး ပြဿနာ တစ်ခုကို မေးတယ်။

“ဘာကြောင့် ကျနော်က ခင်ဗျားနဲ့ မတူရတာလဲ။ ဘာကြောင့် ကျနော်က ခင်ဗျားလို အေးချမ်း ငြိမ်သက်မှု မရှိရတာလဲ။ ဘာကြောင့် ကျနော်က ခင်ဗျားရဲ့ ဥာဏ်အသိမျိုး မရှိရတာလဲ။ ဒါဟာ ကျနော် အခုသိချင်နေတဲ့ ပြဿနာ ဖြစ်ပါတယ်။ ကျနော့ကို ဖြေပေးပါ။”

ဆရာက ပြန်ပြောတယ်။

“ခဏလေးပါ။ ခဏလေး စောင့်ပြီး အရင်ဆုံး ငြိမ်သက်စွာနဲ့ ထိုင်ချလိုက်ပါ။ ပြီးတော့ ကြည့်ကြည့် စမ်းပါ။ ကျွန်ုပ်ကို ကြည့်။ မိမိကိုယ်တိုင်လည်း ပြန်ကြည့်ပါ။ လူအားလုံး ပြန်သွားပြီး တဲ့ အထိ စောင့်ဆိုင်းလို့မှ သင့်ရဲ့ ပြဿနာက တည်ရှိနေဦးမယ် ဆိုရင် ကျွန်ုပ် သင့်ကို ပြန်ဖြေကြားပါမယ်”

တစ်နေ့လုံး၊ လူတွေက ဝင်လိုက် ထွက်လိုက်နဲ့ ပြတ်တယ်ကို မရှိဘူး။ တပည့်တပန်းတွေ ကလည်း ဆရာ့ဆီမှာ မေးခွန်းတွေ မေးနေကြတယ်။ ပါမောက္ခကြီး ခမျာတော့ စိတ်အေး လက်အေး မထိုင်နိုင်ပါဘူး။ အချိန်ကလည်း တစ်စစနဲ့ ပြုန်းတီး သွားခဲ့ပြီ။ ဒါပေမယ့် ဇင်ဆရာ ပြောတာက “အားလုံး ပြန်သွားပြီးတဲ့အထိ စောင့်ဆိုင်းပါ” ။

ဒီလိုနဲ့ မှောင်ရီပျိုးစ ပြုတော့ လူအားလုံးလည်း ပြန်ကုန်ကြပြီ။ အဲ့တော့ ပါမောက္ခကြီး က ပြောတယ်။ “ဒုက္ခမှ တကယ့် ဒုက္ခ။ ငါ့မှာ စောင့်လိုက်ရတာ တစ်နေကုန်ပဲ။ ငါ့ပြဿနာက ဘယ်လို လုပ်မှာလဲ”

လရောင်က တဖြည်းဖြည်း မြင့်တက်လာပြီ။ အဲ့ဒီညက စင်စစ် လပြည့်ညချမ်းပဲ။ ဆရာကြီးက မေးတယ်။
“အဖြေ မရသေးဘူးလား ပါမောက္ခကြီး”
“ဆရာကြီး။ ခင်ဗျား ကျနော့ကို ဘာမှ မဖြေသေးပါဘူး”

ဆရာက ပြုံးပြီး ပြန်ပြောပါတယ်။
“ကျွန်ုပ် ဒီကနေ့ တစ်နေကုန် လူများစွာကို အဖြေပေးခဲ့ပြီး ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့သာ အကဲခတ် သုံးသပ်မယ် ဆိုရင် သဘောပေါက် နားလည် နိုင်ပါတယ်။ ကဲ…. လာပါ။ ကျွန်ုပ်တို့ ပန်းခြံထဲ လမ်းလျောက်သွားရအောင်။ လပြည့်ဝန်းက ကောင်းကင်မှာ အထင်းသား ပါလား။ တယ်သာယာ တဲ့ ညပါပဲလား”

အဲ့လိုနဲ့ နှစ်ဦးသား လမ်းလျောက်ထွက်ကြတယ်။ လမ်းလျောက်ကြရင်း ဆရာကြီးက ဆက်ပြောတယ်။
“ကြည့်စမ်းပါ ဒီဆိုက်ပရပ်ပင်ကို။ တော်တော်တောင် ကြီးနေပြီပဲ။ သန်လည်း သန်လိုက်ပါဘိသနဲ့။ သူ သန်လိုက်တာမှ မြင့်လွန်းလို့ လကိုတောင် ထိများ ထိတော့မလား မသိ။ ပင်ဖျားမှာ ဝေနေတဲ့ အညွှန့်တွေတောင် လရောင်လေး ဆမ်းလို့။………. အဲ……..ဒီအပင်လေးတွေကိုကော၊ ကြည့်ကြည့်စမ်းပါဦး”

အဲ့ဒီမှာ ပါမောက္ခကြီးလည်း မအောင့်နိုင်တော့ဘဲ ပြန်ပြောတယ်။
“ဆရာကြီး ကျနော် ပြောခဲ့တဲ့ မေးခွန်းကို မေ့နေပြီလား။ အခု ဘာတွေ ပြောနေတာပါလဲ”

ဆရာက-
“သင့်ပြဿနာကို ကျွန်ုပ် ဖြေကြားနေတာပဲ ဖြစ်ပါတယ်။ ဒီအပင်ငယ်လေးနဲ့ ဆိုက်ပရပ်စ်ပင်ကြီးဟာ ဒီဥယျာဉ်ကြီးထဲမှာ အတူနေခဲ့တာ နှစ်တွေ ကြာခဲ့ပြီ။ အပင်ငယ်လေးက ဆိုက်ပရပ်ပင်ကြီးကို –ဘာကြောင့် ကျနော်က ခင်ဗျားနဲ့ မတူရတာလဲ— လို့ မေးတာ ကျွန်ုပ် တစ်ခါမှ မကြားခဲ့ဖူးဘူး။ အဲ့လိုပဲ ဆိုက်ပရပ် ပင်ကြီးက အပင်ငယ်လေးကို —ဘာကြောင့် ငါက မင်းနဲ့ မတူရတာလဲ— လို့ မေးသံလည်း တစ်ခါမှ မကြားဖူးဘူး။ ဆိုက်ပရပ်ပင်က ဆိုက်ပရပ်ပင်ပဲ။ အပင်ငယ်က အပင်ငယ်ပဲ မဟုတ်လား။ သူတို့အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ့်ဘာသာကိုယ် ရပ်တည် ပျော်ရွှင်နေကြတယ်။ ကျေနပ် ရှင်သန်နေကြတယ် မဟုတ်လား။”

>>>

အဲ့လိုပါပဲ။ ကျနော်ဟာ ကျနော်ပဲ ဖြစ်ပါတယ်။ ခင်ဗျားဟာ ခင်ဗျားပဲ။ ဒါကို နှိုင်းယှဉ်လာရင်တော့ ပဋိပက္ခ ဖြစ်လာတယ်။ ခင်ဗျားက ကျနော့ကို မေးမယ်။ —ဘာကြောင့် ကျွန်တော်က ခင်ဗျားနဲ့ မတူရတာလဲ—လို့။ အဲ့လို မေးပြီ ဆိုကတည်းက ခင်ဗျားဟာ ကျွန်တော်နဲ့ တူဖို့ စတင် စမ်းသပ်နေပြီ ဖြစ်ပါတယ်။ ခင်ဗျား အတုခိုးသူ တစ်ယောက် အဖြစ် ပြောင်းလဲသွားနိုင်တယ်။ ပုံတူပွား မိတ္တူ တစ်ခုလည်း ဖြစ်သွားနိုင်တယ်။ အဲ့ဒီ ပုံတူပွား မိတ္တူ ဖြစ်သွားတာနဲ့ ခင်ဗျားဟာ မိမိကိုယ်ကို ယုံကြည်လေးစားစိတ် ပျောက်ကွယ်သွားမှာ သေချာတယ်။

မိမိကိုယ်ကို ယုံကြည်လေးစားသူ တစ်ယောက်ကို ရှာတွေ့ဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူး။ ဘာကြောင့် အဲ့ဒီလို မလွယ်ကူရတာလဲ။ ဘာကြောင့် မိမိ အသက်ဝိညာဉ်ကို မလေးစားရတာလဲ။ တကယ်လို့ ခင်ဗျားဟာ ကိုယ့်အသက်ဝိညာဉ်ကိုတောင် မလေးစား တတ်ဘူး ဆိုရင် တခြားသူကို ဘယ်လို လေးစားမလဲ။ ခင်ဗျားရဲ့ တည်ရှိမှုကို ခင်ဗျားဘာသာ ခင်ဗျားတောင် မလေးစားနိုင်ဘူး ဆိုရင် နှင်းဆီ၊ ဆိုက်ပရပ်၊ လရောင်တွေ ၊ အခြားသူတွေကို ခင်ဗျား ဘယ်လိုလုပ် လေးစားတော့မလဲ။ ခင်ဗျားရဲ့ ဆရာသမား၊ အမိ၊ အဖ၊ သူငယ်ချင်း မိတ်ဆွေ၊ ဘဝ လက်တွဲဖော်တွေကို ဘယ်လိုလုပ် လေးစားတော့မလဲ။ တကယ်လို့ ခင်ဗျားဟာ မိမိကိုယ်ကို ကြည်ညိုလေးစားမှု မရှိဘူးဆိုရင် ခင်ဗျားရဲ့ သားသမီးတွေကို ခင်ဗျား ဘယ်လို ဂရုပြု မြတ်နိုးနိုင်တော့မလဲ။ မိမိကိုယ်ကို ကြည်ညိုလေးစား တတ်တဲ့သူတစ်ယောက် ရှာတွေ့နိုင်ဖို့ ဆိုတာ တကယ်ကို ခက်ခဲတဲ့ ကိစ္စ ဖြစ်နေပါတယ်။ ဘာကြောင့် ဒီလောက် မလွယ်ကူရတာလဲ။

အကြောင်းကတော့ ခင်ဗျား အတုခိုးတတ်တဲ့ အကျင့်တွေကို သင်ယူခဲ့မိလို့၊ သင်ယူနေမိလို့ပဲ။ ခင်ဗျား ငယ်စဉ်ကတည်းက ကြားနေရတာတွေက —

“ကြီးလာရင် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းနဲ့ တူရမယ်”
“အယ်ဒီဆင်နဲ့ တူရမယ်”
“ဟို အိမ်ဘေးက အကိုကြီးနဲ့ တူရမယ်”
“သူ့လို ဖြစ်ရမယ်”
“ကျမ ကြီးလာရင် လေဒီဂါဂါ လို၊ ဗင်နဆာမေလို ဖြစ်ရမယ်”
“ကျမ ဒေါ်အောင်ဆန်းစုကြည်လို ထက်မြက်ရမယ်” စသဖြင့်။ ဒါ ဘာကြောင့်ပါလဲ။ ဘာလို့များ ခင်ဗျားက အိုင်းစတိုင်းနဲ့ သွားတူရမှာလဲ။ အိုင်းစတိုင်းကတော့ ခင်ဗျားနဲ့ တူဖို့ တစ်ခါမှ မစဉ်းစားဘူး။ ခင်ဗျား ဘာလို့ ဒေါ်စုနဲ့ သွားတူရမလဲ။ ဒေါ်စုက ခင်ဗျားနဲ့ တူဖို့ တစ်ခါမှ စဉ်းစားမှာ မဟုတ်ဘူး။ ဘာကြောင့်လဲ— အိုင်းစတိုင်းက အိုင်းစတိုင်း။ ဒေါ်စုဟာ ဒေါ်စုပဲ ဖြစ်လို့ပါ။

တစ်ခါက လူငယ်တစ်ယောက် ပြောတာ ကြားဖူးတယ်။ ရုပ်ရှင်မင်းသား ဘရက်ပစ်ကို သဘောကျတယ်။ ဘရက်ပစ်လို ဖြစ်ချင်တယ် ဆိုလား။ ခင်ဗျားလဲ သူ့လို စိတ်ကူးရှိမယ် ဆိုရင် ခင်ဗျားကိုပဲ ပြောရတော့မယ်။ ဘာကြောင့်များ ခင်ဗျားကိုယ်ကိုယ် ဘရက်ပစ်နဲ့ သွားတူ စေချင်ရတာလဲ။ ခင်ဗျား ဘာအမှား လုပ်ခဲ့မိလို့လဲ။ ဘာများ အပြစ်ရှိခဲ့လို့လဲ။ ဘရက်ပစ်နဲ့ တူမှကို ဖြစ်မှာလား။ ဘရက်ပစ် နောက်တစ်ယောက် ပေါ်လာတယ် ဆိုတာကော ကြားမိဖူးလို့လား။ အိုင်းစတိုင်းနဲ့ တစ်ထေရာတည်း နောက်တစ်ယောက်ကော ပေါ်ပေါက်ခဲ့ ဖူးသလား။ Ford မော်တော်ကား စက်ရုံက ဖို့ဒ်ကားတွေ ပုံစံတူ တစ်စီးပြီး တစ်စီး အဆက်မပြတ် ထုတ်တယ်။ လူတွေ အဲ့လို ပုံစံတူ ထွက်လာမယ် ထင်လို့လား။ လူတွေအတွက် မိတ္တူဆိုတာ ဘယ်တော့မှ မရှိပါဘူး။

နောက်ပြီး မိတ္တူ ပစ္စည်း ဆိုတာ တန်ဖိုးမရှိဘူး။ ဒါနဲ့များ ခင်ဗျားက အခြားသူတစ်ယောက် ဖြစ်ဖို့ ဘဝတစ်လျောက်လုံး သင်ကြားနေ ၊ ပြုပြင် နေတယ်။ “ကြည့်စမ်း…. အိမ်နီးချင်း ဟိုကောင်လေး သိပ်တော်တာ၊ သူ့ကို တုစမ်းပါ။ အဲ့လို ကလေးမျိုး ဖြစ်အောင်နေစမ်းပါ။” “ဟို ကောင်မလေး လမ်းလျောက်တာ တကယ်ကို သိမ်မွေ့ပါလား။ အဲ့လို ဖြစ်အောင်နေရမယ်” အဲ့ဒါတွေဟာ ကျနော်တို့ မကြာခဏ ကြားနေရတဲ့ စကားတွေပဲ။ ဒီစကားတွေနဲ့ ခင်ဗျားကို သူများနဲ့ ပုံစံတူနေဖို့ ပံပိုးပေးနေတယ်။ မနားမနေ ဖန်တီးပေးနေ၊ သင်ကြားပေးနေတယ်။

ခင်ဗျားကို –ခင်ဗျားဟာ ခင်ဗျားပဲ ဖြစ်ရမယ်—လို့ ပြောတဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူးလား။ မိမိရဲ့ တည်ရှိနေမှု ကို မိမိဘာသာ ရိုသေလေးစားအောင် ပြောမယ့်သူ ကော တစ်ယောက်မှ မရှိသေးဘူးလား။ တကယ်တော့ ကျနော်တို့ ခင်ဗျားတို့ဟာ ဘယ်သူ့ ဘယ်သူကိုမှ မတုပဖို့ လိုပါတယ်။ မိမိ ကိုယ်ကိုယ်သာ မိမိ အတိုင်း တည်ဆောက်ဖို့ လိုအပ်တယ်။ မိမိ ကိုယ်ကို မိမိ ရိုးရိုးသားသား သစ္စာရှိရှိ ရပ်တည် ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါမှ ခင်ဗျားဟာ ထူးခြားသူ တစ်ယောက် ဖြစ်တယ်ဆိုတာ ခင်ဗျားဘာသာ သိလာပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် ခင်ဗျားဟာ ဘယ်တော့မှ ရှိနေမှာမဟုတ်ဘူး။ ခင်ဗျား အမြဲတမ်း “သူများ” ဖြစ်ဖို့ပဲ ကြံစည်နေ၊ လုပ်နေတော့မှာ။

ကွဲကွဲပြားပြား မှတ်သားထားဖို့ ထပ်ပြောပါမယ်။ ဒီနေရာမှာ အရေးကြီးတာက မိမိကိုယ်ကိုယ် သိမြင်လေးစားခြင်းနဲ့ မိမိရဲ့ အတ္တကို ရောယှက် မသွားမိစေဖို့ပဲ။ မိမိကိုယ်ကိုယ် ထူးခြားသူ ဖြစ်ကြောင်း သိမြင်တာဟာ အတ္တကြီးတာနဲ့ အဓိပ္ပာယ်ချင်း မတူပါဘူး။ အတ္တဟာ အခြားသူတွေနဲ့ မိမိ ကို နှိုင်းယှဉ်ပစ်လိုက်တာမျိုးပါ။ ခင်ဗျားရဲ့ စင်စစ် ထူးခြားမှုက အခြားသူတွေနဲ့ ယှဉ်ပြိုင်ပြီး ရလာတာ မဟုတ်ဘူး။ ခင်ဗျားရဲ့ ထူးခြားချက်မှန်သမျှ ဟာ ခင်ဗျား တစ်ဦးတည်း ဖြစ်လို့၊ ခင်ဗျားလို လူနှစ်ယောက် ဘယ်တော့မှ မရှိလို့ပါပဲ။ အဲ့ဒါကို နားလည်မယ် ဆိုရင် ထူးခြားသူ တစ်ယောက် ဖြစ်ချင်တဲ့ ခင်ဗျားရဲ့ ဆန္ဒနဲ့ ကြိုးပမ်းမှုတွေ ၊၊ ခင်ဗျားမေးခဲ့တဲ့ မေးခွန်းတွေဟာ ဘာမှ အသုံးမဝင်တော့ဘဲ အားလုံး ပျောက်ကွယ် သွားပါလိမ့်မယ်။

Ref: Osho
…………………….
http://zayyablogger.blogspot.com/
https://zayya.wordpress.com/
http://zayya.blog.com/

……………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: